ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မြန်မာရေတပ်က ထိုင်းငါးဖမ်းလှေကို ပစ်ခတ်မှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ပြောဆို

မြန်မာရေတပ်က ထိုင်းငါးဖမ်းလှေကို ပစ်ခတ်မှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ပြောဆိုတဲ့သတင်းအပါအဝင် ဒီဇင်ဘာ ၂ ရက် နိုင်ငံတဝန်းနဲ့ကမ္ဘာတဝှမ်းထူးခြားသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာရေတပ်က ထိုင်းငါးဖမ်းလှေကို ပစ်ခတ်မှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ပြောဆို
  • ငါးဖမ်းလှေပစ်ခတ်ခံရမှုအတွင်း သေဆုံးသူရဲ့မိသားစုတွေဆီ ထိုင်းရေတပ်အရာရှိတွေ သွားရောက်တွေ့ဆုံ
  • တာချီလိတ်မှာ ထွေအုပ်နဲ့ စစ်သား အယောင်ဆောင်ပြီး ငွေညှစ်တယ်ဆိုတဲ့အမျိုးသား ၈ ဦး အဖမ်းခံရ
  • ထိုင်း ငါးဖမ်းစက်လှေပစ်ခတ်ခံရမှု - မြန်မာရေလုပ်သား ၂၇ ဦးရဲ့ လုံခြုံရေးကို စိုးရိမ်
  • တောင်ကုတ်ကို စစ်တပ်ဗုံးကြဲလို့ စစ်ရှောင် ၂ ဦး သေဆုံးပြီး ဆယ်ချီ ဒဏ်ရာရ
  • မြန်မာအပါအဝင် တရားမဝင်လုပ်သားတွေ နိုင်ငံထဲ ၁ လ နေထိုင်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရ ထုတ်ပြန်
  • ကွင်းထဲမေ့လဲခဲ့တဲ့ ဖီအိုရင်တီးနားအသင်း ကွင်းလယ်ကစားသမား အထူးကြပ်မတ် ကုသဆောင်ရောက်
  • သေဒဏ်ကျ CDM ရေတပ်သား အင်းစိန်ထောင်မှာ ကျောက်ကပ်ရောဂါနဲ့သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီဇင်ဘာ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်မှုပြီးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တရုတ်ကို အလုပ်သွားလုပ်မယ့် လူထောင်ချီ မူဆယ်မှာ ဘာတွေကြုံနေရလဲ

    တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့ကနေ တရုတ်နိုင်ငံ၊ ရွှေလီ(ကြယ်ခေါင်)မြို့ထဲက အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ဖို့ လာတဲ့ လူထောင်နဲ့ချီ မူဆယ်မြို့က နေရာတချို့မှာ မှတ်ပုံတင်တွေ သိမ်းခံရပြီး ထိန်းချုပ်ခံနေရတယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီလူတွေဟာ တရုတ်နိုင်ငံဘက်ခြမ်းမှာ အလုပ်လုပ်ဖို့ မူဆယ်ကို ‌လာကြတာဖြစ်ပေမဲ့ မူဆယ် နယ်စပ်ဂိတ်ကို တရုတ်က ‌အောက် တိုဘာလမှာ ပိတ်လိုက်တာ‌ကြောင့် နယ်စပ်မြို့မှာ ပိတ်မိနေသူတွေဖြစ်ပါတယ်။

    နယ်ပယ်အစုံက လူတွေကို မူဆယ်မှာရှိနေတဲ့ အကျိုးဆောင်(ပွဲစား)တွေက တရုတ်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ရမယ်ဆိုပြီး စရိတ်ငြိမ်း တာဝန်ယူတယ်လို့ ပြောကာ လူတွေခေါ်ယူခဲ့တာလို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

    “၂ ပတ်၊ ၃ ပတ်လောက်ပဲကြာမယ်၊ မူဆယ်ကို လာတဲ့ ခရီးစရိတ်၊ ပြီးတော့ မူဆယ်ကနေ တရုတ်ဘက်ဝင်ဖို့ စောင့်ရတဲ့အချိန်မှာလည်း စားရေးသောက်ရေး အားလုံးတာဝန်ယူတယ်ဆိုပြီး ခေါ်တာ” လို့ သူက ထည့်ပြောပါတယ်။

