တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကိုတိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ
BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
မန္တလေး၊ ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှုဖြစ်
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ လမ်း (၃၀)နဲ့ (၈၄)လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဒီကနေ့မတ်လ (၃၀)ရက်၊ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေများတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ရောက်တော့ ဆိုင်တံခါးကိုပိတ်ထားလိုက်ပြီ၊ အဲ့ဒီထဲကနေမှ ထိခိုက်မိသူတွေက ထွက်လာကျတာ။ ကျွန်တော်တို့ကတော့ နှစ်ဦးကူညီပေးလိုက်ရတယ်၊ အရေးပေါ်ပို့ပေးထားတယ်။ ဒဏ်ရာကတော့ မပြင်းထန်ပါဘူး။”လို့ ကူညီပေးခဲ့ရတဲ့ လူမှုကူညီရေးအသင်းက ဘီဘီစီကို ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိစာရင်းအတိအကျတော့ ဘီဘီစီဘက်က အတည်မပြုနိုင်ခဲ့ပါဘူး။ လက်ရှိအခင်းဖြစ်ပွားရာနေရာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ စစ်ဆေးမှုလုပ်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် ဒီဖြစ်စဉ်အပြီး မိနစ်ပိုင်းအတွင်း ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း ၁ဝ၇လမ်းနဲ့ ၁ဝ၈လမ်းကြားမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နောက်ထပ်ဆိုင်ခွဲတခုမှာပါ ပေါက်ကွဲမှုတခု ထပ်ဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ဇွဲထက်ရွှေဆိုင်တွေအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ဆိုင်ဘက်ကိုဆက်သွယ်နေပေမဲ့ ညနေ (၃)နာရီခွဲဝန်းကျင်အထိ ဆက်သွယ်မရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လူမှုကွန်ယက်စာမျက်နှာပေါ်မှာပြန့်နေတဲ့ ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှုမြင်ကွင်း။ မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် ၂ဘက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ, ၃ရက်အတွင်း အရပ်သား ၂ဦးပစ်ခတ်ခံရလို့ သေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် ၂ဘက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ မြဝတီ - ကော့ကရိတ် အာရှလမ်းသစ်အပိုင်းမှာ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရတယ်လို့ ဒေသခံ၊ ယာဉ်မောင်းတွေထံကသိရပါတယ်။
ပြီးခဲ့တဲ့ ၃ရက်အတွင်းမှာဘဲ အိမ်စီးကားတွေ ပစ်ခတ်ခံရတာအပြင်၊ ကုန်တင်ကား၊ အိမ်စီးကား စတာတွေလည်း မီးရှို့ဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်၊ ဖျက်ဆီးတာကို ဘယ်အဖွဲ့အစည်းတွေက ပြုလုပ်တယ်ဆိုတာကိုတော့ တိတိကျကျ သိရှိရတာမျိုးမရှိသေးပါဘူး။
"မနေ့ကမနက်ပိုင်း အာရှလမ်းမှာ ပရိုဘောက်ကား အပစ်ခံရတယ်။ ကားပေါ်ပါသူ တစ်ယောက်သေတယ်၊ ညနေပိုင်း ၂ ဘက် တိုက်ပွဲတွေ တောင်ကျောပေါ်မှာပစ်ခတ်နေတော့၊ ကားတွေ အတက်အဆင်း မြဝတီဘက်က ရော၊ ကော့ကရိတ်ဘက်ကရော ၂ ဘက်စလုံး ပြန်ဆုတ်ခဲ့ရတယ်။ ကျန်ခဲ့တဲ့ ကားတွေ ကော့ကရိတ် - တောနော့်ရေတံခွန့်ကွေ့ ဘက် အတက်လမ်းကြောမှာ အိမ်စီးကား၂စီးနဲ့ ကုန်ကား၂စီး မီးရှို့ ခံ ရတယ်၊ ဒီ နေ့တော့ ဘယ်သူမှ အသွားအလာ မရှိဘူး" လို့ ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။
