နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမယ့် အဖျက်လုပ်ရပ်များစွာရှိနေတယ်လို့ စစ်ခေါင်းဆောင်ပြော

နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမယ့် အဖျက်လုပ်ရပ်များစွာရှိနေတယ်လို့ စစ်ခေါင်းဆောင်ပြောတဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာမှာ အီးစီးကရက်၊ Vape နဲ့ ရှီရှား(ရေပြောင်း)တွေကို တားမြစ်ကုန်စည်အဖြစ်သတ်မှတ်ပိတ်ပင်ပြီး သုံးစွဲတာတွေကိုလည်း တားမြစ်ပိတ်ပင်လိုက်ပြီလို့ဆို
  • ဗြိတိန်တော်ဝင်မင်းသားဟောင်းအင်ဒရူး မောင့်ဘက်တန် ဝင်ဆာကို မနေ့က ထိန်းသိမ်းခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုအောက်မှာ ပြန်လွှတ်ပေးထား
  • ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအမှုအပေါ် NUG ဆုံးဖြတ်ချက်ကြောင့် NUG ပညာရေးဝန်ကြီးဌာနအောက်က ပညာရေးဝန်ထမ်းတချို့ လုပ်ငန်းဆောင်ရွက်တာတွေ ယာယီရပ်ဆိုင်း
  • တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင်လုပ်မယ့် အဖျက်လုပ်ရပ်တွေများစွာရှိနေလို့ နိုင်ငံအတွက် အန္တရာယ်ကြီးမားတယ်လို့ ချင်းအမျိုးသားနေ့မှာ စစ်ခေါင်းဆောင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တော်ဝင်မင်းသားဟောင်းအင်ဒရူးအမှု ဘာဆက်ဖြစ်နေလဲ

    သတင်းစာတွေရဲ့ မျက်နှာဖုံးသတင်းဖြစ်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သတင်းစာတွေရဲ့ မျက်နှာဖုံးသတင်းဖြစ်ခဲ့

    မင်းသားဟောင်းအင်ဒရူးကို ဖမ်းဆီးမယ့်ကိစ္စကို ဘုရင်နဲ့ ဘက်ကင်ဟမ်နန်းတော်ကို ကြိုတင်အသိပေးခဲ့တာမရှိဘူးလို့ နားလည်ရပါတယ်။ ချားလ်စ်ဘုရင်က "ဥပဒေနဲ့အညီ ဖြစ်ရမယ်"လို့ ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ သူ့ဆီကနေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရရှိမှာဖြစ်ကြောင်း အတည်ပြုပြောထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. NUG သစ်တောသယံဇာတအဖွဲ့ ဘယ်လိုခြိမ်းခြောက်ခံခဲ့ရလဲ

    NUG လက်အောက်က သစ်တော သယံဇာတ စီမံခန့်ခွဲမှုအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ယာယီရပ်နားထားရ

    ဓာတ်ပုံ ရင်းမြစ်, ဒီဇိုင်း BBC

    ဓာတ်ပုံ ပုံစာ, NUG လက်အောက်က သစ်တော သယံဇာတ စီမံခန့်ခွဲမှုအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ယာယီရပ်နားထားရ

    အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က သစ်တော သယံဇာတ စီမံခန့်ခွဲမှုအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ယာယီရပ်နားထားရပါတယ်။

    အာဏာသိမ်း စစ်ကော်မရှင် ထိန်းချုပ်တဲ့မြို့နယ်တွေမှာ ရပ်နားတာ မဟုတ်ဘဲ NUG ထိန်းချုပ်ဒေသတွေထဲမှာ ဖြစ်ပါတယ်။

    အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေကို တရားမဝင် ထုတ်လုပ်သယ်ဆောင်တာတွေကို တားမြစ်အရေးယူတာ၊ အခွန်ဒဏ်ကြေးကောက်တာတွေ အပါအဝင် စီမံခန့်ခွဲမှုတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကစပြီး ရပ်နားလိုက်တာပါ။

    အဓိက အကြောင်းအရာကတော့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေအတွက်ရပ်နားရတာလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။

