တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်မှုစာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်
NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင် အင်တိုက်အားတိုက် လုပ်သွားမယ်လို့လည်း ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ကယားမှာ တိုက်ပွဲတွေ ဆက်ဖြစ်, မိုးတွင်းကာလ စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေ ပိုပိုတိုးလာနေ
ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်အထိ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေလည်းရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်က နန်းဖဲကျေးရွာအတွင်းက တိုက်ပွဲမှာတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ KA၊ KNDF B-16 နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ KNDF B-02၊ KPDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကျဆုံးပြီး စစ်ကောင်စီကားတစ်စီးကိုလည်း ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ KNDF BO 16 ကထုတ်ပြန်ပါတယ်။
"ဒီတစ်ပတ်ထဲမှာပဲ စစ်ကောင်စီဘက်က ကားအစီး ၃၀ လောက်နဲ့ ဘော်လခဲဘက်ကို ဆင်းလာတယ်။ ဒေသကာကွယ်ရေးတပ်တွေဘက်ကလည်း ပြောက်ကျားတိုက်ခိုက်တာတွေရှိတော့ တိုက်ပွဲကတော့စိပ်နေတယ်" လို့ KNDF BO 16 က တာဝန်ရှိသူကပြောပါတယ်။ ဒီတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့တွေထဲက KNDF BO 2 တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့တယ်လို့ အဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF BO 16
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွေဖျက်ဆီးထားတဲ့ ဒေသခံနေအိမ်များ ဒါ့အပြင် စစ်ကောင်စီဘက်က နန်းဖဲကျေးရွာအတွင်းက ဒေသခံနေအိမ် ၃ လုံးနဲ့ သစ်တန် ၂၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF BO 16 က ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြား စစ်ရှောင်ဦးရေ တိုးလာတဲ့ကယားပြည်နယ်ထဲမှာ အခုမိုးရာသီကာလမှာ ဆေးဝါးနဲ့ရိက္ခာ လိုအပ်ချက်တွေအပြင် နေထိုင်ရေးအတွက် အမိုးအကာ လိုအပ်ချက် တွေလည်း ပိုမြင့်လာတယ်လို့လည်း ဒေသခံစစ်ရှောင်တွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF BO 16
ဓာတ်ပုံ ပုံစာ, ဒေသကာကွယ်ရေးတပ်တွေဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကား ကင်းအုပ်စု အထက်ကင်းကျေးရွာ မီးရှို့ခံနေရ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းအုပ်စုထဲက အထက်ကင်းကျေးရွာထဲကို ဒီကနေ့ မေလ ၂၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာချင်းတွင်းမြစ်အထက်ပိုင်းကစုန်ဆင်းလာတာဖြစ်ပြီး မင်းကင်းမြို့နယ်ထဲက ပျူစောထီးတွေအများစုရှိတဲ့ ကျေးရွာမှာ တပ်စွဲထားကတည်းက ချင်းတွင်းမြစ် အောက်ပိုင်းက ကျေးရွာဒေသခံတချို့ဟာ ကြိုတင်တိမ်းရှောင်ထားကြတာဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
"စုန်ဆင်းလာတာကြာပြီ။ မင်းကင်းတောင်ဖြူ ပျူစောထီးရွာမှာ အိပ်တာ ၃ ရက် အဲဒီကတည်းက ဒေသခံတွေက တိမ်းရှောင်နေတာ။ မြစ်ကြောင်းတစ်လျှောက်ဆင်းလာ တဲ့ရွာတွေ မီးရှို့ခံနေရတာကြားကတည်းက ကြိုပြေးကြတာ ရွာပေါင်း ၂၀ လောက်ရှိမယ်" လို့ ကင်းရွာ ဒေသခံတစ်ဦးကပြောပါတယ်
။ လက်ရှိမှာတော့ အထက်ကင်းကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေတပ်စွဲထားဆဲဖြစ်ပြီး မီးလောင်ပျက်စီးမှုတွေကိုမသိရသလို မီးငြှိမ်းသတ်ဖို့ရွာကိုပြန်မကပ်ရဲသေးတဲ့အခြေအနေလည်းဖြစ်နေတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ကင်းရွာ(ပုံဟောင်း) မန္တလေးမှာ ကျူးကျော်အိမ်တွေ ထပ်ရှင်းလင်းခံရပြန်
