ဧပြီလ ၂၄ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာရက္ခတပ်တော်အေအေထိန်းချုပ် မြို့နယ်အားလုံးအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေညာလိုက်တဲ့သတင်းအပါအဝင် ဧပြီ ၂၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဧပြီလ ၂၄ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်အနီး မိုင်းဆတ်မြို့နယ်ထဲက "ဝ" တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုပိုတိုးလာနေတယ်လို့ ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေကပြောပါတယ်။
"ဝ"တပ်ဖွဲ့ထိန်းချုပ်လည်ပတ်နေတဲ့ ဝမ်ဟုန်ရွာအနီးက ဒီ ဓာတ်အားပေးစက်ရုံကနေ ဘယ်နေရာတွေကို မီးပေးနေတာလဲ။စက်ရုံအနီးက ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်မှုရှိနေပြီလား။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တိုက်တွန်းတဲ့အထဲ အာဆီယံပါ ပါဝင်လာပါတယ်။
ဗြိတိန်နဲ့ ကုလသမဂ္ဂအပါအဝင် သံရုံးနဲ့ အဖွဲ့အစည်းတချို့က ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ ဆက်တိုက် တိုက်တွန်းခဲ့ကြပြီးတဲ့နောက် အာဆီယံကပါ ဒီကနေ့တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်ပါဝင်ခဲ့တဲ့ ဧပြီ ၁၇ ရက်လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုတဲ့အကြောင်း အာဆီယံက ဧပြီ ၂၄ ရက်မှာထုတ်ပြန်ပါတယ်။
ဦးဝင်းမြင့်ရဲ့လွတ်မြောက်မှုဟာ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား အားလုံးပါဝင်တဲ့စေ့စပ်ဆွေးနွေးမှုဆီ ဦးတည်စေမယ့် အပြုသဘောဆောင်တဲ့ ခြေလှမ်းအဖြစ် ရှုမြင်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌက ထုတ်ပြန်ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ အခြေအနေကို စိုးရိမ်နေကြတယ်ဆိုတဲ့သတင်းစကားကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ဧပြီ ၂၂ ရက် နေပြည်တော်ခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူ့အတွက် အကောင်းဘက်ကိုဖြစ်စေဖို့ ထောက်ဆစဥ်းစားနေတယ်လို့ ဦးမင်းအောင်လှိုင်ကပြန်ပြောတဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဧပြီ ၂၅ မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းလိမ့်မယ် လို့ သုံးသပ်မှုတွေရှိနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကတော့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းမာစွာရှိနေတဲ့အကြောင်းကို သက်သေပြဖို့ တောင်းဆိုထားပါတယ်။
“ကျွန်တော့်ကိုလည်း ဘာအဆက်အသွယ်မှလုပ်ခွင့်မပေးသလို သူအသက်ရှင်ရက်ရှိမရှိတောင် ဘယ်သူမှမသိကြပါဘူး” လို့ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက ဘီဘီစီနဲ့သီးသန့်မေးမြန်းခန်းမှာပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေကို အသိပေးဖို့ရည်ရွယ်တဲ့ ‘’Proof Of Life’’ ဆိုတဲ့လှုပ်ရှားမှုတစ်ခုကိုလည်း နိုင်ငံတကာကပါ ပါဝင်တောင်းဆိုမှုတွေ စလုပ်နေပြီလို့ All In One Piece Movement က ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ ကိုရင်ငယ်တစ်ပါး ရိုက်နှက်သူ ဆရာတော်ဦးတေဇ/လူနာမည် ဦးထွန်းလှိုင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၉၅-က နဲ့ မြိတ် မြို့နယ်တရားရုံးကနေ မနေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
