တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်မှုစာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ
ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။
တိုက်ရိုက် ထုတ်လွှင့်ချက်
တန့်ကြည့်တောင် ဘုရားလာသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက တန့်ကြည့်တောင်စေတီကိုလာတဲ့ ဘုရားဖူး အမျိုးသား တစ်ဦးဟာ ဒီနေ့ ဇွန်လ ၇ ရက် မနက်ပိုင်းမှာ သေနတ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးသူဟာ အသက် ၇၀ နီးပါးအရွယ် မြိတ်ဒေသခံ အမျိုးသားတစ်ဦးဖြစ်ပြီး မိသားစုနဲ့အတူ တန့်ကြည့်တောင် ဘုရားဖူးဖို့ ပုဂံမြို့ဘက်ကနေ မြစ်ကိုကူးလာပြီး ကားနဲ့ ဘုရားဆီအသွားမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
သူ့ကို ဒေသကယ်ဆယ်ရေးအဖွဲ့တွေက ညောင်ဦးဆေးရုံကြီးကို ပို့ခဲ့ပေမဲ့ ကျောမှာထိသွားတဲ့ ဒဏ်ရာကြောင့် ဆေးရုံအရောက်မှာပဲ ဆုံးပါးခဲ့တာလို့ သိရပါတယ်။
‘‘ဟိုက်ဂျက်ကားနဲ့ မိသားစုအလိုက် ဘုရားဖူးလာကြတာ။ ဘုရားအတက်လမ်းမှာ အပစ်ခံရတာ။ ကားပေါ်မှာပါတဲ့ သူတွေအပြောအရဆိုရင် သေနတ်သံ ၂ ချက်ကြားလိုက်တယ်။ ထိတဲ့အမျိုးသားက သူ့မြေးလေးနဲ့အတူ ကားရှေ့ ခန်းမှာလိုက်လာတာ’’လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
နယ်မြေဒေသ မတည်ငြိမ်အခါ တန့်ကြည့်တောင်ဘုရားကို ရက်ပိုင်း ပိတ်တာမျိုး အရင်က ရှိခဲ့ဖူးပေမဲ့ ဒီရက်ပိုင်းမှာ ဘုရားသွားတဲ့လမ်းကို တစ်စုံတစ်ရာပိတ်ပင်ထားတာမျိုးမရှိဘဲ အခုလို သေနတ်ပစ်ခတ်ခံရမှုဖြစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သီရိလင်္ကာသံအမတ်က စစ်ကောင်စီဥက္ကဋ္ဌဆီ သံအမတ်ခန့်အပ်လွှာ ပေး

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်
မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်က သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒီနေ့ ဇွန်လ ၇ ရက်မှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
သီရိလင်္ကာသံအမတ် ဇနကာ ဘန်ဒါရာဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် သီရိလင်္ကာသံအမတ်ဟာ စစ်ကောင်စီဥက္ကဋ္ဌကို သံတမန်ခန့်အပ်လွှာပေးအပ်တဲ့ ပြည်တွင်းသံရုံးတွေထဲက တတိယမြောက် သံအမတ်ဖြစ်လာပါတယ်။
သူ့အရင် ဆော်ဒီအာရေးဗျနိုင်ငံသံအမတ်နဲ့ အိန္ဒိသံနိုင်ငံအမတ်တို့ကလည်း ပြီးခဲ့တဲ့ဧပြီလအတွင်းမှာ သံအမတ်ခန့်အပ်လွှာတွေ ပေးအပ်ခဲ့ကြပြီးဖြစ်ပါတယ်။
တဖက်မှာလည်း ဒီလိုသံတမန်ခန့်အပ်လွှာပေးအပ်တာဟာ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တာကြောင့် သံတမန်ခန့်အပ်လွှာပေးဖို့မလိုဘဲ သံရုံးလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ ပြည်တွင်းက နိုင်ငံတကာသံရုံးအချို့က ကြိုးပမ်းနေပါတယ်။
ဗြိတိန်နိုင်ငံဆိုရင် သံတမန်ခန့်အပ်လွှာပေးဖို့ မလိုအောင် သံအမတ်နေရာမှာ သံရုံးယာယီတာဝန်ခံအဆင့်လျှော့ချတာ၊ နောက် သြစတေးလျနိုင်ငံဆိုရင်လည်း တာဝန်ပြီးဆုံးလို့ ပြန်သွားတဲ့ သံအမတ်နေရာမှာ သံရုံးယာယီတာဝန်ခံထားဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ

ဓာတ်ပုံ ရင်းမြစ်, @DuwaLashiLa
ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဖွဲ့စည်းပြီး တနှစ်ကျော်အကြာမှာ NUG ယာယီသမ္မတကိုယ်တိုင် ရှေ့တန်းက PDF တပ်ဖွဲ့ဝင်တွေဆီ သွားခဲ့ပါတယ်။ လူထုတစ်ရပ်လုံးရဲ့ ယုံကြည်လက်ခံတဲ့ ရဲတပ်ဖွဲ့အဖြစ် စတင်ပုံဖော်ဖို့နဲ့ လူထုအတွက် ဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးနိုင်ဖို့ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြေညာလာပါတယ်။
ရဲတပ်ဖွဲ့ကို ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနဲ့အညီ ဖွဲ့စည်းလိုက်တယ်ဆိုပြီး NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ဇွန်လ ၇ ရက်မှာ လက်မှတ်ထိုး သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီက လူထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့၊ တရာဥပဒေစိုးမိုးဖို့၊ ဒုစရိုက်မှုတွေနဲ့ ဥပဒေမဲ့ပြုကျင့်တာတွေကို လူထုနဲ့ပူးပေါင်းတားဆီးဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို အခုလို ဖွဲ့စည်းတာလို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။
ဒါပေမဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်လာတဲ့ စစ်သားနဲ့ရဲတွေကို အကူအညီပေနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့အပြောအရဆိုရင် CDM ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃ ထောင်နီးပါးရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီအောက်က ရဲတပ်ဖွဲ့မဟုတ်တဲ့ဒေသန္တရရဲတပ်ဖွဲ့တွေကို ကယား(ကရင်နီ)နဲ့ ချင်းပြည်နယ်တို့မှာ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
မိုးဗြဲမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, မိုးဗြဲကယ်ဆယ်ရေးအဖွဲ့
ရှမ်းနဲ့ကယား(ကရင်နီ)ပြည်နယ် နယ်စပ်၊ မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီဘက်က ဒီနေ့ ဇွန်လ ၇ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
မြို့ပေါ်က စျေးကုန်းရပ်ကွက်ထဲကိုကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကြောင့် အသက် ၆၀ ကျော်အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ခဏတာဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က နက်လက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်သလို မြို့တွင်း ရပ်ကွက်တွေမှာ နေရာယူထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
‘‘စျေးကုန်းရပ်ကွက်ထဲကို လက်နက်ကြီးကျပြီဆိုတော့ ဒေသခံတွေထဲက တချို့ကထွက်ပြေးကြပြီ။ တချို့ကတော့ အိမ်တွေထဲ ပုန်းနေရတော့ ပိတ်မိနေတဲ့ပုံစံဖြစ်နေတယ်။ မိုးဗြဲမှာ လက်နက်ကြီးသံ တိုက်ပွဲသံ ငြိမ်နေတာကြပြီ။ ဒီနေ့မနက်မှာ ပြန်စတာပါ’’ လို့ မိုးဗြဲစစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်အခြေအနေကြောင့် စစ်ရှောင်စခန်းက ဒေသခံတွေကို ဘေးလွတ်တဲ့နောက်တစ်နေရာကို ထပ်ပြီး ပြောင်းရွှေ့ဖို့လုပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်၀ါရီလတုန်းကလည်း မိုးဗြဲမြို့မှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံတချို့ ဆုံးပါးတဲ့အထိ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းက ကိုင်းလယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ ဝင်တိုက်, နှစ်ဖက်အကျအဆုံးရှိတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ယက်
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကိုင်းလယ်ရွာ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၆ ရက် မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ရာမှာ နှစ်ဖက်အကျအဆုံးရှိတယ်လို့ သိရပါတယ်။
ပေါက်မြို့နဲ့ ၈ မိုင်နီးပါးအကွာက ကိုင်းလယ်ရွာရဲစခန်းကို ဒီနေ့မနက် ၆ နာရီကျော်ကျော်မှာ ဝင်ရောက်တိုက်ခိုက်ချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရဲ ၃ ဦး အကျအဆုံးရှိတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
‘‘ကိုင်းလယ်ရဲစခန်းက ရဲတွေကို CDM လုပ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းတယ်။ မလုပ်တဲ့အပြင် လုပ်ရပ်တွေ ဆိုးရွားနေလို့ ဝင်တိုက်တာဖြစ်ပါတယ်။ ရဲ ၁ ဦးကို အရှင်ဖမ်းမိတယ်။ ကျန်နဲ့ရဲ တွေနဲ့ ပျူတွေကတော့ ထွက်ပြေးကြတယ်။ စစ်တပ်က ရဟတ်ယာဥ် လာဝဲသွားပြီး တပ်သားတွေကို အနီးနားရွာမှာ လာချသွားတယ်။ စစ်ရေး တင်းမာမယ့်အခြေအနေရှိတယ်’’လို့ ပေါက်တောင်ပိုင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ယောချောင်းကိုဖြတ်ပြီး ကိုင်းလယ်ရွာအနောက်ဘက်က ချောင်းနားကျေးရွာမှာ အင်အားတွေ ဖြန့်ကြက်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကတော့ ကိုင်းလယ်၊ ရွာသစ်၊ ပင်ထောင်၊ သစ်ချိုကုန်းစတဲ့ကျေးရွာတွေဟာ စစ်တပ်ယိမ်းတဲ့ ပျူစောထီးလက်နက်ကိုင်တွေ အားကောင်းတဲ့ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပေါက်တောင်ပိုင်းက ရဲစခန်း အခုလိုဝင်စီးခံရတဲ့အခြေအနေကို သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ တပ်ထောက်ခံတဲ့ပျူစောထီးဆိုတာမရှိဘူးဆိုပြီး အစောပိုင်းကတည်းက ပြောထားပါတယ်။
