ဇန်နဝါရီ ၇ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကော်သူးလေတပ်မတော် (KTLA) က “ကော်သူးလေအစိုးရ” အဖွဲ့လိုက်ပြီလို့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့မှာ ထုတ်သပြောတဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၇ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဇန်နဝါရီ ၇ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
စစ်တပ်ဦးဆောင်တဲ့ရွေးကောက်ပွဲ အပိုင်း ၁ ရလဒ်တွေမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ထိပ်ပိုင်းဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)က ကြိုတင်မဲတွေရဲ့အားနဲ့ ရှေ့ကပြေးတဲ့အနိုင်ရပါတီ ဖြစ်နေတယ်လို့ ပါတီအချို့က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကြိုတင်မဲ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဝင်ပါတီအချို့က မေးခွန်းထုတ်လာကြပါတယ်။
ဒီကိစ္စကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် သတိထားမိအောင် ပါတီအချို့က ဗိုလ်ချုပ်မှူးကြီးထံ စာပေးပို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က စစ်ခေါင်းဆောင်ဆီ စာပို့အကြောင်းကြားခဲ့ကြတာပါ။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရန်ကုန် - ပြည်ကားလမ်းပေါ်က စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမ နံဘေးက တာကလေးကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဇန်နဝါရီ ၇ ရက် မနက်အစောပိုင်းက စတဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ၄ နာရီကြာတဲ့အထိ ပြင်းထန်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် ရန်ကုန်-ပြည်လမ်းတစ်ခုလုံးလည်း အသွားအလာအားလုံး ပိတ်ဆို့သွားခဲ့ပြီး မော်တော်ယာဉ် ရာ နဲ့ချီ ပိတ်မိခဲ့ပါတယ်။
“နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြတယ်။ တိုက်ပွဲက ၄ နာရီလောက်ကြာခဲ့တယ်။ ရန်သူဘက်ကလည်း အင်အားရာနဲ့ ချီထပ်တက်လာတယ်။ တော်လှန်ရေးဘက်က အကျအဆုံးမရှိဘူး။ ဒဏ်ရာတချို့ရတဲ့ ရှိတယ်။ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ သတင်းကြားတယ်။ တိုက်ပွဲကြာချိန် ၄ နာရီလောက်မှာတော့ သွားတိုက်တဲ့အဖွဲ့တွေ ပြန်ဆုတ်ပေးခဲ့တဲ့အထိတော့ ကြားတယ်” လို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။
ရန်ကုန်-ပြည်ကားလမ်းပေါ်က ဒီတိုက်ပွဲကြောင့် အနီးအနားကျေးရွာမှာနေထိုင်သူတွေကလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မနေ့ ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းတုန်းက စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ သေဆုံးသူ ၃ ဦးအထိမြင့်တက်လာတယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မီးလောင်မှုဖြစ်ခဲ့တဲ့နေရာဟာ မအူပင်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ၇ လမ်းရဲ့ကမ်းနားဘက်မှာ မနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။
မနေ့က မီးလောင်မှုမှာ ဓာတ်ဆီလာဝယ်တဲ့အမျိုးသား တစ်ဦးသေဆုံးပြီး ဒီနေ့မှာ ဒဏ်ရာရသူတွေထဲက ၂ ဦး ထပ်မံ သေဆုံးခဲ့တာလို့ သိရပါတယ်။
‘‘မနေ့က မီးလောင်မှုမှာ ဒဏ်ရာရသူ ၄ ဦးထဲက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးတာပါ။ မီးလောင်ဒဏ်ရာတွေကြောင့်ပါပဲ။ အမျိုးသားက အသက် ၅၀ ကျော်အရွယ် ဆီဆိုင်လုပ်သား ဦးအောင်မောင်းပါ။ အမျိုးသမီးကတော့ အသက် ၃၀ ကျော်အရွယ် ဒေါ်ဖြူဖွေးဖြစ်ပါတယ်။’’
မအူပင်မြို့ မီးသတ်ဌာနကတော့ နေ့ခင်းပိုင်း ဓာတ်ဆီရောင်းဖို့ ပေပါထဲကနေ ဆီလှယ်ထည့်ချိန်မှာ ပွတ်တိုက်မှုဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ ကနဦးယူဆထားတဲ့အကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
