မေလ ၂၄ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
KIA ထိုးစစ် မြစ်ကြီးနားအနီးအထိ ရောက်လာ
KIA ထိုးစစ် မြစ်ကြီးနားအနီးအထိ ရောက်လာဆိုတဲ့ သတင်းအပါအဝင် မေ ၂၄ နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်
- ဝိုင်းမော်မြို့အနီးက အမှတ် (၃၂၁) ခြေလျင်တပ်ရင်းကို သိမ်းပိုက်ပြီးတဲ့နောက် KIA ထိုးစစ်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မြစ်ကြီးနား မြို့အနီးကို ရောက်ရှိလာ
- ရက္ခိုင့်တပ်တော်က အရာရှိ သုံးရာကျော် သင်တန်းဆင်းခဲ့ပြီး ရခိုင်ပြည်နယ်မှာ တစ်နှစ်နဲ့ခုနှစ်လကြာမြင့် တဲ့ပထမဆုံးသင်တန်းဖြစ်
- ဘင်္ဂလားပင်လယ်အော်မှာ မနက်ဖြန် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မေ ၂၆ ရက်မှာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိသွားနိုင်တယ်လို့ မိုးဇလ ခန့်မှန်း
- ကချင်ပြည်နယ်ထဲမှာရှိတဲ့ တရားမ၀င်မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေကနေ တရုတ်နိုင်ငံကို မနှစ်က မြေရှားသတ္တု တန်ချိန် လေးသောင်းကျော် ပို့ဆောင်ခဲ့ပြီး ခုနှစ်နှစ်အတွင်း အမြင့်ဆုံးတင်ပို့မှုဖြစ်
- အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရပေမဲ့ ထိခိုက်၊ သေဆုံးတာ မရှိဘူးလို့ အေအေ ဘက်က ပြော
- မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းထွက်ပြေးလာကြရသူတွေကို လက်ခံပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အိမ်ရှင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်
- ချင်းမိုင်နဲ့ချင်းရိုင်ခရိုင်မှာရှိတဲ့တက္ကသိုလ်တက်နေသူ၊အလုပ်လုပ်နေသူ မြန်မာတွေအတွက်နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စတွေကို ဘန်ကောက်မြို့၊မြန်မာသံရုံးကလုပ်ပေးတော့မှာမဟုတ် ချင်းမိုင်ကောင်စစ်ဝန်ချုပ်ရုံးမှာသာ လုပ်ကြဖို့ သံရုံးထုတ်ပြန်
- မြန်မာနိုင်ငံထဲက အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းတွေမှာ အလုပ်လုပ်ရင်း အဖမ်းခံခဲ့ရတဲ့ ယူဂန္ဓာနိုင်ငံသား ၂၃ ဦး မေလ ၂၃ ရက်က အိမ်ပြန်ရောက်ပြီ
တိုက်ရိုက် ထုတ်လွှင့်ချက်
မြန်မာမှာ ကျားဖြန့်လုပ်ရင်းအဖမ်းခံရတဲ့ ယူဂန္ဓာ ၂၃ ဦး အိမ်ပြန်ရောက်

ဓာတ်ပုံ ရင်းမြစ်, monitor
ဓာတ်ပုံ ပုံစာ, အီသီယိုးပီးယားလေကြောင်းလိုင်းနဲ့ ပြန်ရောက်လာတဲ့ ၂၃ ဦးကို အစိုးရအရာရှိတွေက ကြိုဆိုခဲ့ကြ မြန်မာနိုင်ငံထဲက အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းတွေမှာ အလုပ်လုပ်ရင်း အဖမ်းခံခဲ့ရတဲ့ ယူဂန္ဓာနိုင်ငံသား ၂၃ ဦး မေလ ၂၃ ရက်က အိမ်ပြန်ရောက်ပြီလို့ ယူဂန္ဓာသတင်းတွေက ဖော်ပြပါတယ်။
အီသီယိုးပီးယားလေကြောင်းလိုင်းနဲ့ ပြန်ရောက်လာတဲ့ အဲဒီ ၂၃ ဦးမှာ အမျိုးသမီး ငါးဦးပါဝင်ပြီး ယူဂန္ဓာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အပါအဝင် အစိုးရအရာရှိတွေက ကြိုဆိုခဲ့ကြတယ်လို့ Monitor က ဖော်ပြပါတယ်။
