တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကိုတိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်လာ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ပင်လည်ဘူးနယ်တိုက်ပွဲမှာ စစ်ကောင်စီက လေယာဥ်သုံးတိုက်ခိုက်, PDF အလောင်း ၁၂ လောင်း သိမ်းမိခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်

ဓာတ်ပုံ ရင်းမြစ်, social media
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်ထဲ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က ၄ ရက်ဆက်တိုက်လေယာဥ်သုံး တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေဘက်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပင်လည်ဘူးမြို့နယ်ထဲက နွယ်လိန်းကျေးရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကလည်း အကျအဆုံးရှိတယ်လို့ပြောပြီး PDF ဘက်က အလောင်း ၁၂ လောင်းကို ရရှိတယ်လို့ ဧပြီလ ၁၂ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပင်လည်ဘူးမြို့ ပေါ်က အုပ်ချုပ်ရေးပိုင်းနေရာတွေအပါအ၀င် အချက်အခြာကျတဲ့နေရာတွေကို ဧပြီလ ၇ ရက်နဲ့ ၈ ရက်နေ့မှာ ၀င်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေက အဲဒီနေရာတွေကို ပြန်သိမ်းဖို့ ကြိုးပမ်းရာကနေ ဧပြီလ ၁၀ ရက်အထိ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။
“စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်း အင်အားအများကြီးနဲ့ ထိုးစစ်ဆင်တယ်။ သူတို့ရုံးတွေကို သူတို့ ပြန်ရသွားတာမှန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးဘက်က အခြေအနေတစ်ခုကြောင့် နောက်ဆုတ်လိုက်ရတာပါ။ ပြည်သူလူထုကို ထိခိုက်နစ်နာမှာစိုးလို့ နောက်ဆုတ်လိုက်တာပါ” လို့ ဒေသကာကွယ်ရေးတပ်ဘက်က ဘီဘီစီကိုပြောပါတယ်။
ကောလင်း၊ ပင်လည်ဘူး၊ ၀န်းသိုမြို့နယ်တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ပြောက်ကျားတိုက်ခိုက်မှုတွေ ရှိနေပြီး နယ်မြေ မတည်ငြိမ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, screen grab
ဓာတ်ပုံ ပုံစာ, သံချပ်တိုက်နေတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၀င်တွေ သင်္ကြန်နဲ့အတူ အမြဲကြားရတတ်တဲ့ ကျောင်းသားလူငယ်တွေရဲ့ ဒေါင်းတို့မျိုးဆက်သံချပ်သံတွေကို ဒီနှစ်မှာလည်းကြားရဖို့ရှိနေပါတယ်။
စစ်အာဏာသိမ်းမှုအောက်ကိုရောက်နေတဲ့ အခုချိန်မှာတော့ သံချပ်သံတွေဟာ တောတောင်တွေကြားထဲက လွင့်ပျံလာမှာပါ။
အာဏာသိမ်းတာကိုလက်နက်ကိုင်နည်းလမ်းနဲ့ ဆန့်ကျင်ထားကြတဲ့လူငယ်တွေရဲ့ဒေါင်းတို့မျိုးဆက်သံချပ်အကြောင်းရုပ်သံကို ဒီလင့်ခ်ကနေ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
စစ်ကိုင်း၊ ခန္တီးမြို့နယ်ထဲက SNA စခန်းငယ်ကို စစ်ကောင်စီတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, The Voice of Shanni
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ထဲမှာရှိတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအသေးစိတ်ကို မသိရှိရသေးဖူးလို့ SNA က ဘီဘီစီကိုပြောပါတယ်။
"ဘာကြောင့်လာတိုက်တာလဲမသိဘူးဗျ။ ဒီလိုဖြစ်ပြီးနောက်ပိုင်း စစ်ရေးတင်းမာမှုတော့မရှိပါဘူး" လို့ SNA ပြောရေးဆိုခွင့်ရှိသူ စဝ်အောင်မိန်းကပြောပါတယ်။