KNU တပ်မဟာ ၆ ဒူးပလာယာ ခရိုင်က မတ်လ ၂၇ရက်မှာ မြဝတီ - ဝေါလေ လမ်းပိုင်း၊ မြဝတီ - ကော့ကရိတ် အာရှလမ်းသစ်ပိုင်းတွေကို အသုံးမပြု ကြဖို့နဲ့ ကူးသန်းရောင်းဝယ်မှု့ အတွက် ဖြတ်သန်းသွားလာမှု့ယာယီ ရပ်ဆိုင်း ထားကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။ စာထုတ်ပြီးချိန် မှ ၃ ရက်အတွင်း ဖြတ်သန်းသွားလာတာတွေရှိခဲ့တဲ့ ကားတွေကို မီးရှို့တာအပြင် ကား၈စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါသူ အရပ်သား ၂ဦး ကျည်ထိမှန်သေဆုံးတာလည်းရှိခဲ့ပါတယ်။
အဲဒီ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒီနေ့၊ မတ်လ ၃၀ ရက်နေ့ မှာတော့ ဖြတ်သန်း သွားလာ တာမလုပ်ရဲ ကြတော့ဘဲ ယာဉ်တန်း ၂ဘက်မှာ ခရီးသည်တင်ကားများ ကုန်စည်ကားတွေ အစီးရေ ရာချီ စောင့်ဆိုင်း နေကြရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် ၂ဘက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ အနုပညာရှင်တချို့လိုက်ပါလာတဲ့ မီးရထားမိုင်းဆွဲခံရ, အစည်းအရုံးတချို့ကနေ အကြမ်းဖက်လုပ်ရပ်လို့ဆိုကာ ရှုတ်ချကြောင်းထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လူမှုကွန်ယက်စာမျက်နှာပေါ်မှာပြန့်နေတဲ့ မီးရထားမိုင်းဆွဲခံရပြီးနောက်မြင်ကွင်း။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ဆိုကာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး ရိုက်ကူးရေးသွားလုပ်ပြီးပြန်လာတဲ့ မီးရထားဟာ ဂန့်ဂေါနဲ့ ဆင်လမ်းစုကျေးရွာကြား ဘန်ဘွေးရွာရဲ့ အနောက်မြောက်ဘက်က မီတာ (၂၂၀၀) ခန့်အကွာမှာ မနေ့မတ်လ (၂၉)ရက် ညနေ (၄)နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်လာပါတယ်။
ဒီခရီးစဉ်ကို စစ်ကောင်စီရဲ့စီစဉ်ပေးမှုနဲ့ လုပ်ဆောင်တာဖြစ်ပြီး ပြည်တွင်းအနုပညာရှင်တချို့လည်း လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီမီးရထားမိုင်းဆွဲခံရတာကြောင့် မီးရထားပေါ်လိုက်ပါလာတဲ့ ဝန်ထမ်းတွေနဲ့ အနုပညာရှင်တွေ ထိခိုက်ဒဏ်ရာမရဘူးလို့ ပြောပါတယ်။
ဒါပေမဲ့လည်း ဒီလုပ်ရပ်ဟာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် အထောက်အကူမပြုတဲ့ အဖျက်အမှောင့် လုပ်ငန်းဖြစ်တဲ့အတွက် အကြမ်းဖက်မှုလို့ဆိုကာ လက်မခံကန့်ကွက်တယ်လို့ သတင်းမီဒီယာကောင်စီကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ရော မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးကပါ ဒါကို အကြမ်းဖက်တိုက်ခိုက်တယ်လို့ဆိုကာ ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ သဘောထားထုတ်ပြန်ထားပါတယ်။
ရထားကို မိုင်းထောင်ဖောက်ခွဲတာနဲ့ပတ်သက်ပြီး အစည်းအရုံးတွေနဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချကြတဲ့အပေါ် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကသူတို့အပေါ်ပြန်လည်ဝေဖန်ပြောဆိုနေကြတာလည်းရှိပါတယ်။
ဒီမီးရထားပေါ်မှာ စစ်ကောင်စီထောက်ခံသူ အနုပညာရှင်တချို့လိုက်ပါခဲ့ကြတယ်လို့ ဒေသအခြေစိုက် မီဒီယာတွေမှာဖော်ပြထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း ဘီဘီစီဘက်ကသီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, The Mirror Daily Newspaper
