ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့သတိပေးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်မှုစာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. ချင်းတွင်းမြစ်ကြောင်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်တွေကို PDF ၁၈ ဖွဲ့ပေါင်းတိုက်ခိုက်

    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အလုံမင်းဒေါင်းဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ နီးပါးရှိ စစ်သင်္ဘောတွေကို ပြည်သူကာကွယ်ရေးအဖွဲ့ ၁၈ ဖွဲ့က ဇူလိုင် ၁၉ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီစစ်ကောင်စီရေကြောင်းဟာ ရိက္ခာတွေသယ်ဆောင်လာတာဖြစ်ပြီး ကနီမြို့နယ်ကို ဦးတည်သွားနေတာကြောင့် ကနီမြို့နယ် နဲ့ ချိုင်ကျေးရွာကြားမှာ တိုက်ခိုက်တာလို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    “ အမြောက်တွေ၊ ဆုံလည်တွေပါတဲ့ စစ်သင်္ဘောကြီးတစ်စီးပါတယ်၊ စစ်သင်္ဘောအသေး ၂ စီး၊ ဖလက်တွေပါ အပါ အားလုံး ၁၁ စီးတက်လာတာ၊ ကျွန်တော်တို့ပစ်လိုက်တဲ့ ဗုံးသီးက စစ်သင်္ဘောထဲကျသွားတယ် ၊ ဘယ်လောက်သေလဲတော့ မသိဘူး" လို့ အဲဒီတပ်ဖွဲ့ဝင်က ပြောပါတယ်။

    စစ်ရေယာဉ်တွေဘက်ကလည်း ပြန်ပစ်တာကြောင့် အပြန်လှန်တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီလောက် ကြာခဲ့တယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်ခံရတဲ့ စစ်ရေယာဉ်တွေဟာ ကနီမြို့ကိုရောက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဆေးရုံတက်နေရတယ်လို့ သတင်းရတယ်လို့လည်း ဆက်ပြောပါတယ်။

    စစ်ရေယာဉ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ကနီမြို့က ရှမ်းမြောင်းရွာနဲ့ တဆည်ချောင်ရွာကို ဒရုန်းသုံးပြီး လက်နက်ကြီးတချို့ ပစ်ချတိုက်ခိုက်တာတွေရှိနေပေမဲ့ ထိခိုက်မှုအခြေအနေတွေကို မသိရသေးဘူးလို့လည်း ပြောပါတယ်။

  3. ရသေ့တောင်မြို့ပေါ်မှာ စစ်ကြောင်းသွားလာနေလို့ မြို့ခံတွေစိုးရိမ်နေကြ

    ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ ဇူလိုင် ၁၈ ရက် မနေ့ကစလို့ စစ်ကောင်စီရဲ့စစ်ကြောင်းတွေ သွားလာလှုပ်ရှားနေလို့ မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    အဲဒီစစ်ကြောင်းတွေဟာ မနေ့ကတော့ ရသေ့တောင်မြို့ပေါ်နဲ့ အနီးဆုံးမှာတည်ရှိတဲ့ ပြားချောင်းကြီးကျေးရွာဘက်ကို ရောက်ရှိလာခဲ့ပြီး မေးမြန်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အတွက် တစ်ရွာလုံးထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

    ဇူလိုင် ၁၉ မှာလည်း မနက်ပိုင်းကတည်းက မြို့ပေါ်ရပ်ကွက်အတွင်းမှာရှိတဲ့ သဇင်မြိုင်ဘုန်းတော်ကြီးကျောင်းအနီးမှာ တစ်နေကုန်ကင်းပုန်းဝပ်နေခဲ့ပြီးနောက် ညနေပိုင်း လေးနာရီလောက်မှာတော့ ပြည်လုံးချမ်းသားဘုန်းတော်ကြီးကျောင်းမှာ စခန်းချထားတယ်လို့ သိရပါတယ်။

    အဲဒီဘုန်းတော်ကြီးကျောင်းမှာရှိနေတဲ့ ဒုက္ခသည်တွေနဲ့ ဥပုသ်စောင့်နေသူတွေကိုလည်း ကျောင်းမှာဆက်မနေဖို့ နှင်ထုတ်လိုက်တယ်လို့သိရတဲ့အကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

    ရသေ့တောင်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေလည်းမရှိသလို နှစ်ဘက်တပ်တွေအကြား ဖမ်းဆီးမှုတွေလည်းမရှိဘဲ တည်ငြိမ်နေတဲ့အခြေအနေရှိနေတဲ့အချိန် အခုလိုစစ်ကြောင်းတွေက မြို့တွင်းဝင်ရောက်လာပြီး လှုပ်ရှားနေတာကြောင့် ဖမ်းဆီးခံရမှာကိုစိုးရိမ်မှုတွေရှိနေကြတယ်လို့ ပြောပါတယ်။

  4. ပြင်ပပေါက်စျေး တစ်ဒေါ်လာ ကျပ် ၂၄၅၀ ၀န်းကျင်နဲ့ စံချိန်တင် ဆက်တက်နေ, ဗဟိုဘဏ်ရည်ညွှန်းစျေးထက် ကျပ် ၆၀၀ နီးပါးအထိ မြင့်တက်နေလို့ စံချိန်တင်ကွာဟ

    ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ ပြင်ပစျေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာအရောင်းအဝယ်စျေးနှုန်းဟာ စစ်ကောင်စီလက်အောက် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ရည်ညွှန်းစျေးထက် ကျပ် ၆၀၀ နီးပါး စံချိန်တင်ကွာဟလာပါတယ်။

    ဘဏ်တွေအတွက် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ၁၈၅၀ သာရှိပေမဲ့ ပြင်ပ အရောင်းအဝယ်စျေးကွက်မှာတော့ တစ်ဒေါ်လာကို ၂၄၅၀ ကျပ်ဝန်းကျင်အထိ စျေးပေါက်နေပါတယ်။

    ငွေစာရင်းတွေထဲက ဒေါ်လာငွေတွေကို မြန်မာငွေနဲ့လဲလှယ်တာကို ဇူလိုင်လ ၁၈ ရက်နေ့ နောက်ဆုံးထားလုပ်ဆောင်ဖို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက်ပိုင်း ပြင်ပ ဒေါ်လာပေါက်စျေးဟာ တစ်ဒေါ်လာကို ငွေကျပ် ၂၄၀၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။

    တစ်ဖက်မှာလည်း ပြည်တွင်းဘဏ်တွေအတွက် တစ်ဒေါ်လာ ငွေလှဲလှယ်နှုန်းကို ၁၈၅၀ ကျပ်လို့ ပြီးခဲ့တဲ့ဧပြီလကတည်းက ဗဟိုဘဏ်က သတ်မှတ်ထားပေမဲ့ ဘဏ်တွေမှာတော့ အဲဒီစျေးကြောင့် အရောင်းအဝယ်မရှိသလောက်ဖြစ်နေခဲ့တာပါ။