တာချီလိတ်မြို့မှာ ယူဂန္ဓာသား ၂၃ ဦးအဖမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေ မနှစ်က ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ယူဂန္ဓာအစိုးရက စစ်ကောင်စီ နဲ့ သံတမန်ရေးဆွေးနွေးပြီး အခုလိုလွတ်မြောက်လာအောင်လုပ်ခဲ့တာလို့ အမြဲတမ်းအတွင်းဝန် မစ္စတာ ဘာဂီရီကပြောပါတယ်။
‘’သူတို့ဟာ လစာကောင်းတဲ့ အလုပ်ရမယ်လို့ ဖျားယောင်းခံခဲ့ရပြီးတဲ့နောက် အွန်လိုင်းငွေကြေးလိမ်လည်မှုအလုပ်ကို ဝင်လုပ်ရပြီး နယ်စပ်ဖြတ်ကျော် ခေါ်ဆောင်ခံခဲ့ရတယ်’’ လို့ သူက ပြောပါတယ်။
ယူဂန္ဓာနိုင်ငံသား ၂၃ ဦးဟာ ထိုင်းအစိုးရနဲ့ နိုင်ငံတကာရွှေ့ပြောင်းအဖွဲ့(IOM) တို့ရဲ့အကူအညီနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ တစ်လကြာ ခိုလှုံခဲ့ရပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ ယူဂန္ဓာသံအမတ်ကြီး မစ္စ ဘတ်တီ ဘီဂွမ်ဘဲက မြန်မာမှာ ပိတ်မိနေဆဲဖြစ်တဲ့ နောက်ထပ်ယူဂန္ဓာနိုင်ငံသားတွေကို မိခင်နိုင်ငံပြန်ပို့နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
‘’စခန်းတွေအများကြီးရှိပါတယ်၊ တစ်ခုက ယူကေလို့ ခေါ်ပြီး သူတို့နောက်ဆုံးရောက်ခဲ့တဲ့နေရာကတော့ မောင်တိန်လို့ခေါ်ပါတယ်၊ သူတို့ဟာ လျှပ်စစ်နဲ့အတို့ခံရပြီး ရိုက်နှက်ခံခဲ့ရပါတယ်၊ ယူကေမှာ ယူဂန္ဓာနှစ်ဦး၊ မောင်တိန်မှာ ၁၂ ဦးလား ၁၃ ဦးလား ကျန်နေပါသေးတယ်။ နောက်ထပ်ဘယ်လောက်ရှိဦးမလဲ မသေချာပါဘူး’’ လို့ ဘီဂွမ်ဘဲက ပြောပါတယ်။
ချင်းမိုင်က နိုင်ငံကူးလက်မှတ်ကိစ္စ ဘန်ကောက်သံရုံးမှာ လုပ်ပေးတော့မှာမဟုတ်

ဓာတ်ပုံ ရင်းမြစ်, MYANMAR EMBASSY BANGKOK
ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့ မြန်မာသံရုံးမှာ စောင့်ဆိုင်းနေသူတွေ (ပုံဟောင်း) ထိုင်းနိုင်ငံ၊ ချင်းမိုင်နဲ့ချင်းရိုင်ခရိုင်မှာရှိတဲ့တက္ကသိုလ်တက်နေသူ၊အလုပ်လုပ်နေသူ မြန်မာတွေအတွက်နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးမေ၂၇ရက်ကစလို့ ဆောင်ရွက်ပေးတော့မှာမဟုတ်ဘူးလို့ဘန်ကောက်မြို့၊မြန်မာသံရုံးကသတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီခရိုင်တွေမှာနေထိုင်တဲ့မြန်မာနိုင်ငံသားတွေအတွက်ချင်းမိုင်မြို့မှာရှိတဲ့မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာသာဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။
ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့အတွက်အချက်အလက်တောင်းဆိုတာတွေများတာကြောင့်ဘန်ကောက်ကမြန်မာသံရုံးကိုလာရောက်သက်တမ်းတိုးတဲ့သူတွေရှိနေတာလို့ သက်တမ်းတိုးဖူးသူတွေက ဘီဘီစီကို ပြောပါတယ်။
“ချင်းမိုင်မှာကအဖေအမေရဲ့လက်မှတ်နဲ့ထောက်ခံချက်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာတွေ၊မှတ်ပုံတင်မူရင်းတွေရော၊အလုပ်ဆိုရင်အလုပ်ထောက်ခံစာတွေ၊ဝန်ထမ်းကတ်တွေအကုန်တောင်းတယ်။လွယ်တော့မလွယ်ဘူးပေါ့၊အဲဒီအခြေအနေတွေအရဘန်ကောက်ကိုပဲသွားတယ်။အခုတော့ချင်းမိုင်မှာပိုပြီးတင်းကြပ်လာမယ့်သဘောရှိတာပေါ့”လို့ချင်းမိုင်မြို့ကနေဘန်ကောက်ကမြန်မာသံရုံးမှာသက်တမ်းတိုးခဲ့သူတစ်ယောက်ကဘီဘီစီကိုပြောပါတယ်။