“ဒီဖြစ်စဥ်က ၂၀၂၅ ဝါတွင်းကာလမှာဖြစ်ခဲ့တာ။ အွန်လိုင်းမှာပျံ့ပြီးနောက်တစ်ရက်ပဲ လူဝတ်လဲပြီး တရားစွဲခဲ့တယ်။ ဧပြီ ၂၃ မှာ ထောင်ဒဏ်ချလိုက်တယ်” လို့ တာဝန်ရှိသူက ဆိုပါတယ်။
ဆရာတော်ကို ဧပြီ ၂၂ ရက်မှာ ခံဝန်နဲ့ ပြန်လွှတ်လိုက်တယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ ထောင်ဒဏ်ချမှတ်လိုက်ပြီလို့ ရဲကအတည်ပြုပါတယ်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၉၅-က ဟာ ဘာသာသာသနာဆိုင်ရာပုဒ်မတစ်ခုဖြစ်ပြီး ၂ နှစ်အထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
လူငယ်အများစုလိုပဲ ဗင်းဆင့်ကျန်လည်း စားသောက်ချိန်တိုင်း ဖုန်းနဲ့ မကွာပါဘူး။ ဒါပေမဲ့ သူ အကြိုက်ဆုံး ဗီဒီယိုပို့စ်တွေကတော့ "အွန်လိုင်းမိဘတွေ"လို့ သူ ခေါ်တဲ့ အသက်လတ်ပိုင်း စုံတွဲတစ်တွဲရဲ့ ဗီဒီယိုတွေ ဖြစ်ပါတယ်။
ဗင်းဆင့်က ဒုံရင်း(တရုတ်နိုင်ငံရဲ့ TikTok )ပေါ်မှာ အများဆုံးကြည့်နေတဲ့ဆိုရှယ် အင်ဖလူရန်ဆာတွေကတော့ ပန်ဟုချန် နဲ့ ကျန် စီယူပင်းတို့ပါ။
သူတို့ရဲ့ဗီဒီယိုတွေဟာ အပြင်အဆင် မပြုပြင်ထားပေမဲ့ ချစ်ခင်နွေးထွေးတဲ့မိသားစုဘဝကို အဓိကထား ပြသထားပြီး၊ ကြည့်ရှုသူတွေကိုလည်း ကိုယ့်သားသမီးလိုပဲ ပြောဆို ဆက်ဆံလေ့ရှိပါတယ်။
ပန်ဟုချန် နဲ့ ကျန် စီယူပင်းတို့ရဲ့ ဗီဒီယို ၃ နှစ်မပြည့်ခင်ကာလအတွင်း သူတို့အကောင့်မှာ ဖော်လိုဝါ ၁.၈ သန်းကျော် ရရှိလာခဲ့ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် သံတွဲမြို့နယ်၊ ငပလီမြို့တဝိုက်ကို လေကြောင်းဗုံး ၁၀ ကြိမ်ထက်မနည်း ကြဲနေတယ်လို့ ငပလီအခြေစိုက်ကယ်ဆယ်ရေးသမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မွန်းလွဲ ၁ နာရီကစပြီး မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အထိ ဆက်တိုက် ကြဲနေတာလို့ ဘီဘီစီရဲ့ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
“အခုထိကြဲနေတုန်းပဲ။ လေယာဥ် လေးငါးခြောက်စီးနဲ့ကိုကြဲနေတာ။ အခုလည်းဗုံးခိုကျင်းထဲမှာ နေ နေရတယ်။ အခုလေးတင် တပြိုင်တည်း ၈ လုံးထပ်ကြဲသွားပြန်ပြီ” လို့ သူကပြောပါတယ်။
ငပလီမြို့ပေါ်မှာ Y-12 လေယာဥ် ၂ စင်းလည်း ဆက်ဝဲနေဆဲဖြစ်တယ်လို့ ငပလီမြို့ခံက ပြောပါတယ်။
ဧပြီ ၁၉ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို နာရီပိုင်းသာခြားပြီး လေကြောင်းဗုံး ၄ လုံးကြဲချတာကြောင့် သံဃာတော်တွေအပါအဝင် ၁၃ ဦး ထိခိုက်ခဲ့ပါတယ်။
ထိုင်းဘုရင်နဲ့ တော်ဝင်မျိုးနွယ်ကိုအကာကွယ်ပေးတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို ထောက်ခံလို့ ကျင့်ဝတ်ဆိုင်ရာပျက်ကွက်မှုနဲ့တိုင်ကြားခံထားရတဲ့ Move Forward ပါတီအမတ် ၄၄ ဦး အမှုကို တရားရုံးချုပ်က ဒီနေ့ လက်ခံလိုက်ပါတယ်။
Move forward ကနေ ပြည်သူ့ပါတီ အဖြစ်နာမည်ပြောင်းထားတဲ့ ပါတီရဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အမတ် ၁၀ ဦးကိုတော့ လုပ်ငန်းတာဝန်တွေ ဆက်လက်လုပ်ဆောင်ခွင့်ပြုထားပါတယ်။
ဒီအမှုကို အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားခဲ့တာပါ။
