မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကိုတိုက်ရိုက်တင်ဆက်မှုစာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. မဲခေါင်သတင်းဌာန အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

    မဲခေါင်သတင်းဌာန အလွတ်တန်းသတင်းထောက် ကိုမောင်မောင်မျိုး

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မဲခေါင်သတင်းဌာန အလွတ်တန်းသတင်းထောက် ကိုမောင်မောင်မျိုး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာချီလိတ်မြို့အခြေစိုက် မဲခေါင်သတင်းဌာနရဲ့ အလွတ်တန်းသတင်းထောက် ကိုမောင်မောင်မျိုးဟာ ကရင်ပြည်နယ် ဘားအံမြို့မှာဖမ်းဆီးခံရတယ်ဆိုပြီး သူ့ရဲ့မိခင်သတင်းဌာနက ဒီနေ့ မေလ ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မြဝတီမြို့ကနေ မန္တလေးကိုသွားမယ့် ခရီးသည်တင်ကားတစ်စင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သံလွင်တံတားမှာ စစ်ဆေးချိန် ကားပေါ်မှာ လိုက်ပါလာတဲ့ ကိုမောင်မောင်မျိုးရဲ့ လက်ကိုင်ဖုန်းလည်း စစ်ဆေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

    ကိုမောင်မောင်မျိုးရဲ့လက်ကိုင်ဖုန်းထဲက လူမှုကွန်ရက် ဖေ့ဘွတ်ခ် အကောင့်မှာ တင်ထားတဲ့ သတင်းတွေကို မြင်တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာလို့လည်း ဆိုပါတယ်။

    လက်ရှိမှာ ကိုမောင်မောင်မျိုးကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘူးလို့လည်း မဲခေါင်သတင်းဌာနက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့သတင်းသမား ၁၂၀ ကျော်အထိနေပါတယ်။

    အဲဒီထဲက အယောက် ၅၀ နီးပါးဟာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်သလို မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)အပါအဝင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ စွပ်စွဲထားတဲ့အမှုတွေကို ရင်ဆိုင်နေရပါတယ်။

  3. မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲတွေမှာ ချန်လှပ်ထားဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲတွေမှာ ချန်လှပ်ထားဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဖြစ်ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

    မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြားရရှိတဲ့ ဘုံသ‌‌ဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မပြဘူးဆိုတဲ့အချက်နဲ့ စစ်ကောင်စီဥက္ကဋ္ဌအစား နိုင်ငံရေးရာထူးမယူထားတဲ့ကိုယ်စားလှယ်ကိုပဲ ထိပ်သီးဆွေးနွေးပွဲကို ဖိတ်ကြား့အာဆီယံဆုံးဖြတ်ချက်အတိုင်း အမေရိကန်က ဆက်လက် ကျင့်သုံးတာကြောင့်ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာ၊ လူထုအပေါ် အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ တိုးလုပ်နေတာတွေကြောင့် အာဆီယံဆုံးဖြတ်ချက်အတိုင်း ကျင့်သုံးတာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရိုက်စ်က မေလ ၁၁ ရက်မှာ ပြောပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဥ် အမြန်ပေါ်ပေါက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပါအဝင် သက်ဆိုင်သူတွေနဲ့တွေ့ဆုံစေရေး၊ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်အကောင်အထည်ဖော်ရေး စစ်ကောင်စီကို ဖိအားပေးတဲ့ အာဆီယံရဲ့အားထုတ်မှုကို အမေရိကန်က ဆက်လက်အားပေးထောက်ခံတယ်လို့လည်းဆိုပါတယ်။

    အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို မနက်ဖြန် မေလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်းပဖို့ရှိပြီး အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတတို့ လူချင်းတွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ စစ်ကောင်စီဥက္ကဋ္ဌ ဒါမှမဟုတ် သူ့ကိုယ် ကိုယ်စားပြုသူ တစ်ဦးဦး တက်ရောက်ခွင့်မရဘူးဆိုရင် ကိုယ်စားလွှတ် မှာမဟုတ်ဘူးဆိုပြီး အာဆီယံထိပ်သီး‌‌ဆွေး‌နွေးပွဲတွေကို မတက်ထားပါဘူး။

  4. အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန် မြန်မာ့အရေးအလေးထားဆွေးနွေးဖို့ သမ္မတဘိုင်ဒန်ကို HRW တိုက်တွန်း

    သမ္မတဘိုင်ဒန်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးထားကြပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သမ္မတဘိုင်ဒန်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးထားကြပါတယ်။

    လာမယ့်ရက်ပိုင်းအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အခါ မြန်မာ့အရေးအလေးထားဆွေးနွေးဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က တိုက်တွန်းလိုက်ပါတယ်။

    မနက်ဖြန် မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ အာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေနဲ့ ဝါရှင်တန်မြို့မှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ သမ္မတ ဘိုင်ဒန်ကို HRW က စာပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

    မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မအောင်မြင်တော့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်ရေး အာဆီယံကို တိုက်တွန်းဖို့၊ စစ်ကောင်စီဘက်က ပြုပြုင်ပြောင်းလဲမှုလုပ်လာအောင် ပြည်ပဝင်ငွေရရှိမှုနဲ့ လက်နက်ဝယ်မှုတွေအပိုင်းကို ကန့်သတ်မှုတာမျိုးလို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူလို မြန်မာ့အရေးချဥ်းကပ်မှုမှာ အမြင်တူတဲ့နိုင်ငံတွေနဲ့အတူ ညှိနှိုင်းလုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းပါတယ်။