ဒီလို SNA စခန်းငယ်တိုက်ခိုက်ခံရတာဟာ အာဏာသိမ်းပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နှစ်ဖက်ထိတွေ့မှုတချို့ရှိခဲ့တယ် SNA ကနေသိရပါတယ်။
စစ်တပ်ရဲ့ ကျူးလွန်တဲ့အကြမ်းဖက်မှုတွေကိုတာ၀န်ခံမှု၊ တာ၀န်ယူမှုရှိလာဖို့ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ အမေရိကန်ပြော
မြန်မာ့နှစ်ကူး သင်္ကြန်ကာလမှာ မြန်မာပြည်သူတွေအတွက် ဆုမွန်ကောင်းတောင်းပေးတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က သဝဏ်လွှာပေးပို့ ပြောဆိုကြောင်း ဧပြီလ ၁၁ရက်နေ့က အမေရိကန်နိုင်ငံခြားရေး၀န်ကြီးရုံး ဝက်ဘ်ဆိုက်မှာဖော်ပြပါတယ်။
အဲဒီသဝဏ်လွှာထဲမှာဘဲ စစ်အာဏာသိမ်းမှုနဲ့ ဆက်စပ်သူတွေရော စစ်ခေါင်းဆောင်တွေက ကျူးလွန်တဲ့အကြမ်းဖက်မှုတွေကိုတာ၀န်ခံမှု၊ တာ၀န်ယူမှုရှိလာဖို့ တိုးမြှင့်လုပ်ဆောင်သွားမယ့်အပြင် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့လည်း ၀န်ကြီးက သူ့ရဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီမယ့်ကတိက၀တ်ကို ဆက်ထားရှိမယ်လို့ ၀န်ကြီးက ပြောထားပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကိုဆန့်ကျင်ပြီး မတွေးလောက်စရာ ထိခိုက်ခံစားမှုတွေကို ကြံ့ကြံ့ခံခဲ့ကြတဲ့မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကိုလည်း ၀န်ကြီးက သူ့ရဲ့ သဝဏ်လွှာထဲမှာ အသိအမှတ်ပြု ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ဝှေ့သမား တူးတူး(နဂါးမာန်)အပါအဝင် ၆ ဦး ဖမ်းဆီးခံရ
နိုင်ငံကျော်လက်ဝှေ့သမား တူးတူး(နဂါးမာန်)အပါအဝင် ၆ ဦးကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ မန်းချောင်းမြောက်ဘက်က စားသောက်ဆိုင်တစ်ဆိုင်မှာ ဧပြီ (၁၁)ရက်၊ မနက် (၁၁)နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လက်နက်ပစ္စည်းတွေနဲ့ပါ ဖမ်းဆီးရမိတယ်လို့ ဆိုကြပေမဲ့ ဘီဘီစီဘက်ကတော့သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
"တူးတူးတို့က စစ်ကောင်စီကိုတော်လှန်နေတယ်ဆိုတာလူသိကြတော့ သူတို့ဘက်ကလည်းလိုက်ဖမ်းချင်နေတာပဲ။ ငဖဲ၊ စေတုတ္ထရာဘက်မှာလည်း လိုက်ဖမ်းသေးတယ်၊ သူလွတ်သွားတာ။ ဒါကိုစကုဘက်ကသိတဲ့သူကသတင်းပေးလိုက်တယ်ထင်ပါတယ်။ စကုစခန်းကဝင်ဖမ်းတာ"လို့ စကုဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ တူးတူး(နဂါးမာန်)နဲ့ အဖွဲ့ဝင်တွေကို စကုစစ်တပ်စစ်ကြောရေးမှာစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ဝှေ့သမား တူးတူးဟာ စစ်ကောင်စီကိုဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့သလို အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွပါဝင်နေသူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Too Too တူးတူး(နဂါးမာန်)
မြန်မာမှာ အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။
နယူယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ ဧပြီလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူက Stéphane Dujarric အခုလိုပြောလာတာပါ။
ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ကြသူ ၃ သောင်းခွဲကျော်အထိ ရှိမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ( UNHCR) က ခန့်မှန်းထားတယ်လို့လည်း သူက ပြောပါတယ်။