    မူဆယ်မြို့ကိုရောက်လာတဲ့သူတွေကို မြို့ထဲနေရာတချို့က ဂိုဒေါင်တွေမှာ နေစေပြီး မှတ်ပုံတင်တွေကိုလည်း သိမ်းထားတယ်လို့ မှတ်ပုံတင်အသိမ်းခံထားရသူတစ်ဦးကပြောပါတယ်။

    “သူတို့(ပွဲစားတွေ)ထားတဲ့ ဂိုဒေါင်ထဲမှာ ယောက်ျားတွေရော၊ မိန်းမတွေရော စုပြီးနေခိုင်းတာ၊ စားစရာကလည်း အပြုတ်တွေပဲ ကျွေးတယ်၊ တရုတ်မှာ အလုပ်ရလို့ရှိရင် မူဆယ်မှာ သူတို့ကုန်ကျခဲ့တဲ့စရိတ်တွေအတွက် ကားခက သက်သက်ဖြတ်မယ် ပြောတယ်၊ စားစရိတ်က တစ်ရက်ကို ယွမ် ၄၀ ဖြတ်မယ် ပြောတယ်။ သူတို့ကျွေးတာ။ ပဲနဲ့ အရွက်ပြုတ်တွေပဲ ကျွေးတာ” လို့ သူက ရှင်းပြပါတယ်။

    ဒါ့အပြင် မူဆယ်မှာ ဆက်ပြီးမနေနိုင်လို့ နေရပ်ပြန်မယ့်သူတွေကိုလည်း ကုန်ကျစရိတ်တွေ တွက်ပြပြီး အဲဒီစရိတ်ရဲ့ ၂ ဆ ပြန်လျော်နိုင်မှ ပွဲစားတွေက ပြန်ခိုင်းတယ်လို့ သူက ပြောပါတယ်။

    အလားတူ မှတ်ပုံတင်တွေလည်း အသိမ်းခံထားရတာကြောင့် မူဆယ်မြို့ကနေ နေရပ်ပြန်ဖို့ မူဆယ်-နမ့်ဖတ်ကာ-ကွတ်ခိုင် စတဲ့ မြို့တွေကို ဖြတ်တဲ့အခါမှာလည်း မှတ်ပုံတင်မရှိရင် အဲဒီဘက်ခြမ်းကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA)နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) က ဖမ်းဆီးတာတွေရှိနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

    ဖမ်းဆီးတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက TNLA နဲ့ KIA ဆီကို ဆက်သွယ်နေပါတယ်။

    လက်ရှိ တရုတ်ကို အလုပ်သွားလုပ်ဖို့ မူဆယ်မြို့ထဲ ရောက်ရှိလာသူအများစုက မြို့ထဲက ဂိုဒေါင်တချို့မှာ ပွဲစားတွေထားတဲ့အတိုင်း နေနေရပြီး စားရေးသောက်ရေး အခက်ကြုံနေသလို ငွေလည်း ပြန်မလျော်နိုင်တာကြောင့် နေရပ်ပြန်လို့မရဘဲ ဒုက္ခရောက်နေကြတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

  3. သေဒဏ်ကျ CDM ရေတပ်သား အင်းစိန်ထောင်မှာ ကျောက်ကပ်ရောဂါနဲ့သေဆုံး

    ရန်ကုန်မြို့၊ အင်းစိန်ထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦးဟာ ကျောက်ကပ်ရောဂါနဲ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းမှာ အကျဥ်းထောင်ထဲမှာပဲ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ပါတယ်။

    ကိုပြည့်စုံဦးဟာ ရောဂါခံစားရပြီး ၆ လအကြာမှာ ပြင်းထန်အဆင့် ရောက်ပြီး သေဆုံးခဲ့တာလို့ ဒီဇင်ဘာ ၂ ရက် ၊ ဒီနေ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