    ''အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့ကြားက မဟာမိတ်ဖြစ်တည်မှု အနာဂတ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုပေါ်မှာ မူတည်နေတယ်ဆိုတာကို တစ်ဦးတည်းသြဇာနဲ့အုပ်ချုပ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ ခေါင်းဆောင်ကို သမ္မတဘိုင်ဒန်အစိုးရအနေနဲ့ ဒီထိပ်သီးဆွေးနွေးပွဲမှာ ပြောဖို့လိုအပ်လိမ့်မယ်''လို့ HRW ရဲ့ အာရှဆိုင်ရာအကြီးအကဲက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ မြင့်တက်လာတာကို မြန်မာမှာ စစ်တပ်က ရိုဟင်ဂျာတွေ၊ တိုင်းရင်းသားတွေနဲ့ အာဏာသိမ်းဆန့်ကျင်သူတွေအပေါ် ရက်စက်ခဲ့တာ၊ နောက် ဖီလစ်ပိုင်နိုင်ငံမှာ ရာထူးသက်တမ်းကုန်တော့မယ့် သမ္မတဒူတာတေးလက်ထက်မှာ မူးယစ်နှိမ်နင်းရေးစစ်ပွဲဆိုပြီး လူထောင်ချီ တရားခွင်မရောက်ဘဲ သတ်ဖြတ်ခံရတာ၊ တစ်ပါတီစနစ်ကျင့်သုံးတဲ့ ဗီယက်နမ်နိုင်ငံမှာ နိုင်ငံရေးသဘောထားကွဲလွဲသူတွေကို အစိုးရက ဖိနှိပ်မှုတိုးလုပ်နေတာ၊ ကမ္ဘောဒီးယားနိုင်ငံမှာ အာဏာပိုင်တွေက အတိုက်အခံနိုင်ငံရေးသမားတွေကို မျက်ကွယ်‌ထောင်ဒဏ်ချမှတ်တာတွေနဲ့ အဲဒီအဖွဲ့က ထောက်ပြပြောဆိုထားပါတယ်။

    အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို မြန်မာအပါအဝင် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မ‌လေးရှား၊ စင်ကာပူ၊ ဘရူနိုင်းစတဲ့ ၁၀ နိုင်ငံနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

  5. စစ်တပ်ရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ ပြည်တွင်းရေးတွေအပေါ်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ အမြင်

    ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေ ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ဘူးဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်၊ အာဏာသိမ်းမှုကြောင့် ပိုပြီးကြီးမားကျယ်ပြန့်လာနေတဲ့ ပြည်တွင်းပဋိပက္ခ အကျပ်အတည်းနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ အပြန်အလှန်သတ်ဖြတ်မှုတွေကြား လက်နက်တပ်ဆင်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့တဲ့အပေါ် တုံ့ပြန်ချက်၊ စစ်တပ်က ကျင်းပပေးမယ့် ရွေးကောက်ပွဲ စတာတွေအပါအ၀င် လက်ရှိ ပြည်တွင်းပဋိပက္ခတွေအပေါ် တပ်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိထားတဲ့ ပြည်‌ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြားချက်ကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

  6. ရေဦးနယ်၊ မုံတိုင်ပင်ရွာမှာ သက်ကြီးရွယ်အိုတွေအပါအဝင် လူဆယ်ချီကို စစ်တပ်ဖမ်းထား

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ‌ရေဦးနယ်ထဲက နှောကုန်းရွာမှာ နေအိမ် ၆ လုံး မီးရှို့ခံခဲ့ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ‌ရေဦးနယ်ထဲက နှောကုန်းရွာမှာ နေအိမ် ၆ လုံး မီးရှို့ခံခဲ့ရပါတယ်။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မုံတိုင်ပင်ကျေးရွာကို မနေ့ မေလ ၁၀ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာတဲ့ စစ်တပ်ဟာ ကျေးရွာထဲက သက်ကြီးရွယ်အိုတွေအပါအဝင် လူဆယ်ချီကို ဖမ်းဆီးထားတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောလာပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့မနက် ၅ နာရီကျော်ကျော်မှာ ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီးနောက်မှာ ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ‘’ဖမ်းထားတဲ့လူ ဆယ်ချီမှာ အများစုက အမျိုးသားတွေပါ။ သူတို့ကို ရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ ဖမ်းထားဆဲလို့ သိရတယ်။ ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ ရွာထဲ ဝင်မကြည့်နိုင်သေးလို့ တိတိကျကျမပြောနိုင်သေးဘူး။ မနေ့ညက ရွာထဲက ၁၀ နှစ်အရွယ် ကလေးတစ်ယောက် ထွက်ပြေးလာတာ သူ့အဖိုးက မျက်စိမွဲနေတယ်လို့ ပြောတာကို စစ်သားတွေက ဖမ်းသွားတယ်လို့ ပြောတယ်’’လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့က ံတိုင်ပင်ရွာကို ဝင်တဲ့စစ်ကောင်စီတပ်ဟာ အနီးနားက အင်ပင်နဲ့ ဆီဆုံရွာတို့ကိုလည်း ဝင်ရောက်ခဲ့ပြီး ကျေးရွာတွေထဲက မီးခိုးလုံးတွေ တက်လာတာကို မြင်တွေ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ ကျေးရွာထဲ ဝင်ခွင့်မရလို့ ရွာထဲမှာ ပျက်စီးဆုံးရှုံးမှု ပမာဏကို မသိရသေးသလို ဒီနေ့ မေလ ၁၁ ရက် မနက်ပိုင်းမှာလည်း ကျေးရွာထဲကနေ မီးခိုးလုံးတွေ တက်တာမြင်တွေ့နေရတယ်ဆိုပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှော‌င်ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