မြန်မာ့အရေးအတွက် ကန်နိုင်ငံခြားရေးအကြံပေးရဲ့ အာဆီယံ ၃ နိုင်ငံခရီးစတင်

ဓာတ်ပုံ ရင်းမြစ်, Derek Chollet
ဓာတ်ပုံ ပုံစာ, ကန်နိုင်ငံခြားရေးအကြံပေးဟာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ ဧပြီလတုန်းက တွေ့ဆုံထားပါတယ်။ မြန်မာ့အရေးဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရက် ရှလက်ရဲ့ အာဆီယံ ၃ နိုင်ငံ ခရီးစဥ်ဟာ ဒီနေ့ ဇွန်လ ၇ ရက်မှာ စတင်ပြီဖြစ်ပါတယ်။
မစ္စတာရှလက်ဟာ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို သီတင်းတစ်ပတ်ကြာခရီးစဥ်စတင်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက အမေရိကန်ပြည်ထောင်စုမှာပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲက ရလာဒ်တွေကို ဒီခရီးစဥ်မှာ ထပ်လောင်းဆွေးနွေးမှာဖြစ်သလို မြန်မာစစ်ခေါင်းဆောင်တွေ တာဝန်ယူမှု တာဝန်ခံမှု ရှိလာရေးကိုလည်း ဆွေးနွေးမယ်လို့ မစ္စတာ ရှလက်က ပြောထားပါတယ်။
အကြံပေးဟာ ထိုင်းနိုင်ငံခရီးစဥ်မှာ မြန်မာလူထုကို အမေရိကန်က ထောက်ပံ့မှုတွေအတွက် ထိုင်းအစိုးရ အကြီးတန်းအရာရှိတွေ၊ နိုင်ငံတကာလူသားချင်းအကူအညီပေးရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့စည်း တွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။
မစ္စတာ ရှလက်ဟာ စင်ကာပူမှာပြုလုပ်မယ့် လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ဖြစ်တဲ့ Shangri-La Dialogue မှာ မြန်မာပြည်တွင်းပဋိပက္ခအရေးကို ဆွေးနွေးမှာမယ်လို့ဆိုပါတယ်။
ဘရူနိုင်းနိုင်ငံမှာတော့ မစ္စတာရှလက်ဟာ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်တာဝန်ယူခဲ့ဖူးသူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွတ်ဖ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
ရခိုင်မှာ ကျောင်းသားတစ်သောင်းကျော်ပဲ ကာကွယ်ဆေးထိုးပေးနိုင်သေး
ရခိုင်ပြည်နယ်မှာ အခုနှစ်ကျောင်းဖွင့်ရာသီအတွင်း အခြေခံပညာကျောင်းသူကျောင်းသားတွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးလျက်ရှိရာမှာ ဇွန်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၁၄၂၁၁ ဦးပဲ ထိုးပေးရသေးတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ပြောပါတယ်။
တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ကာကွယ်ဆေးထိုးနှံပေးရမယ့် မူလတန်းကျောင်းသူကျောင်းသားပေါင်း ၃၂၀၀၈၇ ဦးရှိပါတယ်။ ကျန်တဲ့ကျောင်းသူကျောင်းသားတွေကို ဆက်လက်ထိုးနှံပေးနေတယ်လို့ ဆိုပါတယ်။
ကျောင်းသားကျောင်းသူ သုံးသိန်းကျော်ကို ထိုးနှံပေးမယ့်ကိုဗစ်ကာကွယ်ဆေးတွေ အလုံအလောက်ရရှိထားပြီး ဆိုင်နိုဖန်းဆေးအမျိုးအစားကို ထိုးနှံပေးနေတာဖြစ်တယ်လို့ ဇွန်လ ၂ ရက် ကျောင်းဖွင့်တဲ့နေက ပြည်နယ်ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဌာနမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။
ပြည်နယ်အတွင်းမှာရှိတဲ့ ဖွင့်ရမယ့်ကျောင်းတွေအကုန်လုံးကိုဖွင့်လှစ်ပေးထားပြီးဇွန်လ ၃ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း သုံးထောင်ကျော်မှာ တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်း သားပေါင်း ၄၃၃၆၄၉ ဦးထိရှိနေပြီလို့ ပညာရေးဌာနက ပြောပါတယ်။

သေဒဏ်နဲ့ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၂၀၉ဦးထိရှိလာ, ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာအများဆုံးချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ထိန်းသိမ်းထားတဲ့ အင်းစိန်အကျဉ်းထောင်မြင်ကွင်း စစ်အာဏာသိမ်းပြီး တစ်နှစ်နဲ့သုံးလကြာချိန်မှာတော့ စစ်ကောင်စီကိုဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တသက်အပြင် ဒီနှစ်ခုလုံးပူးတွဲအမိန့် ချမှတ်ခံရသူ ၂၀၉ဦးအထိရှိလာပြီလို့ အာဏာသိမ်းနောက်ဆက်တွဲ စစ်တမ်းတွေပြုစုနေတဲ့ ISP Myanmar က ဒီကနေ့ဇွန် ၆ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲ့ဒီထဲဖမ်းဆီးခံရပြီးနဲ့ ဖမ်းဝရမ်းထုတ်ပြီး သေဒဏ်ချမှတ်ခံရသူ ၁၁၇ဦး၊ ဖမ်းဆီးခံရပြီး ထောင်ဒဏ်ရော သေဒဏ်ပါချမှတ်ခံရသူ ၆ဦး၊ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တသက်တကျွန်းချမှတ် ခံရသူ ၈၆ဦး ပါဝင်ပါတယ်။