    သန်လျင်ရေတပ်က ရေတပ်သား ကိုပြည့်စုံဦးဟာ တပ်ပြေးပုဒ်မအပါအဝင် တခြားပုဒ်မ ၃ ခုလောက်နဲ့ အမှုဖွင့်ခံ ရပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှာ သေဒဏ်ချခံခဲ့ရတာဖြစ်ပါတယ်။

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ၁၁ လအတွင်းမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး ၂၀ ဦးဟာ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရတာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ PPNM ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

    နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေကတော့ ဒီလိုသေဆုံးမှုတွေထပ်မဖြစ်အောင် မိသားစုဝင်တွေ ဆေးဝါး ပို့တာကို ထောင်ဘက်က အပြည့်အဝလက်ခံဖို့၊ ထောင်တွင်းလုံလောက်တဲ့ဆေးဝါးထားရှိဖို့၊ လူနာတွေကို လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ နဲ့ အရေးကြီးလူနာကို ထောင်ပြင်ပဆေးရုံတွေကို ပို့ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

  4. ကွင်းထဲမေ့လဲခဲ့တဲ့ ဖီအိုရင်တီးနားအသင်း ကွင်းလယ်ကစားသမား အထူးကြပ်မတ် ကုသဆောင်ရောက်

    အီတလီဘောလုံးကလပ်အသင်းဖြစ်တဲ့ ဖီအိုရင်တီးနား (Fiorentina)ကွင်းလယ်ကစားသမား Edoardo Bove ဟာ အင်တာ မီလန်အသင်းနဲ့ တနင်္ဂနွေနေ့မှာ ကစားတဲ့ စီးရီးအေပွဲစဉ်အတွင်း ကွင်းထဲမှာ မေ့လဲပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရပါတယ်။

    ပွဲစပြီး ၁၆ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ အခုဖြစ်ရပ်ကြောင့် ပွဲကို ရပ်နားခဲ့ရပါတယ်။

    အသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ ဆေးဝါးအကူအညီနဲ့ သတိလည်အောင်လုပ်နေပြီး ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတယ်လို့ ဆိုထားပါတယ်။

    ကနဦး စမ်းသပ်ချက်တွေအရ ဗဟိုအာရုံကြောနဲ့ အသက်ရှူလမ်းကြောင်းစနစ် ပျက်စီးတယ်လို့ ကောက်ချက် ချထားပြီး နောက် ၂၄ နာရီအတွင်း အခြေအနေတိုးတက်မှုကို ထပ်ပြီးဆန်းစစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာဆို ထားပါတယ်။

    Bove ဟာ ဘောလုံးကွင်းထဲမှာ ရုတ်တရက်လဲကျသွားပြီးနောက်မှာ နှစ်ဖက်ကစားသမားတွေဟာ ဆေးအဖွဲ့ကို ခေါ်ယူပေးခဲ့ပါတယ်။

    ကွင်းလယ်ကစားသမား Bove ဟာ အသင်းကို သြဂုတ်လမှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

    အီတလီ ဆီးရီးအေနဲ့ သူ့ရဲ့အသင်းဖော်တွေကလည်း သူတို့ရဲ့ လူမှုကွန်ရက် အကောင့်တွေကနေ Bove အတွက် ဆုတောင်းပေးနေကြပါတယ်။

  5. မြန်မာအပါအဝင် တရားမဝင်လုပ်သားတွေ နိုင်ငံထဲ ၁ လ နေထိုင်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရ ထုတ်ပြန်

    ထိုင်းအစိုးရက မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသား တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒီဇင်ဘာလ တစ်လလုံး အထောက်အထားမရှိဘဲ နိုင်ငံတွင်း နေထိုင်နိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ်က စာထုတ်ပြန်လာပါတယ်။

    နိုဝင်ဘာ ၂၇ ရက် ရက်စွဲနဲ့ ဒီထုတ်ပြန်ချက်ကို ထိုင်းဝန်ကြီးချုပ်နဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးတို့က လက်မှတ်ရေးထိုးထုတ်ပြန်လာတာပါ။

