တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကိုတိုက်ရိုက်တင်ဆက်မှုစာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ
ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
NUG နိုင်ငံခြားရေးဝန်ကြီး၊ NUCC ဥက္ကဋ္ဌတို့နဲ့ အလွတ်သဘောတွေ့ဆုံထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အမျိုးသားညီညွတ်ရေးအစိုး(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ဥက္ကဋ္ဌတို့နဲ့ အလွတ်သဘောတွေ့ဆုံခဲ့တယ်ဆိုပြီး ပြောလာပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးပွဲမတိုင်ခင်မှာ အခုလိုတွေ့ဆုံခဲ့တာလို့ ဝန်ကြီးက သူ့ရဲ့တွစ်တာအကောင့်ကနေ ရေးသားထားတာဖြစ်ပါတယ်။
မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် တနှစ်ပြည့်ပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်က အကောင်အထည်ဖော်နိုင်မှုမရှိတာကိုထောက်ပြပြီး အာဆီယံခေါင်းဆောင်တွေအနေနဲ့ NUG နဲ့ လူသိရှင်ကြား မြန်မြန်ထိတွေ့ပြောဆိုဖို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့က ခေါင်းဆောင်တွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့တဲ့အကြောင်း ရေးသားချက်ကို အကြောင်းပြန်ရင်း ဝန်ကြီးက တွစ်တာမှာ အခုလိုပြန်လည်ရေးသားခဲ့တာပါ။
Skip X postX ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
တစ်ချိန်တည်းမှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဧပြီလ ၂၇ ရက်မှာ အဂတိမှုနဲ့ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတာကိုလည်း စိုးရိမ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
လူ့အခွင့်အရေးနဲ့ တရားမျှတမှုလို အခြေခံအခွင့်အရေးတွေကို မြန်မာပြည်တွင်းမှာ ပေါ်ပေါက်ဖြစ်ထွန်း သင့်တယ်လို့လည်း ဝန်ကြီးက ရေးထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA မှာပါဝင်တဲ့ ၉ ဖွဲ့အထိ တက်ရောက်နိုင်တယ်လို စစ်ကောင်စီပြောခွင့်ရပြော

ဓာတ်ပုံ ရင်းမြစ်, screengrab
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ထဲက ၉ ဖွဲ့အထိ တက်ရောက်နိုင်တဲ့အခြေအနေရှိတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက ပြောလာပါတယ်။
ဒီနေ့ ဧပြီလ ၂၇ ရက်မှာ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောလာတာဖြစ်ပါတယ်။
NCA မှာ လက်မှတ်ထိုးထားတဲ့ဘယ်အဖွဲ့တွေဘက်က အကြောင်းပြန်ထားတယ်ဆိုတာမျိုးတော့ သူက အကျယ်တဝင့်မပြောသွားပါဘူး။
NCA ကို လားဟူဒီမိုကရေက်တစ်အစည်းအရုံး၊ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ မွန်ပြည်သစ်ပါတီ၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(ဒီကေဘီအေ)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ချင်းအမျိုးသားတပ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ရခိုင်လွတ်မြောက်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ တို့ လက်မှတ်ရေးထိုးထားကြပါတယ်။
ဒါ့အပြင် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ထဲက ၈ ဖွဲ့နဲ့ အဆက်အသွယ်ရထားပြီး အဆက်အသွယ်ရတဲ့အဖွဲ့တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နိုင်ချေရှိနေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။