  7. ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတချို့မှာ ရွာအလိုက်ကာကွယ်ရေးအဖွဲ့ဖွဲ့ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖိအားပေးနေတယ်လို့ဆို

    MPA

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်ဘက်က စစ်လေ့ကျင့်ရေး သင်တန်းကို ပျူစောထီးသင်တန်းလို့လည်း ပြောဆိုကြ

    မနေ့ မေလ (၁၀)ရက်တုန်းက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာလက်နက်ကြီးတွေပစ်ဖောက်ကာဝင်ရောက်လာခဲ့ပြီး ရွာအလိုက်ကာကွယ်ရေးအဖွဲ့တွေဖွဲ့ဖို့ ဖိအားပေးပြောဆိုသွားခဲ့တယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။

    (၇)ရက်အတွင်း ကာကွယ်ရေးအဖွဲ့တွေဖွဲ့ကာ စစ်ကောင်စီနဲ့ ပူးပေါင်းရမယ်လို့ဆိုပြီး တကယ်လို့အဖွဲ့တွေမဖွဲ့ခဲ့ရင် ဘာဆက်လုပ်မလဲဆိုတာကို တော့ တိတိကျကျမပြောသွားခဲ့ဘူးလို့ သိရပါတယ်။

    "ရွှေဘိုအရှေ့ရွာ၊ ရွှေဘိုကွက်သစ်ကံဒိုးရွာကိုလည်း ဝင်တယ်လေ။ ရွှေဘိုအရှေ့ရွာမှာဆို ဘုန်းကြီးကျောင်းကိုဝင်ပြီး အစည်းအဝေးလုပ်တယ်၊ ဘာပြောလဲအသေးစိတ်မသိဘူး ပြေးနေရတာလေ၊ ဝင်လာတော့ စစ်သားကနည်းနည်းပဲ ပျူစောထီးတွေအများကြီးနဲ့ အင်အား ၁၀၀ ကျော်ဝင်လာကြတာ"လို့ ဂန့်‌ဂေါဒေသခံတစ်ဦးက ‌ပြောပါတယ်။

    အဲ့ဒီလိုဝင်လာချိန် သေနတ်တွေပစ်ဖောက်တာကြောင့် ရွာခံအများစုထွက်ပြေးတိမ်းရှောင်ကြပြီး ရွှေဘိုကွက်သစ်ကံဒိုးရွာက နွားမတစ်ကောင် လက်နက်ကြီးထိမှန်ကာ ရှေ့ခြေထောက်ပြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    အခုရွာတွေဟာ စစ်ကောင်စီနဲ့ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့တွေအဓိကစခန်းချနေထိုင်တဲ့ မြောက်ခရမ်းနားမှာရှိတာကြောင့် အဲ့ဒီမြောက်ခရမ်းရွာက စစ်ကောင်စီနဲ့ အရပ်အခေါ်ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ အခုလိုထိစပ်နေတဲ့ရွာတွေကို ဖိအားပေးတဲ့အခြေအနေကြုံတွေ့နေရတာလို့ ဆိုပါတယ်။

    စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း လုံခြုံရေးအတွက်ဆိုကာ ရပ်ရွာဒေသအလိုက် ပြည်သူ့စစ်အဖွဲ့ဝင်တွေဖွဲ့စည်းမယ်လို့ တရားဝင်ပြောထားပြီး အခုလိုဖိအားပေးဖွဲ့စည်းခိုင်းတာနဲ့ပတ်သက်လို့တော့ တစုံတရာပြောကြားထားတာမျိုးမရှိပါဘူး။

  8. လာမယ့်ရက်အနည်းငယ်အတွင်း မိုးရာသီစဝင်မယ်

    ရွှေအင်းသားခင်မောင်ဝင်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ခုနှစ်၊ မိုးရာသီကာလရန်ကုန်မြို့မြင်ကွင်း (ပုံဟောင်း)

    လာမယ့်ရက်အနည်းငယ်အတွင်း မိုးရာသီစဝင်တော့မယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။ အနောက်တောင်မုတ်သုံလေဟာ လာမယ့်မေလ (၁၁)ရက်ကနေ (၁၅)ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ မေလ (၁၆)ရက်ကနေ (၂၀)ရက်နေ့အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသတွေကို အသီးသီးဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ မေလ (၁၁)ရက်၊ မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

    အနောက်တောင်မုတ်သုံလေဝင်ရောက်မှုကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်နိုင်ပြီး ဒီမုတ်သုံလေဟာ အားအသင့်အတင့်ကနေ အားကောင်းလာနိုင်တယ်လို့ဆိုပါတယ်။

    ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နိုင်ပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံအနှံ့က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာမိုးရွာသွန်းမှုတွေဆက်ရှိနိုင်ပြီး စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရခိုင်၊ ကရင်နဲ့ မွန်စတဲ့ ဒေသတွေမှာ (၇)ရက်ကနေ (၉)ရက်အတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ချင်း၊ ကယား စတဲ့ဒေသတို့မှာတော့ (၄)ရက်ကနေ (၆)ရက်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် အိန္ဒိယနိုင်ငံကိုဦးတည်နေတဲ့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အာစန်နီဟာလည်း နောက် (၆)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်၊ မေလ ၁၂ရက်မှာတော့ အားကောင်းသောမုန်တိုင်းငယ်အဆင့်ကို တဖြည်းဖြည်းအားလျော့သွားနိုင်တယ်လို့ ဆိုပါတယ်။

