ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ
ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ICRC က အကူအညီလိုအပ်နေတဲ့ ဒေသတွေဆီ သွားဖို့ တောင်းဆို
စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးတယ်လို့ အေအေပြော
ခင်ဦး၊ ကံသစ်ရွာအနီးမှာ ဒေသခံ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲမှူးအပါအဝင် ပျူစောထီးအဖွဲ့ဝင် ၁၃ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကံသစ်ကျေးရွာ အနောက်ဘက် မူးချောင်းတံတားအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ပျူစောထီးအဖွဲ့ဝင်တချို့ကို နယ်မြေခံဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်လာပါတယ်။
ခင်ဦး-ရေဦးလမ်း၊ မြင်းဒေါင်းကျေးရွာကနေ လမ်းကြေးကောက်ပြီး ခင်ဦးနယ်ထဲကို မြေသယ်ကားနဲ့ ပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေကို ခင်ဦးမြို့နယ်တွင်းက ဒေသကာကွယ်ရေး တပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ လည်း ခင်ဦးဒေသခံတွေကပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ရဲမှူးအပါအဝင် ပျူစောထီးအဖွဲ့ဝင် ၁၃ ဦးသေဆုံးကာ ဒေသခံ PDF တွေဘက်က ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်တွေလည်းသိမ်းဆည်းရမိတယ်လို့ရခဲ့တယ်လို့ Narapati Local Guerrilla Revolution Forceကဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ခင်ဦးနယ်ထဲက စစ်ကောင်စီအဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး သေဆုံးတာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, N.L.G.R.F
ဒေါက်တာမျိုးအောင်ကို ထောင် ၁၅ နှစ်နဲ့ ဦးရဲမင်းဦးကို ထောင် ၃ နှစ် စစ်ကောင်စီ ထပ်ချ, ဦးရဲမင်းဦးရဲ့ထောင်ဒဏ် စုစုပေါင်း ၁၈ နှစ် ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, ရဲမင်းဦးဖေ့ဘွတ်ခ်
ဓာတ်ပုံ ပုံစာ, နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး နေပြည်တော် ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော် ဒုတိယမြို့တော်၀န်ဟောင်း ဦးရဲမင်းဦးတို့ကို စစ်ကောင်စီက ဒီနေ့မှာ အဂတိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
ဒီနေ့ ဇွန် ၂၂ ရက်က ပြုလုပ်တဲ့ နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးမှာ ဒေါက်တာမျိုးအောင်ကို စွဲဆိုထားတဲ့အဂတိမှု ငါးမှုမှာတစ်မှုကိုသုံးနှစ်စီနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ်၊ ဦးရဲမင်းဦးကို အဂတိမှုတစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဦးရဲမင်းဦးဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့တုန်းကလည်း နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုစွဲဆိုထားတဲ့ အဂတိမှုတွေအတွက် ထောင် ၁၅ နှစ်ချမှတ်ခံထားရပြီဖြစ်ပြီး ခုထပ်မံချမှတ်ခံရတဲ့ ထောင် ၃ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင် ၁၈ နှစ် ရှိပြီဖြစ်ကာ သီးခြားစီကျခံရမယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ မနက်ဖန် စစ်ဆေးမယ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန် ဇွန် ၂၃ ရက်မှာ နေပြည်တော် အချုပ်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်တွင်း ပို့ဆောင်ဖို့ရှိမရှိနဲ့ပတ်သက်လို့တော့ မသိရဘူးလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းထံက သိရပါတယ်။