ဒဏ်ရာရသူ နောက်ထပ် ၄ ဦးရှိပြီး မီးလောင်ဒဏ်ရာတွေကို ရန်ကုန်ဆေးရုံကြီးမှာ လွှဲပြောင်း ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေဟာလည်း မီးလောင်မှုကနေ ရရှိတဲ့ဒဏ်ရာပြင်းတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေလို့ သိရပါတယ်။
မအူပင်မြို့ရဲ့ ဧရာဝတီမြစ်ကမ်းဘေးမှာ တစ်နိုင်တစ်ပိုင် စက်သုံးဆီ ရောင်းချတဲ့ဆိုင်တွေရှိပြီး အခုလို လူသေဆုံးမှုအထိဖြစ်တဲ့ မတော်တဆမှုဟာ အခုနှစ်ပိုင်းတွေအတွင်း ပထမဆုံးဖြစ်ပါတယ်။
ကော်သူးလေတပ်မတော် (KTLA) က “ကော်သူးလေအစိုးရ” အဖွဲ့လိုက်ပြီလို့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက KTLA ထိန်းချုပ်နယ်မြေတစ်နေရာမှာ ဒီအခမ်းအနားကို ပြုလုပ်ခဲ့တာပါ။
အစိုးရအဖွဲ့မှာ KTLA စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စောနယ်ဒါးဘိုမြ က သမ္မတအဖြစ် တာဝန်ယူထားပြီး၊ ဒုသမ္မတ (၁) နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စောဆာဂေးဖိုး၊ ဒုတိယသမ္မတ (၂) အဖြစ် စောဒေးဗစ်သာကဘော၊ ဝန်ကြီးချုပ်အဖြစ် စောဖိုးသူးလေး နဲ့ ကာကွယ်ရေးဝန်ကြီး အဖြစ် စောဒေးဗစ်လောဒူးတို့က တာဝန်ယူထားပါတယ်။
ဗိုလ်ချုပ် စောနယ်ဒါးဘိုမြ ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားလည်းဖြစ်ပါတယ်။
ဖွဲ့စည်းလိုက်တဲ့ “ကော်သူးလေအစိုးရအဖွဲ့” မှာ နောက်ထပ် သစ်တောနှင့် စိုက်ပျိုးရေးဝန်ကြီး၊ လယ်ယာနှင့်ရေလုပ်ငန်းဝန်ကြီး၊ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ သတ္ထုတွင်းဝန်ကြီးတွေလည်း ပါဝင်ပါတယ်။
ကော်သူးလေတပ်မတော်(KTLA)က “ကော်သူးလေအစိုးရ” အဖွဲ့လိုက်တာနဲ့ပတ်သက်ပြီး KTLA ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
သူဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ် KNDO မှာ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အရပ်သား ၂၅ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူအဖြစ် သတ်မှတ်ခံရကာ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။
KNU ကနေ ထုတ်ပယ်ခံရတဲ့နောက် ခွဲထွက်ခဲ့ကာ ကော်သူးလေတပ်မတော်(KTLA) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။
ဗိုလ်ချုပ် စောနယ်ဒါးဘိုမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော်(KTLA)ကို KNU က သူ့ရဲ တပ်မဟာ (၇)နယ်မြေအတွင်း လုံးအခြေချခွင့်မပြုကြောင်း ကြေညာခဲ့ဖူးပါတယ်။
အခုလို ကော်သူးလေအစိုးရဖွဲ့တာနဲ့ ပတ်သက်လို့ KNU ရဲ့ တုံ့ပြန်ချက်ရရှိဖို့ ဘီဘီစီက မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေဆိုတာမရှိသေးပါဘူး။
ကရင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကတော့ “KNU က ထုတ်ပယ်ပြီးသားဆိုတော့ ဘာမှ သဘောထားမှ ထုတ်မှာမဟုတ်ဘူး။ တကယ်တမ်း KTLA က အုပ်ချုပ်ရေးယန္တရား ဘာမှမရှိဘူး။ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တာတချို့ ရံဖန်ရံခါ တော့ရှိတာပေါ့”
KNUရဲ့ မြဝတီမြို့နယ်အဆင့် ကော်မတီဝင်တစ်ဦးကလည်း “သူတို့အဖွဲ့တွေဟာ ရွာတစ်ရွာစာပဲရှိတာ။ အများစုက နိုင်ငံခြားမှာနေတဲ့သူတွေ။ ကျွန်တော်ထင်တယ် ပြည်သူလူထုလည်းအသိအမှတ်ပြုမှာ မဟုတ်ဘူး။ ကရင်တွေလည်း အသိမှတ်ပြုမှာ မဟုတ်ဘူး။ သူတို့လည်း ပြည်တွင်းမှာ လုပ်ဆောင်တာ တစ်ခုမှာမရှိဘူး။ တိုက်ပွဲမှာ ထဲထဲဝင်ဝင်ပါဝင်တာလည်း မတွေ့ဘူး” လို့ ပြောပါတယ်။
လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်ကို ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့လိုက်တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