ကုလသမဂ္ဂအချက်အလက်တွေအရ အဲဒီလူ ၉ သိန်းကျော်ထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာရသူ ၅ သိန်းခွဲကျော်အထိရှိနေတာပါ။
တဖက်မှာလည်း နိုင်ငံအရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်ခံစားရမှုရှိနေသလို လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဟာ ဆိုးရွားနေတယ်လို့ သူက ပြောပါတယ်။
အကူအညီပေးရေးအဖွဲ့အစည်းတွေဟာဒေသဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ကူညီနိုင်ဖို့ ဆက်လုပ်နေတယ်လို့ သူက ပြောပါတယ်။
မြန်မာပြည်သူ ၆ သန်းကျော်ကို အကူအညီပေးဖို့ ရန်ပုံငွေ သန်း ၈၂၀ ကျော်လျာထားပေမဲ့ လက်ရှိအချိန်အထိ အဲဒီပမာဏရဲ့ ၄ ရာခိုင်နှုန်းပဲရရှိသေးတာကြောင့် ရန်ပုံငွေထည့်၀င်လှူဒါန်းကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။
တချိန်တည်းမှာပဲ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့သီတင်းပင်း အိုးအိမ်စွန့်ခွါရသူ သုံးသောင်းကျော်အထိရှိနေတယ်လို့ ပြည်တွင်းမှာရှိတဲ့ ကုလသမဂ္ဂရုံးက ပြောထားပါတယ်။
မန္တလေးသပိတ်အင်အားစုဦးဆောင်သူ ကိုသူရအောင်ဖမ်းဆီးခံရပြီး နှစ်လကြာတဲ့ထိ အဆက်သွယ်မရ ဖြစ်နေ, သတင်းတင်ပြလာတာမရှိဘူးလို့ အကျဉ်းဦးစီးတာဝန်ရှိသူတုံ့ပြန်
မန္တလေးသပိတ်အင်အားစုဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုသူရအောင်ကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၉)ရက်တုန်းက စစ်ကောင်စီကနေဖမ်းဆီးသွားခဲ့ပြီး နှစ်လကျော် ကြာတဲ့အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောရေးမှာအသက်သေဆုံးသွားပြီဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာကြောင့် ကိုသူရအောင်ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်လို့ မန္တလေးသပိတ်အင်အားစုဘက်က ထုတ်ပြန်လာပါတယ်။
"သူ့ကို အိုးဘိုထောင်ပို့တယ်လို့လည်းမကြားဘူး။ မိသားစုဆီကိုလည်းဘာမှမဆက်သွယ်လာဘူး။ ဘာပုဒ်မနဲ့အမှုတပ်တယ်လည်းမသိရဘူး။ အဲ့ကြားထဲကမှ အခုသေပြီလို့ သတင်းတွေထွက်နေတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုအကူအညီတောင်းပြီး သေချာသိအောင်စုံစမ်းဖို့လုပ်နေပါတယ်။"လို့ မန္တလေးသပိတ်အင်အားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီအကျဉ်းဦးစီးဌာနတာဝန်ရှိသူ ဦးခင်ရွှေကလည်း ကိုသူရအောင်နဲ့ပတ်သက်ပြီး တစုံတရာသတင်းတင်ပြလာတာမျိုးဘာမှမရှိဘူးလို့ တုံ့ပြန်သလို အကျဉ်းထောင်ထဲရောက်လာတာရှိ၊မရှိကိုလည်း သိရှိထားတာမရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတောင် ကိုသူရအောင်နဲ့အဆက်အသွယ်ရဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ ရှေ့နေတွေအပါအဝင် သံရုံးနဲ့ သံတမန်အဖွဲ့အစည်းတွေကိုပါ အကူအညီတောင်းဆိုထားတယ်လို့ မန္တလေးသပိတ်အင်အားစုတွေထံကသိရပါတယ်။
ကိုသူရအောင်ဖမ်းဆီးခံရပြီးနောက်ပိုင်း ဧပြီ (၁၁)ရက်အထိ မန္တလေးသပိတ်အင်အားစုဝင် အနည်းဆုံး (၁၀)ဦးအထိ ဖမ်းဆီးခံထားရပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မန္တလေးသပိတ်အင်အားစု
ဓာတ်ပုံ ပုံစာ, မန္တလေးသပိတ်အင်အားစုဦးဆောင်သူ ကိုသူရအောင်ဖမ်းဆီးခံရပြီး နှစ်လကြာတဲ့ထိ အဆက်သွယ်မရ ဖြစ်နေ စျေးသည်မိခင်ရဲ့ မေတ္တာလွှမ်းတဲ့ ထောင်ဝင်စာ