အဲ့ဒီထဲ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ကနေ သေဒဏ်ချမှတ်ခံရသူ ၅၂ဦး၊ ထောင်ဒဏ်တသက် ၁၂ဦးရှိခဲ့ပြီး အများဆုံးအမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်တဲ့ မြို့နယ်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဒုတိယအများဆုံးဟာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး ဒီမြို့နယ်နှစ်ခုလုံးဟာ အာဏာသိမ်းစကတည်းက စစ်အုပ်ချုပ်ရေးနယ်မြေတွေသတ်မှတ်ခံခဲ့ရကာ အကျဉ်းနည်းနဲ့ စစ်ခုံရုံးကနေ တရားစီရင်နေတာလို့လည်း သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရသူတွေထဲက ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကို ပထမဆုံးအကြိမ်အဖြစ် ကြိုးပေးဖို့ စီစဉ်နေတယ်လို့ဇွန် ၂ရက်မှာ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဘက်ကနေ ထုတ်ပြေထားတာပါ။
အဲ့ဒီနောက်ပိုင်းကစပြီး အမျိုးသားညီညွတ်ရေးအစိုးရရော နိုင်ငံတကာလူ့အခွင့်အရေး အသိုင်းအဝိုင်းကပါ ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
ယင်းမာပင်၊ ဘန်ဘွေးမြောက်ရွာမှာ လူနေအိမ်နဲ့စစ်ရှောင်တဲတွေမီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, cJ
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ဧပြီလအတွင်းက မီးရှို့ခံခဲ့ရတဲ့ ယင်းမာပင်၊ ကံစုရွာမြင်ကွင်း။ ဒီကနေ့ ဇွန် ၆ရက်မနက် ၉နာရီဝန်းကျင်လောက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာမမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီရွာအနီးက ဘန်ဘွေးမြောက်ရွာ က နေအိမ်နဲ့ စစ်ရှောင်တဲတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။
မနေ့ဇွန် ၅ရက်တုန်းက ဘန်ဘွေးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီနဲ့ အရပ်အခေါ်ပျူစောထီး ပူးပေါင်းအဖွဲ့တွေစစ်ကြောင်းလှည့်နေတုန်း မိုင်းဆွဲခံခဲ့ရတာကြောင့် အခုလို နေအိမ်တွေ မီးရှို့တာ လို့ ရွာခံတွေက ရှင်းပြပါတယ်။
“မနေ့ကမိုင်းဆွဲခံရတော့ သူတို့ဘက်ကထိပုံပါပဲ။ ဒီနေ့ကျ အတိအကျကိုမှ မိုင်းဆွဲခံခဲ့ရတဲ့ နေရာနားကို မီးလာရှို့တော့တာပဲ။ အဲ့ဒီနားက နေအိမ် ၉လုံးနဲ့၊ စစ်ရှောင်တဲ ၃လုံးပါသွားတာ။ ရွာခံတွေက ရွာမှာမနေရတာ သူတို့စတပ်စွဲထဲကဆို ၃လကျော်နေပြီ”လို့ ယင်းမာပင်ဒေသခံတစ်ဦး က ဘီဘီစီကိုပြောပါတယ်။
ညနေပိုင်းအချိန်မှာတော့ အခြေအနေတွေငြိမ်သက်နေဆဲဖြစ်ပြီး စစ်ဘေးရှောင်တွေကတော့ စိုးရိမ်စိတ်နဲ့ နေနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မုံရွာ - ယာကြီး - ကလေးဝလမ်းမကြီးပေါ်က ဘန်ဘွေးရွာမရွာကို တပ်စွဲထားတာ ၃လနီးပါးရှိနေပြီဖြစ်ပြီး ဒီသုံးလအတွင်း ဘန်ဘွေးအုပ်စုက အနည်းဆုံး ရွာလေးရွာ မီးရှို့ခံထားရပြီး ရွာခံတွေထွက်ပြေးနေကြရတယ်လို့ ပြောကြပါတယ်။
အတိုင်ပင်ခံနဲ့သမ္မတအပေါ်စွပ်စွဲထားတဲ့ ရဟတ်ယာဥ်ဝယ်ယူမှုနဲ့ဆက်စပ်မှုတွေကြားနာ, စွပ်စွဲသူ တရားလိုဘက်က မြန်မာလို စာချုပ် မပြနိုင်သေး

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို စွပ်စွဲခံထားရတဲ့ ရဟတ်ယာဥ် ငှါးရမ်း ဝယ်ယူမှုဆိုင်ရာ အဂတိမှုတွေမှာ တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူးက မြန်မာလို စာချုပ်ကို ရုံးတော်ကို မတင်ပြနိုင်သေးလို့ သိရပါတယ်။
ဒီနေ့ ဇွန်လ ၆ ရက်မှာ နေပြည်တော် အထူးတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ အမှုတွေနဲ့ပတ်သက်ပြီး တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်ခန့်ကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက မေးခွန်းမေးမြန်းခဲ့ချိန်မှာ အခုလိုသိရှိရတာဖြစ်ပါတယ်။
ဦးအောင်ခန့်ကို အပြန်အလှန်မေးခွန်းမေးမြန်းချိန်မှာ တရားလိုဘက်က မြန်မာလိုပြန်ဆိုထားတဲ့ ရဟတ်ယာဥ် ငှါးရမ်းဝယ်ယူမှု စာချုပ်ကို မတင်ပြနိုင်သေးတာကြောင့် မေးခွန်းမေးမြန်းတာကို ဆက်မလုပ်နိုင်တော့ဘဲ နောက်တစ်ပတ် တနင်္လာနေ့ကို ရုံးချိန်းရွှေ့ခဲ့တာလို့ တရားရုံးနဲ့နီးစပ်နဲ့အသိုင်းအဝိုင်းဆီကနေ ဘီဘီစီက သိရှိရတာဖြစ်ပါတယ်။