ဇွန် ၂၃ ရက်မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ရှောင်တာနယ်အပါအ၀င် ငါးဦးကိုစွဲချက်တင်ထားတဲ့ နိုင်ငံတော်လျှို့၀ှက်အက်အမှု ရုံးချိန်းရှိတာဖြစ်ပြီးမနက်ဖြန်အဲဒီရုံးချိန်းကိုထောင်တွင်းအထူးတရားရုံးမှာစစ်မယ်လို့အကြောင်းကြားလာတယ်လို့သိရကြောင်း တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကစလို့ နိုင်ငံတော် အတိုင်ပင်ခံ ရာထူးနဲ့သူနေခဲ့တဲ့ ခြံအမှတ် အေ (၃၃)၊ မြနန်းဘုံသာလမ်း ၊ ဇေယျာသီရိရပ်ကွက် ၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီကနေ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၀ ရက်၀န်းကျင်မှာ ဖယ်ရှားရွှေ့ပြောင်းစေခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားတယ်ဆိုတာကို ထုတ်ဖော်ပြောကြားတာ မရှိသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သူ့ကိုနေပြည်တော်ထဲမှာထားတာ သိပေမဲ့ ဘယ်နေရာဆိုတာကို တိတိကျကျမသိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှု တရားစွဲဆိုထားပြီး အဲဒီထဲက အမှုပေါင်း ၆ မှုနဲ့ စုစုပေါင်း ထောင် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန် အမှုတွေကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်တရားရင်ဆိုင်နေရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေကို နေပြည်တော်ကောင်စီ၀င်းထဲက ခြံနံပါတ် (၁) အထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ နေပြည်တော်အချုပ်ထောင်တွင်း အဆောက်အဦအသစ် တည်ဆောက်ပြီးသွားပြီဖြစ်လို့ လက်ရှိအထူးတရားရုံးမှာ စစ်ဆေးနေတဲ့အမှုတွေကို နေပြည်တော်အချုပ်ထောင်တွင်းက အထူးတရားရုံးသစ်မှာ စစ်ဆေးမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။
နေပြည်တော်အချုပ်ထောင်ဟာ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိခရိုင် တရားရုံးအနီးမှာ တည်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်လို့ အကျဥ်းဦးစီးဌာနတာ၀န်ရှိသူကို မေးမြန်းတဲ့အခါ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မသိရှိကြောင်း ဘီဘီစီကို ပြောပါတယ်။
နေပြည်တော်အချုပ်ထောင်ဟာ ဇဗ္ဗူသိရိမြို့နယ်၊ဉာဏသိဒ္ဓိရပ်ကွက်မှာတည်ရှိပြီး နေပြည်တော်မြို့တွင်းကနေ ကားနဲ့ဆို မိနစ် ၂၀ ခန့် သွားရတဲ့အကွာအဝေးမှာရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းကာလအတွင်း စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေအပါအဝင် သေဆုံးသူ ပြည်သူ ၂၀၀၀ အထိရှိပြီလို့ AAPP ထုတ်ပြန်
စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ လက်ရှိအချိန်ထိ စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေနဲ့ အရပ်သားပြည်သူ သေဆုံးမှု အယောက် ၂၀၀၀ အထိရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကထုတ်ပြန်လာပါတယ်။
ဒီအရေအတွက်တွေဟာဆိုရင် AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအရဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ သပိတ်စစ်ကြောင်းတွေ ပေါ်ပေါက်လာပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ နေပြည်တော်က ဆန္ဒပြပွဲတစ်ခုမှာ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စတင်ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တာပါ။
နောက်ပိုင်းမှာတော့ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက မြို့ကြီးတွေက ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ဖြိုခွင်းမှုတွေလုပ်လာပြီး ဒေသတချို့မှာတော့ လူဆယ်ချီအစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေကြားမှာ သေဆုံးခဲ့တဲ့အကြောင်းကိုလည်း ကာယကံရှင်တွေရဲ့ပြောကြားချက်တွေနဲ့ ဘီဘီစီက သတင်းမှတ်တမ်းတွေထုတ်ခဲ့ပါတယ်
။ ဆန္ဒပြပွဲအတွင်း သေဆုံးမှုတွေမှာ အထင်ကရဖြစ်စဥ်တွေအနေနဲ့ ၂၀၂၁ မတ်လထဲမှာ ရန်ကုန်က လှိုင်သာယာနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် လူဆယ်ချီသေဆုံးခဲ့တဲ့ဖြစ်စဥ်တွေဖြစ်ခဲ့တဲ့အကြောင်းကို ကိုယ်တိုင်ကြုံရတဲ့ ကာယကံရှင်တွေက ဘီဘီစီကိုပြောဆိုထားပါတယ်။
နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေအပြင် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တွင်းမှာ သေနတ်ထိမှန်သေဆုံးရတာတွေ၊ လမ်းမပေါ်မှာပစ်ခတ်ခံရတာတွေ၊ ဖမ်းဆီးသွားပြီးနောက်ပိုင်း သေဆုံးမှုတွေစစ်ကြောရေးကာလအတွင်း သေဆုံးမှုတွေအကြောင်းကို လည်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က အာဏာသိမ်းကာလတလျှောက်စာရင်းကောက်ယူမှတ်တမ်းတင်ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ဒါ့အပြင် AAPP ရဲ့မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကစပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လ ၂၁ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးထားသူ ပေါင်း တစ်သောင်းကျော်အထိရှိနေတယ်လို့သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စာရင်းအချက်အလက်အရလည်း အာဏာသိမ်းပြီးနောက်ပိုင်းကနေ အခုနှစ်ဧပြီ ၄ ရက်အထိ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၃၂ ဦး သေဆုံးခဲ့ပြီဖြစ်သလို ကလေးငယ် ၂၁၆ ဦးအထိ ဖမ်းဆီးခံထားရပါတယ်။
အဲ့ဒီထဲက အသက် ၁၅ နှစ်အောက် ကလေးငယ်နှစ်ဦးကို သေဒဏ်အမိန့်ချမှတ်ထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကတော့ စစ်ကောင်စီကိုဆန့်ကျင်သူတွေနဲ့ ပြည်သူတွေသေဆုံးမှုနဲ့ ပတ်သက်ပြီး ရံဖန်ရံခါ သတင်းထုတ်ပြန်တာတွေရှိပေမယ့် စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲတွေမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ထောင်ချီသေဆုံးတာနဲ့ပတ်သက်လို့ သီးခြားပြောဆိုတာ သတင်းထုတ်ပြန်တာ မရှိပါဘူး။
စစ်ကောင်စီနဲ့ စစ်ကောင်စီကို ထောက်ခံကြတဲ့ နိုင်ငံရေးပါတီအချို့ကလည်း သူတို့ရဲ့ အဖွဲ့ဝင်တွေကို ပစ်မှတ်ထားသတ်ဖြတ်မှုတွေကြောင့် အသက်သေဆုံးမှုတွေလည်း ရှိတယ်လို့ ထုတ်ဖော်ပြောဆိုနေတာတွေလည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AAPP
CRPH၊ NUG တို့နဲ့ ထိတွေ့ဆက်ဆံဖို့ ကုလသမဂ္ဂနဲ့ လွှတ်တော်တွေကို ဦးကျော်မိုးထွန်း တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the UN
ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်တွေနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union - IPU) တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့နဲ့ လက်ဆက် ထိတွေ့ဆက်ဆံဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မနေ့ ဇွန်လ ၂၁ ရက်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်တွေနဲ့ IPU ကြား အပြန်အလှန် အထောက်အကူပြုမှုဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားချိန် ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းလိုက်တာပါ။
မဲစာရင်း မသမာမှုနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ၊ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုဖွဲ့စည်းတာ၊ အဲဒီကော်မတီဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ထိတွေ့ဆက်ဆံနေတာ၊ နောက် ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို ပြီးခဲ့တဲ့ ဧပြီလမှာ ကျင်းပချိန် စစ်တပ်ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက် ဖမ်းဆီးမှုကြားကနေ လွှတ်တော်အမတ် ၃၀၀ နီးပါးတက်ရောက်ခဲ့တာတွေကိုလည်း သံအမတ်ကြီးက သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။
ဒ့ါကြောင့် မြန်မာ့ ဒီမိုကရေစီနဲ့ တရားမျှတမှုရှိရေး ကြိုးပမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ IPU တို့အနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ CRPH၊ NUG တို့နဲ့ ထိတွေ့ဆက်ဆံမှုလုပ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းကို မြှင့်တင်ဖို့ တိုက်တွန်းတဲ့အကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။