ပြည်တွင်းမှာအလုပ်အကိုင်အခွင့်လမ်းနည်းပါးမှု၊လုံခြုံရေးစိုးရိမ်မှု နဲ့ စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီးတဲ့နောက် ထိုင်းနိုင်ငံမှာအလုပ်လုပ်နေရသူတွေ၊ကျောင်းတက်သူတွေများပြားလာနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းလုပ်သား၇သန်းခန့်ရှိနေတယ်လို့မြန်မာအလုပ်သမားအရေးကူညီပေးနေသူတွေကပြောပါတယ်။
အေအေထိန်းချုပ်ထားတဲ့ မြောက်ဦးထွေအုပ်ရုံး လေကြောင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြောက်ဦးထွေအုပ်ရုံးမြင်ကွင်း အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဒီနေ့ မေ ၂၄ ရက်မှာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီ ၄၀ မိနစ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အေအေ ဘက်က ထိခိုက်၊ သေဆုံးတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။
အေအေတပ်ဖွဲ့ဝင်တချို့ ထိခိုက်၊ သေဆုံးတယ်လို့ ဒေသတွင်းသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ခိုင်သုခက “အေအေရဲဘော် ၆ ယောက်သေဆုံးတယ်ဆိုတာကတော့ အခြေအမြစ်မရှိတဲ့ သတင်းအမှားဖြစ်ပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ တပ်ဖွဲ့တွေမရှိပါဘူး”လို့ ဘီဘီစီကို ပြောပါတယ်။
အဲ့ဒီရုံးဟာ မြောက်ဦးမြို့အစွန်ဘက် ထမ္မရာဇ်ရပ်ကွက်မှာရှိပြီး ဒေသခံတွေရဲ့နေအိမ်နဲ့ နီးနီးကပ်ကပ်မရှိဘူးလို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးကတော့ ထိခိုက်ပျက်စီးသွားပါတယ်။
ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေကို လက်ခံပေးဖို့ ဦးကျော်မိုးထွန်း တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကနေ ပြည်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေကြရသူတွေ၊ ထွက်ပြေးလာကြရသူတွေရှိနေပြီး သူတို့ကို လက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အိမ်ရှင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ မေ ၂၁ရက်နဲ့ ၂၂ ရက်မှာ ကျင်းပတဲ့ ၂၀၂၄ ခုနှစ် ပထမအကြိမ် ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အပြန်အလှန်ဆွေးနွေးမှု အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။
ဒီအစည်းအဝေးပွဲမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ ရှောင်ပြေးရတာ၊ အလုပ်လက်မဲ့ဖြစ်တာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြင့်တက်လာတာ၊ နေထိုင်မှုစရိတ်တွေ တဟုန်ထိုးတက်လာတာ အပြင် စစ်သားစုဆောင်းခံရတာတွေကြောင့် ရွှေ့ပြောင်းနေထိုင်တာတွေ ပိုများလာတာလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို စုပြုံရောက်ရှိလာသလို အာရှ၊ ဥရောပနဲ့ အမေရိကတို့ကိုလည်း ဖြန့်ကျက်နေတယ်လို့လည်း သူက ပြောပါတယ်။
ဒီလိုရွှေ့ပြောင်းနေရတာကြောင့် လိုက်လျောညီအောင်နေထိုင်နိုင်ရေး စိန်ခေါ်မှုတွေ၊ အသက်အရွယ်၊ ယဉ်ကျေးမှု၊ နောက်ခံနဲ့အသက်မွေးဝမ်းကြောင်းတွေ ကွဲပြားတာကြောင့် အတည်တကျနေနိုင်ရေးအတွက် ရုန်းကန်နေကြရတာကိုလည်း ရှင်းပြထားပါတယ်။