အငြိမ်းစားဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့တူဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ဟာ စစ်တက္ကသိုလ်အပတ်စဥ် ၃၂ ဆင်းဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ရုရှား၊ ဘယ်လာရုစ်တို့နဲ့ ရင်းနှီးတဲ့စစ်ဖက်ဆက်ဆံရေးရှိပြီး တပ်အရာရှိတွေကို ပညာတော်သင်စေလွှတ်တာကစလို့ လက်နက်အရောင်းအဝယ်အထိ ဆက်ဆံရေးရှိပါတယ်။
အထူးသဖြင့် မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ရုရှားနဲ့ ဘယ်လာရုစ်ဆီက လာတာဖြစ်ပါတယ်။
သူဟာ ထိပ်တန်းစစ်ဘက်ရာထူးကနေ သံအမတ်ကြီးအဖြစ်ပြောင်းရွှေ့ခံရတဲ့ နောက်ထပ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လာပါတယ်။
DSA-32 ဆင်းပဲဖြစ်တဲ့ အငြိမ်းစား စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခန့်အပ်လိုက်ပါသေးတယ်။
စစ်ကော်မရှင်က ပြန်စဖို့ကြိုးစားနေတဲ့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောလိုက်ပါတယ်။
ဇန်နဝါရီ ၆ ရက်မှာ အွန်လိုင်းကနေ ထုတ်လွှင့်တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဉ်မှာ သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ဦးနေဘုန်းလတ်က “အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့အသံကို နာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်” လို့ ပြောပါတယ်။
စစ်ကော်မရှင်နဲ့ ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မျိုးမဆို အတည်ဖြစ်မှာမဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှု၊ နစ်နာမှု မှန်သမျှဟာ စစ်ကော်မရှင်နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့တာဝန်သာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီမြစ်ဆုံစီမံကိန်းကို ရွေးကောက်ပွဲအပြီး ၂၀၂၆ ခုနှစ်မှာ ပြန်စဖို့ စစ်ကော်မရှင်နဲ့ တရုတ်အကြား နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့ကြပြီးဖြစ်တယ်လို့လည်း ဒီအကြောင်းသိရှိသူက ဘီဘီစီကို ပြောထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကော်မရှင်က ခွင့်ပြုထားတဲ့လုပ်ငန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို သက်ဆိုင်ရာတည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ပြီးခဲ့တဲ့လမှာပဲ အမိန့်ထုတ်ခဲ့ပါတယ်။
အခုလိုစစ်ကော်မရှင်က မြစ်ဆုံစီမံကိန်းပြန်စဖို့ လုပ်နေတာဟာ “၄င်းတို့ရဲ့အာဏာတည်မြဲဖို့အတွက် နိုင်ငံရဲ့ နှလုံးသားကို ထိုးကျွေးလိုက်တာဖြစ်တယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ၂၃ မိုင်ခန့် (၃၇ ကီလိုမီတာ) အကွာမှာရှိပါတယ်။ ကချင်ပြည်နယ်ရဲ့မြောက်ပိုင်းမှာရှိပြီး မလိခနဲ့ မေခမြစ်ပေါင်းဆုံတဲ့နေရာမှာတည်ဆောက်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွေရဲ့စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်မှာ တရုတ်နဲ့ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာတော့ လူထုရဲ့ကန့်ကွက်မှုကြောင့် စီမံကိန်း ရပ်ဆိုင်းခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့အခါ ဒီစီမံကိန်းကို ပြန်စဖို့ တရုတ်ဘက်ကလည်း လှုပ်ရှားစည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရကာလ ၅ နှစ်နီးပါးအတွင်းမှာ စီမံကိန်းပြန်စနိုင်ခဲ့တာ မရှိပါဘူး။
အခုတော့ စစ်ကော်မရှင်က မြစ်ဆုံစီမံကိန်းကို မူလစီမံကိန်းမှာ လျာထားတဲ့ဆည်အမြင့်ထက် လျှော့ပြီး ဆောက်မယ်လို့ ပြီးခဲ့တဲ့လတွေအတွင်း ပြောဆိုနေပါတယ်။