ကားအစီးရေ ၇၀ ကျော်ပါတဲ့ စစ်ကောင်စီယာဥ်တန်း မတူပီကနေ မင်းတပ်ကို ဦးတည်လာ

ဓာတ်ပုံ ရင်းမြစ်, social media
ဓာတ်ပုံ ပုံစာ, မတူပီကို ဦးတည်သွားခဲ့တဲ့ စစ်ကောင်စီယာဥ်တန်း ကားအစီးရေ ၇၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီယာဥ်တန်းဟာ ချင်းပြည်နယ်၊ မတူပီမြို့ကနေ မင်းတပ်မြို့ဘက်ကို ဒီနေ့ ဧပြီလ ၂၇ ရက်မှာ ပြန်လည်ထွက်ခွာလာတယ်လို့ သိရပါတယ်။
သံချပ်ကာကား ၂ စီးလည်း ပါလာတဲ့ အဲဒီယာဥ်တန်းဟာ ဒီကနေ့မနက် ၁၀ နာရီကျော်ကျော်မှာ လေးမြို့တံတားကို ဖြတ်သွားပြီလို့လည်း သိရပါတယ်။
ဒီစစ်ကောင်စီယာဥ်တန်းဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်လောက်က ပခုက္ကူ- မင်းတပ်ကနေ မတူပီကို တက်သွားခဲ့တာဖြစ်ပြီး အခုတော့ မတူပီကနေ ပြန်ဆင်းလာတာဖြစ်ပါတယ်။
အဲဒီယာဥ်တန်းဟာ အသွားတုန်းက လမ်းတစ်လျှောက်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး ယာဥ်တန်းမှာပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက အစောပိုင်းကတည်းက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီယာဥ်တန်းဟာ ပုံမှန်ဆို နေ့ချင်းသွားနိုင်တဲ့ အဲဒီခရီးစဥ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၁၀ ရက်ကျော် ခရီးကြာခဲ့တာဖြစ်ပါတယ်။
အသွားတုန်းက အစီးရေ ၈၀ ကျော် ပါသွားခဲ့ပေမဲ့ ပြန်အဆင်းမှာ အစင်းရေ ၇၀ ကျော်သာ ပြန်ဆင်းလာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းဟာ မတူပီမှာရှိနေတဲ့တပ်ဖွဲ့ဝင်တွေကို ရိက္ခာပို့တဲ့ယာဥ်တန်းဖြစ်နိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ယူဆမှုတွေရှိပေမဲ့ အဲဒီယာဥ်တန်းဘာ့ကြောင့် အခုလို အသွားအပြန်ရှိလာတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ပျူစောထီးနဲ့ စစ်တပ်ဒေါက်တိုင် လက်နက်ကိုင်အဖွဲ့တွေ လက်နက်အပ် ပူးပေါင်းဖို့ NUG စာထုတ်

ဓာတ်ပုံ ရင်းမြစ်, social media
ဓာတ်ပုံ ပုံစာ, လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတဲ့ ပျူစောထီးတံဆိပ် ပျူစောထီးနဲ့ စစ်တပ်ဒေါက်တိုင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေထံ လက်နက်အပ်ပြီး ပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဧပြီလ ၂၇ ရက်မှာ စာထုတ်လာပါတယ်။
စစ်ကောင်စီဟာ အင်အားဖြည့်တင်းဖို့ ပျူစောထီးအပါအ၀င် ဒေါက်တိုင်အဖွဲ့တွေကို ဖွဲ့စည်း လေ့ကျင့် လက်နက်တပ်ဆင်ပေးပြီး အရပ်သားပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်တာ၊ ကျေးရွာတွေ မီးရှို့တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ PDF နဲ့တော်လှန်ရေးအင်အားစုတွေကို စစ်ပြိုင်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ အဲဒီစာက ဆိုပါတယ်။
အဲဒီပျူစောထီးနဲ့အဖွဲ့တွေဟာ စစ်အာဏာသိမ်းမှုကို ကိုယ်တိုင်လိုလားထောက်ခံတာ၊ စစ်တပ်ရဲ့ အတင်းအကြပ်ဖိအားပေး အကျပ်ကိုင်ခံရတာ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာလို အကြောင်းအမျိုးမျိုးနဲ့ ပါဝင်ဆောင်ရွက်နေတာတွေ့နေရတယ်လို့လည်း ထုတ်ပြန်စာမှာပါရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် CDM မှာ မပါ၀င်နိုင်သူတွေကို စစ်ရေးဆိုင်ရာပစ်မှတ် ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်းဝင်တွေအဖြစ် သတ်မှတ်အရေးယူဆောင်ရွက်မှာမဟုတ်ပေမဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှု ကိုယ်တိုင်ကျူးလွန်တာ၊ အားပေးပါဝင်တာ၊ ပြုလုပ်ဆောင်ရွက်မယ်ဆိုရင်တော့ ဥပဒေအရ၊ စစ်ရေးအရ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်တပ်ကိုထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဆိုတာ မရှိသလို လက်နက်တပ်ဆင် သင်တန်းပေးတာလည်းမရှိဘူးလို့ ဘီဘီစီကို ပြောထားဖူးပါတယ်။