ဒါကြောင့် ထွက်ပြေးလာတဲ့၊ ရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံပေးဖို့၊ နိုင်ငံရေးခိုလှုံခွင့်ရရှိအောင် အာမခံပေးဖို့နဲ့ အန္တရာယ်ရှိသူကို အတင်းအကြပ် နေရပ်ပြန်မပို့ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် တန်းတူညီမျှ အခွင့်အရေးရဖို့ ၊ ခွဲခြားဆက်ဆံတာမရှိဖို့၊ မျှမျှတတ ဆက်ဆံဖို့၊ ဝန်ဆောင်မှုတွေနဲ့ သတင်းအချက်လက်တွေ ရရှိရေးတွေလည်း အရေးကြီးတယ်လို့လည်း အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မလေးရှားမှာလုပ်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တွေ့ဆုံပွဲ စစ်ကောင်စီ သံအမတ် တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, MOFA
ဓာတ်ပုံ ပုံစာ, အာဆီယံကော်မတီ ဝါရှင်တန် နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံပွဲ မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံကော်မတီ ဝါရှင်တန် နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံပွဲကို စစ်ကောင်စီ သံအမတ် ဦးသက်ဝင်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
အာဆီယံ-ဝါရှင်တန်ကော်မတီ ရဲ့ အလှည့်ကျဥက္ကဋ္ဌ အမေရိကန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Dato’ Nazri Aziz က ဦးဆောင်ပြီး မေလ ၂၀ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ လုပ်မယ့် ရှန်ဂရီလာ ဆွေးနွေးပွဲ ကို လာဖို့ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် ရဲ့ ခရီးစဉ် အကြောင်းကို အဓိကထားဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို အမေရိကန်ဘက်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တောင် နှင့် အရှေ့တောင်အာရှဒေသ ဆိုင်ရာ ဒုတိယလက်ထောက်ကာကွယ်ရေးဝန်ကြီး Ms. Lindsey W. Ford တက်ရောက်ခဲ့ပြီး မြန်မာသံအမတ်က အာဆီယံသံရုံး အကြီးအကဲတွေနဲ့အတူ တက်ရောက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကနေဒါနိုင်ငံ၊ အော်တာဝါမြို့ မှာ မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ (၂၁)ကြိမ်မြောက် အာဆီယံ-ကနေဒါအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုလည်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဉီးဟောက်ခန့်ဆုမ်း နဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးဌာန က ပြောပါတယ်။
အမေရိကန် နဲ့ ကနေဒါ နှစ်နိုင်ငံလုံးဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီ ကို အရေးယူပိတ်ဆို့တာတွေလုပ်ဆောင်ထားသလို သံတမန်အဆင့် လျော့ချထားခဲ့တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
မြန်မာ့မြေရှားသတ္တု တရုတ်တင်ပို့မှု အမြင့်ဆုံးရောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, Global Witness