    NUG လက်အောက်ခံ အဖွဲ့အစည်းတွေရှိတဲ့ ထိန်းချုပ်ဒေသတွေမှာ NUG အရပ်ဘက် ဝန်ထမ်းတွေကို ဘယ်သူတွေက လုံခြုံရေးခြိမ်းခြောက်တာပါလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. ချင်းအမျိုးသားနေ့မှာ NUG နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဘာပြောလဲ

    ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား

    ဓာတ်ပုံ ရင်းမြစ်, Khonumthung Burmese

    ဓာတ်ပုံ ပုံစာ, ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို အွန်လိုင်းကနေ ကျင်းပခဲ့ကြပါတယ်

    အာဏာရှင်စနစ်ကိုအဆုံးသတ်မယ့်ဆန္ဒတူညီကြပေမယ့် ကွဲပြားနေတဲ့ အင်အားစုတွေကြောင့် အောင်မြင်မှုနှောင့်နှေးခဲ့ရတယ်လို့ ချင်းပြည်ကောင်စီဥက္ကဋ္ဌ Pu Zing Cung က ပြောလိုက်ပါတယ်။

    ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားမှာ သူက အခုလို ပြောခဲ့တာပါ။

    အဲဒီအခမ်းအနားကို အမျိုးသားညီညွတ်‌‌ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တချို့လည်း အွန်လိုင်းကတဆင့် တက်‌ရောက်ခဲ့ကြပါတယ်။

    “အာဏာရှင်တွေကို အနိုင်ယူမယ်ဆိုရင် အဖွဲ့အစည်းလိုက် အောင်မြင်မှုထက် ပူးပေါင်းအောင်မြင်မှုကို ရည်မှန်းကြရမယ်” လို့ ချင်းပြည်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

    စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ချေမှုန်းဖို့ လုံလောက်တဲ့ အင်အားရှိသလို လူထုရဲ့ ထောက်ခံမှုလည်းရှိတယ်လို့ သူက ‌ဖြည့်ပြောပါတယ်။

    “အဖွဲ့အစည်းတိုင်း၊ လူမျိုးတိုင်း၊ ဒေသတိုင်း၊ တူညီတဲ့ရည်မှန်းချက်အောက်မှာ နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတွေပြုလုပ်ပြီး မဟာမိတ်များအဖြစ် ခိုင်မာအောင် ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမယ့် အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲဖို့လိုအပ်တယ်” လို့ သူက တိုက်တွန်းထားပါတယ်။

    ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ဥက္ကဋ္ဌ ခူးဦးရယ်ကတော့ မြန်မာမှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေဟာ ပိုဆိုးရွားလာပြီး စစ်တပ်ကျူးလွန်နေတဲ့ လုပ်ရပ်တွေဟာ တစ်နိုင်ငံလုံးရဲ့ အမျိုးသားလူ့စွမ်းအားအရင်းအမြစ်တွေအတွက် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေဖြစ်နေတယ်လို့ ပြောပါတယ်။

    ချင်းနဲ့ ကရင်လို လူနည်းစုတွေအနေနဲ့ သမိုင်းတလျှောက်မှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်နဲ့ လွတ်လပ်စွာပြဋ္ဌာန်းခွင့်တွေမရဘဲ မြန်မာတစ်ပြည်လုံးမှာ ဆင်းရဲအမွဲတေဆုံးဘဝတွေနဲ့ မတရားတဲ့ဒုက္ခဆင်းရဲမျိုးစုံကို မျိုးဆက် ၂ ဆက်ကျော် ကြံ့ကြံ့ခံလာခဲ့ရတယ်လို့ သူကဆိုပါတယ်။

    လက်ရှိမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မျှော်မှန်းတဲ့အနေအထားထက် ပိုသာလွန်တဲ့အဆင့်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

    လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖွဲ့စည်းပုံအရ အာမခံပေးတဲ့ ဖက်ဒရယ်စနစ်ကိုပဲ တည်ဆောက်လိုပြီး ဖွဲ့စည်းပုံအသစ်ဟာ လူထုဆန္ဒနဲ့အညီ တရားမျှတမှုနဲ့အာဏာကို စနစ်တကျခွဲဝေထားတဲ့ ဖွဲ့စည်းပုံပဲ ဖြစ်ရမယ်လို့ ဆိုပါတယ်။

    ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဆုံးဖြတ်ခွင့်နဲ့ ကိုယ်ပိုင်ဘဏ္ဍာရေးအာဏာ၊ လူ့အခွင့်အရေးကို ဖွဲ့စည်းပုံအရ အာမခံခြင်းဖြစ်ရမယ်လို့လည်း သူက ဖြည့်ပြောပါတယ်။