တဖက်မှာလည်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ ရွာလုံးကျွတ် စစ်တပ်ယိမ်းတဲ့ ပျူစောထီးရွာတွေရှိနေပြီး တချို့နေရာတွေမှာ ပျူစောထီး တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရွာတွေကို ဝင်ရောက်မွှေနှောက်တာနဲ့ မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို သတင်းပေးပို့တာတွေလည်းရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့အဂတိမှု စွပ်စွဲချက်အမှုမှာ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်ရတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
အဲဒီအမှုအတွက် အပြီးသတ်အမိန့်ကို ဒီနေ့ ဧပြီလ ၂၇ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ အမိန့်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းထံကနေ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။
ဒီအမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စွဲဆိုခံရတဲ့အမှုလည်းဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်စုံစမ်းရေးအရာရှိတစ်ဦးက တရားလိုအဖြစ်တိုင်တန်းတဲ့အမှုလည်း ဖြစ်ပါတယ်။
အမှုအတွက် ဦးဖြိုးမင်းသိန်းရော ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့ပါ တရားလိုဘက်က သက်သေအဖြစ် ထွက်ဆိုခဲ့ကြတာဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုမှာ သူ့ကို စွပ်စွဲထားတာတွေဟာ အဓိပ္ပါယ်မရှိဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။
ထိုင်းက မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တစ်ဦးကို ပထမဆုံးခန့်အပ်

ဓာတ်ပုံ ရင်းမြစ်, ASEAN19TH
ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ်တုန်းကကျင်းပတဲ့ မီဒီယာဖိုရမ်မှာ မြင်တွေ့ရတဲ့ မစ္စ Pornpimol Kanchanalak ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး Pornpimol Kanchanalak ခန့်အပ်လိုက်တယ်လို့ ဘန်ကောက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai ကတော့ မစ္စ Pornpimol ဟာ မြန်မာ့အရေးထဲထဲဝင်ဝင် သိရှိသူဖြစ်လို့ သူ့ကို မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အနေနဲ့ ခန့်လိုက်တာလို့ ပြောသလို ဒီဒီလိုခန့်အပ်လိုက်တာကြောင့် ဝန်ကြီးဌာနရဲ့လုပ်ငန်းဆောင်တာတွေ ပိုချောမွေ့လာမယ်လို့ ပြောထားပါတယ်။
လက်ရှိမှာ မစ္စ Pornpimol ဟာ နိုင်ငံခြားရေးအကြံပေးတစ်ဦးအဖြစ် အခရာကျတဲ့နေရာမှာ ရှိနေပေမဲ့ အဆင့်မြင့်အရာရှိကြီးတွေအဆင့်လို ဆွေးနွေးပွဲတွေကို တက်ရောက်နိုင်မှု အကန့်အသတ်ရှိနေတာကြောင့် အခုလိုအထူးကိုယ်စားလှယ်တာဝန်ပေးလိုက်တဲ့အခါ အဲဒီအကန့်အသတ်တွေလည်း လျော့သွားမယ်လို့ ဒုဝန်ကြီးချုပ်က ပြောထားပါတယ်။
အထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တခြား အစိုးရဌာနတွေနဲ့ရော ပုဂ္ဂလိကပိုင်းနဲ့ပါ ညှိနှိုင်းဆောင်ရွက်ပေးမယ့်သူဖြစ်လာမှာဖြစ်သလို နိုင်ငံတကာတွေ့ဆုံပွဲတွေမှာ ထိုင်းကိုယ်စားလှယ်တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။
မြန်မာဟာ ထိုင်းနိုင်ငံနဲ့ ပထဝီနိုင်ငံရေးအရ၊ စီးပွားရေးအရ၊ အမျိုးသားလုံခြုံရေးအရ ဗျူဟာမြောက် အရေးပါတာကြောင့် အထူးကိုယ်စားလှယ်ဟာ နိုင်ငံခြားရေးကိစ္စရပ်တွေကို အနီးကပ်စောင့်ကြည့်မယ့်သူ ဖြစ်မယ်လို့ ထိုင်းဘက်က ပြောထားပါတယ်။
ဘီးလင်းခရိုင်ထဲ စစ်ရေးတင်းမာ
ဧဒင်ဦးချစ်ခိုင်ကို ဝန်ကြီးဟောင်းတွေရဲ့ ထွက်ချက်နဲ့ စစ်ကောင်စီဖမ်းဆီးစစ်ဆေး, ဝန်ကြီးဟောင်းတွေကို အဂတိမှုတွေနဲ့ အရေးယူထား
ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဧဒင်ဦးချစ်ခိုင်ကို တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံလုပ်ငန်းတွေ နဲ့ဆက်နွယ်ပြီး စစ်ကောင်စီက ဧပြီ ၂၅ ရက်မှာ အဂတိမှုနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ NLD ဝန်ကြီးဟောင်းတွေဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင်နဲ့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ရဲ့ ထွက်ချက်တွေနဲ့ဆက်နွယ်ပြီး ဖမ်းခဲ့တာလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
အခွန်လျှော့နည်းပေးဆောင်မှုတွေနဲ့ နိုင်ငံတော်ကနစ်နာဆုံးရှုံးမှုတွေတွေ့ခဲ့လို့ စစ်ဆေးနေတဲ့အကြောင်းသူကပြောပါတယ်။
ဦးချစ်ခိုင်ကို တီကျစ်ကျောက်မီးသွေးလုပ်ငန်းကနေ နိုင်ငံတော် ဘဏ္ဍာငွေတွေ နစ်နာမှု ဖြစ်စေခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး အရေးယူခဲ့တယ်လို့ ဒီကနေ့ စစ်ကောင်စီ မီဒီယာတွေကလည်း ကြေညာခဲ့ပါတယ်။
တီကျစ်ကျောက်မီးသွေးလုပ်ငန်းကနေ နိုင်ငံတော် ဘဏ္ဍာငွေ ကျပ် သန်းပေါင်း သောင်းချီ ဆုံးရှုံးမှုအတွက် သယံဇာတနဲ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ လုပ်ငန်းကို ကြီးကြပ်ဖို့ တာဝန်ရှိတဲ့ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းတို့ကို အဂတိတိုက်ဖျက်ရေး ပုဒ်မနဲ့ အရေးယူခဲ့ပြီး နိုင်ငံတော်နစ်နာမှုများဖြစ်အောင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီ ဥက္ကဌ ဦးချစ်ခိုင်ကိုလည်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်နဲ့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ကိုလည်း နိုင်ငံဘဏ္ဍာငွေ ကျပ် သန်းထောင်ချီ ဆုံးရှုံးစေမှုနဲ့ အဂတိတိုက်ဖျက်ရေး ပုဒ်မ၊ လုပ်ငန်းကြီးကြပ်ရတဲ့ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့ကို အဂတိတိုက်ဖျက်ရေး ပုဒ်မနဲ့ နေပြည်တော်မှာ ဧပြီ ၂၅ ရက်မှာ အမှုဖွင့်ပြီး တရားစွဲ ဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧဒင်ဦးချစ်ခိုင်ကို ဝန်ကြီးဟောင်းတွေရဲ့ ထွက်ချက်နဲ့ စစ်ကောင်စီဖမ်း
ထင်ရှားတဲ့လုပ်ငန်းရှင် ဧဒင်ဦးချစ်ခိုင်ကို တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံလုပ်ငန်းတွေ နဲ့ဆက်နွှယ်ပြီး စစ်ကောင်စီက ဧပြီ ၂၅ ရက်မှာ အဂတိမှုနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ NLD ဝန်ကြီးဟောင်းတွေဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင်နဲ့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ရဲ့ ထွက်ချက်တွေနဲ့ဆက်နွှယ်ပြီး ဖမ်းခဲ့တာလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