မန္တလေးမြို့ ၁၁ လမ်းနဲ့ ၁၀ လမ်းကြား ၇၉ လမ်းက သံလမ်းဘေးမှာရှိတဲ့ ရေစက်ဝင်းထဲက နေအိမ်တွေကို စစ်ကောင်စီက ကျူးကျော်အဖြစ် ဒီကနေ့ မေလ ၂၅ ရက်မနက်ပိုင်းမှာ ဖယ်ရှား ခိုင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနက် ၉နာရီမတိုင်ခင် ဖယ်ပေးဖို့အတွက် စည်ပင်နဲ့စစ်ကောင်စီတပ်ဖွဲ့ကားတွေက လိုက်ကြေညာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝင်းထဲက အိမ်တွေ ဖယ်ရှားပေးနေရပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
"အဲဒီနားမှာက စျေးလည်းရှိတော့ စျေးသည်တွေ၊ အခြေခံလူတန်းစားတွေ နေတာများကြပါတယ်။ ဒီနေ့မနက် ၉ နာရီမတိုင်ခင် ပြောင်းရမယ်ဆိုလို့ သူငယ်ချင်းတွေကို ကူသယ်ပေးဖို့သွားတာ အဲဒီထိပ်မှာတင်စစ်နေတာ။ ဆိုင်ကယ်တွေရောလူတွေရော စစ်သားတွေစစ်နေတာဆိုတော့ လှည့်ပြန်လာရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မန္တလေးမြို့ အနောက်ဘက် ဂေါဝန်ဆိပ်ကမ်းရှိရာ ကမ်းနားတစ်လျှောက်က နေအိမ်တွေကို ကျူးကျော်အဖြစ်သတ်မှတ်ဖျက်သိမ်းခိုင်းတာတွေရှိသလို ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မန္တလေးပြည်ကြီးတံခွန်မြို့နယ်အတွင်းနေ နေအိမ်ရာချီလည်း ကျူးကျော်အဖြစ်သတ်မှတ်ပြီး ဖယ်ရှားခဲ့ပါတယ်။
အခုလို ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းခိုင်းတဲ့နေရာတွေထဲ တချို့ကိုတော့ ကြိုတင်အကြောင်းကြားတာတွေရှိသလို တချို့မြို့နယ်တွေမှာတော့ ကြိုတင်အချိန်ပေးတာမရှိဘဲ နာရီပိုင်းအတွင်းဖျက်ပေးရတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Voice Of Mandalay-3
ပျော်ဘွယ်၊ ကျောက်ချပ်ရွာက မိုးကြိုးပစ်ခံရလို့သေဆုံးသူ ၅ ဦး နာရေး ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ဓာတ်ပုံ ပုံစာ, ကျောက်ချပ်ရွာသူရွာသားတွေ(ပုံဟောင်း) မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ချပ်ကျေးရွာက မိုးကြိုးထိမှန်သေဆုံးခဲ့သူ ၅ ဦးရဲ့နာရေးကို ဒီနေ့ မေလ ၂၅ ရက် မနက်အစောပိုင်းမှာပဲ ပြုလုပ်ပြီးစီးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အမျိုးသမီး လေးဦးနဲ့ အမျိုးသား တစ်ဦးဖြစ်ပြီး အမျိုးသမီးတွေထဲက သုံး ဦးဟာ မိသားစုတစ်စုတည်းက ဖြစ်ပါတယ်။ သူတို့ဟာ မနေ့ မေလ ၂၄ ရက်နေ့လယ်ပိုင်းမှာ ငရုတ်ုတ်က်ဖို့ လယ်ကွင်းထဲရောက်ချိန် မိုးကြိုးထိမှန်ဆုံးပါးခဲ့ကြရသူတွေ ဖြစ်ပါတယ်။
''မနေ့က မိုးတွေ ရုတ်တရက်မှောင်လာတော့ သူတို့ ၅ ယောက် ဇီးပင်တစ်ပင်အောက်မှာ စုပြီး မိုးကြိုးရှောင်ကြတာ။ အဲဒီမှာ မိုးကြိုးမှန်ပြီး တစုတည်းဆုံးပါးကြတာပေါ့။ နောက် ၄ ယောက်ကတော့ တခြားတစ်ဘက်ကို ပြေးကြတော့ လွတ်သွားတယ်။ ဒါပေမဲ့ အဲဒီထဲက အမျိုးသမီး ၂ ယောက်ကတော့ ထုံတာကျင်တာဖြစ်လို့ ရွာမှာပဲ ဆေးထိုးတာမျိုး လုပ်ခဲ့ရတယ်'' လို့ သေဆုံးသူတွေနဲ့ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အခုသီတင်းပတ်အတွင်း မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ၇ ဦးထက်မနည်းရှိလာပါတယ်။
မြင်းမူ၊ အင်းမကျေးရွာမှာ ဖမ်းဆီးခံရတဲ့ ဒေသခံတွေပြန်မလွတ်သေး, နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ထဲက အင်းမကျေးရွာထဲကို စစ်ကောင်စီတပ်တွေ မနေ့ မေလ ၂၄ ရက်နေ့က ဝင်ရောက်လာပြီး ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ရွာထဲစီးနင်းဝင်ရောက်လာပြီးနောက်ပိုင်း ဒေသခံတွေ ဘေးလွတ်ရာပြေ
းချိန်မှာ ရွာသား ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ " စစ်တပ်က ရွာထဲမနက် ၄ နာရီလောက်ဝင်လာတာ၊ ကျွန်တော့် ဦးလေးလည်းအဖမ်းခံလိုက်ရပါတယ်။ မိဘတွေကတော့အကုန်တောထဲပြေးနေရတယ်။ ဒီမနက် အထိလည်း ဘယ်သူမှပြန်မလွတ်လာဘူး " လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်းမရွာအတွင်းကပြန်ထွက်ချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲလည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မေလ ၂၅ ရက်အထိတော့ အင်းမရွာအတွင်းက ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေပြန်လွတ်သေးတာမရှိဘဲ မြင်းမူမြို့နယ်ရဲစခန်းထဲမှာဖမ်းဆီးခံထားရတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ ဝင်ရောက်သွားတဲ့ အင်းမကျေးရွာ ဒေသခံအများစုဟာ ရွာထဲပြန်မဝင်ရဲကြသေးဘဲ ဘေးလွတ်ရာပြေးနေရဆဲဖြစ်တယ်လို့ တိမ်းရှောင်နေရတဲ့ ရွာသားတွေကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်လာ, ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင်လုပ်သွားမယ်လို့ NUG ထုတ်ပြန်
