ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထိုင်း-မြန်မာနယ်စပ်အရေး ထိုင်းဒုတိယဝန်ကြီးချုပ် မဲဆောက်မြို့ကိုရောက်

ထိုင်းဒုဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးရဲ့မဲဆောက်ခရီးစဉ် ထူးခြားချက်တွေအပါအဝင် အပါအဝင် ဧပြီ ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထိုင်းဒုဝန်ကြီးချုပ် မဲဆောက်သွားမယ်
  • တိုက်ပွဲအတွင်းဒဏ်ရာရသူ၄၀ကို ထိုင်းဆေးရုံမှာကုပေးနေ
  • လုံခြုံရေးစိုးရိမ်နေတဲ့ထိုင်းက ဒရုန်းနဲ့နယ်စပ်ကင်းလှည့်
  • စစ်ကောင်စီရဲ့အရေးပါတဲ့ခေါင်းဆောင်တချို့ ပြည်ထောင်စုအဆင့်အစည်းအဝေးမတက်
  • ထိုင်းက မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးဖို့အသင့်ရှိတယ်လို့ဆို
  • စစ်တပ်ဘက်ကရော အတိုက်အခံဘက်ကပါ လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ အမေရိကန်ပြော
  • ကချင် မိုးမောက်မှာ စစ်ကြောင်းထိုးလာလို့ လုံခြုံရေးစိုးရိမ်နေရိမ်နေရ
  • ထိုင်းဒုဝန်ကြီးချုပ် မဲဆောက်လေဆိပ်မှာ လုံခြုံရေးအေဂျင်စီတွေနဲ့စည်းဝေးနေ
  • မဲဆောက်က မြန်မာစစ်ရှောင်တွေ နေရပ်ပြန်ကုန်ပြီဖြစ် ရာဂဏာန်းသာကျန်တေ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီလ ၂၃ ရက် ထိပ်တန်းရောက်သတင်းများ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ကျူးကျော်လာတဲ့လေယာဥ်တွေကို ကြားဖြတ်ဟန့်တားနိုင်တယ်ဆိုတာ မြန်မာကို ထိုင်းအသိပေး

    ထိုင်း လေပိုင်နက်ကျူးကျော်လာတဲ့လေယာဥ်တွေကို ကြားဖြတ်ဟန့်တားနိုင်တယ်ဆိုတာကို မြန်မာကို ထိုင်းအသိ ပေးထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောလာပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတွေနဲ့ ဒီနေ့ညနေပိုင်း မဲဆောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ‘‘အဲဒီနယ်မြေဖြတ်ကျော် ပျံသန်းတဲ့လေယာဥ်တွေရှိလာမယ်ဆိုရင် ကျွန်တော်တို့ဘက်က ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိတယ်ဆိုတာကို တစ်ဖက်ကို ကျွန်တော်တို့ ဒီနေ့ သတင်းစကားပါးလိုက်နိုင်ပါတယ်။ သတိပေးတယ်ဆိုတာထက် ရင်းနှီးစွာ သတင်းစကားပါးမှုဖြစ်ပါတယ်’’ လို့ ဝန်ကြီးက ပြောပါတယ်။

    ထိုင်းဝန်ကြီးချုပ်ရဲ့စေလွှတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်က အခြေအနေကို စောင့်ကြည့်လေ့လာဖို့ ထိုင်းကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ပြည်ထဲရေးဝန်ကြီးတွေဟာ မဲဆောက်မြို့ကို ရောက်နေကြတာဖြစ်ပါတယ်။

  3. မဲဆောက်ယာယီစစ်ရှောင်နေရာတွေမှာ မြဝတီစစ်ရှောင် ၇၀၀ကျော်သာကျန်တော့

    မြဝတီက တိုက်ပွဲတွေကြောင့် မဲဆောက်မြို့နယ်ဘက်ခြမ်းကို စစ်ရှောင်လာကြသူတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကို တဖြည်းဖြည်းနေရပ်ပြန်နေကြပြီဖြစ်ပြီး အခုဆိုရင် မဲဆောက်ဘက်ခြမ်းမှာ လူ ၇၀၀ကျော်သာ ကျန်တော့တယ်လို့ သိရပါတယ်။