အခွန်လျှော့နည်းပေးဆောင်မှုတွေကြောင့် နိုင်ငံတော်က နစ်နာဆုံးရှုံးမှုတွေ တွေ့ခဲ့လို့ စစ်ဆေးနေတဲ့အကြောင်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, edengroup
ဓာတ်ပုံ ပုံစာ, ဧဒင်ဦးချစ်ခိုင် DKBA အင်အား ၂၀၀ ကျော် KNDO နဲ့ ပူးပေါင်း

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, DKBA အင်အား ၂၀၀ ကျော် KNDO နဲ့ ပူးပေါင်း တိုးတက်သော ဗုဒ္ဓဘာသာကရင်မျိုးသားအဖွဲ့ (DKBA)က နယ်ခြားကင်းတာဝန်ခံ ဗိုလ်စလုံးနဲ့ အင်အား ၂၀၀ ကျော်ဟာ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ရေးနယ်မြေထဲက ဗိုလ်မှူးချုပ် စောနယ်ဒါးမြဆီ ပူးပေါင်းလာတယ်လို့ သိရပါတယ်။
‘မနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ဗိုလ်စလုံးနဲ့အဖွဲ့တွေ အဖူးနယ်ဒါးဆီ ဆက်သွယ်ပြီး ပူးပေါင်း လာကြတာပါ။ သူတို့ အရင်အဖွဲ့ အစည်းမှာက ကရင်ဒေသခံတွေအကျိုးကို မကြည့်ဘဲ စစ်ကောင်စီ ဘက်ကိုပဲ အကူအညီပေးနေတာမျိုးတွေ၊ ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်း အကူအညီပေးတာ မျိုးတွေမရှိတော့ ဒီဘက်ကို ပူးပေါင်းဖို့ ဆက်သွယ် လာတာပေါ့နော်။ အခုတော့ သူတို့ကို KNDO နယ်မြေထဲမှာ နေရာချထားပေးတယ်။ ပြီးရင် သူတို့ကို တပ်ရင်းတစ်ခုဖွဲ့ ပေးပြီး စစ်ရေး တာ၀န်ပေးမယ်လိုတော့သိရတယ်’ လို့ KNDO ပူးပေါင်း တပ်ဖွဲ့ သတင်အရင်းအမြစ်က ပြောပါတယ်။
DKBA က ဗိုလ်စလုံးဟာ အရင်က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် နယ်ခြား လုံခြုံရေး ကင်းစခန်းမှုးအဖြစ်တာ၀န်ရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှာ စတင်ဖြစ်ပွားတဲ့ စစ်ကောင်စီ နယ်မြေ ရှင်းလင်းရေးတိုက်ပွဲတွေမှာ ဒေသတွင်း KNLA ပူးပေါင်းအဖွဲ့ တွေဘက်ကနေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ DKBA ဗဟိုဌာနချုပ်ကနေ သတိပေးတားမြစ်တာခံခဲ့ရသူဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဗိုလ်စလုံးတို့အဖွဲ့ဟာ စစ်ကောင်စီက မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသမှာ နယ်မြေရှင်းလင်းချိန် စစ်ဘေးရှောင်ဖြစ်သွားတဲ့ ဒေသခံ ၁၀၀၀ ကျော်ကို စစ်ရှောင် စခန်းဖွင့်ပြီး ကူညီပေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှာ စစ်ကောင်စီတပ်နဲ့ သူ့လက်အောက်က ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ တွေအပြင် လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ခဲ့တကြောင့် စစ်ကင်းစခန်းကို ဆုတ်ခွာပေးခဲ့ရပြီးတဲ့နောက် KNDO ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
ဖယ်ခုံမြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ လျှပ်စစ်ဝန်ထမ်း ၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ KNDF ပြော

ဓာတ်ပုံ ရင်းမြစ်, KNDF
ဓာတ်ပုံ ပုံစာ, ဖယ်ခုံမြို့နယ်တစ်နေရာ ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲမှာ တိုက်ပွဲတွေအတွင်း ပျက်စီးပွားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ လျှပ်စစ်ဝန်ထမ်း ၂၀ ကျော်ကို ဖမ်းဆီးလိုက်တယ်ဆိုပြီး ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီနေ့ ဧပြီလ ၂၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်မှူး ၂ ဦးနဲ့ လျှပ်စစ်ဝန်ထမ်း ၂၆ ဦးကို ဖယ်ခုံမြို့နယ် အရှေ့ဘက်၊ လွိုင်ကော်-ဖယ်ခုံလမ်းမအနီးမှာ ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