    တစ်ချိန်တည်းမှာပဲ မြန်မာ့ရွှေစျေးနှုန်းကလည်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၂၀ ခြောက်သောင်းစျေးနဲ့ သီတင်းပတ်ချီစျေးနှုန်းငြိမ်သက်ခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်းမှာပဲ စျေးတွေ မြင့်တက်လာပြီး ဒီနေ့ ဇူလိုင် ၂၀ ရက်နေ့မှာတော့ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ၂၁ သိန်းခွဲကျော်အထိ ရောက်လာပါတယ်။

    ရွှေအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးဟာ လက်ရှိအချိန်ထိ အခေါက်ရွှေ တစ်ကျပ်သားကို သိန်း ၂၀ ခြောက်သောင်းအထိသာရှိပေမဲ့ ဒါဟာ စျေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်စျေးထက် တစ်သိန်းနီးပါး အထိ ကွာဟနေတာဖြစ်ပါတယ်။

    အာဏာသိမ်းပြီးကတည်းက ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ ရွှေစျေးနှုန်းတွေက တစ်စတစ်စ မြင့်တက်ခဲ့ပြီး အခု အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ ရွှေနဲ့ ဒေါ်လာစျေးနှုန်းတွေဟာ အခုလို စံချိန်တင် မြင့်တက်နေတာဖြစ်ပါတယ်။

  5. မြန်မာမှာ တတိယလူသုံးအများဆုံး အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းကနေ ထွက်ခွါဖို့ ပြင်နေ

    မြန်မာပြည်တွင်းမှာ တတိယလူသုံးအများဆုံး ဆက်သွယ်ရေးလုပ်ငန်း အူရီဒူးမြန်မာဟာ သူ့ရဲ့လုပ်ငန်းကို ရောင်းချပြီး မြန်မာပြည်တွင်းကနေ လုပ်ငန်းလည်ပတ်မှု ထွက်ခွါဖို့ ပြင်ဆင်နေပြီလို့ ရိုက်တာသတင်းဌာန ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ သတင်းဖော်ပြပါလာတယ်။

    သုံးစွဲသူ ၁၅ သန်းနီးပါးရှိတဲ့ အူရီဒူးကုမ္ပဏီဟာ မြန်မာပြည်တွင်းကနေ ထွက်ခွါမယ့်အကြောင်းကို မြန်မာဆက်သွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဒီအကြောင်းသိတဲ့သတင်းရင်းမြစ် ၂ ခုက ပြောဆိုထားတယ်လို့လည်း သတင်းက ဆိုပါတယ်။

    လက်ရှိမှာ အူရီဒူးမြန်မာကုမ္ပဏီကို မြန်မာ့စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ ယန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု၊ စင်ကာပူအခြေစိုက် ကွန်ရက်လုပ်ငန်း ကမ်ပါနာလုပ်ငန်းစုနဲ့ စကိုင်းနက်လုပ်ငန်းတို့က ဝယ်ယူနိုင်ချေရှိနေတယ်လို့လည်း ဆိုပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး ကုမ္ပဏီဝယ်ယူရောင်းချမှုမှာပါဝင်နေတယ်လို့ သတင်းထွက်တဲ့လုပ်ငန်းတွေဆီ အတည်ပြုဖို့ ရိုက်တာ ဆက်သွယ်ပေမဲ့ ဘယ်လုပ်ငန်းကမှ မှတ်ချက်တစ်စုံတရာ မပေးထားသေးဘူးလို့လည်း ဆိုပါတယ်။

    ဒါ့ကြောင့် လုပ်ငန်းကို ဘယ်လောက်ပမာဏနဲ့ရောင်းချမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    အူရီဒူးမြန်မာကုမ္ပဏီသာ မြန်မာပြည်တွင်းကနေ ထွက်ခွါခဲ့မယ်ဆိုရင် ဒါဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုအလွန် မြန်မာ့စီးပွားရေးအခင်းအကျင်း အထူးသဖြင့် ဆက်သွယ်ရေးလုပ်ငန်းမှာ နိုင်ငံတကာကုမ္ပဏီကြီးနောက်ထပ်တစ်ခု ပြည်တွင်းကနေ ထွက်ခွါမှု လည်းဖြစ်လာမှာဖြစ်ပါတယ်။

  6. ကန့်ဘလူမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ၁၇ ဦး အသတ်ခံရပြီး ကျီစုရွာက မွတ်ဆလင်ဘာသာဝင်အိမ် ၄၀၀ နီးပါ မီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ကျီစုရွာကို ဇူလိုင် ၁၈ ရက် မနက်ပိုင်းက ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်ခတ်တာ၊ ကုန်းကြောင်းကနေ ပစ်ခတ်တာတွေရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ၃ ယောက် အသတ်ခံထားရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

    ကန့်ဘလူမြို့ဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲ ဝင်ခဲ့တာဖြစ်ပြီး သာဝတ္တိရွာက ၃ ယောက်နဲ့ ရှားတောရွာက ၃ ယောက်လည်း အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ကျီစုရွာကို ဇူလိုင် ၁၈ ရက်မှာ ဝင်စီးပြီးနောက် ကျေးရွာသားဒေသခံ ၁၅၀ လောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း၊ ပြီးနောက် မွတ်ဆလင်ဘာသာဝင်တွေရဲ့ နေအိမ် အလုံး ၃၀၀ လောက်ကို မီးရှို့ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့တဲ့အကြောင်း၊ နောက်နေ့ ဇူလိုင် ၁၉ ရက်မှာ ဖမ်းထားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးပြီး နောက်ထပ် နေအိမ် ၁၀၀ လောက်ကို မီးထပ်ရှို့ပြီးနောက် ကျီစုရွာကနေ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားချိန်မှာ ကျေးရွာထဲကို ဝင်ကြည့်တဲ့အခါ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံထားရတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့က လူငယ် ၄ ယောက်အလောင်းနဲ့ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ နောက်ထပ်ကျေးရွာဒေသခံ ၃ ယောက်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ကျီစုရွာဒေသခံတစ်ယောက်က ပြောပါတယ်။