    ဒီဆိုင်ကလုန်းမုန်တိုင်းကတော့ မြန်မာနိုင်ငံကိုဦးတည်ရွေ့လျားမယ့်အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်။

  9. စစ်ကောင်စီဥက္ကဋ္ဌနေအိမ်နဲ့ခြံကို လေလံရောင်းချမှု ၅ ရက်အတွင်း ဒေါ်လာ ၃ သန်းရပြီလို့ NUG ပြော

    စစ်ခေါင်းဆောင်ရဲ့ပုံတူကို နံရံတွေနဲ့လမ်းတွေပေ်မှာ မှုတ်ဆေးဖြန်းရေးဆွဲပြီး ဆန္ဒပြမှုဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသတဲ့ပုံဖော်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ရဲ့ပုံတူကို နံရံတွေနဲ့လမ်းတွေပေ်မှာ မှုတ်ဆေးဖြန်းရေးဆွဲပြီး ဆန္ဒပြမှုဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသတဲ့ပုံဖော်မှုတွေထဲက တစ်ခုဖြစ်လာပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ကနေအိမ်နဲ့ခြံကို လေလံတင်ရောင်းချရာမှာ ၅ ရက်အတွင်း အစုရှယ်ယာ ဒေါ်လာ ၃ သန်းဖိုးရောင်းချနိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ စီမံဘဏ္ဍာနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးကပြောလာပါတယ်။

    စစ်ခေါင်းဆောင်ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းပေါ်က အမှတ် ၁၄ နေအိမ်နဲ့ခြံကို ဒေါ်လာ ၁၀ သန်းနဲ့ရောင်းချဖို့ လျာထားတာကြောင့် လက်ရှိရောင်းအားနဲ့ဆိုရင် အဲဒီပမာဏဟာ လာမည့်ရက်ပိုင်းမှာ ပြည့်နိုင်မယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်က သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောထားပါတယ်။

    ရှယ်ယာဝယ်ယူ‌မှုတွေထဲက ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားတွေ ဝယ်ယူကြတာလို့လည်း ဝန်ကြီးကပြောပါတယ်။

    လက်ရှိမှာ အဲဒီနေအိမ်နဲ့ခြံဟာ ကာလတန်ဖိုး ဒေါ်လာ သန်း ၃၀ နီးပါးစျေးရှိပေမဲ့ အဲဒီတန်ဖိုးနဲ့ ၃ ပုံ၊ ၁ ပုံဖြစ်တဲ့ ဒေါ်လာ ၁၀ သန်း တန်ဖိုးသတ်မှတ်ပြီး ဒေါ်လာ ၁၀၀ တန်ဖိုးရှိတဲ့ အစုရှယ်ယာပေါင်း ၁ သိန်းအထိ ရောင်းချသွားဖို့ NUG စီမံဘဏ္ဍာနဲ့ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက စီစဥ်နေတာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းဆန့်ကျင်မှု တော်လှန်ရေးပြီးတဲ့အခါ အဲဒီနေအိမ်နဲ့ခြံကို လေလံတင်ရောင်းချပြီး အကျိုးအမြတ်တွေကို လက်ရှိအစုရှယ်ယာ ဝယ်ယူထားသူတွေကို ခွဲဝေပေးသွားဖို့ NUG က ပြောထားပါတယ်။

  10. မကွေးတိုင်းအတွင်းတိုက်ပွဲပြင်းထန်

  11. မိုးရွာသွန်းမှုကြောင့် ကျောက်တော်က မီးလောင်ခဲ့တဲ့ စစ်ရှောင်စခန်းမှာ နေထိုင်စရာ အရေးတကြီးလိုအပ်နေ

    ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးရှောင် စစ်ရှောင်စခန်းမှာ မနေ့က မီးလောင်မှုကြောင့် နေထိုင်စရာလိုအပ်နေသူတွေမှာ အခုအခါ မိုးရွာသွန်းမှု စလာပြီ ဖြစ်တဲ့အတွက် အိမ်တွေ အရေးတကြီး ပြန်ဆောက်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံ အဖွဲ့အစည်းတွေက ပြောပါတယ်။

    နေအိမ်တွေ ပြန်လည်တည်ဆောက်ရေးနဲ့ အကူအညီပေးရေးကိစ္စရပ် တွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနမှာသာ တာဝန်ရှိပြီး အဲ့ဒီဌာနနဲ့ ပြည်ထောင်စု အဆင့် (စစ်ကောင်စီ) တို့ ညှိနှိုင်းဆောင်ရွက်ကြမှာဖြစ်တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

    စခန်းမှာ မေလ ၉ ရက်နေ့ ညသန်းခေါင်ကျော် အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ပေါင်း ၄၃၂ ဆောင်ရှိတဲ့အနက် ၂၆၂ ဆောင်မီးလောင်ကျွမ်းခဲ့ရတာကြောင့် မီးဘေးသင့်စစ်ဘေးရှောင် ၁၀၇၃ ဦးတို့ဟာ လတ်တလောအကူအညီတွေလိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

    စားနပ်ရိက္ခာလည်းလိုအပ်နေပြီး မီးလောင်မှုဖြစ်ပွားခဲ့နေ့မှာတော့ ပြည်နယ်ကောင်စီရဲ့အစီစဉ်နဲ့ မီးဘေးသင့်မိသားစုတွေကို စားနပ်ရိက္ခာနဲ့ အသုံးအဆောာင်ပစ္စည်းတွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ဆိုပါတယ်။