    အလားတူ အာဏာကန့်သတ်မှုတွေကို စနစ်တကျစုစည်းတည်ဆောက်ခြင်းကနေတဆင့် အနာဂတ်မျိုးဆက်သစ်တွေမှာ စစ်အာဏာရှင်စနစ်ဆိုတာမရှိအောင် အတူတကွ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ KNPP ဥက္ကဋ္ဌ ခူးဦးရယ်က ဆိုပါတယ်။

    လူထုအနာဂတ်အတွက် ရသင့်ရထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားနဲ့ တရားမျှတမှုအားလုံးကို ပြန်ရယူဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းရလိမ့်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံပြီး လူမျိုးစုတစ်ရပ်လုံးနဲ့ လွတ်လပ်ရေး၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံအသစ်ကို အစားထိုး ရေးသားဖို့လိုတယ်လို့ ပြောပါတယ်။

    “အဲလိုမဟုတ်ရင် ချင်းအမျိုးသားအပါအဝင် လူမျိုးဆက်အားလုံးရဲ့ မွေးရာပါအခွင့်အရေး၊ လူသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ဆက်လက်ဆုံးရှုံးပြီး ဖိနှိပ်မှုကို ဆက်ခံနေရမှာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

    ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ ချင်းအပါအဝင် လူမျိုးစုအားလုံး၊ တော်လှန်ရေးအင်အားစုအားလုံး၊ နိုင်ငံရေးအစုအဖွဲ့အားလုံး စည်းလုံးညီညွတ်မှသာ တည်ဆောက်နိုင်မှာဖြစ်တယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက မှတ်ချက်ပြုပါတယ်။

    NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကလည်း အာမခံချက်ပြည့်ဝတဲ့ ချင်းပြည်လွတ်မြောက်ရေးကို နိုင်ငံရေးအရ စစ်ရေးအရ တပြိုင်နက်တည်းဖော်ဆောင်နိုင်ဖို့ ညီညွတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

    “ချင်းလူမျိုးအချင်းချင်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်နိုင်မှ ချင်းပြည်လွတ်မြောက်ရေးက အောင်မြင်မှာဖြစ်တယ်”လို့ သူက ပြောထားပါတယ်။

  5. BNRA ရဲ့ ထိပ်‌ပိုင်းခေါင်းဆောင် ၂ ဦးကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့ဆို, ပုလဲနယ်ထဲ စစ်တပ်စစ်ကြောင်းဆက်ထိုး

    ထိန်းသိမ်းခံထားရတဲ့ BNRA ရဲ့ တပ်ရင်းမှူးတွေဖြစ်တဲ့ သုဘရာဇာ(ဝဲ)နဲ့ ဒေါင်းညို(ယာ)

    ဓာတ်ပုံ ရင်းမြစ်, ဗိုလ်စွမ်း

    ဓာတ်ပုံ ပုံစာ, ထိန်းသိမ်းခံထားရတဲ့ BNRA ရဲ့ တပ်ရင်းမှူးတွေဖြစ်တဲ့ သုဘရာဇာ(ဝဲ)နဲ့ ဒေါင်းညို(ယာ)

    ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ တပ်ရင်းမှူး ၂ ဦးဖြစ်တဲ့ သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ ခရိုင်တပ်ရင်း(၂၈) တပ်ရင်းမှူး ဗိုလ်စွမ်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ ရုပ်သံဖိုင်အတိုတစ်ခုနဲ့ ထုတ်ပြန်ထားပါတယ်။

    ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ဥပဒေအတိုင်း အပြစ်ရှိရင် ခံရမှာဖြစ်ပြီး ကျန်တဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုလည်း လာရောက်ပူးပေါင်းဖို့ အသိပေးထားပါတယ်။

    NUG ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တွေဟာ ကျူးလွန်တဲ့ အမှု ၇ မှုရှိတယ်လို့ ကြေညာထားပါတယ်။