ဖမ်းဆီးမိတဲ့ လျှပ်စစ်ဝန်ထမ်းတွေကို ကရင်နီပြည်ရဲဌာန(KSP)ကို လွှဲပြောင်းထားပြီး စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆွဲချက်တင်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးမိသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားတာကြောင့် သက်ဆိုင်ရာ ဆွေမျိုးသားချင်းတွေ၊ အသိမိတ်ဆွေတွေအနေနဲ့ မစိုးရိမ်ကြဖို့ ကိုလည်း KNDF က ပြောပါတယ်။
သွေးသောက်အဖွဲ့ နဲ့ မန္တလေးမြို့က ထူးဆန်းတဲ့ လူသတ်မှုများ
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်ထောက်ခံတယ်လို့ ပြင်သစ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့နှစ်တုန်းက ရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်နဲ့ အာဆီယံရဲ့ အားထုတ်မှုကို ဆက်လက်ထောက်ခံတယ်ဆိုပြီး ပြင်သစ်နိုင်ငံက ဧပြီလ ၂၅ ရက်မှာ ပြောလာပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အားထုတ်မှုနဲ့ သက်ဆိုင်ရာပါဝင်သင့်ပါဝင်ထိုက်သူတွေကြား အပြုသဘောဆောင်တဲ့နိုင်ငံရေးဆွေးနွေးမှု စတင်ဖို့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က မပူးပေါင်းလိုတဲ့သဘောကြောင့် တိုးတက်မှု နှေးကွေးတာကိုလည်း ရှုတ်ချတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှု ချက်ချင်းအဆုံးသတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီပေးရေး အပိတ်အဆိုမရှိဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ဒီမိုကရေစီအင်အားစုပါ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖို့ ထပ်လောင်းတောင်းဆိုတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ ဖိနှိပ်မှုနဲ့ဒုက္ခကြားက ဒီမိုကရေစီအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်နေကြတဲ့ မြန်မာပြည်သူတွေကို ထပ်လောင်းထောက်ခံတယ်လို့လည်း ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်စွပ်စွဲခံရတဲ့အဂတိမှု အပြီးသတ်အမိန့်ချဖို့ ရက်ရွှေ့ ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့အဂတိမှု စွပ်စွဲချက်အမှုအပြီးသတ်အမိန့်ချဖို့ မနက်ဖြန် ဧပြီလ ၂၇ ရက်ကိုရွှေ့လိုက်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
အဲဒီအမှုအတွက် အပြီးသတ်အမိန့်ကို ဒီနေ့ ဧပြီလ ၂၆ ရက်မှာ ချမှတ်မယ်လို့ နေပြည်တော်အထူးတရားရုံး တရားသူကြီးက ပြီးခဲ့တဲ့တစ်ပတ်ရုံးချိန်းကတည်းက ဆုံးဖြတ်ထားခဲ့တာပါ။
ဒီနေ့နေ့လည်ပိုင်းမှာ အပြီးသတ်အမိန့်ချဖို့ ကနဦးချိန်းဆိုခဲ့ပေမဲ့ နေ့လည်ပိုင်းရောက်မှ အမိန့်ချမယ့်ရုံးချိန်းကို မနက်ဖြန်ကို ရွှေ့လိုက်တာလို့ဆိုပြီး တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
အမှုအတွက် တရားလိုဘက်က သက်သေတွေအဖြစ် ဦးဖြိုးမင်းသိန်းရော၊ ဇနီးဖြစ်သူပါ ကိုယ်တိုင်သက်သေ ထွက်ဆိုခဲ့ကြပြီးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအမှုမှာ သူ့ကို စွပ်စွဲထားတာတွေဟာ ယုတ္တိမရှိဘူးလို့ အစောပိုင်းအတည်းက ပြောထားပါတယ်။
ဒီအမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လာဘ်စားတယ်လို့ ထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တဲ့အမှုလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရပြီးကတည်းက အမှုပေါင်း ၁၀ မှုကျော်ကို တရားရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဲဒီထဲက အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပါတယ်။
CDM ရဲအင်အား ၃၀၀၀ နီးပါးရှိလာ, အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကို NUG ဖွဲ့စည်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုအစောပိုင်းကာလတွေမှာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM)မှာ ပါဝင်ပြီးနောက် အိန္ဒိယနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ နိုင်ငံအတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေကိုကာကွယ်ပြီး ပြည်သူလူထုရဲ့လူမှုဘဝလုံခြုံရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ နိုင်င့တော်လုံခြုံရေးကို တည်ဆောက်နိုင်ဖို့ "အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန"ကို ဖွဲ့စည်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဧပြီလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ဖို့၊ အစွမ်းကုန်အထောက်အပံ့ပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
ဒါအပြင် အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာ ဧပြီလ ၂၅ ရက်အထိ အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၂၉၃၇ ဦး အထိရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီနဲ့ ချိတ်ဆက်ပြီး ကျရာတာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းတာဝန်ထမ်းဆောင်လျက်ရှိတဲ့ ပြည်သူ့ဘက်ရပ်တည်နေတဲ့ (Pre CDM) ရဲတပ်ဖွဲ့ဝင်အင်အား ၃၄ ဦးထိရှိပြီလို့လည်း ဖော်ပြထားပါတယ်။
ဒီလိုရဲတပ်ဖွဲ့ဝင်တွေအင်အားထောင်ချီ မူရင်းတာဝန်တွေကိုစွန့်ခွာလာခဲ့ကြတာနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ဘက်ကတော့ ဒီကနေ့ ဧပြီ ၂၆ ရက်၊ မနက် ၁၁ နာရီအထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေအတွက် လေယာဉ်နဲ့ ကြဲချတဲ့ ရိက္ခာအများစုကို KNLA တပ်ဖွဲ့တွေရရှိ

ဓာတ်ပုံ ရင်းမြစ်, KNU
ဓာတ်ပုံ ပုံစာ, KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက မယ်ဝေ(မဲဝိုင်)အခြေစိုက်တပ်စခန်းတွေအတွက်လေယာဥ်နဲ့ကြဲချလာတဲ့ရိက္ခာထုပ်တွေကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီရိက္ခာထုပ်တွေကို မနေ့ ဧပြီလ ၂၅ ရက်ညနေပိုင်းမှာ ၂ ကြိမ် လာကြဲချတဲ့ရိက္ခာထုပ် ၉ ထုပ်ကို KNLA အမှတ်(၅) တပ်မဟာလက်အောက်မှာရှိတဲ့ တပ်ရင်း (၁၀၂) ကတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရယူခဲ့တာလို့ကေအဲန်ယူအာဘော်မူတြော်သတင်းမှာ အခုလို ဖော်ပြလာတာပါ။
စုစုပေါင်း လာချသွားတဲ့ ရိက္ခာထုပ် ၁၁ ထုပ်ရှိပြီး အဲဒီထဲက ပျောက်နေတဲ့ နောက် ၂ ထုပ်ကို ရှာဖွေနေဆဲလို့ ဆိုပါတယ်။
ရိက္ခာတွေကြဲချနေချိန်အတွင်းမှာ လုပ်ငန်းလုံခြုံချောမွေ့စေဖို့ အကြောင်းပြချက်နဲ့ ဖာပွန်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တပ်က ၁၂၂- မမ စိန်ပြောင်းနဲ့ ပစ်ခတ်တာမျိုး မဲဝေဒေသဘက်ကို ပစ်ခတ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