    ထိုင်းနိုင်ငံထဲ တရားဝင်နေထိုင်ခွင့် အထောက်အထားနဲ့အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်နေသူတွေနဲ့ အထောက်အထားမဲ့တွေအားလုံး ဒီသက်ညှာခွင့်ကို ခံစားခွင့်ရှိတယ်လို့ နားလည်ရပါတယ်။

    ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမကုန်ခင်မှာ နေထိုင်ခွင့် နဲ့အလုပ်လုပ်ကိုင်ခွင့်တွေကို အစိုးရက ထုတ်ပြန်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်‌ဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

    ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ နေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့်ကုန်နေသူတွေ သက်တမ်းတိုးဖို့အတွက် လုပ်ဆောင်ရမဲ့အဆင့်တွေကို လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာပေးနေပါတယ်။

    အထောက်အထားမဲ့တွေကိုလည်း ဒီဇင်ဘာ မတိုင်ခင် အထောက်အထားလုပ်ဆောင်ဖို့ ပြောထားပေမဲ့ နာမည်စာ ရင်းတင်သွင်းရမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

    ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၄ သန်းဝန်းကျင်ရှိမယ်လို့ အလုပ်သမားအရေး‌ဆောင်ရွက်နေသူတွေက ခန့်မှန်းကြပါတယ်။

  6. တောင်ကုတ်ကို စစ်တပ်ဗုံးကြဲလို့ စစ်ရှောင် ၂ ဦး သေဆုံးပြီး ဆယ်ချီ ဒဏ်ရာရ

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲက ခရိုင်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ စစ်ရှောင် ၂ ဦး သေဆုံးပြီး နောက်ထပ် ၂၀ နီးပါး ဒဏ်ရာ ရခဲ့တယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် Arakan Princess မီဒီယာက သတင်းဖော်ပြပါတယ်။

    သေဆုံးသူတွေဟာ ခရိုင်ရွာကို စစ်ဘေးရှောင်လာတဲ့ တောင်ကုတ်မြို့၊ ဆေးရုံ ရပ်ကွက်သစ်က အသက် ၇၁ နှစ်အရွယ် ဒေါ် မသိန်းနဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်သက်နိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒဏ်ရာရသူတွေဟာ ဗုံးအစအန ထိမှန်ကြတာဖြစ်ပြီး အရေးပေါ် ကုသမှုခံယူနေရတယ်လို့လည်း သတင်းက ဆိုပါတယ်။

    အာရက္ခတပ်တော်(အေအေ)ဟာ တောင်ကုတ်မြို့ကို ထိန်းချုပ်ဖို့ရည်ရွယ်ပြီး စစ်ကောင်စီတပ်ရဲ့ တောင်ကုတ်မြို့ရဲစခန်းကို စတင်တိုက်ခိုက်တဲ့ အောက်တိုဘာလ ဆန်းကတည်းက တောင်ကုတ်မြို့နယ်ထဲ တိုက်ပွဲတွေဖြစ်နေပါတယ်။

    လနဲ့ချီကြာလာပြီဖြစ်တဲ့ တောင်ကုတ် တိုက်ပွဲတွေအတွင်း အေအေဟာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်တပ်အခြေချစန်း၊ အာလိမ်ငါးဆင့် ဘုရားကုန်းက စစ်တပ်စခန်း၊ ဖုန်ညိုတံတား၊ သိမ်တောင် ရပ်ကွက်၊ ကိုင်းရှည်တံတားထိပ်၊ ကြိုးကြာကွင်းဂိတ်တို့အပြင် တောင်ကုတ်မြို့အဝင်က စကခ(၅) တပ်မဌာနချုပ် ဂိတ်စခန်းတွေမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီ အခြေချနေရာတွေကို သိမ်းထားပြီးပြီလို့ အေအေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။

  7. တော်လှန်အမျိုးသမီးတွေပြောတဲ့စိန်ခေါ်ချက်တွေ

    သမိုင်းတလျှောက် စစ်ရေးနဲ့နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုပမာဏက နည်းပါးခဲ့ပါတယ်။

    ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းဆန့်ကျင်မှုမှာတော့ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းက အရင်ထက်သိသိသာသာ များလာပါတယ်။

    အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးထဲမှာဆိုရင် အမျိုးသားတွေနဲ့တန်းတူ လူငယ်အမျိုးသမီးတွေပါဝင်နေကြတာပါ။

    ကျား၊ မ ဖြစ်တည်မှုပေါ် အခြေခံပြီး လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေမှာ ဘယ်လို စိန်ခေါ်ချက်တွေကြုံနေရလဲ။

    ဘီဘီစီရဲ့ ဒီလင့်ခ် မှာ ကြည့်ရှုနိုင်ပါတယ်။

  8. ထိုင်း ငါးဖမ်းစက်လှေပစ်ခတ်ခံရမှု - မြန်မာရေလုပ်သား ၂၇ ဦးရဲ့ လုံခြုံရေးကို စိုးရိမ်နေကြ

    ထိုင်း-မြန်မာ နှစ်ဖက်အစိုးရက ထုတ်ဖော်ပြောဆိုတာမရှိတဲ့ ထိုင်းငါးဖမ်းလှေပေါ်ပါ မြန်မာရေလုပ်သား ၂၇ ဦးရဲ့ လုံခြုံရေး စိုးရိမ်ရတယ်လို့ ရနောင်း မြန်မာရေလုပ်သားသမဂ္ဂ ဖြစ်မြောက်ရေး လှုပ်ရှားနေသူ ကိုရဲသူက ဘီဘီစီကို ပြောပါတယ်။

    နိုဝင်ဘာ ၂၉ ရက်က ကော့သောင်းမြို့နယ် မြန်မာရေပိုက်နက်ထဲကျော်လာတဲ့ ထိုင်းငါးဖမ်းလှေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး နောက် အဲဒီအမျိုးသားတွေလည်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။

    “ခေတ်အဆက်ဆက် ငါးခိုးဖမ်းတာ မိလို့ ထိုင်းအစိုးရက ညှိနှိုင်းရင် လှေနဲ့ ထိုင်းနိုင်ငံသားပဲ ရွေးပြီး မြန်မာ ရေလုပ်သားက ထောင်ကျခံရတယ်။ အခု နိုင်ငံရေး အခြေအနေနဲ့ဆို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာလည်း ခံရနိုင်တယ်” လို့ ကိုရဲသူက ပြောပါတယ်။

    လှေပေါ်ပါ ထိုင်းရေလုပ်သား ၄ ဦး လွှတ်ပေးရေး ထိုင်းအစိုးရက ပြောဆိုနေပေမဲ့ မြန်မာရေလုပ်သားနဲ့ ပတ်သတ်ပြီးပြောဆိုတာမရှိသလို ဒီလူတွေအရေးကို မြန်မာစစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    “အဖမ်းခံရတဲ့မြန်မာရေလုပ်သားက တရားဝင်ဆိုလည်း ထိုင်းမှာ CI(ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) လုပ်ပြီးလုပ်ကိုင်တာမို့ လုပ်ငန်းရှင်ရော ထိုင်းအစိုးရကပါ ထိုင်းထဲ ပြန်ခေါ်ပေးရမှာဖြစ်တယ်။ တရားမဝင်ဆိုရင်တော့ လှေမထွက်ခင် PIPO (ဆိပ်ကမ်း အဝင်၊ အထွက်)လို အဖွဲ့က မစစ်ဆေးဘူးလား ဆိုတာ ထိုင်းအစိုးရကို မေးခွန်းထုတ်စရာဖြစ်သွားပြီ” လို့ ကိုရဲသူက ပြောပါတယ်။

    လှေပေါ်ပါ မြန်မာရေလုပ်သားတွေအရေး ထိုင်းအစိုးရဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေတယ်လို့ ရေ လုပ်သားအရေးဆောင်ရွက်နေတဲ့အဖွဲ့ တချို့က ဆိုကြပါတယ်။

  9. တာချီလိတ်မှာ ထွေအုပ်နဲ့ စစ်သား အယောင်ဆောင်ပြီး ငွေညှစ်တယ်ဆိုတဲ့အမျိုးသား ၈ ဦး အဖမ်းခံရ

    ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးနဲ့ တပ်ဖွဲ့ဝင်တွေဟန်ဆောင်ပြီး နေအိမ်တွေကို ဧည့်စာရင်းစစ်တာ၊ ဖုန်းနဲ့ ငွေကြေး ခြောက်လှန့်တောင်းယူနေတဲ့ အမျိုးသား ၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    အသက် ၂၅ နှစ်ကနေ ၄၄ နှစ်အတွင်းရှိတဲ့ ဒီအမျိုးသား ၈ ဦးကို မော်‌တော်ယာဉ်တစ်စီး၊ သေနတ် ၂ လက်၊ စစ်တပ် ယူနီဖောင်းတချို့နဲ့အတူ နိုဝင်ဘာ ၃၀ ရက်၊ မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းခံရတဲ့အမျိုးသားတွေဟာ စစ်သားအယောင်ဆောင်ကာ တာချီလိတ်မြို့ပေါ်နေအိမ်တွေကနေ ဖုန်း ၂၄ လုံး နဲ့ ထိုင်းဘတ်ငွေ ၇၃,၀၀၀ အထိ တောင်းယူခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ငွေညှစ်ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူ တွေထဲက မဲကြီးဆိုသူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲလို့ ဆိုပါတယ်။

  10. ငါးဖမ်းလှေပစ်ခတ်ခံရမှုအတွင်း သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေဆီ ထိုင်းရေတပ်အရာရှိတွေ သွားရောက်တွေ့ဆုံ

    ထိုင်းရေတပ်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အပါအဝင် ရေတပ်အရာရှိတွေဟာ မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးချိန်ရေနစ်သေဆုံးခဲ့သူ ထိုင်းအမျိုးသားရဲ့ နာရေးကို ဒီဇင်ဘာ ၁ ရက် မနေ့က သွားရောက်ပြီး မိသားစုဝင်တွေကိုအားပေးခဲ့တယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်အရ သေဆုံးသူ ငါးဖမ်းသမားဟာ အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပါတယ်။

    သေဆုံးသူရဲ့နာရေးကို သွားခဲ့တဲ့ ထိုင်းရေတပ်အရာရှိတွေဟာ မြန်မာဘက်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်း နိုင်ငံသား လေးဦးရဲ့ မိသားစုဝင်တချို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။

    ထိုင်းရေတပ်အနေနဲ့ ပြည်သူတွေကို ပစ်ထားမှာမဟုတ်ဘူးဆိုတာနဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ နဲ့ အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

    နိုဝင်ဘာ ၂၉ ရက်က မြန်မာရေလုပ်သား ၂၇ ဦး နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၄ ဦး ပြန်လွှတ်ပေးရေး ထိုင်းအစိုးရ နဲ့ စစ်တပ်ဘက်က မြန်မာဘက်ကို ဖိအားပေးဆောင်ရွက်နေ တာဖြစ်ပါတယ်။

  11. ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတွေ ပစ်ခတ်ခံရမှု မြန်မာစစ်တပ်ဖြေရှင်းနိုင်မှာလား

    မြန်မာစစ်တပ်ရဲ့ ရေတပ်က ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဆက်နေတဲ့ ပင်လယ်ပြင်ရေပိုင်နက်အတွင်းမှာ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် က ငါးဖမ်းစက်လှေတွေကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းတွေ နိုဝင်ဘာ နောက်ဆုံးပတ်မှာ ဆက်တိုက်ထွက်ပေါ်လာပါတယ်။

    ကပ္ပလီပင်လယ်ပြင်အတွင်း ထိုင်းငါးဖမ်းစက်လှေ ၄ စီးကို မြန်မာရေတပ်က ပစ်ခတ်လို့ ထိုင်းနိုင်ငံသား ၁ ဦး ရေနစ်သေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ထိုင်းရေကြောင်းအာဏာပိုင်ကွပ်ကဲရေးရုံး(TMECC) က ထုတ်ပြောပါတယ်။ ဒါအပြင် ငါးဖမ်းစက်လှေတွေပေါ်ပါတဲ့ လှေလုပ်သား ၃၁ ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ဆိုပါတယ်။