    အဲ့ဒါအပြင် ပျောက်ဆုံးနေပြီး သတင်းအစနမရတဲ့ ရွာသား ၁၀ ယောက်လောက်ရှိနေပါတယ်။

    “ ရွာထဲကို ဝင်တော့ အပူရှိန်တွေနဲ့ပူနေတာ၊ ကျွန်တော်တို့ မီးရှို့ခံရတဲ့အိမ်တွေဆို တလင်းကို ဖြစ်နေရောဗျာ။ ဗလီဂိုထောင်လည်းမီးရှို့သွားတယ်။ ဗလီတွေထဲလည်း ပစ္စည်းတွေမွှေနောက်ပြီး ပစ်ခတ်သွားတာ ရစရာမရှိဘူး။ ဘာသာရေးကျောင်းတစ်ခုကိုလည်း မီးရှို့သွားတယ်။ ဘုန်းကြီးကျောင်းတွေကိုလည်း မွှေနှောက်သွားတယ်။ တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးပါဘူးဗျာ။ သူတို့မလာရင် ဒရုန်းဝဲပြီး ဗလီခေါင်မိုးပေါ်မှာ ဒရုန်းကနားနေတာ။ သိပ်မကြာဘူး ရဟတ်ယာဉ်ရောက်လာပြီး ပစ်တော့တာပဲ။ “

    ကျီစုရွာဟာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်ဘာသာဝင်တွေ အတူယှဉ်တွဲနေထိုင်တဲ့ အိမ်ခြေ တစ်ထောင်ကျော်ရှိ ကျေးရွာကြီးတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    ဒေသအခြေအနေအရ ကျီစုကျေးရွာနားမှာ ခိုလှုံစရာတောတွေမရှိတာကြောင့် လက်ရှိအချိန်မှာ မီးရှို့ခံထားရတဲ့ ပြည်သူတွေဟာ ချိုင့်ဝှမ်းတွေမှာ ပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။

    အဲဒီကျေးရွာအနားမှာ မိုင်းဆွဲတိုက်ခိုက်တာ၊ တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတယ်ဆိုတဲ့ သံသယနဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

    အခုကျီစုရွာဖြစ်စဥ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီက ထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  7. စစ်တပ်ထိန်းချုပ်တဲ့ မြန်မာ့အသံလိုင်း Vimeo မှာ အပိတ်ခံရ

    မြန်မာစစ်ကောင်စီလက်အောက်က မြန်မာ့အသံနဲ့ရုပ်မြင်သံကြား (MRTV)ကို အွန်လိုင်းဗီဒီယိုတွေ မျှဝေနိုင်တဲ့ ဗီမီယို(Vieo)က ဖယ်ရှားပိတ်ပင်လိုက်ပြီဆိုပြီး စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေးအဖွဲ့ JFM က ပြီးခဲ့တဲ့နာရီပိုင်းကပဲ ပြောလာပါတယ်။

    မြန်မာ့အသံရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ဗီမီယိုပလက်ဖောင်းပေါ်ကနေ ဖယ်ရှားလိုက်ပြီဆိုပြီး JFM သူတို့ရဲ့လူမှုကွန်ရက်ကနေ ထုတ်ပြောလာတာပါ။

    ဗီမီယိုဟာ သူ့ပလက်ဖောင်းပေါ်က မြန်မာ့အသံရုပ်သံတွေကို အသုံးပြုမှုစံနှုန်းကို ချိုးဖောက်မှုရှိ၊ မရှိ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက စိစစ်နေခဲ့တယ်လို့ အဲဒီတုန်းက ရိုက်တာသတင်းဌာနက သတင်းဖော်ပြထားဖူးပါတယ်။

    အဲဒီတုန်းကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဗီဒီယိုပေါင်း ၁၀၀ ကျော်အထိ ဗီမီယို ပလက်ဖောင်းပေါ်က မြန်မာ့အသံအကောင့်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

    အခုတော့ ပြန်သုံးသပ်မှု တစ်နှစ်ကျော်အကြာမှာ မြန်မာ့အသံတိုက်ရိုက်ထုတ်လွှင့်ချက်တွေကို ပိတ်လိုက်တဲ့အကြောင်း ဗီမီယိုဘက်က ကြေညာလာတာဖြစ်ပါတယ်။

    ဖေ့ဘွတ်ခ်နဲ့ ယူကျူတို့ဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်က မြန်မာ့အသံကို သူတို့ရဲ့ ပလက်ဖောင်းပေါ်ကနေ ပိတ်ပင်ခဲ့တာ အာဏာသိမ်းအစောပိုင်းကာလ ၂၀၂၁ ခုနှစ်၊ မတ်လ အစောပိုင်းကတည်းက ဖြစ်ပါတယ်။

    အခုတော့ စစ်တပ်ပိုင် မြဝတီအပါအဝင် မြန်မာ့အသံရုပ်သံလိုင်းနဲ့ တခြား စစ်ကောင်စီထိန်းချုပ်မှုအောက်က သတင်းထုတ်ပြန်ရေးဌာနတွေဟာ တယ်လီဂရမ်မှာ သတင်းထုတ်ပြန်တာ၊ ရုပ်သံတွေတင်တာတွေ ဆက်လုပ်နေပါတယ်။

  8. မောင်‌တောမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သားသုံးဦးဖမ်းဆီးခံရ

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ နောက်ထပ်ရွာသားနှစ်ဦးတို့ကို ဇူလိုင်လ ၂၀ ရက်၊ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုတွေက ပြောပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်၊ ဈေးဆိုင်ပိုင်ရှင် ဦးထွန်းချေနဲ့ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးထွန်းအေးကြိုင်တို့ဖြစ်ကြပြီး သူတို့သုံးယောက်ကို ဒီနေ့မနက် ၄ နာရီလောက်မှာ တပြိုင်နက်တည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဦးထွန်းချေရဲ့သမီးဖြစ်သူ မမြတ်စုဝေက ပြောပါတယ်။

    အင်အား နှစ်ဆယ်လောက်ပါဝင်တဲ့ စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က စစ်ဆေးစရာတွေရှိတယ်ဆိုပြီး နေအိမ်ကနေလာရောက် ခေါ်ဆောင်သွားခဲ့တာလို့ ပြောပါတယ်။

    လတ်တလောမှာတော့ သူတို့ကိုဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာ မိသားစုတွေက အတိကျမသိရသေးပေမဲ့ အမှတ် - ၇ နယ်ခြားစောင့်တပ် ထဲကိုရောက်ရှိနေတယ်လို့ သတင်းကြားရတယ်လို့ မမြတ်စုဝေက ပြောပါတယ်။

    ဒါ့အပြင် ဘုရားဖူးပြီးပြန်လာတဲ့ ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေကိုလည်း ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းက အေအေအဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်လို့ သိရပါတယ်။

    အဲ့ဒီအုပ်ချုပ်ရေးမှူးဖမ်းဆီးခံလိုက်ရပြီး နှစ်ရက်အကြာ ဇူလိုင် ၁၉ ရက်နေ့မှာတော့ ပုဏ္ဏားကျွန်းမြို့ခံနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ဟာ မောင်တောမြို့နယ်မြောက်ပိုင်း၊ဆောင်ပညာရွာနဲ့ စံကားပင်ရင်း(ရခိုင်ရွာ)ကြားမှာတစ်ကြိမ်၊ ဒုံးကုလားရွာနဲ့ ဝက်ကျိန်းကျေးရွာကြားမှာတစ်ကြိမ် တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြပါတယ်။

    အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးမှုတွရှိခဲ့သလို နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးတို့ကို အေအေက လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

    လက်ရှိမှာတော့ မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေသွားလာလှုပ်ရှားမှုတွေရှိနေသလို မနေ့ကညနေပိုင်းမှာလည်း ကြိမ်ချောင်းကျေးရွာထဲမှာ စစ်ကောင်စီစစ်ကြောင်းတွေရောက်ရှိနေတာကို တွေ့လိုက်ရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

    ရခိုင်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား စစ်ရေးတင်းမာမှုတွေမြင့်တက်လာနေပြီး မောင်တောတိုက်ပွဲဖြစ်စဉ်နောက်ပိုင်းမှာ စစ်ပွဲတွေအချိန်မရွေး နေရာမရွေးဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိရှိ သွားလာကြဖို့ကိုလည်း ရခိုင့်တပ်တော်က မနေ့ကညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    စစ်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်ကြောင်း အေအေဘက်က ထုတ်ပြန်တာနဲ့တပြိုင်နက် အခြေအနေတွေတည်ငြိမ်နေတဲ့ ရသေ့တောင်မြို့ပေါ်မှာ စစ်ကောင်စီက ကင်းပုန်းဝပ်တာတွေ၊ စစ်ကြောင်းထိုးသွားလာတာတွေရှိနေသလို စစ်ဘေးရှောင်ဒုက္ခသည်စခန်းတည်ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ စခန်းချနေထိုင်တာတွေကိုလည်း ပြုလုပ်လာနေတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

  9. ချင်းပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါပိုးတွေ့သူများနေ, ဆေးဝါးရရှိဖို့လည်း ခက်ခဲနေကြ

    စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေကြောင့် တောထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားပိုးတွေ့ရှိတာတွေ များနေတယ်လို့ စစ်ဘေး‌ရှောင်တွေကို ကူညီပေးနေတဲ့ Chin Health Orginazation ကနေ သိရပါတယ်။

    ချင်းပြည်နယ်ထဲက လက်လှမ်းမီတဲ့ မြို့နယ် ၅ ခုက စစ်ဘေးရှောင်တွေကို သွေးဖောက်စစ်ဆေးတဲ့အခါ စစ်ဆေးသူပေါင်း ၂၅၀ လောက်က တစ်ဝက်လောက်မှာ ငှက်ဖျားပိုးကို တွေ့ရတယ်လို့ CHO အဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    “ မြို့နယ်တွေကို အတိကျမပြောတာက ပြောလိုက်ရင် ဆေးပို့ရခက်မှာစိုးလို့ပါ။ အခုစစ်ဆေးတဲ့နေရာတွေမှာ တွေ့ရတဲ့အချက်က ငှက်ဖျားသံသယဖြစ်ပြီး လက်ထိပ်သွေးဖောက်စစ်ဆေးလိုက်တာနဲ့ စစ်ဆေးသူရဲ့ တစ်ဝက်က ပိုးတွေ့နေတာမျိုးပါ။ ဒါတောင် ငှက်ဖျားရောဂါအများဆုံးဖြစ်ပြီး ငှက်ဖျားကြောင့် အသေအပျောက်များတဲ့ ပလက်ဝမြို့နယ် မပါသေးဘူး။ တချို့မြို့နယ်တွေမှာလည်း ငှက်ဖျားရောဂါလက္ခဏာတွေ့ရပေမဲ့ စစ်ဆေးမယ့် Test Kit မရှိလို့ မစစ်နိုင်ဘူး“ လို့ ပြောပါတယ်။

    မိုးရာသီမှာ နောက်ထပ်အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါကတော့ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

    ငှက်ဖျားရောဂါအပါအဝင် တခြားလိုအပ်တဲ့ ဆေးတွေကို သယ်တဲ့အခါမှာလည်း စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေရဲ့ ထောက်ခံချက်မပါရင် ဘယ်ဆေးမှသယ်ခွင့်မရှိဘဲ အသိမ်းခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

    ဆေးပုံမှန်ရရှိတဲ့ အချိန်ကာလမျိုးမှာတောင် ချင်းပြည်နယ်ဟာ ငှက်ဖျားပိုးဖြစ်ပွားမှုများတဲ့ ဒေသဖြစ်တာကြောင့် အရင်နှစ်တွေမှာ အယောက် ရှစ်ထောင်ကနေ တစ်သောင်းဝန်းကျင်အထိ ရှိနေတာကနေ အခုချိန်မှာဆိုရင် သုံးလတာကာလအတွင်းတွေ့ရတဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က တစ်နှစ်လုံးတွေ့ရတဲ့အရေအတွက်ထက် ပိုများနေတယ်လို့လည်း ပြောပါတယ်။

    “ လူငယ်အမျိုးသားတစ်ယောက် ငှက်ဖျားပိုးဝင်တဲ့လက္ခဏာနဲ့ဆုံးတယ်။ အခုချိန်က ဆေးဝါးပြတ်လပ်တာရယ်၊ စစ်ဘေးကြောင့် တောထဲတောင်ထဲ ရွှေ့ပြောင်းနေကြရပြီး ခြင်ထောင်တွေမလုံလောက်တဲ့ ပြဿနာတွေကြောင့် ပိုစိုးရိမ်စရာအနေထားဖြစ်လာတာပါ။“လို့ CHO တာဝန်ရှိသူက ထပ်ပြောပါတယ်။

    ဆေးစိမ်ခြင်ထောင်တွေကို နောက်ဆုံးရခဲ့တာက ၂၀၁၉ ခုနှစ်လို့ ဆိုပါတယ်။

    ဒါတွေဟာ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးရှုပ်ထွေးမှု၊ ကိုဗစ်ကပ်ဘေးကာလအတွင်းမှာ ဆေးစိမ်ခြင်ထောင်တွေ လုံလောက်အောင် မဖြန့်ဖြူးနိုင်တာတွေ၊ ဆေးဝါးဝယ်ယူ၊ ဖြန့်ဖြူးဖို့ ခက်ခဲတာတွေကြောင့် ငှက်ဖျားဆေးအပါဝင် အခြေခံဆေးဝါးပြတ်လပ်နေတယ်လို့လည်း ပြောပါတယ်။

  10. မြန်မာကလေးငယ်တွေနဲ့ ပြည်သူတွေကိုကာကွယ်ရေး ချက်ချင်းဆောင်ရွက်ပေးဖို့ လုံခြုံရေးကောင်စီကို ဦးကျော်မိုးထွန်း တိုက်တွန်း

    မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကနေ ကလေးငယ်တွေနဲ့ ပြည်သူတွေကို ကာကွယ်ပေးရေး ချက်ချင်းအရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

    ကလေးငယ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခခေါင်းစဥ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့ ဇူလိုင်လ ၁၉ ရက်တုန်းကကျင်းပတဲ့ အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကလေးငယ်တွေအပေါ် ဆိုးရွားတဲ့အကြမ်းဖက်လုပ်ရပ်တွေ အဓိက ကျူးလွန်နေတာ၊ အာဏာသိမ်းဖြစ်စဥ်နဲ့အတူ မြန်မာကလေးငယ်တွေကို အကြမ်းဖက်လုပ်ရပ်တွေကနေ တားဆီးပေးနိုင်တဲ့ ဥပဒေအကာအကွယ် မရှိတော့တာ၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ အခုနှစ်အစီရင်ခံစာအရ မြန်မာကလေးငယ်တွေအပေါ် စစ်တပ်က ကျူးလွန်နေတာ၊ ကလေးငယ်တွေကို စစ်တပ်က အဓမ္မထိန်းသိမ်းဖမ်းဆီးတာ၊ မိဘတွေ လာအဖမ်းခံအောင် ကလေးငယ်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့အခြေအနေတွေကို သံအမတ်ကြီးက လုံခြုံရေးကောင်စီကို တင်ပြပါတယ်။

    ဒါ့အပြင် လုံခြုံရေးအတွက် မိဘတွေနဲ့အတူ အိမ်နီးချင်းနိုင်ငံတွေကို စစ်ရှောင်ခဲ့ကြရတဲ့ကလေးငယ်တွေဟာ အခုအခါ လူကုန်ကူးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီကနေ ကာကွယ်စောင့်ရှောက်မှုပေးဖို့ တောင်းဆိုထားတဲ့အခြေအနေကိုလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

    နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာကလေးတွေအတွက် အကြမ်းဖက်လုပ်ရပ်တွေကနေ ကာကွယ်တားဆီးဖို့ ထိရောက်တဲ့အရေးယူဆောင်ရွက်ချက်ကို အကောင်အထည်မဖော်နိုင်ဘူးဆိုရင် စစ်အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ ကလေးငယ်မျိုးဆက်သစ်တစ်ခု ဆုံးရှုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ချေရှိနေတယ်လို့လည်း သူက လုံခြုံရေးကောင်စီမှာ ပြောပါတယ်။

    ဒါ့ကြောင့် လုံခြုံရေးကောင်စီအနေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတွေမှာဖော်ပြတဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ စစ်တပ်ရဲ့ လုပ်ရပ်တွေကနေ မြန်မာကလေးငယ်တွေကို ကာကွယ်စောင့်ရှောင်ရေး ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ သူက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

  11. ရေတာရှည်မြို့နယ် အမြန်လမ်းက ရဲကင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

    ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမြန်လမ်း ၁၅၈ မိုင်က စမိုးရဲကင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို တောင်ငူခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ခွဲတစ်ခုက မနေ့က ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ည ၈ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    စမိုးဂိတ်ကို အီနာကာ ၄၀ မမ ရှေ့ထွက်မိုင်း တာဝေးပစ်ပြောင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    “ ကျွန်တော်တို့ သွားပစ်ပြီးတဲ့နောက်မှာ သူတို့ဘက်ကလည်း ရမ်းပစ်တာတွေရှိတယ်။ စစ်ကောင်စီဘက်က ၆ ယောက်လောက်သေဖို့များတယ်။ ဘာလို့ဆို ကျွန်တော်တို့ သွားတိုက်ပြီးတဲ့နောက် အမြန်လမ်းက မီးတိုင်တွေပိတ်ပြီး အရေးပေါ်ကားတွေသွားကြတာရှိတယ်။ ဒီနေ့မနက်တော့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ဂိတ်ကို ဖြတ်ခွင့်မပေးဘူးလို့ကြားတယ်"လို့ အဲဒီပစ်ခတ်မှုမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ‌‌သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့နေရာကို အရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနား မနေဘဲ ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

  12. ကယားမှာ စစ်တပ်က မြေမြှုပ်မိုင်းသုံးတာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ AI အဖွဲ့ပြော

    စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒေသပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ အများအပြားအသုံးပြုနေတာဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဆိုပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့(Amnesty International) က ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ ပြောလာပါတယ်။

    ထိုင်းနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ကယား(ကရင်နီ)ပြည်နယ်ထဲကို သွားရောက်စဥ်အတွင်းမှာ အဲဒီအဖွဲ့ကသုတေသီတွေဟာ မြေမြှုပ်မိုင်းမိပေမဲ့ အသက်မသေခဲ့သူတွေ၊ သူတို့ကို ကုသမှုပေးခဲ့တဲ့ဆေးဘက်ဆိုင်ရာစေတနာ့ဝန်ထမ်းတွေ၊ နောက် မိုင်းရှင်းလင်းရေးမှာပါဝင်သူတွေနဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာလို့လည်း AI အဖွဲ့က ပြောပါတယ်။

    ကယား(ကရင်နီ)ပြည်နယ်ထဲက ကျေးရွာပေါင်း ၂၀ နီးပါးမှာ စစ်တပ်က မြေမြှုပ်မိုင်း ထောင်ခဲ့တာကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့ လုံလောက်တဲ့အချက်အလက်တွေ ရခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

    စစ်တပ်ဟာ ဘုရားကျောင်းတစ်ကျောင်းနဲ့ အဲဒီကျောင်းဝင်းပရဝုဏ်ထဲမှာ မိုင်းတွေထောင်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးတွေကိုလည်း မှတ်တမ်းပြုစုနိုင်ခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

    ''စစ်သားတွေဟာ အရပ်သားနေအိမ်ခြံဝင်းထဲ၊ အိမ်တွေရဲ့အဝင်ပေါက်နဲ့ သန့်စင်ခန်းအပြင်ဘက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်''လို့ AI အဖွဲ့က ပြောပါတယ်။

    တစ်ဖက်မှာလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီစစ်ကြောင်းဝင်ခဲ့ရာနေရာတွေမှာ ခြေပြတ်လက်ပြတ်တဲ့အထိ ဖြစ်နိုင်တဲ့မိုင်းအသေးစားတွေကို ရှင်းလင်းနေရတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ ပုံမှန်သတင်းထုတ်ပြန်နေပါတယ်။

    ဒါ့အပြင် အဲဒီလို မိုင်းအန္တရာယ်ကြောင့် ကရင်နီတပ်ဖွဲ့တွေက ဒေသခံတွေကို နေရပ်ပြန်ဝင်ခွင့်မပေးတဲ့ကျေးရွာတွေလည်း ရှိနေပါတယ်။