အီတလီထုတ် ရဟတ်ယာဥ်တစ်စင်း ငှါးရမ်း ဝယ်ယူမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီမဆောင်ရွက်ခဲ့တာ၊ နောက် ရဟတ်ယာဥ်ကို သတ်မှတ်နာရီပြည့်အောင် မသုံးစွဲခဲ့တာတွေရှိတယ်ဆိုတဲ့အချက်တွေနဲ့ အဂတိမှုမြောက်တယ်လို့ စွပ်စွဲခံရပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ အမှုပေါင်း ၅ မှုကို တရားရင်ဆိုင်နေရတာပါ။
အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို စွပ်စွဲထားတဲ့ ရဟတ်ယာဉ် ဝယ်ယူတာ ပတ်သက်ပြီး အစိုးရနဲ့ ကုမ္ပဏီကြား သဘောတူညီချက် မြန်မာဘာသာ ပြန်ကို ပြီးခဲ့တဲ့ မေလ ၃၀ ရက် ရုံးချိန်းမှာ တရားလိုဘက်က တင်ပြဖို့ သတ်မှတ်ခဲ့ပေမဲ့ အဲဒီတုန်းကလည်း တရားလိုဘက်က မတင်ပြနိုင်ခဲ့ပါဘူး။
ထိုင်းမှာ သတ်ဖြတ်ခံရသူမြန်မာအမျိုးသမီးအတွက်သိန်းတစ်သောင်းကျော် နစ်နာကြေးတောင်းဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, အလုပ်သမားသံအရာရှိရုံး
ထိုင်းနိုင်ငံထဲမှာ အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံခဲ့ရတဲ့ မမြင့်မြင့်ခိုင်ဆိုသူ အမျိုးသမီးအတွက် နစ်နာကြေး သိန်းပေါင်းတစ်သောင်းကျော် တောင်းသွားဖို့ရှိတယ်ဆိုပြီး မြန်မာအလုပ်သမားသံအရာရှိရုံးက ဒီနေ့ ဇွန်လ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ငါးဖမ်းပိုက်စက်ရုံမှာအလုပ်လုပ်နေတဲ့ မမြင့်မြင်ခိုင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့နယ်ထဲမှာ ထိုင်းနိုင်ငံသားတစ်ဦးရဲ့ အဓမ္မ ပြုကျင့်ခံရပြီး မီးရှို့သတ်ခံခဲ့ရတာပါ။
မမြင့်မြင့်ခိုင်အတွက် နစ်နာကြေးအနေနဲ့ တစ်လကို ထိုင်းဘတ်ငါးထောင်နဲ့ နှစ် ၄၀ စာ (မြန်မာငွေ သိန်းတစ်သောင်းကျော်) တောင်းခံသွားဖို့ရှိနေတယ်လို့ သံအရာရှိရုံးက ပြောလာတာဖြစ်ပါတယ်။
အမှုအတွက်ရုံးချိန်းကို ကဘင်ဘူရီတရားရုံးမှာ ကြားနာနေတာဖြစ်ပြီး ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူ ထိုင်းအမျိုးသားဟာ ရာဇဝတ်မှု ပုဒ်မ ၆ ခုဖြင့် တရားစွဲဆိုခံထားရပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲ နှစ်ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ KNDF ပြော

ဓာတ်ပုံ ရင်းမြစ်, KNDF
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်းဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့(KNDF)က ဒီနေ့ ဇွန်လ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲ ဒေါပိုးစီကျေးရွာဘက်ကနေလာတဲ့ စစ်ကြောင်း၊ ဟိုဖိတ်စိုက်ကွင်းဘက်ကနေ တက်တာတဲ့ စစ်ကြောင်းတွေနဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းအမှတ် ၉ တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် ထိခိုက်ကျဆုံးမှုရှိတယ်လို့လည်းဆိုပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကယားပြည်နယ်ထဲ စစ်ကောင်စီတပ်နဲ့ ကရင်နီအင်အားစုတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်နီးပါးရှိနေပြီး အခုလအစောပိုင်းတုန်းကလည်း ဖရူဆိုမြို့နယ်ထဲမှာ တိုက်ခိုက်ခံခဲ့ရတဲ့စစ်ကောင်စီတပ်ဟာ လေယာဥ်သုံးတဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ KNDF ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
မုံရွာမှာ အလယ်တန်းကျောင်းအုပ်တစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ရွာတုံကျေးရွာလမ်းခွဲထိပ်မှာ အလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦးဟာ မနေ့ ဇွန်လ ၅ရက် နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့သူဟာ မုံရွာမြို့နယ်ထဲက စည်သာကျေးရွာအလယ်တန်းကျောင်းခွဲရဲ့ ကျောင်းအုပ်ဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဒေါ်စိုးမြတ်အေးဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
သူဟာ မုံရွာ-အရာတော်ကားလမ်ပေါ် က ရွာတုံကျေးရွာလမ်းခွဲမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
“အမျိုးသမီးတစ်ယောက်သေတယ်ကြားတယ်။ သူက CDM မပါဝင်တဲ့ဆရာမဆိုတာထက် စစ်ကောင်စီသတင်းပေးတဲ့သူလို့ လူသိများတယ်၊ ဘယ်သူလုပ်တာလဲဆိုတာမသိရသေးဘူး” လို့ မုံရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီဖြစ်ရပ်ကို စစ်ဆေးနေတယ်လို့ဆိုထားပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေးလက်နက်ကိုင်လှုပ်ရှားနေကြတဲ့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်ထားတာမတွေ့ရပါဘူး။