လောင်းလုံး၊ ဝဗျောကျေးရွာထဲကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေဝင်ရောက်ပစ်ခတ်, ဒေသခံအမျိုးသမီးတစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်၊ ဝဗျောကျေးရွာထဲကို မနေ့ ဇွန်လ ၂၁ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေအင်အားသုံးဝင်ရောက်လာပြီး နေအိမ် ၃အိမ်ကို ပစ်ခတ်စီးနင်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဝဗျောကျေးရွာမှာနေထိုင်တဲ့ အရင် NLD အစိုးရလက်ထက်ကအုပ်ချုပ်ရေးမှူးဟောင်းအိမ်ကို စတင်ဝင်ရောက်ပစ်ခတ်တာဖြစ်ပြီးပြီး ရှာဖွေသူတွေကိုမတွေ့ရှိတာကြောင့် အနီးအနားကအိမ်တွေကိုပါထပ်မံဝင်ရောက်ပစ်ခတ်တာတွေလုပ်ခဲ့ပြီး အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်ချို (ခေါ်) မယ်ချိုကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
‘’ စစ်ကား ၃စီးနဲ့ဝင်လာတာ၊ ပျူစောထီးတွေလည်းပါတယ်။ CDM လုပ်ထားတဲ့ NLD လက်ထက်ကအုပ်ချုပ်ရေးမှူးဟောင်းအိမ်ကို အရင်ဝင်ရှာတယ်။ ပြီးတော့ နောက်အိမ်တွေထပ်ဝင်ပြီး အမျိုးသမီးတစ်ဦးကိုဖမ်းသွားပြီး ဒီကနေ့(ဇွန် ၂၂ရက်) မနက် ၂နာရီလောက်မှာ ရိုက်နှက်ဒဏ်ရာ ဓါးဒဏ်ရာတွေနဲ့ အလောင်းကို ပြန်လာထားသွားတယ်’’ လို့ ဖြစ်စဥ်ကို ထားဝယ်ခရိုင်သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြန်ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာလည်း လောင်းလုံးမြို့နယ်ထဲက ဝေဒီကျေးရွာနဲ့ ဂေါ့အင်းကျေးရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးအဖွဲ့ဝင်တွေဝင်ရောက်ခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေမှာဆိုရင်လည်း ကျေးရွာအတွင်း နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးပစ်ခတ်တာတွေ ကြောင့် သေဆုံးခဲ့ရတာတွေဖြစ်ခဲ့ကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောဆိုထားပါတယ်။
လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေ အခုလို ဆက်တိုက်ဆိုသလို ဝင်ရောက်ပစ်ခတ်တာတွေ၊ သေဆုံးတာတွေရှိနေတာကြောင့် ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ကြိုတင်တိမ်းရှောင်ကြတာတွေ အိမ်တံခါးပိတ်ပြီးနေထိုင်ရတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် အခုရက်သတ္တပတ်ထဲမှာပဲ ထားဝယ်ခရိုင်အတွင်းက CDM ဝန်ထမ်းတွေအပါအဝင် ဒေသခံ အယောက် ၃၀လောက်လည်းဖမ်းဆီးခံထားရတယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ လောင်းလုံးနယ်ထဲက အရပ်သားသေဆုံးမှုတွေနဲ့ ဖမ်းဆီးမှုတွေအကြောင်းကို သတင်းထုတ်ပြန်တာမရှိပါဘူး။
ဒါ့အပြင် အခုရက်သတ္တပတ်ထဲမှာပဲ ထားဝယ်ခရိုင်အတွင်းက CDM ဝန်ထမ်းတွေအပါအဝင် ဒေသခံ အယောက် ၃၀လောက်လည်းဖမ်းဆီးခံထားရတယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထားဝယ်သပိတ်ကော််မတီ
ဓာတ်ပုံ ပုံစာ, ဇွန်လ ၁၆ ရက်နေ့က လောင်းလုံး၊ ဝေဒီကျေးရွာအတွင်း စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မီးရှို့ခဲ့တဲ့မြင်ကွင်း ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုပေါ်လာတဲ့အခါ စစ်ကောင်စီဘက်က လက်တုန့်ပြန်မှာကို ဒေသခံအချို့က စိုးရိမ်ပြီး အစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဝမ်ပေါင် ကြေးနီစီမံကိန်းမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဟာ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အလယ်ရွာနဲ့ မိုးကြိုးပြင်မြောက်ရွာတွေအပြင် ဖောင်းကားတောင်ရွာ၊ ဖောင်းကားအလယ်ရွာနဲ့ ဖောင်းကားမြောက်ရွာ၊ ဝါးတန်းရွာတွေကို မနေ့ ဇွန်လ ၂၁ ရက်မှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုဝင်ရောက်ချိန်မှာ စစ်ကောင်စီတပ်ဟာ မိုးကြိုးပြင်မြောက်ကျေးရွာက ဒေသခံ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်က မိုးကြိုးပြင်မြောက်ရွာကို မနေ့ကတည်းက ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် အဲဒီနောက်ပိုင်းမှာ ဆားလင်းကြီးဒေသကာကွယ်ရေးတပ်ဖွဲ့က ဝမ်ပေါင်စီမံကိန်းထဲကို လက်နက်ကြီးငယ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့ SRA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မှာလည်း မိုးကြိုးပြင်မြောက်ရွာထဲမှာ စစ်ကောင်စီတပ် ဆက်ရှိနေသေးတာကြောင့် မီးရှို့ခံရတဲ့နေအိမ် ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ဓားစာခံ ၂ ဦးအဖြစ် ဖမ်းဆီးခံရသူ ၂ ဦး အသတ်ခံရတယ်ဆိုတာကို တိတိကျကျ ပြောဖို့ ခက်ခဲနေသေးတယ်လို့ ဒေသခံတွေက ဘီဘီစီပြောပါတယ်။
ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လက်ပံတောင်းတောင်ဒေသမှာ တရုတ်ကုမ္ပဏီ ဝမ်ပေါင် နဲ့ စစ်တပ်ပိုင် မြန်မာဦးပိုင်လုပ်ငန်းတို့ အကျိူးတူပူးပေါင်းကာ ကြေးနီထုတ်လုပ်နေတာဖြစ်ပြီး စစ်ကောင်စီတပ်က လုံခြုံရေးယူထားပေးတာဖြစ်ပါတယ်။
သတင်းပေါက်ကြားပြီး စစ်တပ်ရဲ့ တိုက်ခိုက်မှုခံခဲ့ရတဲ့ ပွင့်ဖြူမှာ PDF ၁၂ ဦးသေဆုံး, ဖမ်းဆီးခံရသူတွေရှိသလို၊ လက်နက်တွေလည်း အသိမ်းခံရ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ထဲက မဲဇလီတံတားအနီးမှာ ဒီကနေ့ ဇွန်လ ၂၂ ရက်မနက်ပိုင်းက လက်နက်တွေသယ်ဆောင်လာတဲ့ ဒေသခံ PDF အဖွဲ့တစ်ခုကို စစ်ကောင်စီတပ်တွေကတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ နယ်မြေခံဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။
မကွေးတိုင်း သရက်၊ ကံမဒေသကာကွယ်ရေးတပ်ဖွဲ့ဟာသူတို့နဲ့အတူ လက်နက်တချို့ သယ်ဆောင်လာတာဖြစ်ပြီး သတင်းပေါက်ကြားမှုကြောင့် အခုလို စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်တာခံရတာဖြစ်တယ်လို့ ပွင့်ဖြူဒေသကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူကဆိုပါတယ်။
‘’ သရက်ကံမအဖွဲ့က ပခုက္ကူ၊ မြိုင်၊ ပေါက် အဲ့ဒီဒေသတွေဘက်ကနေလာတာ သတင်းပေါက်ကြားမှုဖြစ်ပြီး စစ်ကောင်စီတပ်တွေက ပွင့်ဖြူမဲဇလီတံတားကနေ စောင့်နေတာ။ PDF တွေလာတဲ့ Faw ကားနှစ်စီးကို စစ်ကောင်စီတွေကတားတော့ အရှေ့ကားက ၃ယောက်ဆင်းနေတုန်း အနောက်ကားက နေ စတိုက်ခိုက်တာ။အဲဒီမှာ ပြန်အလှန်ပစ်ခတ်မှုဖြစ်တော့ ကားပေါ်မှာလည်း ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းတွေပါတော့ တချို့က ပေါက်ကွဲတာတွေကြောင့်ထိပြီး ကျတာတွေလည်းပါတယ်။ ၁၂ ယောက်ကျတယ်။ ၃ယောက်ကတော့ ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ ၂ယောက်ကိုတော့ အရှင်ဖမ်းမိသွားတယ်။ လွတ်မြောက်သွားသူတွေလည်း ၁၃ ယောက်လောက်ရှိတယ်။သူတို့လာတဲ့ လမ်းတလျှောက်က တော့ PDF နယ်မြေစိုးမိုးပြီးသားနေရာပါ။ အခုဖြတ်တဲ့လမ်းက PDF နယ်မြေမစိုးမိုးတဲ့နေရာမှန်းသိပေမယ့် လိုအပ်နေတဲ့နေရာတွေဆီလက်နက်အရောက်ပို့ဖို့သွားကြတာ။ လက်နက် ၂၅လက်လောက်လည်း စစ်ကောင်စီကမိသွားတယ်’’ လို့ ပွင့်ဖြူဒေသကာကွယ်ရေးတပ် ဖွဲ့တာဝန်ခံ ကိုကျားကြီးက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တော့ စစ်ကိုင်းနဲ့ မကွေးလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှူန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ မနေ့ဇွန်လ ၂၁ ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုထားတာရှိပါတယ်။
အခုဒေသကာကွယ်ရေး PDF အဖွဲ့တွေတိုက်ခိုက်ခံရတဲ့ ပွင့်ဖြူမြို့နယ်ထဲက မဲဇလီတံတား လမ်းပိုင်းကတော့ PDF တွေမထိန်းချုပ်နိုင်သေးတဲ့နေရာဖြစ်သလို သတင်းပေါက်ကြားမှုတွေကြောင့် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ နယ်မြေခံ PDF တွေကပြောပါတယ်။
စစ်ကောင်စီဘက်ကသတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာလည်း ပွင့်ဖြူမြို့မှာ ဒေသကာကွယ်ရေးတပ်တွေ နဲ့တိုက်ခိုက်မှုဖြစ်ပွားပြီး လက်နက်တွေလည်းသိမ်းဆည်းမိတဲ့အကြောင်းနဲ့ ဒေသခံ PDF တွေသေဆုံးမှုကို ဓါတ်ပုံတွေနဲ့တကွထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စတင် ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, AKP
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်ပင်မှာ ဒီနေ့ ဇွန်လ ၂၂ ရက်မနက် ကစလို့ စတင်ကျင်းပနေပါတယ်။
၁၆ ကြိမ်မြောက် ဒီအစည်းအဝေးကို ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးက ဦးဆောင်ကျင်းပနေတာဖြစ်ပါတယ်။