မှောင်တလှည့် လင်းတလှည့် ခပ်ဝါးဝါးမှိန်မှိန် ရောင်စုံမီးတွေ၊ DJ သံဆူဆူညံညံတွေ ဖွင့်ထားတဲ့ သီးသန့် အလုံပိတ်ခန်းတွေထဲက ညတွေရဲ့ ဇာတ်လိုက်ကမူးယစ်ဆေးတမျိုးဖြစ်တဲ့ ပျော်ရွှင်ဆေးရည်လို့ မြန်မာမှုပြုနိုင်တဲ့ (ဟက်ပီးဝါးတား) ဖြစ်နေခဲ့တာ နှစ်ချီရှိလာပါပြီ။
အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရအမိန့်တွေကြောင့် ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ နိုက်ကလပ်အမည်ခံထားတဲ့ ညပိုင်းဖျော်ဖြေရေးလုပ်ငန်းတွေ ပိုတွင်ကျယ်လာပါတယ်။
မြို့ပြ အလုံပိတ်ခန်းတွေထဲ မှာ ညတွေကုန်ဆုံးလည်ပတ်နေတဲ့လူငယ်တွေရဲ့ အခြေအနေ၊ မူးယစ်ဆေးစျေးကွက်တွေအကြောင်း ထဲထဲဝင်ဝင်သိထားတဲ့ ၄ ဦးနဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်မှာ ရန်ကုန်၊မန္တလေးမြို့ မှာ ဘား၊ ကလပ် အမည်ခံထားပြီး မူးယစ်ဆေးရောင်းချသုံးစွဲမှုတွေ အကြောင်း ဒီဆောင်းပါး မှာဖတ်ရှုနိုင်ပါပြီ။
ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မကွေးက မြို့နယ် ၁၁ ခုမှာ စစ်ဆေးဖို့ဆိုပြီး နေပြည်တော်ကနေ လွှတ်လိုက်တဲ့ ရွေး/ကော် ယာဉ်တန်းကို ဇန်နဝါရီ ၆ ရက်က တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီယာဉ်တန်းမှာ ရွေးကောက်ပွဲကော်မရှင် ဗဟိုအဆင့်နဲ့ တိုင်းအဆင့်တာဝန်ရှိသူတွေ လိုက်ပါလာပြီး ရွေးကောက်ပွဲ အပိုင်း (၂)အတွက် မကွေးတိုင်းထဲက မြို့နယ် ၁၁ ခုကို နယ်လှည့်စစ်ဆေးဖို့ နေပြည်တော်က စေလွှတ်ခဲ့တာလို့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
ကား ၄ စီးပါလာတဲ့ ယာဉ်တန်းက မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး၊ ကန်ပြားလမ်းပိုင်း တစ်နေရာကို အရောက်မှာ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ကတော့ “ဒါနဲ့ ပတ်သက်လို့ မကြားမိသေးပါဘူး။ ရုံးရောက်တော့မှ ဒီသတင်းကို သိနိုင်မှာ” လို့ တုံ့ပြန်ပါတယ်။
ဒါပေမဲ့ နေပြည်တော်ကနေ ကိုယ့်ရပ်ကိုယ့်မြေမှာ ရွေးကောက်ပွဲလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အခုလိုစေလွှတ်တာတွေရှိတယ်လို့တော့ သူကပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ကား ၄ စင်းမှာ ၃ စင်းက တိမ်းမှောက်ပျက်စီးသွားခဲ့ပြီး တစ်စင်းက လွတ်မြောက်သွားတယ်လို့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် မြို့သစ်မြို့နယ် ရဲမှူးနဲ့ စခန်းမှူးအပါအဝင် ၈ ဦး သေဆုံးသွားခဲ့ပြီး G3 သေနတ် နှစ်လက်၊ ကျည် ၁၆၁ တောင့် နဲ့ ကျည်ဘောက် ၃ ခု သိမ်းဆည်းရမိခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။
တိုက်ခိုက်ခံရမှုတွေနဲ့ သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။
ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရပြီဆိုရင် ယူကရိန်းကို တပ်ဖွဲ့တွေ စေလွှတ်ဖို့ ရည်ရွယ်တဲ့ကြေညာချက်တစ်ရပ်ကို ဗြိတိန်နဲ့ ပြင်သစ်တို့ လက်မှတ်ထိုးလိုက်ပြီလို့ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတားမာက ကြေညာပါတယ်။
ယူကရိန်းရဲ့မဟာမိတ်တွေနဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုကြေညာချက်ထွက်လာတာပါ။
အနာဂတ်မှာ ကျူးကျော်မခံရအောင် ယူကရိန်းနိုင်ငံတလွှား စစ်ဌာနချုပ်တွေ ထားရှိသွားဖို့ ဗြိတိန်နဲ့ ပြင်သစ်တို့ စဉ်းစားချက်ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်းကတော့ ဖြန့်ကြက်မယ်ဆိုရင် တပ်ဖွဲ့ဝင်ပေါင်း ထောင်နဲ့ချီ ရှိလိမ့်မယ်လို့ ထပ်ပြောပါတယ်။
အပစ်ရပ်စဲမှုကို အမေရိကန်က စောင့်ကြည့်တဲ့တာဝန်ယူချိန်မှာ ယူကရိန်းရဲ့မဟာမိတ်တွေဟာ လုံခြုံရေးအတွက် စိတ်ချရမယ့်အစီအစဉ်တွေ လုပ်ဆောင်သွားကြမယ့်ကိုလည်း သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ နယ်မြေပိုင်းခြားသတ်မှတ်ရေးကတော့ အဓိကဆွေးနွေးနေဆဲကိစ္စဖြစ်ပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းကို ဘယ်နိုင်ငံတပ်ဖွဲ့ပဲ ဝင်လာလာ ဒါဟာ နိုင်ငံတကာဥပဒေအရ ပစ်မှတ်ထားဖို့ရာ တရားဝင်ကြောင်း ပြောထားပါတယ်။