လက်ရှိကျောင်းဖွင့်ချိန်ဖြစ်တဲ့ မေလကုန်နဲ့ ဇွန်လဆန်းပိုင်းမှာ စာသင်ကျောင်းတွေဖောက်ခွဲခံရပြီး စစ်ကောင်စီလက်အောက်က ပညာရေးဝန်ထမ်းတွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကို စစ်ကောင်စီဘက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။
တဖက်တော်လှန်ရေးအင်အားစုတွေဘက်ကတော့ သူတို့ဟာ ပညာရေးအဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်တာမျိုးမလုပ်ဘူးလို့ အပြန်အလှန်ထုတ်ပြန်ထားကြပါတယ်။
ထိုင်းအမျိုးသားတစ်ဦးအသတ်ခံရတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ကျော် ဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံထားရတဲ့အထောက်အထားမဲ့ မြန်မာလုပ်သားတွေမြင်ကွင်း ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြိုနယ်ထဲက ဘန့်ဖလူနဲ့ ထုံးလုံနယ်စပ်မှာ ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ရောက်နေတဲ့ မြန်မာ ၃ဝဝနီးပါး ဖမ်းဆီးခံထားရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက် MWRN ကသိရပါတယ်။
သေဆုံးသူမှာ တိုက်ခိုက်ခံထားရတဲ့ဒဏ်ရာတွေရှိနေသလို အလောင်းကို ဖျောက်ဖျက်ခံထားရတာလို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံထားရတဲ့အထောက်အထားမဲ့ မြန်မာလုပ်သားတွေမြင်ကွင်း ထိုင်းနဲ့မလေးရှားနယ်စပ်၊ ထိုင်းနိုင်ငံအပိုင်တောထဲမှာ ဒီအလောင်းကို အခုမေလ ၃၁ရက်ကတွေ့ရှိရတာကြောင့် ထိုင်းအာဏာပိုင်တွေကတရားမဝင်တောထဲနေနေကြတဲ့ မြန်မာ (၉)ဦးကို ဇွန် ၁ရက်မှာ စတင်ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် နောက်ထပ်မြန်မာလုပ်သားတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး ရဲစခန်းတွေကို ပေးပို့ကာ စစ်ဆေးနေတယ် လို့ဆိုပါတယ်။
“မလေးကိုဝင်ဖို့ ဒီထိုင်းရဲ့တောထဲမှာ ပွဲစားတွေကမြန်မာတွေကိုဖွက်ထားပေးကြတာ၊ အဲ့ဒါကို ထိုင်းနိုင်ငံသား တချို့ကသိပြီး ဒီမြန်မာတွေကိုဓားပြတိုက်တာ၊ နောက်အမျိုးသမီးငယ်တွေမုဒိန်းကျင့်ခံရတာ မေလပိုင်းမှာ ခပ်စိပ်စိပ်ကြားရတယ်။ အဲ့ဒီနောက်ဒီလူသတ်မှုဖြစ်တယ်ကြားတာပဲ၊ ထိုင်းသတင်းကတော့ ဒီလူက လူကောင်း ငါးရှာရင်းတောထဲရောက်တယ်လို့ဖော်ပြတယ်” လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက်ရဲ့ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ မြန်မာ ၃၀၀ကျော်အနေနဲ့ ရဲစခန်းထဲမှာ စားဝတ်နေရေးအဆင်ပြေဖို့ ထိုင်းရောက်မြန်မာအချင်းချင်းကူညီနေကြရပြီး မဟုတ်မမှန်စွပ်စွဲခံရတာတွေမရှိဖို့အတွက်လည်း ကြိုးစားဆောင်ရွက်နေတယ်လို့ ဦးဘရီကဆက်ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့နှစ်တွေက လိပ်ကျွန်းလူသတ်မှုနဲ့ ထိုင်း - မြန်မာနယ်စပ်၊ရနောင်းမြို့က လူသတ်မှုတွေမှာ မြန်မာလူမျိုးတွေစွပ်စွဲခံရတဲ့ထင်ရှားတဲ့အမှုအခင်းတွေလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံထားရတဲ့အထောက်အထားမဲ့ မြန်မာလုပ်သားတွေမြင်ကွင်း ဒီမိုကရေစီလိုလားသူအတိုက်အခံတွေအပေါ် သေဒဏ်ပေးမယ်ဆိုတဲ့ စစ်တပ်ကို အမေရိကန်ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, အမေရိကန်သံရုံး
ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံခြားရေးပြောခွင့်ရသူ နက်ပရိုက်စ် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို ကွပ်မျက်ဖို့ မြန်မာစစ်တပ်က စီစဥ်နေတာဟာ ဒီမိုကရေစီနဲ့ တရားဉပဒေစိုးမိုးမှုကို စစ်တပ်ဘက်က ဂရုမစိုက်တဲ့သာဓက ဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။
စစ်ကောင်စီလက်ထက် ဖမ်းဆီးခံရပြီး အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲခံရကာ တရားစွဲခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြောလာအပြီးမှာ အမေရိကန်ဘက်က အခုလိုပြောလာတာပါ။