    ဒီနေ့မှာ‌ဆိုရင် မဲဆောက်က စစ်ရှောင်စခန်းနှစ်ခုမှာ ကလေးသူငယ် ၂၅၅ ဦးအပါအဝင် စစ်ရှောင် ၇၃၅ ဦးသာ ကျန်တော့တယ်လို့ တာ့ခ်ခရိုင်ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်လာပါတယ်။

    မြဝတီမြို့နယ်ထဲက တိုက်ပွဲကြောင့် ထိခိုက်လာသူနဲ့ စစ်‌ရှောင်နာမကျန်းသူ ၁၁၄ ယောက်ကိုလည်း ထိုင်းဘက်က လက်ခံဆေးကုသပေးခဲ့ပြီး အဲဒီထဲက အယောက် ၄၀ က ကုသမှုခံယူနေဆဲဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။

    ဒီလူနာတွေဟာ မဲဆောက်၊ ဖုတ်ဖရနဲ့ မယ့်ရမတ်မြို့နယ်တို့မှာ ကုသမှုခံယူနေတာပါ။

    ကုသမှုခံယူနေသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ကုသပေးနေတာဖြစ်ပြီးတော့ အဲဒီထဲမှာ မြန်မာစစ်ကောင်စီ တပ်သားတွေပါဝင်နေလားဆိုတာကိုတော့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။

    ဧပြီ ၂၀ ရက်နေ့က အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးက တိုက်ပွဲတွေကြောင့် မြန်မာဘက်က စစ်ရှောင်ထောင်နဲ့ချီ မဲဆောက်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

    စစ်ရှောင်အများစုဟာ အိမ်မှာကျန်နေခဲ့တဲ့ပစ္စည်း‌တွေ ခိုးယူခံရမှာ စိုးရိမ်ချက်နဲ့ တိုက်ပွဲတွေရပ်သွားတဲ့ ဧပြီလ ၂၁ ရက်နေ့ကတည်းက‌ နေရပ်ပြန်နေကြတာဖြစ်ပါတယ်။

  4. ထိုင်းဒုဝန်ကြီးချုပ် မဲဆောက်ရောက်လာ

    ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် နယ်စပ်အခြေအနေနဲ့ စစ်ဘေးရှောင်အခြေအနေတွေကို စစ်ဆေးဖို့ ဒီနေ့မွန်းလွဲပိုင်းမှာ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်ပရီးဟာ မဲဆောက်မြို့ကိုရောက်နေပြီဖြစ်ပါတယ်။

    ဒုဝန်ကြီးချုပ်ဟာ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ အတူမဲဆောက်ကို ရောက်လာတာလည်းဖြစ်ပါတယ်။

    မဲဆောက်လေဆိပ်အဆောက်အုံသစ်မှာ လုံခြုံရေးဆိုင်ရာထိုင်းအစိုးရအဖွဲ့အစည်းတွေနဲ့ အစည်း အဝေးလုပ်နေပြီး အဲဒီကနေ မြေပြင်အခြေအနေတွေကို သွားကြည့်ဖို့ ရှိနေပါတယ်။

    မနက်ခင်းတုန်းကတော့ ဝန်ကြီးဟာ မဲဆောက်ကိုမလာခင်မှာ ထိုင်းပြည်ထဲရေး၊ နိုင်ငံခြား‌ရေးနဲ့ ကာကွယ်ရေးကြီးဌာနတွေက အမြဲတမ်းအတွင်းဝန်တွေပါဝင်တဲ့ ‌အထူးကော်မတီတစ်ရပ်ကို ဦး‌ဆောင်ပြုလုပ်ထားပါတယ်။

    မဲဆောက်ကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လာဖို့ရှိတာဖြစ်ပေမဲ့ အနီးကပ်မှ ဝန်ကြီးချုပ်က နိုင်ငံခြား‌ရေးဝန်ကြီးကို ‌စေလွှတ်ခဲ့တာဖြစ်ပါတယ်။

  5. စစ်တပ်လေကြောင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးတဲ့မိုးမောက်မှာ စစ်တပ်က စစ်ကြောင်းထပ်ထိုး, ဒေသခံလုံခြုံရေးစိုးရိမ်ရ

    ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ဒီနေ့မှာ စစ်ကောင်စီတပ်သားအမြောက်အများ ဝင်လာလို့ လုံခြုံရေးစိုးရိမ်ရတဲ့အခြေနေမှာရှိတယ်လို့ ကချင်လူ့အခွင့်အရေးအဖွဲ့(KHRW)က ပြောပါတယ်။

    "စစ်ကြောင်းက ဒီမနက် ၂ ဖွဲ့ခွဲပြီး ဝင်လာတာ။ ‌‌‌‌ဒေသခံတချို့ကို စစ်ဆေးမေးမြန်းတာလည်း လုပ်နေတယ်" လို့ KHRW က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မနေ့တုန်းကလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ ၃ ဦး သေဆုံးပြီးနောက်ထပ် ၃ ဦး ဒဏ်ရာရခဲ့တာကြောင့် ဗန်းမော်ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

    မိုးမောက်မြို့က ခါနန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့အပြီးမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    “အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုများကို ပစ်မှတ်ထား လေကြောင်းကို အသုံးပြုတိုက်ခိုက်တာဟာ အလွန်ကို ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်၊ ဒီလိုမျိုး အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်ရှုံ့ချပါတယ်။“ လို့ Kachin Human Rights Watchက တာဝန်ရှိသူကပြောပါတယ်။

    စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၂ခုက ဘုရားကျောင်းနဲ့နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

    မိုးမောက်မြို့ဟာ လွယ်ဂျယ်-ဗန်းမော်ကားလမ်းပေါ်မှာရှိပြီး ကချင်လွတ်မြောက်ရေးတပ် (KIA)က စခန်းသိမ်း ထိုးစစ်ဆင်နေတဲ့ဒေသထဲ ရှိနေပါတယ်။

    မိုးမောက်မြို့ထဲမှာရှိတဲ့ ခလရ ၄၃၇ကို KIA သိမ်းမှာကို ကာကွယ်တဲ့အနေနဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်ခံနေရတယ်လို့ ‌‌ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

  6. မြန်မာရဲ့ လူ့အခွင့်အရေးအခြေအနေ ယိုယွင်းပျက်စီးနေတယ်လို့ အမေရိကန်ပြော

    ၂၀၂၃ ခုနှစ်အတွင်း စစ်တပ်နဲ့ အတိုက်အခံအင်အားစုတွေအကြား ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့လူ့အခွင့်ရေး အခြေအနေက ယိုယွင်းပျက်စီးနေပြီလို့ အမေရိကန်နိုင်ငံရဲ့နှစ်စဉ်ထုတ်ပြန်နေကျ နိုင်ငံအလိုက် လူ့အခွင့်ရေးအစီရင်ခံစာမှာ ဆိုထားပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲအချို့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒါမှမဟုတ် အဲဒီ အဖွဲ့တွေရဲ့ အဖွဲ့ဝင် ကလည်း သတ်ဖြတ်မှု၊ လူပျောက်ဆုံးစေမှုနဲ့ ရုပ်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေလို လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ကျူးလွန်ထားတယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာတော့ ဥပဒေမဲ့သတ်ဖြတ်တာ၊ ဖိအားပေးပျောက်ဆုံးစေတာ၊ နှိပ်စက်ညှင်းပန်းတာ၊ မိသားစုကို ဖမ်းဆီးဒဏ်ခတ်တာတွေ အပါဝင် လူ့အခွင့်ရေးချိုးဖောက်မှုတွေကို အထောက်ထားတွေနဲ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    လူ့အခွင့်ရေးချိုး‌ဖောက်တဲ့ဝန်ထမ်းတွေကို စစ်ကောင်စီက စစ်ဆေးအပြစ်ပေးတာမရှိဘူးလို့ လည်း အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။

  7. မြန်မာဘက်ကတောင်းဆိုရင်လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ညှိနှိုင်းဖို့အစီအစဉ်ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူဆို

    ထိုင်းအစိုးရအနေနဲ့မြန်မာဘက်ကလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ညှိနှိုင်းဖို့ အစီအစဉ်ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Nikorndej Plankkun က ဒီ‌နေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ နယ်စပ်အရေးအထူးကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ဒါပေမယ့် မြန်မာဘက်က တောင်းဆိုလာခြင်းမရှိသေးဘဲ အဖွဲ့အချင်းချင်းကြားမှာပဲ ပြောဆိုနေကြပုံပေါ်တယ်လို့ Mr. Nikorndej Plankkun က ပြောပါတယ်။

    ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်အရေးမှာ တခြားနိုင်ငံက အစိုးရကို ဆန့်ကျင်ဖို့ ထိုင်းနယ်မြေကို အသုံးပြုခြင်းမရှိစေရဆိုတဲ့မူအပါအဝင် အခြေခံမူ ၃ ချက် အပေါ် အခြေတည်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    ထိုင်းနိုင်ငံနဲ ကီလိုမီတာ ၂ ထောင်ကျော်နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံက တိုက်ပွဲတွေနဲ့ပတ်သတ်လို့ ထိုင်းနိုင်ငံဘက်ကစိုးရိမ်မှုရှိပြီး မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို လိုလားတယ်လို့လည်း သူက ထည့်ပြောခဲ့ပါတယ်။

    ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်၊ မဲဆောက်က အခြေနေတွေကိုရှင်းရှင်းလင်းလင်းသိရအောင် ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးလည်း ဒီနေ့လည်ပိုင်းမှာ မဲဆောက်ကို သွား‌ရောက်ဖို့ရှိပါတယ်။

    လက်ရှိမှာ ထိုင်းအစိုးရဟာ မြဝတီ-မဲဆောက်က နယ်စပ်အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြာရေး၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးကြီးဌာနတွေက အမြဲတမ်းအတွင်းဝန်တွေပါဝင်တဲ့ ‌အထူးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံခြား‌ရေး ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ဦး‌ဆောင်နေပါတယ်။

  8. စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အကြံပေး ဒုဗိုလ်ချုပ်ကြီး ညိုစောတို့ တက်ရောက်တာမတွေ့ရ

    စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ရက်နေ့ မနေ့တုန်းက ဦးဆောင်ပြုလုပ်ခဲ့ပေမဲ့ စစ်ကောင်စီဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစောတို့ တက်တာမတွေ့ရပါဘူး။

    စစ်ကောင်စီအဖွဲ့ထဲ စစ်ခေါင်း‌ဆောင်ပြီးရင် အခရာကျတဲ့ ဒီလူနှစ်ဦး ဒီအစည်းအဝေး မတက်တာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က အထူးတလည်ထည့်သွင်းပြောကြားခဲ့တာ‌တော့ မရှိပါဘူး။

    ဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စားနပ်ရိက္ခာကိစ္စ၊ ဆီထွက်သီးနှံကိစ္စ၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ အားကစားနဲ့ လူငယ်ကဏ္ဍတွေကိုပဲ ပြောသွားခဲ့ပါတယ်။

    ‌‌နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသားတွေကို ရေကြောင်းလူငယ်နဲ့ လေကြောင်းလူငယ်သင်တန်းဆိုပြီး ပေးသွားဖို့ စစ်ခေါင်း‌ဆောင်က အစည်းအဝေးမိန့်ခွန်းထဲ ထည့်ပြောထားပါတယ်။ ဒီသင်တန်းတွေမှာ စစ်တပ်ကနေ ဦးစီးပြီး သင်တန်းနဲ့ လေ့လာရေးခရီးတွေ စီစဥ်မယ်လို့ ဆိုပါတယ်။

    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ လူမြင်ကွင်းမှာက‌‌နေ ‌ပျောက်ကွယ်နေတာ ရက်ပေါင်း ၂၀ အထိရှိလာပြီဖြစ်ပါတယ်။

  9. မဲဆောက်မှာ ထိုင်းစစ်တပ်က ဒရုန်းသုံးလုံခြုံရေး စောင့်ကြပ်

    ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲသံတွေ ရပ်နေပေမဲ့ ထိုင်းစစ်တပ်ကတော့ မောင်းသူမဲ့ ဒရုန်းနဲ့ ဝေဟင်ကနေ နယ်စပ်ကင်းလှည့်နေပါတယ်။

    မောင်းသူမဲ့ဒရုန်း(UAV) ကို သုံးပြီး နယ်စပ်မှာ ကင်းလှည့်နေတယ်ဆိုတာကို ထိုင်းတော်ဝင်လေတပ်က ဧပြီလ ၂၂ ရက်မှာ ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

    အဲဒီထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မြန်မာဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားနားမှာ အဓိက ကင်းလှည့်နေတာတွေ့ရပါတယ်။

    ဧပြီလ ၂၀ ရက်နဲ့ ၂၁ ရက်မှာ မြန်မာဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေချိန်တုန်းကလည်း ထိုင်းလေတပ်ဟာ F16 တိုက်ခိုက်ရေးလေယာဥ်နဲ့ကင်းလှည့်ခဲ့ပြီး ထိုင်းလေပိုင်နက် ကျူးကျော်မှုဖြစ်ရှိလာမယ်ဆိုရင် ကြားဖြတ်ဟန့်တားဖို့အထိ အမိန့်ပေးခဲ့ပါတယ်။

  10. မြဝတီတိုက်ပွဲကြောင့် မဲဆောက်မှာ ဆေးကုသမှုခံယူနေရသူ အယောက် ၄၀ ရှိ

    တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်တိုက်ပွဲတွေမှာ ဒဏ်ရာရလာတဲ့သူ ၄၀ ဝန်းကျင်ကို ထိုင်းနယ်စပ်က ဆေးရုံ မှာလက်ခံကုသပေးနေတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးက ပြောပါတယ်။

    မဲ‌ဆောက်မြို့မှာ ဧပြီလ ၂၂ ရက်တုန်းက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောလာတာဖြစ်ပါတယ်။

    ဆေးရုံတက်ရသူတွေထဲမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရသူတွေလည်းပါဝင်တယ်လို့ သူက ပြောပါတယ်။

    ဆေးရုံတက်တဲ့သူတွေထဲ စစ်ကောင်စီတပ်စစ်သားတွေ ပါဝင်လားဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းကိုတော့ ဝန်ကြီးကဖြေ ကြားတာမရှိဘဲ အားလုံးကို ခွဲခြားမှုမရှိဆေးကုသပေးတယ်လို့ မီဒီယာတွေကို ဖြေထားပါတယ်။

    ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် ၂ အနီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ပြီးခဲ့တဲ့ စနေနေ့တုန်းက လူနာ ၂၂ ယောက်နဲ့ တနင်္ဂနွေမှာ ၁၆ ယောက် မဲဆောက်ဆေးရုံကို ရောက်လာတာဖြစ်တယ်လို့ ဝန်ကြီးက ‌ပြောပါတယ်။

  11. ထိုင်းဒုဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီး ပန်ပရီး မဲဆောက်ကို ဒီနေ့ထပ်သွားမယ်

    မြဝတီမြို့စောင့်တပ် ခလရ၂၇၅က စစ်ကောင်စီတပ်သားတွေ ထိုင်းမြန်မာချစ်ကြည်ရေးတံတားအမှတ်၂ နားကို ထွက်ပြေးလာပြီးနောက်တစ်ရက် မဲဆောက်ကိုလာရောက်စစ်ဆေးခဲ့တဲ့ ဒုဝန်ကြီးချုပ်ပန်ပရီးဟာ ဒီနေ့ ဧပြီ ၂၃ ရက်မှာ မဲဆောက်ကိုထပ်လာမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာမတည်မငြိမ်ဖြစ်နေတဲ့အခြေအနေတွေနဲ့ ထိုင်းနယ်စပ်ဖြတ်ကျော်ဝင်လာမယ့် ဒုက္ခသည်အရေး အတွက်မြေပြင်အခြေအနေတွေကို ကွင်းဆင်းလေ့လာသွားမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထား ပါတယ်။

    ထိုင်းဘက်က မြန်မာဒုက္ခသည်အရေးအတွက် ရေတိုရေရှည်အစီအစဉ်တွေဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ထိုင်း အစိုးရဘက်ကပြောထားပါတယ်။

    ဒီနေ့ကွင်းဆင်းလေ့လာမှုတွေပြီးရင် ဒုဝန်ကြီးချုပ်ပန်ပရီးက သတင်းထောက်တွေနဲ့တွေ့ဆုံသွားဖို့လည်းရှိနေပါ တယ်။