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီသတင်းစာပါ သတင်းမီဒီယာကောင်စီထုတ်ပြန်ချက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးဖို့ အမေရိကန်အိမ်ဖြူတော် ကြေညာချက်ထုတ်
မနေ့မတ်လ (၂၉)ရက်က အမေရိကန်သမ္မတအိမ်ဖြူတော်မှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့တွေ့ဆုံခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားသားအဖမ်းခံရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အနှောင့်အယှက်အဟန့်အတားမရှိဘဲ မြန်မာနိုင်ငံတွင်း မှာပေးအပ်နိုင်စေဖို့နဲ့ မြန်မာအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ကိစ္စတွေကို တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ် အကြီးအကျယ်စိုးရိမ်မိသလို မြန်မာ့အရေးကြောင့် ဒေသတွင်းတည်ငြိမ်မှုဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ကိစ္စတွေကို အမေရိကန်နဲ့ စင်ကာပူခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ အမေရိကန်နဲ့ စင်ကာပူ နှစ်နိုင်ငံခေါင်းဆောင်တွေက ဆက်လက်ပန်ကြားလိုက်ပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေအကျိုးအတွက် ငြိမ်းချမ်းရေးရအောင်ဖော်ဆောင်ရာမှာ စင်ကာပူက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ အပြုသဘောချဉ်းကပ်လုပ်ဆောင်နေမှုတွေကိုလည်း အမေရိကန်ကချီးကျူးစကားပြောကြားခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာအကောင်အထည်ဖော်ဖို့ အမေရိကန်က ပန်ကြားလိုက်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေအတွင်းတိုးတက်ခဲ့တဲ့မြန်မာ့စီးပွားရေးဟာ အခုအခါဆုတ်ယုတ်လာမှုနဲ့ ဘဏ္ဍာရေး အခြေအနေယိမ်းယိုင်ကာ ဆိုးရွားလာတဲ့အနေအထားတွေကို စိုးရိမ်မိတယ်လို့လည်း အမေရိကန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, US Embassy Rangoon
ဓာတ်ပုံ ပုံစာ, မြန်မာ့အရေးအမေရိကန်အိမ်ဖြူတော်ကြေညာချက်ထုတ် ခင်ဦး၊ ရှားလွင်ရွာကိုစစ်ကောင်စီတပ်တွေဝင်ရောက်, ဒေသခံအနည်းဆုံးငါးဦး ဖမ်းခံရတယ်လို့ဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာရှိတဲ့ ရှားလွင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီကနေ့မတ်လ (၃၀)ရက်၊ မနက်(၆)နာရီလောက်ကစကာ လက်နက်ကြီးပစ်ဖောက် ရွာထဲဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီလိုလက်နက်ကြီးတွေပစ်ကာဝင်ရောက်လာတာကြောင့် ရွာထဲမှာရှိနေတဲ့ ဒေသခံအနည်းဆုံးငါးဦး ဒဏ်ရာရခဲ့သလို ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ဆိုပါတယ်။
"အခု၉နာရီလောက်တော့ အသံခဏငြိမ်သွားပြီ။ ရွာထဲဝင်စက သေနတ်ကိုမနားတမ်းဖောက်၊လက်နက်တွေနဲ့ပစ်ပြီးဝင်လာတာ။ အဖမ်းခံရတဲ့သူတွေ၊ ဒဏ်ရာရသူတွေကဘယ်သူတွေလဲမသိသေးဘူး။ရွာနားကပ်မရသေးဘူး။"လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။
မနေ့မတ်လ (၂၉)ရက်တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းနှစ်ကြောင်းခွဲကာသွားလာနေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အလယ်ရှိုကျေးရွာကတဆင့် ယောက်သွားအိုင်ကျေးရွာ တောင်ဘက်ကို သွားလာခဲ့တဲ့ စစ်ကြောင်းဟာ ကုလားလူးရွာဘက်ကိုရောက်တဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒီမိုင်းဆွဲမှုဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး ရွှေဘိုကိုပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