    စစ်ကောင်စီဘက်ကတော့ ပဋိပက္ခဖြစ်ရာဒေသ အထူးသဖြင့် ကယားပြည်နယ်ထဲမှာ မိုင်းထောင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချထားသလို တစ်ဖက်အဖွဲ့ကလည်း မိုင်းထောင်တယ်ဆိုပြီး အစောပိုင်းကတည်းက တုံ့ပြန်ထားဖူးပါတယ်။

  13. မြန်မာနိုင်ငံတွင်းက ထိုင်းလုပ်ငန်းရှင်တွေ တခြားကနေ ငွေကြေးအကူအညီယူကြဖို့ ထိုင်းကုန်သွယ်ရေး တာဝန်ရှိပုဂ္ဂိုလ်ပြော

    စစ်ကောင်စီ ဗဟိုဘဏ်က မြန်မာနိုင်ငံအတွင်းက ဒေါ်လာတွေကို ထိန်းချုပ်တဲ့ အမိန့် ၃ ခုကို ဇူလိုင်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့အပြီးမှာ မြန်မာနိုင်ငံထဲမှာ လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ထိုင်းနိုင်ငံ ဒါမှမဟုတ် တခြား နိုင်ငံတွေကနေ ငွေကြေးအကူအညီ ယူကြဖို့ ထိုင်းကုန်သွယ်ရေး တာဝန်ရှိပုဂ္ဂိုလ်က ထုတ်ဖော် အကြံပြုလိုက်ပါတယ်။

    မြန်မာကျပ်ငွေစျေး ကျဆင်းနေတာကို ပြန်နာလန်ထူအောင် လုပ်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ မြန်မာဗဟိုဘဏ်က နိုင်ငံခြား ကြွေးမြီ ယူထားတဲ့ မြန်မာနိုင်ငံသား စီးပွားရေးကုမ္ပဏီဖြစ်စေ၊ နိုင်ငံခြားသား စီးပွားရေးကုမ္ပဏီ ဖြစ်စေ အဲဒီချေးငွေတွေကို အတိုး၊ အရင်း လတ်တလော ပြန်မဆပ်သေးဘဲ ဆိုင်းငံ့ထားဖို့အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ ကုန်သွယ်ရေး မြှင့်တင်ရေးဌာန (DITP) ညွှန်ကြားရေးမှူးချုပ် ဖူဆစ် ရက်တာနာကူလ် ဆီရီရိုယန်ဂရစ် က ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။

    အဲဒီလို လုပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်းလည်ပတ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို အကြီးအကျယ် ထိခိုက်သွားစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံခြားငွေ ချေးပြီး မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ထိုင်း စီးပွားရေးကုမ္ပဏီတွေအနေနဲ့ အကြွေးဆပ်ဖို့ ပျက်ကွက်တာမျိုး မဖြစ်အောင် ထိုင်း ဒါမှမဟုတ် တခြားနိုင်ငံတွေက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေပေးချေနိုင်အောင် ကြိုးစားသင့်တယ်လို့ သူက ပြောပါတယ်။

    မြန်မာနိုင်ငံတွင်းက ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကို ငွေကြေး အကူအညီ ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့မှာ ရှိတဲ့ DITP ဌာနရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးရုံးကလည်း ထိုင်းမှာရှိတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနေတယ်လို့ သူက ပြောပါတယ်။

  14. ရုရှား မြန်မာ ပူးတွဲဦးဆောင်မယ့် မော်စကိုမြို့ ADMM-Plus အစည်းအဝေး မတက်ဖို့ မိတ်ဖက်နိုင်ငံတွေကို တိုက်တွန်းနေကြ

    အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးများ(ADMM-Plus)အစည်းအဝေးကို ရုရှားနဲ့ မြန်မာ ပူးတွဲ ဦးဆောင်ပြီး ဇူလိုင်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့မှာ မော်စကိုမြို့မှာ ကျင်းပဖို့ ရှိပါတယ်။

    အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးကိစ္စရပ်တွေ ဆွေးနွေးမယ့် အဲဒီ အစည်းအဝေးကို သပိတ်မှောက်ကြဖို့ မိတ်ဖက်နိုင်ငံတွေကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။

    ADMM-Plus အဖွဲ့ထဲမှာ အာဆီယံ ၁၀ နိုင်ငံနဲ့ ရုရှား၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ ပါဝင်ပါတယ်။

    ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားအစိုးရနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အင်အားသုံး နှိပ်ကွပ်နေတဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတို့ကတော့ အဲဒီအစည်းအဝေးကို မတက်ရောက်ဘူးလို့ ထုတ်ဖော်ကြေညာထားပြီး ဖြစ်ပါတယ်။

    ဒီအစည်းအဝေးကို သပိတ်မှောက်ခြင်းအားဖြင့် မြန်မာစစ်ကောင်စီရဲ့ တရားဝင်မှု ပပျောက်အောင် လုပ်ဆောင်လိုက်တာဖြစ်ပြီး ရုရှားနဲ့ မြန်မာ ပူးပေါင်းမှုကို အားလျော့သွားစေမှာ ဖြစ်တယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောနေပါတယ်။

    ရုရှားမြန်မာ ဆက်ဆံရေးဟာ ရင်းနှီးပြီး အရေးပါတဲ့ ဆက်ဆံရေး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က ဖော်ညွှန်းပြောဆိုခဲ့ပြီး မြန်မာစစ်ကောင်စီကို ရုရှားက စစ်လက်နက်တွေ မှန်မှန် ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

    ၂၀၂၁ ခုနှစ် ADMM-Plus အစည်းအဝေးမတိုင်ခင်ကလည်း ပြင်ဆင်ညှိနှိုင်းမှုတွေ လုပ်ဖို့ မြန်မာစစ်ကောင်စီကို ရုရှားအစိုးရက ရုရှားနိုင်ငံကို ဖိတ်ကြားခဲ့ပါတယ်။ ရုရှား မြန်မာ နှစ်နိုင်ငံအကြား အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို လာမယ့်နှစ်ကျရင် ရုရှား ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ပြုလုပ်ဖို့ကိုလည်း စီစဉ်ထားပါတယ်။

  15. ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

    ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့ ဇူလိုင်လ ၁၉ ရက်မှာ သတိပေးထုတ်ပြန်လာပါတယ်။