    မီးဘေးသင့်သူတွေကို လတ်တလောမှာတော့ အဲ့ဒီအနီးဝန်းကျင်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနဲ့ စာသင်ကျောင်းတွေမှာ ယာယီနေရာချပေးထားပြီး သူတို့နေထိုင်ဖို့အတွက် အလှူရှင်တွေကနေ ထောက်ပံ့လှူဒါန်းပေးတဲ့ ငွေကြေးတွေနဲ့ ယာယီနေထိုင်လို့ရမယ့် တန်းလျားတွေဆောက်လုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

    မီလောင်မှုမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်ကို နိုင်ငံဘဏ္ဍာသန်းပေါင်းများစွာနစ်နာရတယ်ဆိုပြီး အဂတိမှုနဲ့ အရေးယူ

    ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ နေပြည်တော်က ရဲစခန်းတစ်ခုမှာ ဒီကနေ့ရက်စွဲနဲ့ တိုင်ကြားချက်ဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီ မီဒီယာတွေက ကြေညာပါတယ်။

    ဦးဘိုဘိုငယ်ကို အဂတိတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးချက်တွေအရ နိုင်ငံခြားသုံးငွေ လွှဲပြောင်းမှုတွေမှာ ကြီးကြပ်မှု အားနည်းခဲ့မှုနဲ့ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံဘဏ္ဍာငွေ ကျပ်သန်းပေါင်းများစွာ နစ်နာရတယ်ဆိုပြီး တရားစွဲအရေးယူနိုင်ဖို့ ဆောင်ရွက်တာလို့ အဲဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။

    ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အတွင်း ငွေလွှဲအကြိမ် သုံးသိန်းနီးပါးအနက် ဗဟိုဘဏ်ကို နိုင်ငံခြားသုံးငွေလွှဲပြောင်းခွင့်ပြုချက်တောင်းခံမှု အကြိမ် ၄၀၀ နီးပါးနဲ့ ငွေကြေးမှုခင်းရဲတပ်ဖွဲ့ကို သတင်းပေးမှု ၉ ကြိမ်ပဲ ရှိခဲ့လို့ ကြီးကြပ်မှုအားနည်းပြီး နိုင်ငံတော် ငွေကျပ် ၁၀၂ သန်းကျော် နစ်နာမှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

    Open Society Myanmar-OSM ငွေစာရင်းကိစ္စမှာလည်း ငွေကျပ် သန်း ၃၆၀ ကျော် နိုင်ငံအခွန် ဆုံးရှုံးခဲ့ကြောင်းနဲ့ ချေးငွေရထားတဲ့ငွေတွေကိုလည်း အတိုးပိုရတဲ့ဘဏ်မှာ မအပ်ဘဲ တစ်ဦးတည်းဆုံးဖြတ်ချက်နဲ့ စင်ကာပူက SMBC ဘဏ်မှာ အပ်ခဲ့လို့ နိုင်ငံဘဏ္ဍာငွေ ၆၆၅ သန်း နစ်နာဆုံးရှုံးခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။

    ဦးဘိုဘိုငယ်

    ဓာတ်ပုံ ရင်းမြစ်, mdn.gov.mm

  13. သွေးသောက်၊စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းအဖွဲ့တွေကြောင့် သေဆုံးတဲ့ပါတီဝင်နဲ့ ထောက်ခံသူ ၁၄ ဦးရှိပြီလို့ NLD ပြော

    သွေးသောက်၊စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းအဖွဲ့တွေကြောင့် သေဆုံးတဲ့ပါတီဝင်နဲ့ ထောက်ခံသူ ၁၄ ဦးရှိပြီလို့ NLD ပြော

    ဓာတ်ပုံ ရင်းမြစ်, social media

    သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနဲ့ မျိုးချစ်မဟာမိတ်အဖွဲ့တွေကြောင့် သီတင်း ၃ ပတ်နီးပါးအတွင်း‌ သတ်ဖြတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်နဲ့ ပါတီကိုထောက်ခံသူ ၁၄ ဦးရှိပြီလို့ NLD ပါတီဘက်က ဒီနေ့ မေလ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ဒီအရေအတွက်က အဲဒီအဖွဲ့တွေ စတင်ဖွဲ့စည်းတယ်လို့ကြေညာခဲ့တဲ့ ဧပြီလ ၂၁ ရက်နောက်ပိုင်းမှာ သတ်ဖြတ်ခံခဲ့ကြရသူတွေလို့လည်း ပါတီဗဟိုအလုပ်ကော်မတီက ထုတ်ပြန်တဲ့ကြေညာချက်က ဆိုပါတယ်။

    အဲဒီလူပုဂ္ဂိုလ်တွေဟာ နေအိမ်တွေကနေ လာရောက်ခေါ်ဆောင်ခံရပြီး နောက်ရက်မှာ အသက်မဲ့ခန္ဓာတွေကို လမ်းဘေးမှာ လာရောက်စွန့်ပစ်ခံရတာ၊ ကျူးလွန်တဲ့အဖွဲ့နာမည်တွေ ချိတ်ဆွဲခံရတာ၊ နောက် မျက်မြင်တွေရဲ့ ပြောကြားချက်အရ အသတ်ခံရသူတွေကို လာရောက် ဖမ်းဆီးချိန်နဲ့ အလောင်းတွေကို စွန့်ပစ်ချိန်မှာ စစ်ကား၊ ရဲကားတွေ အသုံးပြုတာကို အသုံးပြုတာကိုတွေ့ရတာကြောင့် ကျူးလွန်မှုတွေမှာ စစ်ကောင်စီရဲ့လုံခြုံရေး တပ်ဖွဲ့ဝင်ပါဝင်ပတ်သက်မှုရှိနေတယ်လို့ဆိုပြီး သတ်မှတ်ရမယ့်အကြောင်း အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနဲ့ မျိုးချစ်မဟာမိတ်အဖွဲ့တွေနဲ့ သူတို့ ပတ်သက်မှု မရှိဘူးလို့ မကြာသေးခင်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