ပါရီမြို့မှာ အခုပြုလုပ်ထားတဲ့ကြေညာချက်နဲ့ပတ်သက်ပြီး ရုရှားဘက်က တစုံတရာတုံ့ပြန်တာ မရှိသေးပါဘူး။
ရုရှားဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို အင်အားပြည့်ကျူးကျော်ခဲ့တာဖြစ်ပြီး မော်စကိုဟာ လက်ရှိမှာ ယူကရိန်း ပိုင်နက် ၂၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ယူကရိန်းအရေးကောင်းလိုစိတ်နိုင်ငံများညွန့်ပေါင်းအဖွဲ့ ‘‘Coalition of the Willing’’ လို့ခေါ်ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ထိပ်တန်းအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ ဗြိတိန်ဝန်ကြီးချုပ်က ‘ငြိမ်းချမ်းရေးသဘောတူညီချက်ထွက်လာတဲ့အခါ ယူကရိန်းကို တပ်ဖွဲ့တွေ ဖြန့်ကြက် သွားဖို့ရည်ရွယ်တဲ့ကြေညာချက်တစ်ခုကို ကျွန်တော်တို့ လက်မှတ်ထိုးပြီးဖြစ်ပါတယ်။’’ လို့ သူက ပြောပါတယ်။
‘‘ဒါကြောင့်ပဲ ဗြိတိန်၊ ပြင်သစ်နဲ့ မိတ်ဖက်တပ်ဖွဲ့တွေဟာ ယူကရိန်းမြေပေါ်မှာ ဖြန့်ကြက်နိုင်ပြီး ယူကရိန်း လေပိုင်နက်နဲ့ ပင်လယ်ပြင် လုံခြုံဖို့၊ အနာဂတ်မှာ ယူကရိန်းလက်နက်ကိုင်တပ်တွေ ထပ်မံထွက်ပေါ်လာနိုင်ဖို့ လမ်းကြောင်း ထွက်ပေါ်လာစေမှာဖြစ်ပါတယ်’’ လို့လည်း သူက ဆက်ပြောသွားပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ကြိုးပမ်းခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ဆက်ပြီး စွဲကိုင် အကောင်အထည်ဖော်သွားမယ်လို့ ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ပါတယ်။
၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်လာတဲ့ ဖိလစ်ပိုင်ရဲ့နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇိုနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ ဇန်နဝါရီ ၆ ရက် က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ အထူးသဖြင့် ရွေးကောက်ပွဲအကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပါအဝင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ မြန်မာနဲ့ပတ်သက်လို့ ဦးစားပေးလုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
“အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဖိလစ်ပိုင်အနေနဲ့ အရင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တွေ အဆက်ဆက် ကြိုးပမ်းခဲ့တဲ့ဘုံသဘောတူညီချက် ငါးရပ်အကောင်အထည်ဖော်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမယ်” လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
စစ်ခေါင်းဆောင်ကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံရဲ့ဦးဆောင်မှုကို အသိမှတ်ပြုပြီး ထောက်ခံသွားမယ်လို့ ပြောခဲ့ကြောင်းဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့အခုခရီးစဉ်အတွင်းမှာ ပြစ်မှုကျူးလွန်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
နောက်ပြီး စစ်ခေါင်းဆောင်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး မဲစာရင်းမှန်ကန်မှုရှိဖို့ ကြိုတင်ပြင်ဆင်မှုတွေ၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အပိုင်း (၁) ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ အပိုင်း (၂)နဲ့ (၃) ဆက်လက် ကျင်းပသွားမယ့်အကြောင်း ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုအပြီးမှာ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မင်္ဂလာပါ ...
ဇန်နဝါရီလ ၇ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။