    ဖေဖော်ဝါရီ ၁၈ ရက်အထိ PDF နဲ့ ပကဖတွေဆီ ချိတ်ဆက် အဖမ်းခံသလို လာရောက်ပူးပေါင်းတဲ့ BNRA တပ်ဖွဲ့ဝင်အယောက် ၁၅၀ ခန့် လက်နက်အပ်နှံထားတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    BNRA ရဲ့ တပ်ရင်းမှူး ဗိုလ်မျက်လုံးကတော့ ဗိုလ်နဂါးနဲ့အတူ လိုက်ပါသွားပြီး စစ်တပ်ဆီမှာ လက်နက်ချတယ်လို့ ‌ ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေကြပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    စစ်ကော်မရှင်ကလည်း ဗိုလ်နဂါးနဲ့အတူ မိသားစုဝင်တွေ ခိုလှုံလာတယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာကနေ ထုတ်ပြန်ထားပေမဲ့ တခြားတပ်ဖွဲ့ဝင်တွေ ပါလာမလာကိုတော့ ဖော်ပြထားတာမရှိပါဘူး။

    တစ်ဖက်မှာလည်း ပုလဲမြို့ပေါ်ကနေ ၂ မိုင်လောက်ပဲဝေးတဲ့ မြို့အနောက်ခြမ်းက ရွာတွေကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲပြီးထိုးနေတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    “သေတ္တရာရွာ နဲ့ အနီးနားက ရွာတွေကို စစ်ကြောင်းထိုးနေတာ၊ လေကြောင်းကြဲတာတော့ မရှိသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

    ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်အတွင်း ပုလဲမြို့ပေါ်ကို Mi-17 ရဟတ်ယာဉ်နဲ့ စစ်ကူအင်အားထပ်ပြီး ဖြည့်တင်းနေတယ်လို့ မြေပြင်အခြေအနေသိသူတွေက ဆိုပါတယ်။

  6. ရဟန်းသာမဏေ၊ သီလရှင်တွေ လူမှုကွန်ရက်သုံးတာကို ဓမ္မစက်၊ အာဏာစက်နဲ့ထိန်းဖို့ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မိန့်ကြား

    နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ

    ရဟန်းသာမဏေတွေနဲ့ သီလရှင်တွေ တစ်တော့နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေမှာ သမဏသာရုပ္ပမဖြစ်သော အပြုအမူတွေ (ရဟန်းတို့ ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နဲ့ မလျော်ညီတဲ့ ပြောဆိုပြုမူမှု) လွှင့်တင်ဆောင်ရွက်နေတာတွေကို ဓမ္မစက်၊ အာဏာစက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားလိုက်ပါတယ်။

    ဓမ္မဝိနယနဲ့ မလျော်ညီဘဲ ဟောပြောနေခြင်းအပြင် သာသနာ့ဘောင်အပြင်ကသူတွေရဲ့ သာသနာတော်ရဲ့ ဂုဏ်ရှိန်ကို ညှိုးမှိန်စေတဲ့ ပြောဆိုပြုမူနေတာတွေကိုလည်း မကြာခဏတွေ့မြင်နေရတာတွေက သာသနာတော် ဂုဏ်ရှိန် ညှိုးမှိန်စေပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ဝတ္တရားများ ကျေပွန်နိုင်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေတယ်လို့ ဆရာတော်ကြီးက ဆက်မိန့်ပါတယ်။

    ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေမှာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပခဲ့တဲ့ နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးပထမနေ့မှာ ဒီလိုမိန့်ကြားခဲ့တာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း ဖေ့စ်ဘွတ်ခ်နဲ့ တစ်တော့ စာမျက်နှာတချို့ကနေ ရဟန်းသာမဏေနဲ့ သီလရှင်တချို့ရဲ့ ဝိနည်း၊ ကိုယ်ကျင့်တရားတွေနဲ့ မကိုက်ညီတဲ့ သီဆိုကခုန်နေတဲ့ ရုပ်သံဖိုင်တွေကို ဝေဖန်ပြောဆိုထားတာတွေလည်း တွေ့နေရပါတယ်။

    ဆရာတော်ဘုရားကြီးက သာသနာ့ပြင်ပအန္တရာယ်တွေကိုလည်း လျစ်လျူရှုတော်မမူကြဘဲ ညီညွတ်တဲ့ သံဃာအင်အားနဲ့ အထူးဂရုပြု ဖယ်ရှားနိုင်ရေး ဆောင်ရွက်ကြဖို့ကို မိန့်ကြားပါတယ်။

    ဒီကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဓမ္မစက်၊ အာဏာစက်နဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်တဲ့ သံဃာအင်အားလိုအပ်နေပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များအနေနဲ့လည်း မိမိတို့နေထိုင်ရာဒေသအတွင်း ကြောင့်ကြမဲ့မနေဘဲ အားဖြည့်ကူညီဆောင်ရွက်ပေးဖို့ကို ဆရာတော်ကြီးက တိုက်တွန်းထားပါတယ်။

    ဒီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးရက်မှာ သက်ဆိုင်ရာဆရာတော်ကြီးတွေရဲ့ တင်ပြလျှောက်ထားမှုတွေကို အတည်ပြုချက် ရယူသွားမယ်လို့လည်း သိရပါတယ်။

  7. မြန်မာမှာ အီးစီးကရက် ပိတ်ပြီ

    အီးစီးကရက်သောက်သုံးနေတဲ့ အမျိုးသမီးတစ်ဦး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဆေးလိပ်ဖြတ်စက်လို့ လူသိများကြတဲ့ အီးစီးကရက်၊ Vape တွေကို တွေ တင်သွင်း၊ တင်ပို့တာ၊ ‌ရောင်းချတာ၊ လက်ဝယ်ထားရှိတာနဲ့ သိုလှောင်ဖြန့်ဖြူးတာအပြင် သုံးစွဲတာတွေကို ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး တားမြစ်ပိတ်ပင်လိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

    ဒါ့အပြင် အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းတွေအပြင် အီလက်ထရောနစ် ရှီရှား(ရေပြောင်း)တွေကိုလည်း တားမြစ်ကုန်စည်အဖြစ်သတ်မှတ်ပြီး တင်သွင်းတာကိုလည်း တားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

    အီးစီးကရက်ဟာ ဆေးလိပ်ကြီးနဲ့ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်း၊ နီကယ်၊ သံဖြူ၊ ခဲ စတဲ့ အန္တရာယ်ရှိတဲ့ သတ္တုဓာတ်တွေအပြင် ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်ပစ္စည်းတွေနဲ့ ဒိုင်အက်ဆီတိုင်းလို ရနံ့ကို ပေးတဲ့ပစ္စည်းတွေပါဝင်လို့ ကျန်းမာရေးကိုထိခိုက်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြထားကြပါတယ်။

    အီးစီးကရက်ကို ကမ္ဘာမှာ အနည်းဆုံး ကလေးငယ် ၁၅ သန်း အပါအဝင် လူ သန်း ၁၀၀ ကျော် အီးစီးကရက် သောက်သုံးနေကြပြီး နီကိုတင်း စွဲလမ်းမှုကို အားဖြည့်ပေးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။

    မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အီးစီးကရက်သောက်တာနဲ့ ရောင်းဝယ်ဖောက်ကားတာတွေကို တင်းကျပ်ထားပြီး သုံးစွဲတာတွေ့တာနဲ့ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာတွေ လုပ်နေပါတယ်။

  8. ဗြိတိန်တော်ဝင်မင်းသားဟောင်းအင်ဒရူး ပြန်လွတ်

    ကားနောက်ခန်းထဲမှာတွေ့ရတဲ့ မင်းသားဟောင်းအင်ဒရူး

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ရဲစခန်းကနေ ပြန်လွတ်လာတဲ့ မင်းသားဟောင်းအင်ဒရူး

    အများပြည်သူနဲ့ဆိုင်တဲ့ရာထူးတာဝန်ထမ်းဆောင်ချိန်အတွင်းမလျော်ကန်တဲ့လုပ်ဆောင်မှုများရှိခဲ့နိုင်တယ်ဆိုတဲ့သံသယနဲ့ ဗြိတိန်တော်ဝင်မင်းသားဟောင်းအင်ဒရူး မောင့်ဘက်တန် ဝင်ဆာကို မနေ့က ထိန်းသိမ်းခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုအောက်မှာ ပြန်လွှတ်ပေးထားပါတယ်။

    ရဲတပ်ဖွဲ့အနေနဲ့စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်နေမှာဖြစ်ပြီး လိုအပ်ရင် သူ့ကို ပြန်လည်ခေါ်ယူစစ်ဆေးနိုင်ကြောင်းဆိုပါတယ်။