    ဒီဖြစ်စဥ်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးဆစ်မေနဖန် နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆွေးနွေးခဲ့ပြီးနောက် မရှေးမနှောင်းမှာဖြစ်ပွားခဲ့တာပါ။

    တချိန်တည်းမှာပဲ နိုဝင်ဘာ ၂၇ ရက် က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပိုင်နက်ထဲကစိန့်မာတင်ကျွန်း (မြန်မာအခေါ် အုန်းကျွန်း) အနီးမှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁ စီး ကို မြန်မာရေတပ်က ပစ်ခတ်လို့ လူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က လည်း ပြောထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ မြန်မာရေတပ်ရဲ့ စစ်ရေယာဉ်တွေဟာ စိန့်မာတင်ကျွန်းနားမှာမရှိဘူးဆိုပြီး နိုဝင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ထိုင်းငါးဖမ်းစက်လှေတွေပစ်ခတ်ခံရမှုဖြစ်စဥ်ကိုတော့ ဒီဇင်ဘာ ၁ ရက် အထိ တစ်စုံတစ်ရာထုတ်ပြောတာမျိုး မရှိသေးပါဘူး။

    အပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. မြန်မာရေတပ်က ထိုင်းငါးဖမ်းလှေကို ပစ်ခတ်မှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ပြောဆို

    မြန်မာရေပိုင်နက်ထဲဝင်လာတယ်လို့ဆိုပြီး ထိုင်းငါးဖမ်းလှေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်အပေါ် ထိုင်းဝန် ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာက ဒီဇင်ဘာ ၁ ရက် မနေ့က မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ကန့်ကွက်ပြောဆိုခဲ့ပါ တယ်။

    “ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလိုအကြမ်းဖက်တာမျိုးကို မထောက်ခံဘူးလို့”လို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။

    ဒီဖြစ်စဉ်နဲ့ပတ်သတ်တဲ့အခြေအနေ အသေးစိတ်ကိုလည်း ထပ်မံစုံစမ်းစစ်ဆေးနေတယ်လို့ သူကဖြည့်ပြောပါတယ်။

    ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမား ၃၁ ယောက်ထဲက ထိုင်းနိုင်ငံသား ၄ ဦး အမြန်ဆုံးလွှတ်ပေးရေး ကိုလည်း ထိုင်းနိုင်ငံဘက်က လုပ်ဆောင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

    ပစ်ခတ်ခံရတဲ့ ထိုင်းငါးဖမ်းလှေတွေ မြန်မာ့ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့သလားဆိုတဲ့မေးခွန်းကိုတော့ “မသေချာဘူး”လို့ ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

    နိုဝင်ဘာ ၂၉ ရက်က ကော့သောင်းမြို့နယ်၊ သံကျွန်းအနီးမှာ မြန်မာရေတပ်က ပစ်ခတ်မှုအတွင်း ထိုင်းငါးဖမ်း သမားတစ်ဦး သေဆုံးပြီး လေးဦး ဖမ်းဆီးခံထားရတဲ့အခြေအနေကို နှစ်နိုင်ငံ ရေတပ်တွေ အချင်းချင်းစကားပြောဆိုနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောထားပါတယ်။

    ဖမ်းဆီးခံထိုင်းနိုင်ငံသားတွေ ပြန်လွတ်ရေး ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကနေတဆင့် လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်က လမ်းညွှန်ထားတယ်လို့လည်း ဆိုပါတယ်။

    ထိုင်း ကာကွယ်ရေးဝန်ကြီးကလည်း နယ်စပ်ယန္တရားကနေတဆင့် ကန့်ကွက်စာပို့ခဲ့သလို ထိုင်းနိုင်ငံတွေသားတွေကို အမြန်ဆုံး လွှတ်ပေးရေး တိုက်တွန်းပြောဆိုထားပါတယ်။

    ဘန်ကောက်မြန်မာသံရုံးက သံအမတ်ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့မှာ ငါးဖမ်းလှေကိစ္စအတွက် ခေါ်ယူတွေ့ဆုံဖို့လည်း ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။