တမုတ်ကျေးရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ရွာစဉ်ကျေးရွာကိုတောလမ်းကတဆင့်ဝင်ရောက်ခဲ့ပြီး ထန်းတဲနှစ်လုံးကို မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းနှစ်ကြောင်းဟာ ရွာစဉ်ရွာမှာမနေ့ညက အထိုင်ချခဲ့ကြပြီး ဒီကနေ့မနက်အစောပိုင်းမှာ ရှားလွင်ရွာကိုဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
ရှားလွင်ရွာဟာ မတ်လ (၁၆)ရက်တုန်းကလည်း စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ခင်ဦး၊ ရှားလွင်ရွာကိုစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့စဉ် (ပုံဟောင်း) ကရင်နီစစ်ရှောင်တွေ ပြေးစရာမြေမရှိ
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဘယ်လောက်စိုးရိမ်ရလဲ
မြိုင်၊ ဗဟင်းရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အနောက်ဘက်မှာရှိတဲ့ ဗဟင်းကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မနေ့ မတ်လ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုစခန်းကိုဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးခန့်သေဆုံးနိုင်တယ်လို့ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး(MVRF) ကနေ သတင်းထုတ်ပြန်ပါတယ်။
ဒီထိခိုက်ဒဏ်ရသေဆုံးစာရင်းကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကနေ့မတ်လ ၂၉ ရက် ညနေပိုင်းအချိန်အထိ စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ကနေ တစုံတရာထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
အဲ့ဒီတိုက်ပွဲဟာ ညနေ ၄ နာရီဝန်ကျင်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်ကနေ ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူလာပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လေကြောင်းနဲ့လာကူတိုက်ပေးရတာပေါ့။ ဒီကာကွယ်ရေးအဖွဲ့တွေဘက်က အသေးစားဒဏ်ရာရတာလောက်ပဲရှိပြီး ပြန်ဆုတ်ခွာခဲ့ကြရတယ်။ ဗဟင်းရဲစခန်းက လူနေရပ်ကွက်နဲ့နီးပေမဲ့ ပြည်သူတွေထိခိုက်မှုရှိ၊မရှိကတော့ အသေးစိတ်မသိရသေးဘူး"လို့ မြိုင်ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။
ဗဟင်းရဲစခန်းဟာ မြိုင်မြို့နယ်အနောက်ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲနေတဲ့ ရဲစခန်းတခုဖြစ်ပြီး ဒီစခန်းကို ပုလဲနဲ့မြိုင်ဒေသတဝိုက်က ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ,MVRF
ဓာတ်ပုံ ပုံစာ, မြိုင်၊ ဗဟင်းရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေစဉ် မြင်ကွင်း မင်းတပ်မှာ တရက်အတွင်းနှစ်နေရာတိုက်ပွဲဖြစ်ပွား, စစ်ကောင်စီဘက်က သေဆုံးသူတွေရှိတယ်လို့ CDF မင်းတပ်ထုတ်ပြန်
ဒီကနေ့ မတ်လ (၂၉)ရက်၊ မနက် (၇)နာရီဝန်းကျင်လောက်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က ဘဝသစ်ရပ်ကွက်၊ ဝမ္မသူးမောင်းလမ်း၊ ဗိုလ်မှူးဟာရှိန်းချောက်အနီးက အသစ်ပြင်ဆင်နေတဲ့ရေကန်မှာလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေသိရပါတယ်။