ဓာတ်ပုံ ပုံစာ, မြေရှားသတ္ထုတူးတဲ့လုပ်ငန်းခွင်နေရာ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာရှိတဲ့ တရားမ၀င်မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေကနေ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံကို မြေရှားသတ္တု တန်ချိန် ၄၁၇၀၀ အထိ ပို့ဆောင်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့ က ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ တရုတ်ကို မြေရှားသတ္တု စပို့တဲ့ ၇ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိလာတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၁၉၅၀၀ နဲ့ နှိုင်းယှဉ်ရင် နှစ်နှစ်အတွင်း ၂ ဆကျော်မြင့်တက်လာတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေရှားသတ္တု တရားမ၀င်တင်ပို့ရောင်းချတာကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အထိ ၀င်ငွေရှိနေပြီး ဒါဟာ ပြည်တွင်းမငြိမ်သက်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနေတယ်လို့လည်း Global Witness အဖွဲ့ က သုံးသပ်ထားပါတယ်။
ကချင်အထူးဒေသ (၁) ပန်၀ါမြို့နယ်ထဲမှာ မြေရှားသတ္တုထူးဖော်ရေး လုပ်ကွက်တွေ ၄၀ ရာခိုင်နှုန်းအထိ တိုးလာ သလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်ထဲမှာလည်း လုပ်ကွက်တွေ ထပ်တိုးလာတာ တွေ့ရတယ်လို့လည်း Global Witness အဖွဲ့က ပြောပါတယ်။
မြေရှားသတ္တုတူးဖော်ရေးတွင်းတွေမှာသုံးတဲ့ ဓာတုပစ္စည်းတွေကြောင့် အသက်သေဆုံးခဲ့တဲ့ လုပ်သားတွေရှိခဲ့သလို ကျန်းမာရေး ထိခိုက်တာတွေနဲ့ သဘာ၀ပတ်၀န်းကျင်လည်း ဆိုးဆိုး၀ါး၀ါးပျက်စီးနေတယ်လို့ ပြောပါတယ်။
မြန်မာကလာတဲ့ မြေရှားသတ္တုကို လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ လေအားလျှပ်စစ် ထုတ်လုပ်ရေး တာဘိုင်စက်တွေမှာသုံးတဲ့ တာရှည်ခံသံလိုက်တွေမှာ အဓိကအသုံးပြုနေတာဖြစ်တယ်လို့လည်း Global Witness အဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တုစျေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားတာဖြစ်တယ်လို့လည်း Global Witness အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမယ်လို့ မိုးဇလခန့်မှန်း

ဓာတ်ပုံ ပုံစာ, မိုခါမုန်တိုင်း ဝင်ရောက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အခြေအနေ (ပုံဟောင်း) ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး ဒီနေ့ မေ ၂၄ ရက် မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီမုန်တိုင်းငယ်ဟာ မနက်ဖြန် မေ ၂၅ ရက် မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်လာနိုင်ပြီး မေ ၂၆ ရက်မှာတော့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိသွားပြီးနောက် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေကို ဦးတည်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ရဲ့ ခန့်မှန်းမှုအပါအဝင် အမေရိကန်နိုင်ငံအင်္ဂလန်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ တို့ရဲ့ မိုးလေဝသ နဲ့ မုန်တိုင်း တွက်ချက်မှုတွေကိုပါ ကိုးကားဖော်ပြထားတာဖြစ်ပါတယ်။
မိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း မေ ၂၄ ရက်ကစပြီး မုန်တိုင်းကုန်းတွင်းဝင်ချိန်ကနေ မေ ၂၆ ညနေပိုင်းအထိ ဧရာဝတီတိုင်း အနောက်ဘက် ကမ်းရိုးတန်းတလျှောက်က ငွေဆောင်၊ ချောင်းသာ စတဲ့ကမ်းခြေတွေ၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရန်ကုန်မြစ်ဝ၊ မုတ္တမကွေ့နဲ့ မွန်ပြည်နယ်ကမ်းခြေတွေမှာ လေပြင်းတွေကျပြီး မိုးသည်းထန်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
“မေ ၂၃ ညနေပိုင်းကစပြီး ပင်လယ်ရေလုပ်သားတွေ ပင်လည်ပြင်ကို မထွက်သင့်တော့ပါ”လို့လည်း ပြောထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ မေ ၂၄ ရက်ကနေ ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ကရင် နဲ့ မွန် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နေရာအနှံ့မိုးရွာနိုင်ပြီး တချို့နေရာတွေမှာ မိုးကြီးတာ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးသည်းတာနဲ့အတူ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာ ၊ ရေကြီးရေလျှံတာတွေကို သတိပြုကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်တွေမှာလည်း လှိုင်းကြီးနိုင်ပြီး အမြင့်ပေ ၉ ပေကနေ ၁၃ ပေအထိ၊ မေ ၂၅ ရက်နဲ့ ၂၆ ရက်မှာ ၁၃ ပေကနေ ၁၆ ပေအထိ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရက္ခိုင့်တပ်တော်က အရာရှိ သုံးရာကျော် သင်တန်းဆင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, အာရက္ခတပ်တော် (AA) သင်တန်းဆင်း သင်တန်းသူ/သားများ အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) ကနေ အရာရှိ ၃၂၆ ဦး သင်တန်းဆင်းခဲ့တယ် လို့ AA Info Desk က သတင်းထုတ်ပြန်ပါတယ်။
ဒီသင်တန်းဟာ တစ်နှစ်နဲ့ခုနှစ်လကြာမြင့်ပြီး စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု အခက်အခဲနဲ့ မိုခါမုန်တိုင်းကြားကနေ ရခိုင်ပြည်နယ်မှာ ပထမဆုံးလုပ်တဲ့သင်တန်းလို့ အေအေက ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်(ရခိုင့်တပ်တော်) ကို ဦးစီးဦးဆောင်ပြုနိုင်မယ့် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့၊ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်နိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ အရာရှိလေ့ကျင့်ရေးသင်တန်းဆင်းပွဲကို ကျင်းပတာလို့ ထုတ်ပြန်ထားပါတယ်။
အမှတ်စဉ် (၁) နဲ့ အမှတ်စဉ် (၂) ကို ကချင်ပြည်နယ်မှာ ဖွင့်လှစ်ခဲ့တာပါ။
အာရက္ခတပ်တော်ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ် (၁) ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) က ကချင်ပြည်နယ်မှာ သင်တန်းသူ/ သား (၁၃၈) ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့ပါတယ်။