အမတ်တွေဟာ ကျင့်ဝတ်ဖောက်ဖျက်ကာ ဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးပြီး အဆိုတင်ခဲ့ကြတယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။
တရားရုံးချုပ်အနေနဲ့ ဒီစွပ်စွဲချက်ကို စစ်ဆေးကြားနာဖို့ လက်ခံခဲ့ပေမဲ့ တာဝန်ထမ်းဆောင်ဆဲအမတ် တွေကို တာဝန်ကရပ်ဖို့ကိုတော့ လက်မခံခဲ့ပါဘူး။
ဒီအမှုအတွက် ပထမဆုံးတရားရုံးချိန်းကိုတော့ ဇွန် ၃၀ ရက်နဲ့ သြဂုတ် ၄ ရက်တွေမှာ ချိန်းဆိုထားပါတယ်။
ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ တပ်အင်္ဂါစဥ်တချို့ အပြောင်းအလဲလုပ်ခဲ့ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေ၊လေ) ရာထူးဟာ တပ်ရဲ့ နံပါတ် ၃ နေရာကနေ ရွေ့သွားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူပြီး တစ်လမပြည့်ခင်မှာပဲ ညှိကွပ်အပါအဝင် တပ်တွင်းအင်္ဂါစဥ်အပြောင်းအလဲတချို့ ဖြစ်လာတာပါ။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်လုံးပါတဲ့ ပြည်ထောင်စုအင်္ဂါစဥ်ထဲမှာလည်း စစ်ဗိုလ်ချုပ်တွေရဲ့ အင်္ဂါစဥ်အပြောင်းအလဲတချို့ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။
ဒါပေမဲ့ ဒီအပြောင်းအလဲတွေဟာ တပ်ချုပ်အသစ်ရဲ့ အဏာတည်ဆောက်မှုမဟုတ်ဘဲ စစ်ခေါင်းဆောင်ဟောင်းဦးမင်းအောင်လှိုင်ရဲ့ ဇာတ်ညွှန်းအတိုင်းပဲဖြစ်နိုင်တယ်လို့ နေပြည်တော်က အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက သုံးသပ်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
ဇာတ်သဘင်ကနေ အွန်လိုင်းအထိ သီချင်းဆိုရင် ပိုင်ရှင်တွေရဲ့မူပိုင်ခွင့် ခွင့်ပြုချက်ရယူဖို့နဲ့ ပျက်ကွက်ရင် ဥပဒေအရ ငြိစွန်းတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) က ဧပြီ ၂၃ ရက်မှာ အသိပေးပါတယ်။
ပြင်ပမှာဖျော်ဖြေနေတဲ့ ဇာတ်သဘင်၊ ပြဇာတ်၊ စတိတ်ရှိုး၊ အွန်လိုင်းကဖြန့်ချိတဲ့ Cover song၊ ကြော်ငြာ သီချင်းတွေမှာပါ မူပိုင်ခွင့်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ယူဖို့ ပြောလာတာပါ။
ဒါအပြင် တေးသံရှင်တွေရဲ့ အသံကို AI အသုံးပြုပြီး ခွင့်ပြုချက်မဲ့ ပြောင်းလဲသုံးစွဲတာကိုလည်း လုံးဝလုပ်ခွင့်မရှိဘူးလို့ ဂီတအစည်းအရုံးကြေညာချက်မှာ ဖော်ပြပါတယ်။
DJ တွေအနေနဲ့ Remix တီးခတ်ဖန်တီးရင်လည်း သီချင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရယူဖို့ အသိပေးထားပါတယ်။
ဇာတ်သဘင်တွေမှာ အသုံးပြုမယ့်သီချင်းတွေကို မူပိုင်ခွင့်ပိုင်ရှင်က ခွင့်ပြုထားတာရှိမရှိကို သက်ဆိုင်ရာနယ်မြေအလိုက် ဂီတအစည်းအရုံးတွေက စိစစ်သွားမယ်လို့ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို)က ကြေညာပါတယ်။
အစ္စရေးနဲ့လက်ဘနွန်တို့ကြားအပစ်အခတ်ရပ်စဲမှုကို ရက်သတ္တပတ်သုံးပတ် သက်တမ်းတိုးတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
အိမ်ဖြူတော်မှာအစ္စရေးနဲ့ လက်ဘနွန်အစိုးရအရာရှိတွေ တွေ့ဆုံပြီးနောက် အခုလို သက်တမ်းတိုးဖို့ သဘောတူခဲ့တာဖြစ်တဲ့အကြောင်းထရမ့်က Truth Social လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