    မောင်တောမြို့နယ်ထဲမှာ မနေ့တုန်းက ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးနဲ့ ဖမ်းမိသူအရေအတွက်၊ နောက် ဖမ်းဆီးမိတဲ့လက်နက်တွေအကြောင်း သတင်းထုတ်ပြန်ချိန်မှာ အေအေဘက်က လူထုကို အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာနေချိန်မှာပဲ အရပ်သားတွေကို ညဘက်ဖမ်းဆီးတာ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ဖမ်းဆီးတာ၊ အဖွဲ့ချုပ်တရားရုံးနဲ့တရားရေးဝန်ထမ်းတွေကို နှောင့်ယှက်တာ၊ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေကို ပြုလုပ်နေပြီး တိုက်ပွဲဖြစ်ပွားလိုတဲ့အပြုအမူတွေကြောင့် ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း အေအေဘက်က ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ မနေ့က မောင်တောမြို့နယ်ထဲမှာဖြစ်တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး တစုံတရာသတင်းမထုတ်ပြန်သေးပါဘူး။

  16. ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုမှာ မြန်မာအလုပ်သမားနှစ်ဦး အမှု ၃မှုနဲ့ တရားစွဲခံရ

    ထိုင်းနိုင်ငံရေးသမားနှစ်ဦးရဲ့ဖခင်ဖြစ်သူ အသတ်ခံရမှုနဲ့ မြန်မာအလုပ်သမား နှစ်ဦးကို လူသတ်မှု၊ ခြိမ်းခြောက်မှု၊ ပြန်ပေးမှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ ရနောင်းနယ်မြေဒုရဲချုပ်က ဇူလိုင်လ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်ဆိုပြီး မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

    တရားစွဲခံရသူတွေဟာ အသက် ၃၆ နှစ်အရွယ် ကိုခင်မောင်ဇော်နဲ့ အသက် ၂၃ နှစ်အရွယ် ကိုဇော်မျိုးတို့ဖြစ်ပြီး သူတို့ကလည်း ကျူးလွန်ကြောင်း ဝန်ခံတယ်လို့ အဲ့ဒီသတင်းစာရှင်းလင်းပွဲကနေ သိရတဲ့အကြောင်း ပညာ‌ရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းFED က ဦးမင်းဦးက ပြောပါတယ်။

    “တရားခံလို့ စွဲဆိုခံရတဲ့သူတွေနဲ့လည်း တွေ့ခွင့်မရသေးဘူး။ သူတို့မိသားစုဝင်တွေကလည်း အကူညီလာတောင်းတာ မရှိသေးတော့ သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေ မရသေးဘူး။ တကယ်လို့ မိသားစုဝင်တွေက အကူညီလာတောင်းရင်တော့ ကျွန်နော်တို့ ကူညီပေးရတာ ပိုအဆင်ပြေမှာပေါ့“လို့ သူက ပြောပါတယ်။

    အသတ်ခံရသူဟာ ကရာဘူရီခရိုင်က အသက် ၈၁ နှစ်အရွယ် ရာဘာခြံပိုင်ရှင်ဖြစ်ပြီး သူဟာ ရနောင်းလက်ထောက်နယ်မြေခံလွှတ်တော်အမတ်ရဲ့ဖခင်၊ ပတ်ချန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ရဲ့ ဖခင်လည်းဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။

    အဲ့ဒီလူသတ်မှုနဲ့ပတ်သက်ပြီး သံသယနဲ့အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ဝန်းကျင်ကလည်း ပြန်လွတ်၊မလွတ် မသိသေးဘူးလို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောကြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ခွဲကာလအတွင်း ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေတဲ့ မြန်မာအလုပ်သမားအရေအတွက် တစ်သိန်းကျော်ရှိနေပြီး နေ့စဉ်ဆိုသလို အဖမ်းခံနေရတာလည်း ရှိနေကြပါတယ်။

  17. အာဇာနည်နေ့ မန္တလေးမှာ တစ်မြို့လုံးနီးပါး အစစ်အဆေးတင်းကျပ်ထား

    အာဇာနည်နေ့မှာ မန္တလေးမြို့အဝင်လမ်းမကြီးတွေသာမက မြို့ပတ်လမ်း၊ မြို့တွင်းလမ်းတွေကအစ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနက် ၅ နာရီကတည်းကစလို့ ပုဂ္ဂလိကဖြတ်သန်းသွားလာတဲ့ယာဉ်တွေ၊ ဖြတ်သန်းသွားလာသူတွေရဲ့ ဖုန်းတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်း-မန္တလေးအဝင်လမ်း၊ တံတားဦး-မန္တလေးအဝင်လမ်း၊ မတ္တရာ-မန္တလေး အဝင်လမ်းတွေ စစ်ဆေးသလို မြို့ပတ်လမ်းတွေကအစ ရွေ့လျားစနစ်နဲ့ စစ်သား၊ ယာဉ်ထိန်းရဲအပါဝင် အင်အားအများအပြားနဲ့ စစ်ဆေးတာပါ။ အဓိက ဆိုင်ကယ် toolbox ကို စစ်ဆေးပြီး တချို့ကို ဖုန်းတွေပါစစ်ဆေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက မြို့တွင်းလမ်းတွေမှာလည်း စစ်သုံးယာဉ် ၊ လှည့်ကင်းကားတွေနဲ့ လှည့်ပတ်သွားလာနေတာကို တွေ့ရပါတယ်။

    "မနက်က မြို့မြောက်ဘက်ကနေ တောင်ဘက်လာတာ toolbox ဖွင့်ခိုင်းပြီး အစစ်ခံလိုက်ရတယ်။ တစ်မြို့လုံးပတ်စစ်နေတာ။ စစ်သားတွေနဲ့ အင်အားတော့များတယ်။ ဦးထုပ်ပါ မပါ သိပ်စစ်တာမဟုတ်ဖူး။ အဓိက ဆိုင်ကယ် toolbox ပဲ မဲစစ်နေတာ"လို့ မန္တလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီနေ့(ဇူလိုင် ၁၉) ရက် မနက်ပိုင်းတင် နေရာလှည့် စစ်ဆေးတဲ့ နေရာပေါင်း အနည်းဆုံး ၅၀ ရှိပါတယ်။ အရင်က မန္တလေးမြို့တွင်းက လမ်းမတွေကို နေ့စဉ်ဆိုသလို စစ်ဆေးတာတွေရှိပေမဲ့ ဒီနေ့လို လမ်းတိုင်းမှာ စစ်ဆေးဖို့ မရှိခဲ့ဖူးပါဘူး။ ဒါဟာ အာဇာနည်နေ့မှာ စစ်အာဏာသိမ်း ဆန့်ကျင်သပိတ်တွေ ပြုလုပ်မှာ စိုးတာကြောင့် မနက်အစောပိုင်းကတည်း အသွားအလာတွေကို ပိုက်စိပ်တိုက် စစ်ဆေးနေတာသာဖြစ်ကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