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက နိုင်ငံတဝန်းမှာရှိတဲ့ ဒေသတချို့မှာ ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့ အခွင့်အရေးဝန်ကြီးဌာနက ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်လာပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်များ
ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လတုန်းက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ယင်းရွာ၊ ကုန်းသာရွာ ၊ ကြက်ချောင်းတောတိုက်ရွာနဲ တောင်ပေါက်ရွာတွေမှာ ဒေသခံပြည်သူရုပ်အလောင်း ၄၀ ကျော်အထိရှာဖွေတွေ့ရှိခဲ့ပြီး ဒီဇင်ဘာလမှာ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာမှာ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြားက လူငယ် ၄ ဦးအပါအဝင် ဒေသခံ ၁၀ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့NUG လူ့အခွင့်အရေးဝန်ကြီးဌာက ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သူရရှိထားတဲ့အချက်အလက်တွေကို သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီကာလက ဒေသခံတွေအစုလိုက်အပြုံလိုက်သေဆုံးမှုထဲက တချို့ဖြစ်ရပ်တွေကိုတော့ ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောကြားထားခဲ့ပါသေးတယ်။
ဒါ့အပြင် ကနီမြို့နယ်ထဲက သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက အထူးစုံစမ်းဖော်ထုတ်တင်ဆက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
အလားတူပဲ ၂၀၂၁ ဒီဇင်ဘာလထဲမှာ ကယားပြည်နယ် ဖရူဆိုမြို့နယ် ထဲက မိုဆိုကျေးရွာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူ ၃၅ ဦးအစုလိုက်အပြုံလိုက် အသတ်ခံရတဲ့အကြောင်း ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားသလို သေဆုံးသူတွေထဲမှာ Save the Children အဖွဲ့က ဝန်ထမ်း ၂ ဦးပါဝင်ကြောင်းလည်း သက်ဆိုင်ရာဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။
အခု ၂၀၂၂ ဇန်နဝါရီလမှာ ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီ တပ်သားတွေဖမ်းဆီးသွားတဲ့ ဒေသခံရွာသား ၁၀ ဦးရဲ့ အလောင်းကိုလည်း သေဆုံးလျက် ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
တခါ ၂၀၂၂ ဖေဖော်ဝါရီလထဲမှာတော့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဘဒတ္ထိုင်းကျေးရွာမှာ စစ်တပ်က စစ်ကြောင်းထိုးပြီးတဲ့နောက်ပိုင်း ရွာသားတချို့ ရွာကိုပြန်လာချိန်မှာတော့ ချုံတွေကြားမှာ အသတ်ခံထားရတဲ့ လူငယ်တွေ၊ မီးရှို့သတ်ခံထားရတာတွေ၊ ရွာလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၃ ယောက်၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး အသတ်ခံထားရတယ်လို့ ယူဆရတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အလောင်းတွေအပါအဝင် စုစုပေါင်း အယောက် ၂၀ ဝန်းကျင်လောက် တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောဆိုထားခဲ့ပါတယ်။
အဲဒီဖေဖော်ဝါရီလထဲမှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက စစ်ကောင်စီကဖမ်းဆီးသွားတဲ့ သားအမိ ၃ ဦးရဲ့အလောင်းကို ရက်အနည်းငယ်အကြာမှာ မီးလောင်ပျက်စီးနေတဲ့အနေအထား နဲ့အလောင်းသာပြန်ရခဲ့တဲ့အကြောင်းကိုလည်း ဖခင်ဖြစ်သူကိုယ်တိုင်က ဘီဘီစီကို ဖြေကြားထားပါတယ်။