စစ်တပ်ရဲ့အခုလုပ်ရပ်ကို ရှုတ်ချသလို မြန်မာပြည်တွင်းမှာ တရားမျှတမှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ တိုက်တွန်းတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရိုက်စ်ကပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နဲ့ လူပုဂ္ဂိုလ် (၂) ဦး အပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ သေဒဏ် အတည်ပြုခြင်းနဲ့ စစ်ကောင်စီ လက်အောက်ခံ တရားရုံးတွေက ချမှတ်တဲ့ ပြစ်ဒဏ်တွေ အားလုံးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တရားရေး၀န်ကြီးဌာနကအစောပိုင်းက ပြောထားပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့နဲ့ပတ်သက်ပြီး စစ်ကောင်စီကို ရှုတ်ချတဲ့အကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သေဒဏ်အမိန့်ချမှတ်ခံရသူ တိုးလာနေပြီး အများစုဟာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အကြမ်းဖက်အမှုတွေနဲ့ စွပ်စွဲခံရသူတွေဖြစ်ပါတယ်။
Foodpanda Riders တွေအလုပ်မဆင်းသပိတ်ပြုလုပ်, အနည်းဆုံးလုပ်ခငွေ ၆၇၀ကျပ်ကနေ စပေးဖို့အပါအဝင် တောင်းဆိုချက် ၈ချက်ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို တွင်းမှာအစားအသောက်ပို့ဆောင်နေတဲ့ FoodPanda ဝန်ထမ်းများ (ပုံဟောင်း) အစားအသောက်ပို့ဆောင်ရေးလုပ်ငန်း Foodpandaက ပို့ဆောင်သူ Riders တွေဟာ သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေအပြည့်အဝရရှိဖို့ ဒီကနေ့ဇွန် ၆ရက်ကစပြီး အလုပ်မဆင်းသပိတ်ပြုလုပ်မယ်လို့ ဆိုပါတယ်။
လုပ်အားခငွေကို အနည်းဆုံး ၆၇၀ကျပ်မှစပေးပြီး ခရီးအကွာအဝေးအပေါ် မူတည်ကာ တိုးမြှင့်ပေးဖို့၊ အလုပ်သမားတွေကိုကွန်ပျူတာဆော့ဖ်ဝဲစနစ်နဲ့ ထိန်းချုပ်နေတဲ့တင်းကျပ်တဲ့စည်းကမ်းချက်တွေကို လျော့ချပေးဖို့၊ Riders တွေရဲ့ ထိခိုက်နစ်နာမှုတွေကို ကုမ္ပဏီကနေ တာဝန်ယူပေးဖို့၊ ကိုယ်ရေးကိုယ်တာ ကြောင့် အလုပ်နားလိုရင် ကုမ္ပဏီဘက်က သတ်မှတ်ထားတဲ့အလုပ်ချိန်အတွင်းကနေ တစ်ပတ်မှာ တစ်ရက် နားခွင့်ရဖို့ဆိုတဲ့ အချက်တွေတောင်းဆိုကြတာဖြစ်ပါတယ်။
ဒါ့အပြင် Google Map နဲ့သာခရီးအကွာအဝေးတိုင်းတာပေးပြီး သယ်ယူရတဲ့အကွာအဝေး တွက်ချက်ပေးဖို့၊ ကုမ္ပဏီဘက်ကတစုံတရာပြောင်းလဲမှုလုပ်ရင် ပို့ဆောင်သူအကုန်လုံးသိရှိနိုင်အောင် တစ်ပတ်ကြိုတင် ထုတ်ပြန်ပေးဖို့အပြင် ကုမ္ပဏီကိုတိုက်ရိုက်ဆက်သွယ်နိုင်ဖို့ Hotline ဖုန်းနံပါတ်နဲ့ ပို့ဆောင်သူ Riders တွေကို သက်သေခံကဒ်ထုတ်ပေးဖို့ဆိုတဲ့ စုစုပေါင်းအချက် (၈) ချက်နဲ့ တောင်းဆိုတယ်လို့ ထုတ်ပြန်ထား ကြပါတယ်။
ဒီတောင်းဆိုချက်တွေပြန်မရမချင်း အလုပ်မဆင်းသပိတ်ကိုဆက်လုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
“အရင်တည်းကမမျှတဘူးဆိုတာသိပေမဲ့ အလုပ်ပြုတ်မှာစိုးလို့ မပြောရဲဘူး ၊ ကြောက်ကြတယ်။ Riders တွေကအခြေခံလူတန်းစားတွေဆိုတော့ ပညာတတ်သူနည်းပါးတယ်၊ ကြိတ်ခံစားကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လတုန်းကစပြီး ကျွန်တော်တို့ကြားစည်းလုံးမှုတွေရလာကြတယ်၊ ကူညီချင်တဲ့ ပြည်သူ၊ Ridersနဲ့ ဆိုင်အားလုံးနဲ့ချိတ်ဆက်ပြီး အန္တရာယ်ကင်းထိရောက်မယ့်နည်းလမ်းကိုဆွေးနွေးပြီးမှ ဒီသပိတ်ပေါ်ပေါက် လာတာ”လို့ Foodpanda ပို့ဆောင်သူ၊ တက်ကြွလှုပ်ရှားသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိအချိန်မှာ ပို့ဆောင်သူ Riders အနည်းဆုံး ရှစ်ထောင်ကျော်ရှိနေပြီး ဒီလှုပ်ရှားမှုမှာ ၇၅ရာခိုင်နှုန်းအထက် ပါဝင်နိုင်တယ်လို့ ဦးဆောင်လှုပ်ရှားသူတွေကပြောကြပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဒီ Foodpanda ပို့ဆောင်သူ Riders တွေဟာလုပ်အားခဖြတ်တောက်ခံရတယ် ဆိုပြီး တောင်းဆိုမှုတွေစခဲ့ရာကနေ အလုပ်ရှင်ဘက်နဲ့ ညှိနှိုင်းမှုတွေလုပ်ခဲ့ကြပေမဲ့ လက်တွေ့မှာအဆင်မပြေ ဘူးလို့ Riders တွေဘက်ကဆိုပါတယ်။ ဒီလို ပို့ဆောင်သူ Riders တွေဘက်က ရန်ကုန်၊ဗဟန်းမြို့နယ်မှာ စုဝေးမှုလုပ်နေကြတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ဝင်ရောက်စစ်ဆေးတဲ့ အခြေအနေတွေထိ ဖြစ်ခဲ့ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကနေ့မနက်အထိ Foodpanda ကုမ္ပဏီဘက်က တစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ထိုင်းတောင်ပိုင်း ကျွန်းတစ်ကျွန်းပေါ်မှာ ရိုဟင်ဂျာ ၆၀ နီးပါးဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းရေတပ်