    အဲဒီလိုစစ်ဆေးနေတဲ့ကြား ဒီနေ့မနက်ပိုင်းမှာပဲ ပုသိမ်မြို့နယ် အဝင်လမ်း ကင်ဆာဖောင်ဒေးရှင်း အနီးမှာ မကွဲသေးတဲ့ ဗုံးနှစ်လုံးကို စစ်ကောင်စီဘက်က ရှင်းလင်းနေတာကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

  18. မိုင်းရှူးမြို့နယ်ထဲ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစု ၃ ဦးသေဆုံးတယ်လို့ SSPP ထုတ်ပြန်

    ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ မနေ့ ဇူလိုင်လ ၁၈ ရက် ညပိုင်းတုန်းက မိသားစုဝင် ၃ ဦးမောင်းလာတဲ့အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာကြောင့် အသက် ၆ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် မိသားစု ၃ ဦးသေဆုံးခဲ့တယ်လို့ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)အာဘော် SSPP Info က သတင်းထုတ်ပြန်လာပါတယ်။

    မိုင်းရှူးမြို့နယ်၊ ဝမ်တောင်ဟျိုင်းရွာမှာနေတဲ့ စိုင်းသီဟနဲ့ နန်းဆိုင်လူတို့ ဇနီးမောင်နှံဟာ သားဖြစ်သူ ကလေးငယ်ကို မိုင်းရှူးမြို့ကနေ ကျောင်းကြိုပြီး ကားနဲ့အပြန် မနေ့ည ၇ နာရီခန့်က ဟွေလွတ်ကျေးရွာ နဲ့ တောင်ဟျိုဝ်းကျေးရွာကြား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဟန့်တားပစ်ခတ်တာခံခဲ့ရတာကြောင့် နန်းဆိုင်လူနဲ့ သားဖြစ်သူတို့ဟာ ပစ်ခတ်ခံရတဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး စိုင်းသီဟကတော့ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေကြောင့် မိုးရှူးဆေးရုံမှာ ည ၁၁ နာရီခန့်မှာ သေဆုံးခဲ့တာလို့လည်း သတင်းက ဆိုပါတယ်။

    SSPP/SSA တာဝန်ရှိသူတွေ ဘက်ကတော့ ဒီလုပ်ရပ်ဟာ ဆင်ခြင်မှုကင်းမဲ့တဲ့လုပ်ရပ်ဆိုပြီး တုံ့ပြန်ထားတယ်လို့လည်း ဆိုပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ လွယ်နိုင်းဘက်မှာ တပ်ဆွဲထားတဲ့ SSPP/SSA စခန်း ၃ ခုကို အခုဇူလိုင်၂၁ ရက်နောက်ဆုံးထား ဆုတ်ပေးဖို့ တောင်းဆိုထားပြီး အခုရက်ပိုင်းမှာ မိုင်းရှူးဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

    အခုလို ကလေးငယ်အပါအ၀င် မိသားစုတစ်စုလုံး ပစ်ခတ်ခံရလို့သေဆုံးမှုနဲ့ပတ်သက်လို့ SSPP စွပ်စွဲချက်အပေါ် စစ်ကောင်စီကတော့ တုံ့ပြန်ထုတ်ပြန်တာမရှိသေးပါဘူး။

  19. ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို ရိုက်တဲ့ဗီဒီယိုထွက်ပေါ်, မီးလောင်ပြင်ကျန် အတိုအစဝယ်မယ့်သူတွေကို လုံခြုံရေးအသိရှိဖို့ အပြစ်ပေးတဲ့သဘော ရိုက်ခဲ့တာလို့ဆို

    အခုရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ ယူဆရတဲ့အမျိုးသားတစ်ဦးက တုတ်တစ်ချောင်းကိုင်ပြီး အမျိုးသမီးအချို့ကို မေးမြန်းကာ ရိုက်နေတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။

    ဘီဘီစီက စုံစမ်းရရှိရသလောက် အဲရုပ်သံဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်၊ ငါးတင်းကြီးကျေးရွာမှာ ပြီးခဲ့တဲ့ နှစ်လ နီးပါးက ရိုက်ကူးထားတာဖြစ်ပါတယ်။

    စစ်တပ်က မီးရှို့လို့ ပျက်စီးသွားတဲ့ရွာတွေမှာ မီးလောင်ပြင်က ကျန်တဲ့အတိုအစတွေကို ဝယ်ဖို့ အခြားနယ်ဘက်က ရွာခံတွေ ငါးတင်းကြီးရွာဘက်ကိုလာတဲ့အခါမှာ လုံခြုံရေးအသိ သတိရှိဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အပြစ်ပေးတဲ့အနေနဲ့ တစ်ယောက်ကို ၃ ချက်စီ ရိုက်ပြီး ပြန်လွှတ်ပေးလိုက်တဲ့ဖြစ်စဥ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

    ဒါပေမဲ့ လူသားချင်း ဒီလိုရိုက်ဆုံးမတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်မှုတစ်ခုအဖြစ်ရှုမြင်ခံရပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

  20. အာဇာနည်နေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းထွက်ပေါ်

    ဒီနေ့ ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေ မနက်အရုဏ်အချိန်ကစလို့ နိုင်ငံတဝန်းမှာ ပေါ်ပေါက်လာပါတယ်။

    သတင်းပေးပို့ချက်တွေအရ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ မြို့နယ်သပိတ်ကော်မတီက ဦးဆောင်ပြီး ‌လူငယ်တွေက ကျဆုံးအာဇာနည်တွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲကို ဒီနေ့မနက် အရုဏ်အချိန်က အစောဆုံးပြုလုပ်သွားပါတယ်။

    ဆန္ဒပြပွဲတွေဟာ ရန်ကုန်၊ မန္တလေး၊ နောက် စစ်အာဏာသိမ်းမှုကို လူထုတွန်းလှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းတို့မှာ အာဇာနည်နေ့နဲ့အတူ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အာဇာနည်ဟာ ကိုးဦးမကရှိတဲ့အကြောင်း၊ လူမျိုးကြီးဝါဒ တိုက်ဖျက်ဖို့အကြောင်း၊ ကျဆုံးအာဇာနည်တွေကို အလေးပြုတဲ့အကြောင်းကို လူထုက လမ်းပေါ်တက်သပိတ်တွေ၊ စာတန်းကိုင် လှုပ်ရှားမှုတွေ၊ စာတန်းချိတ်ဆွဲဆန္ဒပြတာတွေ၊ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်တာတွေကို ပြုလုပ်သွားတာဖြစ်ပါတယ်။

    မနေ့ ဇူလိုင်လ ၁၈ ရက်တုန်းကလည်း တော်လှန်ရေးအင်အားစုတွေ၊ကျောင်းသားသမဂ္ဂတွေနဲ့ သပိတ်အင်အားစုတွေနဲ့ လူထုက အာဇာနည်နေ့အကြို ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။