ကပ္ပလီပင်လယ်ပြင်ထဲ ရိုဟင်ဂျာဒုက္ခသည် လှေနစ်မြုပ်မှုကြောင့်လူရာနဲ့ချီ ပျောက်ဆုံး- ကုလသမဂ္ဂ
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအပါအဝင် စုစုပေါင်း လူ ၂၅၀ ဝန်းကျင်ကို တင်ဆောင်လာတဲ့ လှေတစ်စီးဟာ ကပ္ပလီပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားပြီး လူတွေ ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) တို့က ဧပြီလ ၁၄ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်ပါတယ်။
အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ တင်ဆောင်ထားတဲ့ ဒီလှေဟာ လေပြင်း၊ လှိုင်းကြမ်းနဲ့ လူတွေပြွတ်သိပ်လိုက်ပါခဲ့တာတွေကြောင့် နစ်မြုပ်သွားတာလို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်းအချက်အလက်တွေအရ လှေဟာ ဘင်္ဂလားဒေ့ရှ် တက္ကနာဖ်ဒေသကနေ ထွက်ခွာခဲ့ပြီး မလေးရှားကို ဦးတည်သွားရောက်တာလို့ဆိုပါတယ်။
“ဒီလိုဖြစ်ရပ်ဟာ ရိုဟင်ဂျာတွေရဲ့ ရေရှည် ဒုက္ခပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူသားရေး အကျိုးဆက်တွေကို ပြသနေပါတယ်” လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ကာလရှည်ဖိနှိပ်ခံထားရတဲ့ ရိုဟင်ဂျာတွေထဲက လူပေါင်း ၇ သိန်းကျော်ဟာ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုကြောင့် နေရပ်ကနေ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။
နှစ်စဉ် ရိုဟင်ဂျာလူထောင်ချီဟာ ဖိနှိပ်မှုတွေနဲ့ ပြည်တွင်းစစ်အခြေအနေတွေကြောင့် အပါအဝင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက လူထူထပ်မှုနဲ့ စားဝတ်နေရေးအကျပ်အတည်းတွေကြောင့် အသက်အန္တရာယ်ရင်းပြီး ပင်လယ်ပြင်ကတဆင့် ဒေသတွင်းနိုင်ငံတွေကို ရွှေ့ပြောင်းနေကြတာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ကတော့ ဧပြီ ၉ ရက်မှာ နစ်မြုပ်သွားတဲ့ လှေကနေ လူ ၉ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပင်လယ်ထဲမှာ သစ်သားတုံးတွေကို ဖမ်းကိုင်ပြီး မျောနေသူတွေကို တွေ့ရှိပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
တူရကီ သတင်းအေဂျင်စီတစ်ခုရဲ့ အဆိုအရ ကယ်တင်နိုင်ခဲ့တဲ့ ၉ ဦးထဲက ၆ ဦးဟာ လူကုန်ကူးမှုနဲ့ ဆက်စပ်နေသူတွေ ဖြစ်နိုင်တယ်လို့ သံသယရှိပြီး လက်ရှိမှာ ဖမ်းဆီးထားပါတယ်။
အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်တဲ့ ရာဖီကူလ် အစ္စလမ်ကတော့ သူ့ကို မလေးရှားမှာ အလုပ်ရမယ်လို့ ပြောပြီး လူကုန်ကူးသူတွေက လှေထဲတက်ခိုင်းခဲ့တာလို့ ပြောပါတယ်။
“ကျွန်တော်တို့ထဲက အချို့ကို လှေထဲမှာ ပိတ်လှောင်ထားပါတယ်။ တချို့က အဲ့ဒီထဲမှာ သေဆုံးသွားပါတယ်။ လှေထဲက ဆီယိုပြီး မီးလောင်လို့ ကျွန်တော် မီးလောင်ဒဏ်လည်း ခံရပါတယ်” လို့လည်း သူက ထပ်ပြောပါတယ်။
လှေဟာ ၅ ရက်ခန့် ခရီးသွားလာပြီးနောက် နစ်မြုပ်သွားတာလို့ သူက ဆိုပါတယ်။ “ကျွန်တော်တို့ ပင်လယ်ထဲမှာ ၃၆ နာရီလောက် မျောနေခဲ့ပြီးမှ ကယ်ဆယ်ရေးနဲ့တွေ့ ရခဲ့တာပါ” လို့ သူက ပြောပါတယ်။
ပင်လယ်ခရီးအတွင်းမှာ လေဝင်လေထွက်မရှိတာနဲ့ လူထူထပ်မှုကြောင့် လူ ၂၅ ကနေ ၃၀ လောက် သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူရဲ့ အပြောကိုကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းတချို့မှာတော့ လှေပေါ် ပါဝင်သူများထဲက ၆၀ ရာခိုင်နှုန်းခန့်က အမျိုးသားများဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ ကလေးတွေလို့ ဖော်ပြထားပါတယ်။
အက်ဒမန်ပင်လယ်ဟာ မြန်မာ၊ ထိုင်းနဲ့ မလေးရှားကမ်းရိုးတန်းတွေတစ်လျှောက် တည်ရှိပါတယ်။ မလေးရှားနိုင်ငံဟာ မွတ်စလင်အများစု နေထိုင်တဲ့နိုင်ငံဖြစ်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းလည်း ရှိနေတဲ့အတွက် သွားရောက်ချင်ကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
မနှစ်ကလည်း မြန်မာကမ်းရိုးတန်းအနီးမှာ လှေနစ်မှု ၂ ကြိမ်ဖြစ်ပြီး ရိုဟင်ဂျာ ၄၂၇ ဦး ပင်လယ်ထဲမှာ သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂဘက်က ပြောခဲ့ပါတယ်။