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကလေးမွေးဖွားနှုန်းထိန်းချုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ပြင်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လူဦးရေမြင့်တက်လာတဲ့အခြေအနေကြောင့် အဲဒီစခန်းတွေမှာကလေးမွေးဖွားနှုန်းထိန်းချုပ်မယ့်အစီအမံတွေချမှတ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်ဆင်နေတယ်လို့သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး၀န်ကြီးဦးဆောင်ကျင်းပမဲ့ မနေ့ ဧပြီလ ၁၀ ရက် အစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာလို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တနှစ်ကို ကလေး ၃ သောင်းခွဲနီးပါးအထိ မွေးဖွားနှုန်းမြင့် တက်နေတာကြောင့် ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီး မွေးဖွားနှုန်း ထိန်းချုပ်ဖို့ စီစဥ်မှာလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး၀န်ကြီးက ပြောလိုက်တာပါ။
ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေလက်ထဲ နိုင်ငံကူးလက်မှတ်ရောက်နေတာတွေကို မဖြစ်အောင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အချက်အလက်တွေကို အသုံးပြုဖို့၊ ဒုက္ခသည်စခန်းတွေမှာ သံဆူးကြိုးကာဖို့ ကိစ္စတွေကိုလည်း အဲဒီအစည်းအဝေးမှာဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
မီဇိုရမ်ရောက် မြန်မာတွေကို ဒုက္ခသည်ကတ်ပေးဖို့ ပြည်နယ်အစိုးရ စီစဥ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မီဇိုရမ်ပြည်နယ်ထဲကို ရောက်သွားသူတွေထဲမှာ CDM မှာပါ၀င်တဲ့ ရဲတပ်ဖွဲ့၀င်တွေလည်း ပါ၀င်နေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ မြန်မာတွေကို ဒုက္ခသည်ကတ်လုပ်ပေးဖို့ ပြည်နယ်အစိုးရက စီစဥ်နေတယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်အတွက်သာ အကျုံး၀င်မယ့် အဲဒီကတ်ဟာ ဒုက္ခသည်တွေကို မှတ်ပုံတင်ရာမှာ ပိုအဆင်ပြေလွယ်ကူစေမှာဖြစ်ပြီး ပြည်နယ်မဲဆန္ဒရှင်စာရင်းမှာ ထည့်သွင်းတာမျိုးကိုလည်း ဟန့်တားပြီးဖြစ်စေလိမ့်မယ်လို့ အိန္ဒိယပြည်ထဲရေး၀န်ကြီးဌာန အရာရှိတစ်ဦးက ပြောထားပါတယ်။
အဲဒီလိုကတ်ထုတ်ပေးလိုက်တာကြောင့် ကိုင်ဆောင်သူဟာ မီဇိုရမ်ပြည်ထဲမှာ လူသားချင်းစာထောက်ထားမှုအကူအညီလိုအပ်ချက်ကြောင့်နေထိုင်နေတဲ့သူဆိုတာလည်း ရှင်းရှင်းလင်းလင်းရှိနေစေမယ်လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၁၅၀ နီးပါး ထိစပ်နေတဲ့ပြည်နယ်ဖြစ်ပါတယ်။
အဲဒီက ခရိုင် ၆ ခုမှာ မြန်မာပြည်က ချင်းတိုင်းရင်းသားအများစုအပါအ၀င် လူပေါင်း ၂၉၅၀၀ ကျော် ခိုလှုံနေပြီး အဲဒီထဲမှာ လွှတ်တော်အမတ်တွေလည်း ပါ၀င်ပါတယ်။
မန္တလေးမြို့၊ ၆၂ လမ်းပေါ် ပေါက်ကွဲမှု လူ ၆ ဦးထက်မနည်းဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားက ၆၂ လမ်းမပေါ်မှာ ဒီနေ့ ဧပြီလ ၁၁ ရက် မနက်ပိုင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တာကြောင့် အိမ်စီးကား တစ်စီးထဲက လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
၆၂ လမ်း လမ်းလယ်ကျွန်းမှာ ပေါက်ကွဲမှုဖြစ်ချိန် အနီးနားဖြတ်သွားတဲ့ အိမ်စီးကားပေါ်ကလူတွေ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရတဲ့သူတွေထဲက အသက် ၆၀ နီးပါး အမျိုးသမီးဟာ ဘယ်ဘက်ခြေထောက် ပျက်စီးလုနီးပါး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့လည်း သိရပါတယ်။