အရာရှိသင်တန်း အမှတ်စဉ် (၄) ကိုလည်း ဖွင့်လှစ်ဖို့ အာရက္ခတပ်တော် က စီစဉ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, အာရက္ခတပ်တော် (AA) သင်တန်းဆင်း သင်တန်းသူ/သားများ KIA ထိုးစစ် မြစ်ကြီးနားအနီးအထိ ရောက်လာ

ဓာတ်ပုံ ပုံစာ, ဝိုင်းမော်ကနေ စစ်ဘေးရှောင်လာတဲ့ကားတွေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးက အမှတ် (၃၂၁) ခြေလျင်တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့တွေ မေ ၂၁ သိမ်းပိုက်ပြီးတဲ့နောက် KIA ထိုးစစ်ဟာ မြစ်ကြီးနား မြို့အနီးကို ရောက်လာပြီလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဝိုင်းမော်တစ်ဖက်ကမ်းက မြစ်ကြီးနားမြို့ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မြို့ဖြစ်ပါတယ်။
‘’ဝိုင်းမော်မှာ ခလရ ၅၈ ကျန်နေသေးတယ်’’ လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
KIA ထိုးစစ်အတွင်း စစ်စခန်းပေါင်း တစ်ရာနီးပါး သိမ်းပိုက်နိုင်ခဲ့ပြီးပြီ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဝိုင်းမော်မြို့အနီးကို တိုက်ပွဲတွေ ရောက်လာတာကြောင့် ရွှေညောင်ပင်၊ အောင်မြေ ၁ နဲ့ ၂ ၊ ခါရှီ၊ ခတ်ချို စတဲ့ကျေးရွာတွေအပါအဝင် ဒေသခံတွေဟာ ဧရာဝတီမြစ် တဘက်ကမ်း မြစ်ကြီးနားမြို့ကို စစ်ဘေးရှောင်လာကြပါတယ်။
ဝိုင်းမော်မြို့က လူမရှိတော့သလောက်ဖြစ်သွားပြီး လူခြေတိတ်သွားပြီ လို့ ဒေသခံတွေကပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ဝိုင်းမော်နဲ့မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားကို ဖြတ်သွားရတဲ့ အတွက် မေ ၂၂ ရက်က ဗလမင်းထင်တံတားမှာ စစ်ရှောင်ကားတွေနဲ့ ပြည့်ကြပ်နေပြီး မြစ်ကြီးနားမြို့ထဲကိုရောက်ဖို့ တန်းစီစောင့်နေရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပါ။
မြစ်ကြီးနားမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေခပ်စိတ်စိတ်ကြားရလာပြီး မြို့တွင်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
“ကြောက်လို့ပေါ့ မိုင်းတွေလာကျမှာစိုးရိမ်တယ်။ အိမ်ကိုတော့ မထိသေးဘူး စိုးရိမ်တယ်။ လန့်လို့လာခဲ့ကြတယ်။ ပယင်းတွေလဲ စားပွဲပေါ်မှာ ဒီအတိုင်းထားခဲ့တာ ဖျာရော၊ ခြင်ထောင်ဘာမှ မပါလာဘူး”လို့ ဝိုင်းမော်စစ်ရှောင်တစ်ယောက်က ပြောပါတယ်။
မြစ်ကြီးနားမှာ ဝိုင်းမော်က စစ်ရှောင်တွေများလာတာနဲ့အမျှ မြို့ခံတွေနဲ့ စစ်ရှောင်တွေကြား နေအိမ်ငှားရမ်းမှုအပါအဝင် လူမှုဒုက္ခတချို့လည်း ရှိနေကြပါတယ်။
ဝိုင်းမော်ကနေ စစ်ရှောင်လာသူတွေထဲက တချို့ကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြပါတယ်။
ငွေကြေး အနည်းငယ်ကုန်ကျနိုင်သူတွေကလည်း ရေရှည်အတွက် အိမ်ရှာဖွေ ငှားရမ်း နေထိုင်လာကြပါတယ်။ အခုလို အဖက်ဖက် ဒုက္ခရောက်နေသူတွေကို မြစ်ကြီးနားမြို့တွင်းမှာ အိမ်ရှင် ၊ခြံရှင်တွေအနေနဲ့ လက်ရှိဈေးနှုန်းကို စစ်ဘေးရှောင်တွေကတတ်နိုင်မှာမဟုတ်တဲ့အတွက် စျေးနှုန်းညှိနှိုင်းပြီးလူမှုရေးအရ ကူညီပေးဖို့တောင်းဆိုတာတွေလည်းရှိနေပါတယ်။