တွေ့ဆုံမှုဟာအတော်ကိုအဆင်ပြေခဲ့တယ်လို့ထရမ့်ကပြောပြီး ဒုတိယသမ္မတဂျေဒီဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုတို့လည်း အစည်းအဝေးတက်ရောက်ခဲ့ကြပါတယ်။
ဟစ်ဇ်ဘိုလာရန်ကနေကာကွယ်ပေးနိုင်ဖို့အတွက်အမေရိကန်ပြည်ထောင်စုဟာလက်ဘနွန်နဲ့လက်တွဲလုပ်ဆောင်သွားမယ်လို့ ထရမ့်က ရေးသားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာအစ္စရေးနဲ့ လက်ဘနွန်တို့ကြား ပိုမိုသက်တမ်းရှည်ကြာတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရေးအတွက်ကြားဝင်ဆောင်ရွက်ပေးနေတာဖြစ်လို့လက်ဘနွန်သမ္မတဂျိုးဆက်အွန်းနဲ့အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ လာ လာမဲ့အပတ်တွေမှာ အိမ်ဖြူတော်မှာ တွေ့ကြလိမ့်မယ်လို့ ထရမ့်က ဆက်ပြောပါတယ်။
“သူတို့တွေဟစ်ဇ်ဘိုလာနဲ့ပတ်သက်ပြီးလုပ်စရာတွေရှိနေတယ်၊ ပြေလည်သွားဖို့ လက်ဘနွန်နဲ့လက်တွဲဆောင်ရွက်နေပါတယ်၊ဒီကိစ္စဟာ အီရန်မှာ ကျွန်တော်တို့ လုပ်နေတာနဲ့ တစ်ပြိုင်တည်း အဆင်ပြေသွားရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်” လို့ ထရမ့်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ဘက်ခြမ်းက တိုင်ချန် ကွင်းဆက်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ က လိမ်လည်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးလမ်းကြောင်းကို ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ အမေရိကန်က ဆုကြေး ဒေါ်လာ ၁၀ သန်းထုတ်လာပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရိုကနေ ဧပြီ ၂၃ ရက်မှာ ဆုကြေးထုတ်လိုက်တာဖြစ်ပါတယ်။
တိုင်ချန်ငွေလိမ်ဂိုဏ်းဟာ ကရင်ပြည်နယ်ထဲက ကျောက်ခတ်ရွာတဝိုက်မှာ ၄ နေရာဖြန့်ခွဲတည်ရှိနေတာကို အမေရိကန်ဘက်က ဖော်ထုတ်ထားပါတယ်။
အရှေ့တောင်အာရှက နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန် နိုင်ငံသားတွေဟာ ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော်ဆုံးရှုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလိမ်လည်ခံရတဲ့ငွေကြေးတွေကို ခြေရာခံသိမ်းဆည်းပြီး နစ်နာသူတွေကို ပြန်လည်ပေးအပ်နိုင်ဖို့ အမေရိကန်က ဆုကြေးထုတ်လာတာပါ။
ခရစ်တိုငွေကြေးကို အဓိကသုံးလာတဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းတာက ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
FBI ကို TaiChangTIPS@fbi.gov အီးမေးလ်ကနေသတင်းပေးနိုင်သလို အမေရိကန်နိုင်ငံပြင်ပမှာ ရှိနေရင် အမေရိကန်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကိုလည်း သတင်းပေးနိုင်တယ်လို့ ကြေညာထားပါတယ်။
အမေရိကန်အနေနဲ့ ကျားဖြန့်ငွေကြေးလမ်းကြောင်းကို သတင်းပေးဖို့ ဆုကြေးထုတ်တာ အပြင် မင်းလက်ပံမှာ KNU/KNLA ဝင်စီးခဲ့တဲ့ Shunda ဝင်းက မန်နေဂျာ ၂ ဦးကိုလည်း အရေးယူထားပါတယ်။
Huang Xing Saan နဲ့ Jiang Wen Jie ဆိုတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို အမေရိကန်က ထိုင်းနိုင်ငံနဲ့ ပေါင်းပြီး ဖမ်းဆီးအရေးယူလိုက်တာပါ။
KNLA က မင်းလက်ပံကျားဖြန့်ဝင်းကို ဝင်စီးပြီးတဲ့နောက် မန်နေဂျာ ၂ ဦးဟာ ကမ္ဘောဒီးယားက နောက်ထပ်ကျားဖြန့်ဝင်းတစ်ခုကို ရွှေ့ပြောင်းခဲ့ပါတယ်။