အာဆီယံကာကွယ်ရေးဝန်ကြီးတွေဟာ ဒီအစည်းအဝေးကနေမှာ နယ်စပ်ဖြတ်ကျော် ကပ်ရောဂါ တားဆီးရေး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်ဖို့အပါအဝင် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို အတည်ပြုဖို့ရှိနေပါတယ်။
အဲဒီအစည်းအဝေးပွဲကို မြန်မာကို ကိုယ်စားပြုပြီး စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး လည်း တက်ရောက်နေပါတယ်။
အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွက် ဂျပန်ကာကွယ်ရေးဝန်ကြီးလည်း ဖနွမ်ပင်မြို့ကိုရောက်နေပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးကတော့ ဆက်စပ်အစည်းအဝေးတွေကို အွန်လိုင်းကနေတက်ရောက်မယ်လို့ ကမ္ဘောဒီးယားဘက်က အစောပိုင်းတုန်းက သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်အရှေ့ပိုင်းကတက္ကသိုလ်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၁၄ ဦးနဲ့ သေဆုံးမှုလည်းရှိနေတယ်လို့ ထုတ်ပြန်, ဖမ်းဆီးခံရပြီးနောက်ပိုင်းအဆက်အသွယ်မရသူတွေလည်းရှိနေ
၂၀၂၁ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ခုနှစ်မေလအထိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသား၁၄ ဦးအထိ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့က ဇွန်လ ၂၂ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဖမ်းဆီးခံရသူတွေအပြင် ပစ်ခတ်ခံရလို့ သေဆုံးသူ ကျောင်းသားတစ်ဦးရှိကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့က မနေ့ဇွန် ၂၁ ရက်ကထုတ်ပြန်လာပါတယ်။
သေဆုံးခဲ့သူဟာ မေလ ၁၉ ရက်နေ့က ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ရူပဗေဒဌာနနောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးဖြစ်ပြီး ဦးလေးဖြစ်သူနဲ့ အတူ နေအိမ်ပိုင်ဆိုင်ခန်းအတွင်းမှာ ထိုင်နေစဥ် ပစ်ခတ်ခံလိုက်ရပြီး သေဆုံးခဲ့တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ပြောဆိုထုတ်ပြန်ထားပါတယ်။
အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသူ မဟန်နီဦးနဲ့ ဦးလေးဖြစ်သူကို ပစ်ခတ်ခဲ့တာဟာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေကို ပြန်လည်တိုက်ခိုက်နေတဲ့ ရန်ကုန်(သွေးသောက်)အဖွဲ့ ကဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဘီဘီစီအနေနဲ့တော့ ပစ်ခတ်သူတွေဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာကို သီးခြားအတည်ပြုလို့မရပါဘူး။
ကျောင်းသားသမဂ္ဂအဖွဲ့ကထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေအရ ဖမ်းဆီးခံကျောင်းသား ၈ ယောက်ဟာ ထောင်ဒက် ၂ နှစ်ကနေ ၆ နှစ်အထိချမှတ်ခံထားရပြီး ၃ ဦးကတော့ ထောင်တွင်းစစ်ဆေးဆဲဖြစ်ကာကျောင်းသားကျောင်းသူ ၃ ယောက်ကတော့ ဖမ်းဆီးပြီးနောက်ပိုင်းကတည်းက အဆက်အသွယ်ပြတ် တောက်နေတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းတာကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင် နေကြသူတွေထဲမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသား သမဂ္ဂအဖွဲ့တွေလည်းပါဝင်ပြီး စစ်ကောင်စီဘက်ကလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးထောင်ချမှုတွေလုပ်ခဲ့ပါတယ်။
အဲဒီထဲက ဒဂုံတက္ကသိုလ်ကျောင်းသား နှစ်ဦး ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်ချမှတ်ခံ ထားရပြီး ကျောင်းသား ၁၅ ဦးခန့်အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ခံထားရတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။
ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများအင်အားစုရဲ့ စာရင်းအချက်အလက်အရ အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေထဲက အယောက် (၉၀)ကျော်ကို အမိန့်ချထားပြီဖြစ်ပြီး သေဒဏ်ချမှတ်ခံထားရသူတွေလည်း ပါဝင်နေတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ဒီနေ့ စတင်ကျင်းပမယ်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကာကွယ်ရေးဝန်ကြီးတွေရဲ့ ၁၆ ကြိမ်မြောက်အစည်းအဝေးကို လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်ပင်မှာ ဒီနေ့ ဇွန်လ ၂၂ ရက်ကစလို့ စတင်ကျင်းပဖို့ရှိနေပါတယ်။
အဲဒီအစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို တက်ဖို့ မလေးရှား၊ ထိုင်းနဲ့ မြန်မာက ကာကွယ်ရေးဝန်ကြီတွေအပြင် ဂျပန်ကာကွယ်ရေးဝန်ကြီးလည်း မြို့တော် ဖနွမ်းပင်ကို မနေ့ကတည်းက ရောက်နေကြပါတယ်။
အဲဒီအစည်းအဝေးပွဲကို မြန်မာကို ကိုယ်စားပြုပြီး စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်မှာဖြစ်ပြီး မနေ့ကတည်းက ရန်ကုန်ကနေ ဖနွမ်းပင်ကို ထွက်ခွါသွားပြီဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူထုအပေါ် ရက်စက်တဲ့လုပ်ရပ်တွေမှာ လက်ရှိကာကွယ်ရေးဝန်ကြီးတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးရဲ့ အခန်းကဏ္ဍ၊ နောက် စစ်အာဏာသိမ်းမှုအပြီးနောက်ဆက်တွဲဖြစ်ရပ်တွေကြောင့် သူ့အပေါ် နိုင်ငံတာက အရေးယူပိတ်ဆို့ထားတာတွေကို ထောက်ပြပြီး အာဆီယံကာကွယ်ရေးဝန်ကြီးတွေအနေနဲ့ စစ်ကောင်စီကို အစည်းအဝေးပွဲ မဖိတ်ဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီလိုတိုက်တွန်းပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး အစည်းအဝေးတက်မယ်ဆိုပြီး ကမ္ဘောဒီးယားက ပြီးခဲ့တဲ့တစ်ပတ်မှာကြေညာခဲ့ပါတယ်။
DVB သတင်းထောက် ဦးအောင်စံလင်းအမှု လာမယ့်သီတင်းပတ် အပြီးသတ်လျှောက်လဲမယ်
မမှန်သတင်းဖြန့်ဝေမှု အတွက် ပုဒ်မ ၅၀၅-က (ခ)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂ (က) တို့အရ စွဲချက်တင်ခံထားရတဲ့ DVB သတင်းထောက် ဦးအောင်စံလင်းအမှု အတွက် တရားခံပြ သက်သေကို ဒီကနေ့ စစ်ဆေးပြီး ဇွန်လ ၂၈ ရက်နေ့မှာ နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်ပေးကြရမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဦးအောင်စံလင်းကို ဇွန်လ ၆ ရက်နေ့က ရုံးချိန်မှာ ဝက်လက် မြိုနယ် တရားရုံးက စွဲချက်တင် အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၁ ရက်ကစစ်ကောင်စီ တပ်ဖွဲ့တွေကဝက်လက်မြို့နယ် ပင်းစင်းရွာက သူ့နေအိမ်ကနေ ဦးအောင်စံလင်းကို ဖမ်းဆီးသွားပြီး နောက် ဇန်နဝါရီ လ ၁၃ ရက်က ရွှေဘို အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ သက်ဆိုင်ရာ တရားသူကြီးတွေက လုံခြုံရေး အန္တရာယ် စိုးရိမ်ပြီး ရွှေဘိုအကျဉ်းထောင်ကို လာရောက် အမှု မစစ်နိုင်တဲ့အတွက် လနဲချီပြီး ရုံးမထုတ်နိုင် ဖြစ်ခဲ့ပါတယ်။
ပထမဆုံး အကြိမ် ရုံးထုတ်တဲ့ ဧပြီလ ၂၈ ရက်နေ့ကဦးအောင်စံလင်းကို မမှန်သတင်းဖြန့်မှု၊ လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က(ခ)၊ အကြမ်းဖက်မှု ပုဒ်မ ၅၂ က၊ ပုဒ်မ ၅၂ ခ တို့နဲ့ တရားစွဲဆိုခဲ့ ပေမဲ့ဇွန်လ ၆ ရက်နေ့က ဦးအောင်စံလင်းကို ကြားနာ စစ်ဆေးပြီး ပုဒ်မ ၅၂ ခ ကို ဖြုတ်လိုက်ပါတယ်။
ဒါကြောင့်လောလောဆယ် ဦးအောင်စံလင်း အမှု နှစ်ခု ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဦးအောင်စံလင်း
ရခိုင်မှာ အေအေနဲ့ စစ်ကောင်စီကြား အပြန်အလှန်ဖမ်းဆီးမှုတွေရှိနေ
ရုရှားက စက်သုံးဆီ ဝယ်ဖို့ စစ်ကောင်စီကြိုးပမ်း
ဆားလင်းကြီး၊ အောင်မိုးနဲ့ဖောင်းကားရွာက လူငယ် ၄ဦး ဖမ်းဆီးခံရ, လမ်းမကြီးတချို့ကို ခေတ္တလမ်းပိတ်ထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဆားလင်းကြီး၊ အောင်မိုးနဲ့ဖောင်းကားရွာက လူငယ် ၄ဦး ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုန့ယ်တွင်းက အောင်မိုးရွာက လူငယ် ၂ဦးနဲ့ ဖောင်းကားတောင်ရွာက လူငယ် ၂ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလိုဖမ်းဆီးတာတွေအပြင် မိုးကြိုးပြင်မြောက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာအနီးဝန်းကျင်ကရွာတွေဘက်ကိုလည်း ဒီကနေ့ဇွန် ၂၁ရက် မနက်မှာတော့ စစ်ကြောင်းထိုးသွားလာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