အလားတူပဲ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့ ကျေးရွာတွေမှာ ဒေသခံအလောင်းတွေတွေ့ရှိရမှုတွေကိုလည်း ဒေသခံတွေနဲ့ မိသားစုဝင်တွေက ဘီဘီစီကိုဆက်သွယ်ပြောကြားထားတဲ့ဖြစ်စဥ်တွေရှိနေပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၁၉ ရက်နေ့မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံပဲရင်းတောင်ရွာမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ဆက်စပ်တယ်ဆိုပြီး စွပ်စွဲပြီး စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေက အမျိုးသား ၉ ဦးကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်ကိုလည်း ဒေသခံတွေကပြောဆိုထားပါတယ်။
အခုမေလထဲမှာတော့ စစ်ကိုင်းတိုင်းရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေကဦးပဥ္ဇင်း ၃ ပါးအပါအဝင် ရွာသား ၄၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တရက်မှာတော့အနီးအနားက ကျေးရွာတွေနားမှာ ဖမ်းဆီးခံရွာသားတွေထဲက ရွာသား အလောင်း ၃၀ ခန့်ကို ပြန်တွေ့ခဲ့တဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောခဲ့ပါတယ်။
အထက်မှာဖော်ပြထားတဲ့ နိုင်ငံတဝန်းက ဒေသခံတွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး NUG ရဲ့ လူ့အခွင့်အရေးပြည်ထောင်စု ဝန်ကြီးက သူရဲ့လူမှုကွန်ရက်စာမျက်နှာ မှာဖော်ပြထားသလို ဘီဘီစီအနေနဲ့လည်း ဒေသခံတွေကိုယ်တိုင် သတင်းပေး ပြောကြားထားတဲ့အချက်အလက်တွေကိုထည့်သွင်းဖြည့်စွက်ထားတာဖြစ်ပါတယ်။
ဒီဖြစ်စဥ်တွေအပေါ် စစ်တပ်ရဲ့တုံ့ပြန်မှု စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်အပြင် ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုလည်း ဘီဘီစီက အမြဲ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေပတ်သက်ပြီး ပြန်လည်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, NUG
ဖော်ပြခဲ့တဲ့အထဲက မိုဆိုကျေးရွာက လူ အယောက် ၃၀ ကျော် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့တော့ စစ်ကောင်စီ သတင်းပြန်ကြားရေးဘက်က ထုတ်ပြန်ရာမှာ ဖရူဆိုမှာ လုံခြုံရေးအတွက် ယာဥ် ၇ စီးကို စစ်ဆေးစဥ်မှာ မရပ်တန့်ဘဲ လက်နက်ငယ်တွေနဲ့ စပစ်ပြီး ထွက်ပြေးလို့ ပြန်ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ်အတွင်း ကား ၇ စီးကို တားရာမှာ မရပ်ပေးတာကြောင့် စစ်တပ်ကပစ်ခတ်ခဲ့ချိန် ကားပေါ်ကနေ ပြန်ပစ်တာကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က RPG နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် PDF ၂၅ ဦး သေဆုံးတယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုပြီး မီးရှို့ခဲ့တာမဟုတ်ဘူးလို့လည်း ငြင်းဆန်ထားပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနဲ့ပတ်သက်ပြီး လက်နက်မဲ့ သို့မဟုတ် ကာကွယ်မှုမဲ့နေသူတွေကို အမြောက်အမြားသတ်ဖြတ်တာ သို့မဟုတ် ဒေသတစ်ခုထဲမှာ ကျူးလွန်တာ တချိန်တည်း သို့မဟုတ် နေ့ရက်ကာလ မကွာဘဲ ကျူးလွန်တာ ၊ ကျူးလွန်သူတွေ၊ ကျူးလွန်ခံရသူတွေဟာ တစ်ဖွဲ့တည်း သို့မဟုတ် ဘက်တစ်ဖက်တည်းဖြစ်နေတာ၊ ကျူးလွန်ခံရသူတွေဟာ လူမျိုးတူ၊ ဘာသာတူ၊ အုပ်စုတူ အခြေအနေတူဖြစ်လေ့ရှိတာ၊ သတ်ဖြတ်ခံရတဲ့ပုံစံ နဲ့ သတ်ဖြတ်ရတဲ့ ရည်ရွယ်ချက်တူတာတွေနဲ့သတ်မှတ်တာဖြစ်တယ်လို့ လည်း နိုင်ငံတကာရဲ့သတ်မှတ်ချက်တွေကို NUG ကထုတ်ပြန်ထားတာပါ။
အစုအလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ရာ ဇဝတ်မှုဟာ ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်တဲ့အပြင် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင် အင်တိုက်အားတိုက် လုပ်သွားမယ်လို့လည်း ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။
၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ စစ်ကောင်စီရော NUG ပါ ကိုယ်စားလှယ် တက်ရောက်ခွင့်မရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကို အသိအမှတ်မပြုဖို့ဆန္ဒပြကြသူတွေ။ ကုလသမဂ္ဂ မှာ မြန်မာကိုယ်စားပြုကိုယ်စားလှယ်ကို ဆုံးဖြတ်ဖို့ ဆိုင်းငံ့ထားတဲ့အခြေအနေကြောင့် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ မြန်မာကိုယ်စားပြုတက်ရောက်ခွင့်ရသူကို ဆုံးဖြတ်ဖို့ မေးခွန်းထုတ်စရာတွေရှိနေသေးတဲ့အတွက် လာမယ့် ၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ မြန်မာကိုယ်စားပြုတက်ရောက်ခွင့်ရသူ မရှိဘူးလို့ မနေ့ မေလ ၂၄ရက်မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီညီလာခံမှာ ကိုယ်စားလှယ်တက်ရောက်ခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရရော စစ်ကောင်စီဘက်ကပါ တင်ပြတာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံက အစီရင်ခံစာတွေ၊ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက်က ကြေညာချက်တွေကြောင့်ပါ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင်အထိ ဆိုင်းငံ့ထားမယ်လို့ ဖော်ပြထားတာကြောင့် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ဘယ်သူမှ မြန်မာကိုယ်စားပြုနိုင်မှာမဟုတ်ဘူးလို့ နားလည်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ကျန်းမာရေး ညီလာခံတုန်းကလည်း မြန်မာကိုယ်စားပြုတက်ရောက်ခွင့်မရှိခဲ့ပါဘူး။
လက်ရှိမှာတော့ ကုလသမဂ္ဂဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ဦးကျော်မိုးထွန်းကဆက်လက်တက်ရောက်ခွင့်ရရှိထားပါတယ်။
ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရိုဟင်ဂျာလှေမှောက်
စစ်ကောင်စီနဲ့ နိုင်ငံတကာ သံဆက်ဆံရေး ယိုယွင်းလာတဲ့အခြေအနေ
သက်တော်ရှည် နိုင်ငံရေးသမား ပြည်ချစ် ဦးသုဝေ
ပေါင်မြို့နယ်အလှပ်ကျေးရွာမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၉၀ ကျော်ထိခိုက်ပျက်စီး
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲက အလှပ်ကျေးရွာထဲမှာ ဒီကနေ့ မေလ ၂၄ ရက်ကလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ လောက်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ နေလယ်ပိုင်းလောက်က လေတိုက်ခတ်မှုစတင်တာြဖစ်ပြီးအိမ်ခြေ ၅လုံးကတော့ ပြိုကျတဲ့အထိပျက်စီးခဲ့ပြီး နေအိမ်ထဲမှာရှိတဲ့လူတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကို သွားရောက်ကူညီပေးခဲ့တဲ့ ဘိုဘိုဝင်း Rescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
‘’အားလုံးပေါင်း ၉၁ အိမ်လောက်ထိတယ်၊ ပြိုကျပျက်စီးတာ၅အိမ်။ ဘုန်းကြီးကျောင်း ၃ ကျောင်းပါတယ်။ အခုနှစ်ကတော့ ဒီလိုဖြစ်တာစောတယ်။၇လပိုင်းနဲ့ ၈လပိုင်းမှာပဲ ဒါမျိုးဖြစ်လေ့ဖြစ်ထရှိတယ်’’ လို့ ဘိုဘိုဝင်း Rescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ က ကိုဘိုဘိုက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အလှပ်ကျေးရွာအတွင်းထိခိုက်ပျက်စီးမှုတွေကို ရှင်းလင်းမှုပြီးသွားပြီလို့ သိရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
တရုတ်-မြန်မာ ရထားလမ်းကြောင်းသစ်ဖွင့်၊ ၁၅ ရက်နဲ့ ကုန်စည်တွေ မန္တလေးကိုရောက်မယ်
တရုတ်-မြန်မာ ရထားလမ်းကြောင်းသစ်ဖွင့်၊ ၁၅ ရက်နဲ့ ကုန်စည်တွေ မန္တလေးကိုရောက်မယ်
တရုတ်-မြန်မာ လမ်းကြောင်းအသစ်တစ်ခုဖြစ်တဲ့ နိုင်ငံတကာရထားလမ်းစတင်မှုအဖြစ် ကုန်စည်တွေ တင်ပို့မှု တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်ကနေ မနေ့ မေလ ၂၃ ရက်နေ့ကစတင်ခဲ့ပြီး ကားနဲ့ရထားပူးတွဲပို့ဆောင်မှုနဲ့ ၁၅ရက်အကြာမှာ မန္တလေးမြို့ကိုရောက်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ဖော်ပြလာပါတယ်။
ဒီခရီးစဥ်ဟာ တရုတ်-မြန်မာရထားလမ်းကြောင်းခရီးစဥ် အသစ်စတင်ခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။
ရထားပေါ်မှာ စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆၀ သယ်ဆောင်လာပြီး စက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ ကားနဲ့ဆိုင်ကယ် အပိုပစ္စည်းတွေကိုသယ်ဆောင်လာတယ်လို့ဆိုပါတယ်။