လက်ရှိ မယ်ဝေအခြေစိုက်စခန်းမှာ စစ်ကောင်စီရဲ့ အမှတ် -၉၇ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၄၀၅ ခြေမြန်တပ်ရင်း စခန်း ၂ ခုရှိနေပြီး ကုန်လမ်းကြောင်းနဲ့ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းသယ်ဆောင်ချိန်တိုင်း KNLA အဖွဲ့ဝင်တွေကနေ အဆင့်ဆင့်ပိတ်ဆို့ဟန့်တားတာကြောင့် အခုလိုဝေဟင်လမ်းကြောင်းနဲ့ ရိက္ခာပို့ဆောင်တာကို ပြောင်းလဲပြုလုပ်နေတာလို့ မူတြော်သတင်းမှာ ဖော်ပြပါရှိပါတယ်။
သူရဦးအောင်ကိုရဲ့ ထောင်ဒဏ်တစ်ဝက်ကို လျှော့ပေးတယ်လို့ စစ်ကောင်စီကြေညာ

ဓာတ်ပုံ ရင်းမြစ်, screen grab
ဓာတ်ပုံ ပုံစာ, ထောင်ဒဏ် ၁၂ နှစ်ကို တဝက်လျှော့ပေးလိုက်တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ သာသနာရေးနဲ့ ယဥ်ကျေးမှု ဝန်ကြီးတာဝန်ယူခဲ့တဲ့ သူရဦးအောင်ကိုရဲ့ ထောင်ဒဏ်ကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တဝက်လျှော့ပေ့ါပေးလိုက်ပါတယ်။
အခုလိုထောင်ဒဏ် တဝက်လျှေ့ာပေါ့လိုက်တဲ့အကြောင်းကို သူရဦးအောင်ကို ထောင်ဒဏ်ချမှတ်ခံရတဲ့ မတ်လ ၁၄ ရက်ကတည်းကဖြစ်ပေမဲ့ ပြစ်ဒဏ်လွတ်ငြိမ်းပြန်တမ်းကိုတော့ ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်လာတာြဖစ်ပါတယ်။
သူရဦးအောင်ကိုဟာ ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်ချိန်က သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ်ချီးမြင့်မှုအပိုင်းမှာ ငွေကြေးရယူတာနဲ့ လုပ်ငန်းရှင်တစ်ဦးဆီကနေ ငွေတွေယူခဲ့တာတွေအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄ အတွက် ထောင် ၃ နှစ်စီနဲ့ စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရတာဖြစ်ပါတယ်။
လက်ရှိမှာ သူရဦးအောင်ကိုဟာ အင်းစိန်အကျဥ်းထောင်ထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။
စစ်ရေးတင်းမာနေတဲ့ ဘီးလင်းမှာ ဒေသခံ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, KNU
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ဖြစ်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၇၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။
ကေအဲန်ယူ တပ်မဟာ(၁) သထုံခရိုင်ထဲမှာပါ၀င်တဲ့ ဘီးလင်းမြို့နယ်ထဲမှာ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ စစ်ကောင်စီနဲ့ သူ့လက်အောက်က နယ်ခြားစောင့်တပ် (BGF)တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ကေအဲန်ယူရဲ့ မနေ့ ဧပြီလ ၂၅ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေကြရတာလို့ဆိုပါတယ်။
ထွက်ပြေးကြရသူတွေဟာ ဘီးလင်းမြို့နယ်၊ ကျေးရွာ ၉ ရွာက ဖြစ်ပြီး ဆန်၊ ဆေးဝါးနဲ့ ခြေခံစားသောက်ကုန်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်မှာ စစ်ကောင်စီတပ်ဘက်က ဒေါဇံကြီးကျေးရွာနဲ့ လေးကေကျေးရွာတို့ကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး အိမ် ၈ လုံးလည်းပျက်စီးတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ လေးကေနဲ့ ဝင်းတာပန် တပ်စခန်း ၂ ခုကို ဧပြီလ ၂၃ ရက်နောက်ဆုံးထား ဆုတ်ခွာပေးဖို့ KNDO တပ်ရင်း ၂ ဘက်က ကြေညာချက်ထုတ်ခဲ့ပေမဲ့ မဆုတ်ခွာသေးတာကြောင့် စစ်ရေးတင်းမာလာခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီဘက်ကတော့ ဘီးလင်းမြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။