"ရွာခံတွေက ထွက်ပြေးနေကြတယ်။ ဒီလူငယ် ၄ဦးကိုက ဒီတိုင်းဓားစာခံအနေနဲ့ ဖမ်းထားတဲ့ သဘောမျိုးဖြစ်နေတာ။ ဒီလပိုင်းထဲ ဆားလင်းကြီးရွာတွေကို အတော်ဝင်မွှေတယ်၊ အခု ဖမ်းထားတဲ့ သူတွေဘယ်လိုနေလဲဆိုတာ နောက်ဆက်တွဲလုံးဝမသိရသေးဘူး" လို့ ဆားလင်းကြီး ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ကစပြီး မုံရွာ - ပုသိမ်၊ ဆားလင်းကြီး - ညောင်ပင်ကြီး၊ ဆားလင်းကြီး - ပေါင်းဝ စတဲ့ လမ်းတွေကို အရေးပေါ် ခေတ္တပိတ်ထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဆားလင်းကြီးမြို့နယ်ကို ပြီးခဲ့တဲ့လပိုင်းကစပြီး အင်တာနက်ဖြတ်တောက်ထားတာဖြစ်ပါတယ်။
မန္တလေး၊ မဟာအောင်မြေက တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ, ပစ်ခတ်မှုပြီးနောက် တမြို့လုံးကိုပိတ်ဆို့စစ်ဆေးတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, MCDC
ဓာတ်ပုံ ပုံစာ, မန္တလေးမြို့မြင်ကွင်း ဒီကနေ့ ဇွန် ၂၁ရက်၊ မနက်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။
အဲ့ဒီတပ်ကြပ်ကြီးဟာ ရန်ကုန်ကနေ မန္တလေးကိုပြန်လာချိန် ပစ်ခတ်ခံခဲ့ရပြီး နေရာမှာ တင်သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Generation Z Power က ထုတ်ပြန်ထားပါတယ်။
"သူဘာလို့အပစ်ခံရလဲမသိကြဘူးဗျ၊ မန္တလေးကိုရန်ကုန်ကနေဘာကြောင့်ရောက်လာလည်းဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရဘူး။ မနက်၇နာရီဖြစ်ဖြစ်ချင်း တစ်နာရီအတွင်းကို တစ်မြို့လုံးနီးပါး ဆိုင်ကယ် tool box ကမကျန်စစ်တာ" လို့မန္တလေးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲ့ဒီနောက် အမရပူရမြို့နယ်ထဲမှာလည်း ပစ်ခတ်သံတချို့ကြားရသလို အမျိုးသမီးနှစ်ဦးအဖမ်းခံရတယ်လို့သိရပြီး ဘီဘီစီဘက်ကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒီကနေ့ မနက်မှာတင် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် YUFL မှာ ပေါက်ကွဲမှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မနေ့တုန်းကလည်း ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ ရဲသင်တန်းကျောင်းကို ဗုံးခွဲတဲ့ဖြစ်စဥ်ရှိခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျားအသိုင်းအဝိုင်းက သိရပါတယ်။
၂၀၂၁ နှစ်ကုန်အထိခန့်မှန်း မြန်မာ့လူဦးရေ ၅၅ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်
၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအပေါ် အခြေခံပြီး ၂၀၂၁ ခုနှစ်အောက်တိုဘာ လအထိ ရှိတဲ့ ခန့်မှန်းနိုင်ငံလူဦးရေဟာ ၅၅ သန်း၊ ၂ သိန်းကျော်လို့ စစ်ကောင်စီရဲ့ ပြည်သူ့အင်အားဦးစီးဌာန က ဒီကနေ့မှာထုတ်ပြန်ပါတယ်။
၂၀၁၄ ခုနှစ်တုန်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပြင်ကွင်းဆင်းပြီး သန်းခေါင်စာရင်းကောက်ယူ ခဲ့ချိန် ရှိခဲ့တဲ့ တစ်နိုင်ငံလုံးရဲ့ လူဦးရေက ၅၁ သန်းကျော်ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းတော့ ၂၀၁၄ခုနှစ် အချက်အလက်အပေါ်မှာ အခြေခံပြီး လူဦးရေခန့်မှန်းတွက်ချက်ထုတ်ပြန် တာမျိုးသာလုပ်ကိုင်တာမျိုးဘဲရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ခန့်မှန်းထုတ်ပြန်ချက်အရဆိုရင်လည်း နိုင်ငံလူဦးရေက ၅၄ သန်းအထိတိုးလာခဲ့ပါတယ်။
အခု ၂၀၂၁ ခန့်မှန်းစာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ ၂ နှစ်အတွင်း လူဦးရေ ၁သန်းကျော်အထိ တိုးလာပါတယ်။
လာမယ့် ၂၀၂၄ ခုနှစ်မှာတော့ မြေပြင်ကွင်းဆင်းပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက် ယူမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အတိအလင်းထုတ်ပြော ထားပါတယ်။
အဲဒီအတွက်လည်း သန်းခေါင်စာရင်း မေးခွန်းပုံစံနမူနာပြုစုတာတွေကို နေပြည်တော်အပါအဝင် မြို့နယ်အချို့ မှာ ကွင်းဆင်းလုပ်ဆောင်နေတာတွေလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DOP
ဓာတ်ပုံ ပုံစာ, ၂ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ လူဦးရေ ၁သန်းကျော်တိုးလာ