    ဒါပေမဲ့ နောဖော့ခ် - Norfolk ရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီးအပြီးသတ်လိုက်ပြီလို့ပြောပါတယ်။

    မင်းသားဟောင်းကိုထိန်းသိမ်းခဲ့ပြီးနောက် တတိယမြောက် ချားလ်စ်ဘုရင်က “ဥပဒေနဲ့အညီ ဖြစ်ရမယ်”လို့ ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ သူ့ဆီကနေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရရှိမှာဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောထားပါတယ်။

    မင်းသားဟောင်းဟာဗြိတိန်ရဲ့ အထူးကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ချိန်က အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကိုလိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းကို မျှဝေခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။

    အမေရိကန်တရားရေးဌာနက ထုတ်ပြန်ထားတဲ့ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ ဖိုင်တွေထဲမှာ သူတို့နှစ်ဦးကြားက ဆက်သွယ်ပြောဆိုမှုတွေပါဝင်နေပါတယ်။

    မစ္စတာမောင့်ဘက်တန် ဝင်ဆာကတော့သူ့အနေနဲ့ ဘယ်လို အမှားအယွင်းမှ ကျူးလွန်မထားကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။

  9. ဒေါ်ကြည်ပြာအမှု NUG ဆုံးဖြတ်ချက်ကြောင့် ပညာ‌ရေးဝန်ထမ်းတချို့ လုပ်ငန်းယာယီရပ်ဆိုင်းမယ်လို့ ကြေညာ

    ၂၀၂၀ အရှေ့ပိုင်းကာလက ရန်ကုန်တိုင်းလွှတ်တော်မှာ အဆိုတင်သွင်းဆွေးနွေးနေတဲ့ ‌ဒေါ်ကြည်ပြာ

    ဓာတ်ပုံ ရင်းမြစ်, တိုင်းလွှတ်တော်

    ဓာတ်ပုံ ပုံစာ, NLD အစိုးရလက်ထက် ရန်ကုန်တိုင်းလွှတ်တော်မှာ အဆိုတင်သွင်းဆွေးနွေးနေတဲ့ ‌ဒေါ်ကြည်ပြာ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအမှုအပေါ် NUG ဆုံးဖြတ်ချက်ကြောင့် NUG ပညာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ကနေ လုပ်ငန်းဆောင်ရွက်တာတွေကို ယာယီရပ်ဆိုင်းမယ်လို့ ကြေညာလာပါတယ်။

    စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ဒီလိုလုပ်တာဟာ NUG ရဲ့ ဒေါ်ကြည်ပြာအမှုနဲ့ ပတ်သက်ပြီး ထွက်လာတဲ့ ဆုံးဖြတ်ချက်ကို လက်မခံတာကြောင့်လို့ ကြေညာစာထဲမှာ ဖော်ပြပါတယ်။ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က NUG ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့ပြီး ယုံကြည်အားကိုးရတဲ့ အစိုးရတစ်ရပ်အပေါ် စိတ်ပျက်ဖွယ်ဖြစ်စေတယ်လို့ ဆိုထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့အပေါ် တိုင်ကြားချက်ကို သုံးလနီးပါးကြာ စစ်ဆေးပြီးနောက် အဂတိလိုက်စားမှုမတွေ့ရဘူးဆိုတဲ့ ထုတ်ပြန်စာကို NUG က တိုင်ကြားထားသူတွေဆီ ဖေဖော်ဝါရီ ၁၈ ရက်မှာ အကြောင်းပြန်လာပါတယ်။