" ဒီမနက် ပေါက်ကွဲမှုမှာ WISH အမျိုးအစား အိမ်စီးကားတစ်စီးထိတယ်။ နောက်ပြီး ၆၂ လမ်းရဲ့အနောက်ဘက်ခြမ်းမှာ ဆိုင်ကယ်တစ်စီးနဲ့ လူ ၂ ယောက်လဲနေတာလည်းတွေ့ခဲ့ရတယ်"လို့ အခင်းဖြစ်တဲ့နေရာကို မြင်တွေ့ခဲ့ရတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုမှာ ထိမှန်ခဲ့တဲ့ အိမ်စီးကားပေါ်က ဒဏ်ရာရသူ ၄ ဦးကတော့ မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေပြီလို့ သိရပါတယ်။
ပေါက်ကွဲမှုအပြီးမှာ အဲဒီလမ်းမကြီးပေါ်က လမ်းလယ်ကျွန်းကနေ မပေါက်သေးတဲ့ မိုင်းတစ်လုံးကို စစ်ကောင်စီဘက်က ရှင်းလင်းခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
စစ်ကောင်စီဟာ မန္တလေးမြို့ ပုံမှန်အတိုင်းဖြစ်နေပြီဆိုတာပြသဖို့ မဟာသင်္ကြန်ပွဲကို ကျင်းပဖို့ ရှိနေတာကြောင့် သင်္ကြန်ကာလအတွင်းမှာ တိုက်ခိုက်မှု အရှိန်မြှင့်မယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုကို သတိပေးချက် ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။
ဂျပန်လူထုကို မြန်မာ့ဒီမိုကရေစီအရေးပိုသိရှိလာစေချင်ကြောင်း NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ပြော

ဓာတ်ပုံ ရင်းမြစ်, Maung Tun Wai
ဂျပန်လူထုကို မြန်မာ့ဒီမိုကရေစီအရေး ပိုမိုသိရှိလာစေချင်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်က ထုတ်ပြောလာပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မနေ့ ဧပြီလ ၁၀ ရက်နေ့တုန်းကပြုလုပ်တဲ့ ဂျပန်ရောက်မြန်မာတွေရဲ့ ရန်ပုံငွေရှာဖွေပွဲ သင်္ကြန်ပွဲတော်ကို တက်ရောက်ရင်း NUG ကိုယ်စားလှယ် စောဘလှသိန်းက အခုလိုပြောလိုက်လို့ ဂျပန်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပြင် ကိုယ်စားလှယ်ရုံးကိုပါ အားပေးထောက်စေလိုတဲ့အကြောင်း ကိုယ်စားလှယ်က တိုက်တွန်းပြောဆိုပါတယ်။
မနေ့က ကျင်းပတဲ့အဲဒီပွဲမှာတော့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်း အသက်ဆုံးပါးခဲ့ကြရသူတွေအတွက် တစ်မိနစ်ကြာ ငြိမ်သက်ဆုတောင်းတာလည်း ပြုလုပ်ခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြား ပြန်လည်ကျင်းပခွင့်ရတဲ့ အဲဒီပွဲကို ဂျပန်ရောက်မြန်မာ ၁ ထောင်နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့၊ နတ်ချောင်းရွာ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ရွာထဲကတက်လာတဲ့မီးခိုးလုံးတွေကို အဝေးကနေကြည့်နေကြတဲ့ နတ်ချောင်းရွာသူရွာသားတွေ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်က နတ်ချောင်းရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့ ဧပြီလ ၁၁ ရက် မနက်ပိုင်းမှာ ၀င်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဧပြီလ ၁၀ ရက်မနက်ပိုင်းတုန်းက ကလေးမြို့ တောင်ဘက်မှာ ရန်ကြီးအောင်ရွာကနေ ကလေးဘက်ကို တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံခဲ့ရအပြီးမှာ နတ်ချောင်းရွာထဲ အခုလို၀င်ရောက်လာတာလို့ လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းတုန်းကလည်း ကလေးမြို့နယ်ထဲက နတ်ချောင်းရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က ရွာထဲကို ၀င်ရောက်ပစ်ခတ်မီးရှို့ခဲ့တာကြောင့် လူသေဆုံးတာနဲ့ လူနေအိမ်တွေ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့တောင်ပိုင်းက နတ်ချောင်းရွာအနီးအပါအ၀င် ပန်းမွန်ချောင်းနဲ့ ဟဲလုပ်ရွာအနီးမှာဖြစ်တဲ့ မနေ့က တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးတယ်လို့ ဒေသ ကာကွယ်ရေးတပ်တွေဘက်က ပြောထားပါတယ်။
စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။
စစ်တွေမှာ သင်္ကြန်ပွဲတော်ကို ကျင်းပဖို့ စစ်ကောင်စီရော၊ အရပ်ဘက်ကပါ ပြင်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရပ်ကွက်တွေမှာ ရိုးရာ ဘုရားရေသပ္ပါယ်ရေးအတွက် နံ့သာသွေးတာတွေကို မနေ့ ဧပြီလ ၁၀ ရက်ညနေပိုင်းကတည်းက ပြုလုပ်နေကြပြီဖြစ်ပါတယ်။
အခုလိုနံ့သာသွေးတာဟာ သင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာအတိုင်း ကျင်းပမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
စစ်တွေမြို့မှာ အခုနှစ်သင်္ကြန်ပွဲတော်ကို စစ်ကောင်စီက ဦးစီးကျင်းပဖို့ ပြင်နေသလို အရပ်ဖက်ကလည်း ရိုးရာသင်္ကြန်ပွဲတော်အဖြစ် အခုနှစ်မှာ ပြန်လည်ကျင်းပကြမှာဖြစ်တယ်လို့သိရပါတယ်။
စစ်ဘေးနဲ့ကပ်ရောဂါဘေးကြောင့် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်တာ သုံးနှစ်ခန့်ရှိနေပြီဖြစ်တဲ့ရခိုင်ပြည်နယ်ထဲမှာ ဒီနှစ်မှာတော့ စည်စည်ကားကားကျင်းပဖို့ ရှိနေပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးအရှိန်မြှင့်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေပြော, ရန်ကုန်မှာ လူငယ်တွေဆက်တိုက်ဖမ်းဆီးခံနေရတာလည်းရှိနေ
သင်္ကြန်ကာလနီးလာတဲ့အချိန်မှာပဲ ရန်ကုန်မှာ တော်လှန်ရေးအင်အားစုလူငယ်တွေဆက်တိုက်ဖမ်းဆီးခံနေရသလို စစ်အုပ်စုကိုပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ အရှိန်မြှင့်မယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအသိုင်းအဝိုင်းကပြောပါတယ်။
အခုလဧပြီ ပထမအပတ်အတွင်းမှာတင် တော်လှန်ရေးအင်အားစုက လူငယ်အနည်းဆုံး အယောက် (၂၀)ဝန်းကျင် ဖမ်းဆီးခံထားရတယ်လို့ဆိုပါတယ်။ မနေ့ ဧပြီ (၁၀)ရက်ညကလည်း မရမ်းကုန်းမြို့နယ်မှာ လူငယ်နှစ်ဦးဖမ်းဆီးရတယ်လို့ သိရပါတယ်။
" Free Tiger Ranger အဖွဲ့ဝင်တွေပါတယ်။ နောက် Black Eagle အဖွဲ့ဝင်တချို့ရောပေါ့။ ဧပြီ (၅)ရက်က မဝေအဖမ်းခံရတယ်။ အဲ့လိုဆက်တိုက်ကိုဖမ်းလာတာ ညတိုင်းဖမ်းမိတယ်၊ နေ့တိုင်းလိုလိုကို အဖမ်းခံနေရတယ်။ အချိန်ကြာလာတော့ စိတ်ရောလူရောပန်းလာချိန်၊ သူတို့ဘက်က ကွင်းဆက်မိတာနဲ့ဆုံနေတာပါ။ တဖက်NUG အစိုးရရဲ့ ရန်ကုန်အတွက် နန်းထိုက်အောင်စစ်ဆင်ရေးကလည်း အင်အားကောင်းလာတော့ အရှိန်ကတော့ကျသွားမှာမဟုတ်ဘူး"လို့ ရန်ကုန်မြို့ပြပြောက်ကျားလှုပ်ရှားနေသူတဦးက ဘီဘီစီကိုပြောပါတယ်။
မနေ့ဧပြီ (၁၀)ရက် တရက်ထဲမှာတင် ရန်ကုန်၊ သုံးခွမြို့နယ်က ထွေအုပ်ရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ အားကစားခန်းမတို့ကို တိုက်ခိုက်ခဲ့တယ်လို့ Thongwa Youth Force ကကြေညာခဲ့သလို လှိုင်သာယာမြို့နယ်ထဲက အလုပ်သမားတွေအပေါ်ဖိနှိပ်နေတဲ့ အလုပ်ရှင်တွေစုဝေးစားသောက်နေတဲ့ နေရာကို ဖောက်ခွဲခဲ့တယ်လို့ YGN PDF နဲ့ Free Tiger Rangerအဖွဲ့က ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မနေ့ညနေပိုင်းမှာ စစ်ကောင်စီအရာရှိတွေနေထိုင်ကြတာများတဲ့ ရန်ကုန်မြို့ အင်းယားလမ်း နဲ့ ဇော်ဂျီလမ်း အနီးက ကင်းစောင့်တဲ့ရဲကင်းကို လည်း NUG အစိုးရ လက်အောက် နန်းထိုက်အောင်စစ်ဆင်ရေး က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ရုပ်သံဖိုင်ထွက်ပေါ်လာပါတယ်။ လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ရဲတစ်ယောက်သေဆုံးခဲ့တာတွေ့ရသလို အဲဒီအနီးနေထိုင်သူတွေကလည်း အတည်ပြုပါတယ်။