  14. ထီးချိုင့်နယ်ထဲက မရသိမ်ရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေပြော

    ထီးချိုင့်နယ်ထဲက မရသိမ်ရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေပြော

    ဓာတ်ပုံ ရင်းမြစ်, Google

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက မရသိမ်ရွာမှာ စစ်ကောင်စီတပ်ဝင်ရောက်ချိန် မနေ့ မေလ ၉ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောလာပါတယ်။

    ''စစ်တပ်က မရသိမ်ရွာကို မနေ့ကတည်းက ဝင်တာပါ။ နေအိမ် ၃ လုံးမီးရှို့ခံရတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ စစ်တပ်ဝင်လာတယ်ဆိုတော့ တိမ်းရှောင်နေကြတုန်း ပစ်ကြခတ်ကြတော့ ပစ္စည်းကျန်ခဲ့လို့ သွားယူချိန် သူတို့ သတ်ဖြတ်ခံရတာ''လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မရသိမ်ရွာမှာ ‌ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ထီးချိုင့်ကာကွယ်ရေးတပ်တွေဘက်က သတင်းတစုံတရာ မထုတ်ပြန်သေးပါဘူး။

    စစ်ကောင်စီဘက်ကတော့ မရသိမ်ကျေးရွာအနီးမှာ PDF တွေနဲ့ မနေ့တုန်းက တိုက်ပွဲဖြစ်ခဲ့ပြီး အလောင်းအချို့နဲ့လက်နက်တွေရခဲ့တယ်လို့ဆိုပါတယ်။

    စစ်ကောင်စီတပ်ဟာ ဇီးဖြူကျင်းကျေးရွာက အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာထဲမှာ စစ်တပ်ရှိနေတာကြောင့် ဒီနေ့အထိ အလောင်းမကောက်နိုင်သေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဇီးဖြူကျင်း၊ ဗိုလ်တဲကုန်းနဲ့ အင်းတိန်ရွာတွေဘက်ကို အင်အား ၃၀ နီးပါးနဲ့ဝင်ရောက်နေတာဖြစ်ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က လူထုထိခိုက်မှာကို စိုးရိမ်ပြီး ထိပ်တိုက် ပစ်ခတ်တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်း မရသိမ်ကျေးရွာအနီးမှာရှိတဲ့ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ချိန် ဖမ်းမိခဲ့တဲ့ လူငယ် ၅ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး ထီးချိုင့်ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

  15. ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တစ်ရက်တည်း သုံးနေရာမိုင်းဆွဲတိုက်ခိုက်ခံရ

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တစ်ရက်ထဲသုံးနေရာမိုင်းဆွဲတိုက်ခိုက်ခံရ

    မနေ့မေလ (၉)ရက်နေ့ ညနေပိုင်းတုန်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကကျေးရွာတွေဘက် စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေရာသုံးနေရာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကနေသိရပါတယ်။

    ရေဦးကနေ ခင်ဦးဘက်ကိုလာတဲ့စစ်ကောင်စီကားနှစ်စီးကို အင်းပတ်ကွေ့ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို သရက်ပင်စုရွာနဲ့ မြင်းဒေါင်းရွာကြားမှာပါ ဆက်တိုက်မိုင်းဆွဲခဲ့တယ်လို့ဆိုပါတယ်။

    အဲ့ဒီနောက် ရေဦးဘက်ကနေ ထပ်မံလိုက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အင်းပတ်ကွေ့ရွာအနီးမှာပဲ ထပ်မံ မိုင်းဆွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘူးလို့ပြောပါတယ်။

    ဒီလိုမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရေဦး၊ ခင်ဦးကားလမ်းမပေါ်က သာဂရရွာနဲ့ မြင်းဒေါင်းရွာကြားမှာရှိတဲ့ မူးတိမ်ချောင်းတံတားပေါ်ကနေ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးပစ်ခတ်တာတွေရှိခဲ့တယ်လို့ ရွာခံတွေကပြောပါတယ်။

    "သာဂရ၊ မြို့သစ်အဲ့နားကရွာကပ်ရပ်တွေ လေးငါးရွာလောက်ချက်ချင်းထွက်ပြေးကြရတာပါပဲ။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ပေမဲ့ လူထိခိုက်တာတွေ မရှိခဲ့ဘူး။ အခြေအနေငြိမ်‌တော့ရွာသားတွေကရွာပြန်ဝင်ကြတယ်။ ဒီမနက်လည်း အဲ့မူးတိမ်ချောင်းတံတားပေါ်ပဲ အယောက် ၇၀လောက် ပြန်ရောက်လာကြပြန်‌တော့ ရွာခံတွေကသတိအနေအထားနေရတာပေါ့"လို့ မြေပြင်အခြေအနေသိရှိသူ ခင်ဦးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ နေ့လယ် ၁နာရီဝန်းကျင်အထိ ခင်ဦးမြို့နယ်တွင်းကျေးရွာတွေဘက်မှာ တိုက်ခိုက်မှုတွေမရှိသေးဘူးလို့ သိရပါတယ်။

  16. တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေမတက်တဲ့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲ

  17. စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မယ့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိလာ

    နေပြည်တော်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လတုန်းက ကျင်းပတဲ့ ၄ ကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာတွေ့ရတဲ့တပ်မတော်သားတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လတုန်းက ကျင်းပတဲ့ ၄ ကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာတွေ့ရတဲ့တပ်မတော်သားတွေ

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ဖိတ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာပါတယ်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ လက်မှတ်ထိုးထားတဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) က အကြောင်းကြားလာတာကြောင့် ဆွေးနွေးပွဲတက်မယ့် အဖွဲ့ ၁၀ ဖွဲ့ဖြစ်လာတာလို့ စစ်ကောင်စီပြောခွင့်ရသူက ဒီနေ့ မေလ ၁၀ ရက် မနက်ပိုင်းမှာ အတည်ပြုထားတာပါ။

    ဒါကြောင့် အပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက ၇ ဖွဲ့အထိဆွေးနွေးပွဲတက်ဖို့ရှိနေတာဖြစ်ပြီး ကျန် ၃ ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးစားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကျောင်းသားတပ်(ABSDF) တို့ကတော့ တက်ရောက်မှာမဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောထားတာြဖစ်ပါတယ်။

    အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့ တက်ရောက်ဖို့ရှိပါတယ်။

    အစည်းအဝေးတက်မယ့် နောက် ၃ ဖွဲ့ကတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ အစည်းအဝေးတက်ရောက်မှာမဟုတ်ဘူးလို့ စာထုတ်ထားကြတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP) တို့ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မနေ့ မေလ ၉ ရက်မှာ ကြေညာချက်တစ်စောင်ကို ပူးတွဲထုတ်ပြန်လာပါတယ်။

    စစ်တပ်အနေနဲ့ ထိုးစစ်ဆင်မှုအမြန်ဆုံးရပ်ဖို့၊ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်လာဖို့ စစ်ဘေးသင့်ပြည်သူတွေဆီ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေရဲ့လူမှုကူညီထောက်ပံ့မှုတွေကို စောစောဖိတ်ခေါ်ခွင့်ပြုသွားဖို့ KNU၊ KNPPနဲ့ CNF တို့က ပူးတွဲကြေညာ တိုက်တွန်းထားတာတွေ့ရပါတယ်။

    ဒါ့ပြင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးရေးအဖြေရှာမယ်ဆိုရင် ပါဝင်သင့်သူတွေ အားလုံးပါဝင်ရေး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့က ကြားဝင်စေ့စပ်ပေးတဲ့ မျှတတဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်လာဖို့ကိုလည်း သူတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီဘက်ကတော့အပစ်ရပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကိုရော မထိုးထားတဲ့အဖွဲ့တွေကိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက် မတက်ကို မေလ ၉ ရက်နောက်ဆုံးထားအကြောင်းကြားဖို့ အစောပိုင်းက ဖိတ်ခေါ် ထားပေမဲ့ အခုတော့ အချိန်ထပ်တိုးပေးထားတယ်ဆိုပြီး ပြောထားပါတယ်။

    အချိန်ထပ်တိုးပေးထားတဲ့ ကာလအတိအကျကိုတော့ တိတိပပ ပြောပြလာတာတော့ မရှိသေးပါဘူး။

  18. တရားမဝင် ရွှေမျောဒဏ်ကို ခါးစည်းခံနေရတဲ့ ဥရုမြစ်ကမ်းဒေသခံများ

    တရားမဝင် ရွှေမျောဒဏ်ကို ခါးစည်းခံနေရတဲ့ ဥရုမြစ်ကမ်းဒေသခံများ

    ဓာတ်ပုံ ရင်းမြစ်, screengrab

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲက ဥရုမြစ်ကြောင်းတစ်လျှောက် တရားမဝင် ရွှေရှာဖွေတူးဖော်မှုတွေ အာဏာသိမ်းပြီး ကာလနောက်ပိုင်းကစလို့ အရင်တုန်းကနဲ့မတူဘဲ တစ်စထက်တစ်စကြီးထွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အုံနဲ့ကျင်းနဲ့ ရွှေနေ့ညမပြတ် တူးဖော်ရှာဖွေမှုတွေကြောင့် မြစ်ကြောင်းတစ်လျှောက်က ရာနဲ့ချီတဲ့ ကျေးရွာဒေသခံတွေမှာ ဘယ်လိုခြိမ်းခြောက်မှုတွေ ကြုံတွေနေရပါသလဲ။ ရုပ်သံကို ဒီလင့်ခ် ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

  19. မြန်မာအလုပ်သမား ၃၀၀ နီးပါး ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ခွင့်ရပြီ

    မြန်မာအလုပ်သမား ၃၀၀ နီးပါး ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ခွင့်ရပြီ

    ဓာတ်ပုံ ရင်းမြစ်, မြန်မာအလုပ်သမားသံအရာရှိရုံး

    နားလည်မှုစာချွန်လွှာ(MOU)အရ ခန့်အပ်တဲ့ မြန်မာအလုပ်သမား ၃၀၀ နီးပါးဟာ မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကနေ ဒီနေ့ မေလ ၁၀ ရက် မနက်ပိုင်းမှာပဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

    ထိုင်းနိုင်ငံထဲက ကြက်သားစက်ရုံမှာ အလုပ်လုပ်ဖို့ တရားဝင်အလုပ်သမားရှာဖွေရေး အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ထားတဲ့ မြန်မာလုပ်သား ၂၈၈ ဦးကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် -၂ ကနေ ထိုင်းဘက်က ဝင်ရောက်ခွင့်ပြုခဲ့တာပါ။