စတင်ထွက်ခွာ လာချိန်ကနေ ၁၅ရက်အတွင်း မန္တလေးမြို့ကိုဆိုက်ရောက်လာမယ့် ဒီပို့ဆောင်မှုဟာ တရုတ်နိုင််ငံချုံချင့်နဲ့ မြန်မာ နိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာမြင့်ချိန်ကို အရင်ထက် ရက်ပေါင်း ၂၀ မြန်ဆန်စေမှာဖြစ်တယ်လို့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myanmar
ထားဝယ်ကမ်းနားစျေးမှာ လူစည်ကားချိန် စျေးသည်အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး
ထားဝယ်မြို့၊ ကမ်းနားစျေးမှာ ဒီကနေ့ မေလ ၂၄ ရက် မနက် ၈နာရီလောက်က စျေးရောင်းနေတဲ့ အသက် ၆၀ ကျော် ဒေါ်ညွှန့်လှိုင်ဆိုတဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးနေရာမှာပဲသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်ခံရသူဟာ ထားဝယ်ကမ်းနားစျေးမှာ ဒူးရင်းသီးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီးထားဝယ်ကြက်စားပြင်ရပ်ကွက်မှာနေထိုင်သူတစ်ဦးဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြထားပါတယ်။
‘’ အခုလိုစျေးမှာလူစည်ကားတဲ့အချိန် လူတစ်ယောက်ကိုသေနတ်နဲ့လာပစ်တာ တော်ရုံမဟုတ်ဘူး။ ပစ်သံကြားတဲ့အချိန်အကုန်ထပြေးကြတာပဲ။ တချို့ဆို ဆိုင်တောင်နောက်မှလာသိမ်းရတယ် ‘’ လို့ဒေသခံတစ်ဦးက ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘီဘီစီကိုပြောပြပါတယ်။
ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဒေါ်ညွှန့်လှိုင်ရဲ့သားဖြစ်သူမှာ ဒေသကာကွယ်ရေး PDF အဖွဲ့တစ်ခုကဖြစ်တယ်လို့ပြောဆိုကြသလို စစ်ကောင်စီကိုဆန့်ကျင်သူတွေကို တန်ပြန်တိုက်ခိုက်မှုတွေလုပ်နေတဲ့ သွေးသောက်အဖွဲ့က ပစ်ခတ်တာဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းတချို့မှာဖော်ပြထားသလို ဒေသခံတချို့ကလည်း ပြောဆိုပါတယ်။
ဘီဘီစီကတော့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ထပ်မံကြိုးစားနေပါတယ်။
ဒီပဲယင်းမြို့နယ်ထဲက အင်ပင်ယဒင်ကျေးရွာကိုစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးမီးရှို့နေ, ၅ ရက်အတွင်း ဒီပဲယင်းမှာ ဒေသခံနေအိမ် ၁၅၀ ကျော်မီးလောင်ပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲက အင်ပင်ယဒင်ကျေးရွာအတွင်းကို ဒီကနေ့ မေလ ၂၄ ရက်ကစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး နေအိမ်တချို့ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်သတင်းပေးပို့လာပါတယ်။
စစ်ကြောင်းထိုးနေတာ ၃ရက်လောက်ရှိပြီ။ မနေ့ကစပြီး အင်ပင်ယဒင်ရွာထဲဝင်လာတာ။ဒီကနေ့မနက်မှာ မီးရှို့ခံရတယ်။ထောက်လှမ်းကြည့်ရသလောက် အိမ်ခြေ ၄၀ လောက်ပါသွားပြီ။ရွာအနားတော့ဘယ်သူမှမကပ်ရဲသေးဘူး စစ်ကြောင်းက အခုချိန်ထိရှိနေတုန်းပဲ’’လို့ အင်ပင်ယဒင်ကျေးရွာ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းနယ်ထဲကကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတာဒီကနေ့နဲ့ဆို ၅ ရက်လောက်ရှိနေပြီဖြစ်ပြီး ၅ ရက်အတွင်း သရက်တောကျေးရွာ၊ ခွင့်တောင်းကျေးရွာ၊ပင်စည်ကျေးရွာ၊ နဂါးတွင်းကျေးရွာက ဒေသခံနေအိမ်ပေါင်း ၁၅၀ လောက်မီးရှို့ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းမှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မေလ ၂၄ ရက်မနက်ပိုင်းကစလို့ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ဆားလင်းကြီး၊ကန့်ဘလူ၊ ယင်းမာပင်၊ ကနီ စတဲ့ မြို့နယ်တွေနဲ့ကျေးရွာတချို့မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ၄နာရီလောက် ပြတ်တောက်သွားပြီး နေ့လယ်ပိုင်းမှာတော့ နေရာတချို့မှာဖုန်းလိုင်းတွေပြန်ရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာတွေရှိနေတဲ့စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့က ကျေးရွာတွေမှာ အခုလိုဆက်သွယ်မှုလိုင်းတွေပြတ်တောက်နေနေအပေါ်မှာလည်း ဒေသခံတွေဘက်ကတေ့ စိတ်ပူစိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းမှာ ဖုန်းလိုင်းတွေပြတ်တောက်နေ
လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် စစ်တပ်ကတာဝန်ရှိသူတွေကိုအရေးယူဖို့ Quad အဖွဲ့ကို NUG တောင်းဆို, အမေရိကန်သမ္မတ တက်ရောက်တဲ့ Quad အစည်းအ၀ေး ကာလမှာ ခုလို ထုတ်ပြန်တောင်းဆိုလာတာဖြစ်
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ စပ်လျဥ်းပြီး စစ်တပ်က ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့အချက်အပါအဝင် အချက် ၅ ချက်ကို လုပ်ဆောင်ပေးဖို့ Quad အဖွဲ့ကို NUG က မေလ ၂၃ ရက် နေ့စွဲနဲ့စာထုတ်ပြီး ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်ဆိုင်ရာပြစ်မှုတွေနဲ့စပ်လျဥ်းပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့၊ စစ်တပ်ရဲ့ ဖိနှိပ်မှုက ကင်းလွတ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် မြန်မာပြည်သူတို့တွေရဲ့ လက်ဝယ်ရှိစေဖို့၊ လူသတ်မှုတွေကို ကျူးလွန်နိုင်ဖို့ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ လက်နက်ခဲယမ်းနဲ့ လေယာဉ်လောင်စာဆီတွေ ရောင်းချမှုကို အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ့်အခွင့်အာဏာကိုသုံးပြီးကန့်သတ်ပေးဖို့တို့ ပါ၀င်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအပေါ် ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံက ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီးကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ပေးဖို့နဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သည်းမခံဖို့ ဆိုတဲ့အချက် ၅ ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Quad အဖွဲ့ဝင်လေးနိုင်ငံရဲ့လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို မေလ ၂၃ နဲ့ ၂၄ ရက်နေ့အထိ နှစ်ရက်ကြာ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်နေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကာလမှာ NUG က အခုလို ထုတ်ပြန်တောင်းဆိုလာတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Quad ရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၁ ရက်နေ့အစည်းအဝေးအပြီးမှာလည်း 'မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အလျင် အမြန် ပြန်လည်ရောက်ရှိရေ' အတွက် ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
အဲဒီလိုတောင်းဆို ထုတ်ပြန်ပေမဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေက လျော့ပါးမသွားသေးတဲ့အတွက် အခုလိုအချက် ၅ ချက်ကို ထပ်မံထုတ်ပြန်တောင်းဆိုလာတာလည်းဖြစ်ပါတယ်။ သြစတြေးလျ၊
အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စု တို့ပါဝင်တဲ့ Quad အဖွဲ့က ၂၀၀၇ ခုနှစ်လောက်ကစတင် ဖွဲ့စည်းလာခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့လို့ နောက် ၁၀နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ ထပ်မံဖွဲ့စည်းကာ လေးနိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ဒေသတွင်းလုံခြုံရေးပူးပေါင်းလုပ်ဆောင်မှုတွေကို ဆွေးနွေးလုပ်ဆောင်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
မျောက်ကျောက် - ဗိုင်းရပ်စ်ကူးစက်မှု မြန်မာအတွက် စိုးရိမ်စရာရှိလား
အတိုင်ပင်ခံနဲ့သမ္မတတို့ ပူးတွဲ စွပ်စွဲခံထားရတဲ့ ရဟတ်ယာဥ်ဝယ်ယူမှုဆိုင်ရာအဂတိမှုတွေကို ဆက်လက်ကြားနာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့အမှု ၃ မှုအတွက် စွဲချက်တင်သင့် မတင်သင့်ကို မနက်ဖြန်ရုံးချိန်းမှာ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ သဘာဝဘေးကူညီကယ်ဆယ်ရေးမှာ သုံးတဲ့ ရဟတ်ယာဥ်တစ်စီးဝယ်ယူမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပူးတွဲစွပ်စွဲထားတဲ့ အဂတိမှုတွေထဲက ၂ မှုကို ဒီနေ့ မေလ ၂၃ ရက်မှာ နေပြည်တော်မှာ ကြားနာခဲ့တယ်လို့ သိရပါတယ်။