အလားတူ မနေ့ညနေပိုင်းမှာပဲ လမ်းမတော်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် ပစ်ခတ်ခံရလို့ သေဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒီတိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့က ဒီကနေ့ဧပြီ (၁၁)ရက် မနက် (၁၀)နာရီဝန်းကျင်အထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
NUG အစိုးရရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကနေ ပြီးခဲ့တဲ့ ဧပြီ (၇)ရက်တုန်းက ပျံလွှားအောင်စစ်ဆင်ရေးပြီးဆုံးပြီလို့ ကြေညာခဲ့ပြီးနောက် ဧပြီ (၈)ရက်ကနေစကာ သုံးရက်အတွင်း မင်္ဂလာဒုံ၊ အင်းစိန်၊ ကမာရွတ်၊ လမ်းမတော်၊ ကော့မှူး၊ တွံ့တေး၊ သုံးခွ၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေဆောင်ရွက်နေတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cJ
ဓာတ်ပုံ ပုံစာ, ဧပြီ (၁၀)ရက်နေ့၊ အင်းယားလမ်းဖြစ်စဉ်ပြီးနောက် လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံ့လာတဲ့ ဓာတ်ပုံ။ မြန်မာ့ဒီမိုကရေစီအရေး ဆက်အားထုတ်မယ်လို့ ဝါရင့်အမေရိကန်အထက်လွှတ်တော်အမတ် ပြော

ဓာတ်ပုံ ရင်းမြစ်, Senator Mitch McConnell
မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူထုကဦးဆောင်တဲ့အုပ်ချုပ်မှုပေါ် ပေါက်လာရေး ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်က ပြောလာပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေအပေါ် ထောက်ခံအားပေးမှုအရေးကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံမတ်နဲ့ ဧပြီလ ၈ ရက်နေ့တုန်းကတွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ အထက်လွှတ်တော် အမတ်က အခုလိုပြောလာတာပါ။
တပ်မတော်ဟာ အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး သူ့မိတ်ဆွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတေးလျစီးပွားရေးပညာရှင် ရှောင်တာနဲလ်တို့အပါ အ၀င် နိုင်ငံရေးအကျဥ်းသားထောင်ချီကို ဖမ်းဆီးထားမှုကိုလည်း အထက်လွှတ်တော် အမတ်က ထောက်ပြပြောဆိုပါတယ်။
၂၀၂၂ ခုနှစ်အတွက် အမေရိကန်အစိုးရအသုံးစရိတ်မှာ အမျိုးသားညီညွတ်ရေးအစိုး(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ကို ထောက်ပံ့ရေးနဲ့ မြန်မာစစ်တပ်ကိုကျော်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေအတွက် ထည့်သွင်းနိုင်ခဲ့တာကိုလည်း ဂုဏ်ယူတဲ့အကြောင်း သူက ပြောထားပါတယ်။
အထက်လွှတ်တော် အမတ် မစ်ချ် မက် ကော်နယ်ဟာမြန်မာ့ဒီမိုကရေစီအရေးကို ကာလရှည်ကြာထောက်ခံတဲ့အမေရိကန်အမတ်တစ်ဦးလည်းဖြစ်ပါတယ်။
တစ်ကျော့ပြန် ၂၆၁
ပါတော်မူချောင်း သို့မဟုတ် မြန်မာမြေပေါ်က ပျောက်ဆုံးသွားတော့မယ့် မြစ်တစ်စင်း
နေရေး စားရေးနဲ့ စစ်ဘေး အပြင် ရေရှားတဲ့ဒုက္ခ ကြုံနေရတဲ့ စစ်ကိုင်းတိုင်းက စစ်ရှောင်များ