၂၀၂၆ နှစ်စပိုင်းမှာ ထိုင်းကတဆင့် မြန်မာကိုပြန်လည်ဝင်ရောက်ဖို့ လုပ်ချိန် ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးလိုက်တာပါ။
ကမ္ဘောဒီးယားက ငွေလိမ်လုပ်ငန်းတစ်ခုအတွက် လူကုန်ကူးရာမှာ အသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်နဲ့ ခရစ်တိုငွေကြေးလိမ်လည်ဖို့ အသုံးပြုတဲ့ ဒိုမိန်း ၅၀၃ ခုကိုလည်း အမေရိကန်က ပိတ်သိမ်းနိုင်ခဲ့တယ်လို့ အမေရိကန် ကိုလံဘီယာခရိုင် ရှေ့နေရုံးက ထုတ်ပြန် ပါတယ်။
အရပ်ဘက်ပြောင်းအစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်က အာရက္ခတပ်တော် (အေအေ) ထိန်းချုပ် မြို့နယ်အားလုံးအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
စစ်ကော်မရှင်ကနေ အသွင်ပြောင်းခဲ့ပေမဲ့ အရေးပေါ်အခြေအနေကိုဆက်လက်ကြေညာထားရဆဲဖြစ်ပြီး ရက် ၉၀ သတ်မှတ်ထားပါတယ်။
ရှမ်းပြည်နယ်က ၁၅ မြို့နယ်နဲ့အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်ထဲက ၁၄ မြို့နယ်အထိပါဝင်ပါတယ်။
ကချင်ပြည်နယ်က ၅ မြို့နယ်၊ ကယားက ၃ မြို့နယ်၊ ကရင်က ၂ မြို့နယ်၊ ချင်းက ၇ မြို့နယ်၊ စစ်ကိုင်းက ၈ မြို့နယ်၊ မကွေးက ၅ မြို့နယ်၊ မန္တလေးတိုင်းက ၁ မြို့နယ်လည်းပါဝင်ပါတယ်။
အာရက္ခတပ်တော် (အေအေ) အပြင် ကချင်လွတ်လပ်ရေးတပ်(KIA)၊ မိုင်းလားတပ်(NDAA)၊ တအာင်းတပ်(TNLA) ၊ ကိုးကန့်တပ် (MNDAA) ၊ ချင်းကာကွယ်ရေးတပ်တွေနဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်)ရဲ့ ထိန်းချုပ်နယ်မြေတွေလည်း အရေးပေါ်အခြေအနေကြေညာတဲ့အထဲပါဝင်တာ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေကြေညာထားတဲ့မြို့နယ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီး မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို တပ်ချုပ်အသစ်ဆီ အပ်လိုက်တယ်လို့ မနေ့ညမှာ ထပ်မံ ကြေညာပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာလိုက်တာကြောင့် ဒီမြို့နယ်တွေက ပြစ်မှုအမျိုးအစား ၂၃ ခုကို စစ်ခုံရုံးကနေ အကျဥ်းနည်းနဲ့ စစ်ဆေးစီရင်မှာဖြစ်ပါတယ်။
ဒီထဲမှာ NLD အစိုးရခေါင်းဆောင်ပိုင်းတွေနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အစိုးရအကြည်ညိုပျက်အောင်ပြုလုပ်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ မတရားအသင်းအက်ဥပဒေပြစ်မှုတွေနဲ့ လက်နက်အက်ဥပဒေပြစ်မှုတွေပါဝင်တာပါ။
ဒါအပြင် သတင်းထောက်တွေကိုဖမ်းဆီးထောင်ချနိုင်တဲ့ သတင်းမီဒီယာဥပဒေပြစ်မှုနဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပြစ်မှုတွေလည်းပါဝင်ပါတယ်။
အရေးပေါ်အခြေအနေကြေညာပြီး တပ်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လွှဲအပ်နိုင်အောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၁၂(က)၊ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အပါအဝင် ဒီအခန်းက ပုဒ်မတွေကို NLD အစိုးရလက်ထက်မှာ ပယ်ဖျက်ဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်တာကြောင့် ပယ်ဖျက်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
မင်္ဂလာပါ။ ဧပြီ ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။