ဓာတ်ပုံ ပုံစာ, ကျွန်းပေါ်မှာ စွန့်ပစ်ခံခဲ့ရတဲ့အဲဒီရိုဟင်ဂျာတွေကို တွေ့ချိန်မှာ အာဟာရပြတ်လပ်နေပုံပေါ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ စာ့ထွန်းခရိုင်ထဲက ကျွန်းတစ်ကျွန်းပေါ်မှာ ရိုဟင်ဂျာ ၅၉ ဦးကို ဖမ်းမိခဲ့တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ဇွန်လ ၅ ရက်မှာ ပြောပါတယ်။
ကလေးငယ် ၅ ဦးပါဝင်တဲ့အဲဒီရိုဟင်ဂျာတွေကို ခရိုင်ထဲက ခိုဒေါင်ကျွန်းပေါ်မှာ ဇွန်လ ၄ ရက်၊ စနေနေ့က တွေ့ခဲ့တာလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
သူတို့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ လာတဲ့သူတွေဖြစ်ပြီး လှေ ၃ စီးနဲ့အတူ မလေးရှားနိုင်ငံကို သွားမယ့် ရိုဟင်ဂျာ ၁၇၈ ဦးထဲက တစ်ဖွဲ့ဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
ရိုဟင်ဂျာတွေရဲ့ ပထမ လှေ ၂ စီးကိုတော့ မလေးရှားအာဏာပိုင်တွေက ရပ်တန့် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မလေးရှားနိုင်ငံထဲအရောက်လို့ဆိုပြီး တစ်ယောက်ကို မြန်မာငွေ သိန်း ၃၀ နီးပါးစီ ပွဲစားကို ပေးခဲ့ရတယ်လို့လည်း ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာတွေက ပြောထားတယ်လို့လည်း သိရပါတယ်။
အခုတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းမိတဲ့ရိုဟင်ဂျာတွေဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ခံရဖို့ရှိပြီး နေရပ် ပြန်ပို့ခံရနိုင်ချေရှိနေပါတယ်။
လေးကေ့ကော်စစ်ရှောင်တွေနေရပ်ပြန်ဖို့ ကြောက်ရွံ့နေကြ, စစ်ကောင်စီနဲ့နယ်ခြားစောင့်အဖွဲ့တွေက နေရပ်ပြန်ကြဖို့ပြော

ဓာတ်ပုံ ရင်းမြစ်, KK/ KYAW K MIN
ဓာတ်ပုံ ပုံစာ, သောင်းရင်းမြစ်ကိုဖြတ်ကူးနေတဲ့ စစ်ရှောင်တွေ။ မနေ့ဇွန် ၅ရက်မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ ဖလူးကြီးကျေးရွာက ခရစ်ယာန်ဘုရားကျောင်းခန်းမ ထဲမှာ မြ၀တီဒေသBGF တပ်ကဗိုလ်မှုးကြီး စောချစ်သူ၊ ဆုံဆည်းမြိုင် DKBA တပ်မှုးကြီး စောစတီးနဲ့ စစ်ကောင်စီတပ် အရာရှိတွေ ဦးစီးပြီး လေးကေ့ကော်စစ်ရှောင်တွေကို တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။
စစ်ရှောင်တစ်မိသားစုကို တစ်ယောက်နှုန်းနဲ့ အစည်းအဝေးတက်ခိုင်းခဲ့တာဖြစ်ပြီး ပြည်သူတွေကို နေရပ်ပြန်နေထိုင်ဖို့၊ ကျောင်းပြန်တက်ကြဖို့နဲ့ တောင်ယာလုပ်ငန်းတွေပြန်လုပ်ကြဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒေသလုံခြုံရေးအာမခံမှုမရှိတဲ့အတွက် လေးကေ့ကော်စစ်ရှောင်တွေကတော့ နေရပ်ပြန်နေထိုင်ဖို့ ကြောက်ရွံ့နေတယ်လို့ ပြောကြပါတယ်။
" လုံခြုံရေး တာ၀န်ယူ မလား၊ တိုက်ပွဲတွေ ဖြစ်လာနိုင်လားဆိုတော့ အာမမခံဘူး၊ တောင်ယာတွေ ထဲ မိုင်းတွေရှိတယ်၊မပေါက်သေးတဲ့ လက်နက်ကြီးတွေ ရှိတယ် ရှင်းပေးဖို့ပြောတော့လည်း ၁၀ကွက်လောက်ပိုင်တဲ့တောင်ယာမှာ ၁၀ ကွက်စလုံး မိုင်းတွေ ရှိနေလို့လား လို့ စစ်ကောင်စီ ကလူက ပြန်မေးသွားတယ်၊ မိုင်းရှင်းပေးမယ် သူတို့မပြောဘူး၊ ကျနော်တို့ခြေထောက်အပို မပါဘူးလေ၊ဒီ နှစ်တော့ မစိုက်ရဲသေးဘူး” လို့အစည်းအဝေးတက်ရောက်ခဲ့တဲ့ စစ်ရှောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အခုရက်ပိုင်းမှာတင် လေးကေ့ကော်ဒေသတဝိုက်မှာ လေယာဉ်ပျံသန်းမှုတွေရှိနေပြီး မြေပြင်မှာလည်း ရွာတွေ မှာ စစ်အင်အားတွေချကာ စခန်းချနေကြကာ အချိန်မရွေးတိုက်ပွဲဖြစ်နိုင် တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။
KNU တပ်မဟာ၆ရဲ့ လေးကေ့ကော်ဒေသအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့ ၆ လကျော်အချိန်အတွင်း မယ့်ထော်သလေး၊ပဲဟိကလော် ၊မင်းလက်ပံ၊ အင်ကြင်းမြိုင်စတဲ့ ရွာတွေက စစ်ဘေးရှောင်တွေ နေရပ်ပြန်လည် နေထိုင်နေကြလို့ သိရပါတယ်။
ဒါပေမဲ့ဖလူးကြီး၊ဖလူးလေး ၊လေးကေကေကော်၊ထီးမယ်ဝါးခီး၊ရသေ့ဂူ၊သေ့ဘောဘိုးစတဲ့ ရွာတွေကဒေသခံ ၅၀၀၀ခန့်ကတော့ နေရပ်မပြန်ကြသေးဘဲ အစုအဖွဲ့ အလိုက် ရွေ့ပြောင်း စစ်ရှောင်နေကြရဆဲလို့ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။
ကုလ မြန်မာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီး မရေရာသေး