    ဒီလုပ်သားတွေဟာ ပြီးခဲ့တဲ့မတ်လကတည်းက စာချုပ်ချုပ်ထားသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

    ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၁ ပြန်လည်ဖွင့်လှစ်ရေးကိစ္စအပါအဝင် MOU ရွှေ့ပြောင်းလုပ်သားတွေ စေလွှတ်နိုင်ရေးကို မြန်မာ-ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူတွေပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဆွေးနွေးခဲ့ကြတယ်လို့ နယ်စပ်အလုပ်သမားအေဂျင်စီတွေက အစောပိုင်းကတည်းက ပြောထားပါတယ်။

    ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေကို မေလ ၁ ရက်နေ့ကစတင်ပြီး ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ပြည်ဝင်ခွင့်ပေးမယ်လို့ ကြေညာချက် ထုတ်ပြန်အပြီးမှာ မြန်မာလုပ်သားတွေ ထိုင်းဘက်ကို တရားဝင် ဝင်ရောက်မှု ထွက်ပေါ်လာတာပါ။

    တစ်ချိန်တည်းမှာပဲ အလုပ်လုပ်ကိုင်နိုင်ဖို့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်သူတွေကို မြန်မာ-ထိုင်းနယ်စပ်တလျှောက်မှာ ထိုင်းရဲတပ်ဖွဲ့က နေ့စဥ်နေ့တိုင်းနီးပါး ဖမ်းဆီးမိတဲ့ဖြစ်စဥ်တွေလည်း ရှိနေပါတယ်။

  20. နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံးအဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကိုခန့်အပ်

    Thein Lwin (FB)

    ဓာတ်ပုံ ရင်းမြစ်, Thein Lwin (FB)

    ဓာတ်ပုံ ပုံစာ, နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံးအဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကိုခန့်အပ်

    မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ ဒေါက်တာသိန်းလွင်ကို နွေဦးနော်မန်ဆရာအတတ်သင်တက္ကသိုလ်မှာ ပထမဆုံးအဓိပတိအဖြစ်ခန့်အပ်တယ်လို့ မေလ(၉)ရက်၊ ညပိုင်းမှာတရားဝင်ကြေညာခဲ့ပါတယ်။

    ဒီနွေဦးဆရာအတတ်သင်တက္ကသိုလ်ကို အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာ၊ ဆရာမတွေစုပေါင်းတည်ထောင်ထားတာဖြစ်ပြီး ဆရာအတတ်ပညာ‌ရပ်တွေဖွံ့ဖြိုးတိုးတက်ဖို့၊ အရည်အသွေးရှိတဲ့ပညာကိုပေးအပ်နိုင်ဖို့နဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ အဓိပတိဖြစ်တဲ့ ဒေါက်တာသိန်းလွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒီကနေ့ မေလ(၁၀)ရက်မနက်ပိုင်းက ရေးသားဖော်ပြပါတယ်။

    ဒေါက်တာသိန်းလွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဝန်ကြီးအဖြစ်တာဝန်ယူဖို့ လက်ရှိဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကမ်းလှမ်းခဲ့ဖူးပြီး တော်လှန်ရေးကိုဦးဆောင်နေသူတွေသာ ဝန်ကြီးဌာနကိုတာဝန်ယူသင့်တယ်လို့ ထင်မြင်ယူဆတာကြောင့် ငြင်းဆိုခဲ့တယ်လို့ သူကဆိုပါတယ်။

    ဒေါက်တာဇော်ဝေစိုးကိုသာ ပညာရေးဌာနကိုဆက်လက်တာဝန်ယူဖို့ အကြံပြုခဲ့တယ်လို့ ဒေါက်တာသိန်းလွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာထည့်သွင်းရေးထားပါသေးတယ်။

    Spring Normal University

    ဓာတ်ပုံ ရင်းမြစ်, Spring Normal University

    ဓာတ်ပုံ ပုံစာ, နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံးအဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကိုခန့်အပ်

    လက်ရှိမှာတော့ ဒေါက်တာသိန်းလွင်ဟာ ပညာရေးကဏ္ဍကလူနည်းစုအခွင့်အရေးတွေအကြောင်း ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး Thinking Classroom Foundation ကိုတည်ထောင်ကာ ဖယ်ဒရယ်ပညာရေးစနစ်အတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။

    ဒါ့အပြင် ဒေါက်တာသိန်းလွင်ဟာ ပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၅ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက် ဒီမိုကရေစီပညာရေးသပိတ်မှောက်ကျောင်းသားတွေအရေးကို ပါဝင်ဆောင်ရွက်ခဲ့ကာ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားတဲ့ အမျိုးသား ပညာရေး ဥပဒေကို ဝေဖန်သုံးသပ်မှုတွေလုပ်ခဲ့သူပါ။

    ဒါကြောင့်လည်း အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ကျောင်းသား၊ အစိုးရ၊ လွှတ်တော် တို့နဲ့အတူ လေးပွင့်ဆိုင် ဆွေးနွေးရာမှာ ပါဝင်တဲ့ မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER မှာ ပါတီရဲ့ ခွင့်ပြုချက်မရဘဲဝင်ရောက်ဆောင်ရွက်တယ်ဆိုပြီး NLD ပါတီ အရံ ဗဟိုကော်မီတီဝင်ဒေါက်တာသိန်းလွင်ကို NLDကနေ ၂၀၁၅ခုနှစ်အတွင်းမှာ အရေးယူမယ်လို့ကြေညာခဲ့ပါတယ်။