    ဒေါ်ကြည်ပြာတို့ဇနီးမောင်နှံရဲ့ အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုပြီး ဝန်ကြီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကိုဖြိုးအပါ ၁၂ ဦးက မနှစ် နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားခဲ့ကြတာပါ။ ဒါပေမဲ့ ဝန်ထမ်းတွေအပေါ် ချိုသာစွာ မပြောဆိုတာကိုတွေ့ရတာကြောင့် ဒေါ်ကြည်ပြာအနေနဲ့ ချိုချိုသာသာပြောဖို့ “ပြင်းထန်စွာသတိပေးခြင်း”ဆိုပြီး ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ လက်မှတ်နဲ့ ထုတ်ပြန်လာတာပါ။ဒါကြောင့် တိုင်တန်းတဲ့အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေက လက်ခံနိုင်စရာမရှိသလို ကျူးလွန်ခံခဲ့ရတဲ့ CDM ဝန်ထမ်းတွေနဲ့အတူ တသားတည်း ရပ်တည်တယ်လို့လည်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဆိုပါတယ်။ အလားတူ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေ အနေနဲ့ နစ်နာမှုဖြစ်နိုင်ကြောင်း သိရှိနားလည်ပေမယ့် မတရားမှုကို ဆန့်ကျင်နေကြတဲ့ အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု(CDM) ဝန်ထမ်းရပ်ဝန်း ဖြစ်လို့ လုပ်ငန်းဆောင်ရွက်မှုရပ်နားတာကို နားလည်ပေးဖို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က တောင်းဆိုပါတယ်။ တစ်ဖက်မှာလည်း နွေဦးဆရာအတတ်သင်ပညာတက္ကသိုလ်ကနေ NUG အနေနဲ့ ပြည်သူကို မျက်နှာမူပြီး တရားမျှတတဲ့ ဆုံးဖြတ်ချက်ရှိဖို့၊ စစ်ဆေးဆုံးဖြတ်တဲ့နေရာမှာလည်း မှန်ကန်တည့်မတ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိပေးဖို့ တိုက်တွန်းတောင်းဆိုစာထုတ်ပြန်ထားပါတယ်။

    ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဘီဘီစီက NUG ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အကြောင်းမပြန်သေးပါဘူး။

  10. နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမယ့် အဖျက်လုပ်ရပ်များစွာရှိနေတယ်လို့ စစ်ခေါင်းဆောင်ပြော

    ဗိုလ်သင်တန်းကျောင်းဆင်းပွဲ(ကြည်း)မှာတွေ့ရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင်လုပ်မယ့် အဖျက်လုပ်ရပ်တွေများစွာရှိနေလို့ နိုင်ငံအတွက် အန္တရာယ်ကြီးမားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဒီနေ့ ကျရောက်တဲ့ ချင်းအမျိုးသားနေ့မှာ ပြောလာပါတယ်။လက်ရှိမှာ ချင်းပြည်နယ်နယ်အပါအဝင် ဒေသတချို့မှာ ဆူပူအကြမ်းဖက်မှုနဲ့ တရားဥပဒေဖောက်ဖျက်ကျူးလွန်မှုတွေရှိနေတယ်လို့ဆိုတာကိုလည်း သူက တဆက်တည်း ပြောပါတယ်။

    ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့ကလည်း တည်ငြိမ်တဲ့ဒေသတွေကို အကြမ်းဖက်တိုက်ခိုက်ပြီး နယ်မြေချဲ့ထွင်နေကြတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

    ပြီးခဲ့တဲ့ ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ၁၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ချင်းပြည်အရေးကို အလေးထားပြီး ဆောင်ရွက်နေတယ်လို့ ထည့်ပြောခဲ့ပါတယ်။

    “ဘာဖြစ်လို့လဲဆိုတော့ ကချင်ယူနစ်၊ နာဂ ယူနစ်၊ ချင်းယူနစ်၊ NUG ရဲ့ ကသုံးလုံးဟာ ဖြစ်ပေါ်ဖို့ကြိုးစားနေတာဖြစ်တယ်။ အထက်ပိုင်း မြောက်ပိုင်း တစ်ခုလုံး ထိန်းချုပ်နိုင်သွားရင် အောက်ပိုင်းကို အလွယ်တကူထိန်းသိမ်းနိုင်မှာဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ စစ်ရေးအရင်းအမြစ်ဖြစ်တယ်" လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

    ဒီလိုလုပ်ရပ်တွေကြောင့် ချင်းအပါအဝင် ဒေသအသီးသီးမှာ ပြည်သူပိုင်အဆောက်အအုံတွေပျက်စီးပြီး အိုးအိမ်စွန့်ခွာနေရလို့ တိုင်ရင်းသားလူထုတွေ ဆင်းရဲဒုက္ခကြုံတွေ့နေရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

    တစ်ဖက်မှာလည်း ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၂ ရက်အထိ တစ်ပတ်အတွင်း ချင်းဒေသမှာ အရပ်သားထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ၇ ဦးသေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဥာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    အဲဒီသေဆုံးမှုတွေဟာလည်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  11. မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။