ရဟတ်ယာဥ်ဝယ်ယူမှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေမှာ စည်းမျဥ်းစည်းကမ်းနဲ့အညီ မပြုလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေတွေ နစ်နာဆုံးရှုံးတယ်ဆိုပြီး အဂတိမှုလိုက်စားမှုနဲ့ စွပ်စွဲခံရတဲ့အမှုတွေကို နေပြည်တော် အထူးတရားရုံးမှာ ကြားနာခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာတော့ အဲဒီအမှု ၂ ခုအတွက် တရားလိုဘက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းရေးမှူး ဦးအောင်ခန့်ကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန်မေးခွန်းမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
အဲဒီလို မေးမြန်းချိန်မှာ အမှုဖွင့်စွပ်စွဲရတဲ့အထိ လုံလောက်တဲ့အချက်အလက်တွေကို တရားလိုဘက်က ပြန်လည်ဖြေကြားနိုင်တာမျိုးမရှိခဲ့ဘူးဆိုတာ ပေါ်လွင်အောင် စွပ်စွဲခံရသူတွေဘက်ကရှေ့နေအဖွဲ့က မေးမြန်းနိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
အတိုင်ပင်ခံနဲ့ သမ္မတတို့ဟာ အဲဒီရဟတ်ယာဥ် ငှါးရမ်း၊ ဝယ်ယူ၊ အသုံးပြုမှုနဲ့ပတ်သက်ပြီး အဂတိမှု ၅ မှုနဲ့ တရားစွဲခံရပြီး အမှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့အမှု ၃ မှုအတွက် မနက်ဖြန် မေလ ၂၄ ရက်မှာ အမှုကို စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်တာကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ သမ္မတရော အတိုင်ပင်ခံပါ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရတယ်ဆိုပြီး တရားရုံးနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောထားပါတယ်။
မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့တွေ့

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်
ဓာတ်ပုံ ပုံစာ, နေပြည်တော်က ဘုရင့်နောင်ရိပ်သာမှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ(MNSP)က ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဒီနေ့ မေလ ၂၃ ရက်မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဥက္ကဋ္ဌရဲ့ဖိတ်ခေါ်မှုကြောင့် မွန်ပြည်သစ်ပါတီက ဒုဥက္ကဋ္ဌနဲ့အဖွဲ့တွေ နေပြည်တော်ကို မနေ့ မေလ ၂၂ ရက်က ရောက်ပြီး အခုလို တွေ့ဆုံကြတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို အပစ်ရပ်စာချုပ်(အန်စီအေ)မှာ လက်မှတ်ထိုးထား တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ လက်မှတ်မထိုးတားတဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်ဖို့ရှိ နေတာပါ။
စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဲဒီအဖွဲ့တွေထဲက တစ်ဖွဲ့ချင်းစီကို ၃ ရက်စီ တွေ့ဆုံမှာဖြစ်ပြီး သျှမ်းပြည်ထူထောင်ရေးကောင်စီ (RCSS/SSA)ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့အဖွဲ့နဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံထားပါတယ်။
အခုဆွေးနွေးပွဲကို တက်မယ့်တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေဘက်က ဥက္ကဋ္ဌနဲ့ခေါင်းဆောင်အချို့သာ ကိုယ်တိုင်တက်ရောက်ပြီး အချို့အဖွဲ့တွေဟာ ဒုဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးအဖွဲ့တွေ ဦးဆောင်ပြီး တက်ရောက်မှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဒုဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးဟာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ ဖြစ်တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ပြောထားတယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောထားပါတယ်။
တဖက်မှာလည်း ဆွေးနွေးပွဲတက်တဲ့အဖွဲ့တွေဟာ လက်ရှိမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေ မဟုတ်ဘူးဆိုပြီး နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။