မြို့ပေါ်စစ်ဆင်ရေးအနေနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် အနားမှာရှိတဲ့ မြို့ပေါ်ရပ်ကွက်နေအိမ်တွေကိုစစ်ဆေးနေပြီး အရပ်သားပြည်သူဖမ်းဆီးခံရတာရှိ၊ မရှိကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။
ဒီကနေ့ နေ့လယ် ၁နာရီဝန်းကျင်လောက်မှာ မင်းတပ် - မတူပီလမ်းမကြီးပေါ်က ဖြတ်သန်းသွားတဲ့စစ်ကောင်စီ ယာဉ်တန်းကိုလည်း CDF မင်းတပ်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီမိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး(၁၅)ယောက်လောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ CDF မင်းတပ်ကထုတ်ပြန်ထားပါတယ်။
"မနေ့ကလည်းတိုက်ပွဲရှိတော့လေယာဉ်တွေလာဝဲသွားတယ်၊ အခုဒီနေ့တော့တိုက်ပွဲရှိပေမဲ့ လေကြောင်းလာတိုက်တာမရှိသေးဘူး။ မတူပီလမ်းမကြီး ပေါ်က ရိက္ခာတင်၊ အင်အားလာဖြည့်တဲ့စစ်ကြောင်းကလည်း အခုထိမိုင်းဆွဲခံထားရတဲ့နေရာကနေ ရှေ့ကိုသိပ်မတိုးသေးဘူး။ ဒါဟာမတူပီလမ်းမကြီးပေါ်က စစ်ယာဉ်တန်း တတိယအကြိမ်တိုက်ခိုက်ခံရတာပဲ။ သူတို့မတူပီဘက်ကပြန်ဆင်းလာရင်လည်း တိုက်ပွဲကဆက်ရှိနေမှာပဲ" လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေးတာဝန်ခံ ကိုယောမန်က ဘီဘီစီကိုပြောပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်တဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား မတ်လ (၂၆)ရက်လောက်ကစကာ ဒီကနေ့မတ်လ (၂၉)ရက်အထိ နေ့စဉ်လိုလိုတိုက်ပွဲတွေပြန်ဖြစ်နေတာလို့သိရပါတယ်။
စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိတယ်ဆိုတဲ့အပေါ် ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးသလို၊ စစ်ကောင်စီဘက်ကလည်း ချင်းပြည်နယ်ဘက်က အခြေအနေတွေအပေါ် သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဓာတ်ပုံ - မင်းတပ်မြို့ပေါ်မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း) မန္တလေးသပိတ်တက်ကြွလှုပ်ရှားသူ ကိုကျော်စွာဝင်းဖမ်းဆီးခံရ, မန္တလေးမြို့တွင်း တင်းကြပ်စစ်ဆေးမှုတွေဆက်တိုက်ရှိ
နေ မန္တလေးမြို့ပေါ်မှာ အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်လှုပ်ရှားနေတဲ့သူတွေကို စစ်ကောင်စီကနေဖမ်းဆီးမှုတွေ ဒီရက်ပိုင်းအတွင်းဆက်တိုက်ဆိုသလို ရှိနေတယ်လို့ သပိတ်အင်အားစုတွေထံကသိရပါတယ်။
အဲ့ဒီထဲ မတ်လ (၂၇)ရက်နေ့လယ်ပိုင်းမှာ သပိတ်တက်ကြွလှုပ်ရှားသူ Felix ခေါ် ကိုကျော်စွာဝင်းဖမ်းဆီးခံခဲ့ရပြီး နန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးခံနေရတယ်ဆိုတဲ့သတင်းသာရရှိသေးတာကြောင့် သူ့ရဲ့ကျန်းမာရေးအခြေအနေကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
"သူအဖမ်းခံရပြီးတော့ သူ့ဖုန်းနဲ့သပိတ်ကလူတွေကိုလိုက်ဆက်တယ်။ စက်မှုထဲမှာသူ့ကိုလာခေါ်တယ်သာပြောတာ၊ သူ့အသံလည်းမဟုတ်ဘူး။ လှိုဏ်ခေါင်းသံတွေလည်းကြားရတယ်၊ နောက်ဆုံးကိုကျော်စွာဝင်းရဲ့ရိုက်နှက်ခံရလို့အော်သံပါကြားရမှ သေချာပြီအဖမ်းခံရတယ်ဆိုတာသိရတာ။"လို့ မန္တလေးသပိတ် ပါဝင်သူတဦးက ဘီဘီစီကိုပြောပါတယ်။
ကိုကျော်စွာဝင်းဖမ်းဆီးခံရပြီးနောက် သပိတ်အင်အားစုတွေနေထိုင်တဲ့နေအိမ်တချို့ကိုဝင်ရောက်ရှာဖွေတာတွေရှိပြီး သပိတ်ပါဝင်သူနှစ်ဦးလည်းထပ်မံ အဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ကိုကျော်စွာဝင်းဟာ အသက် (၁၉)နှစ်အရွယ်၊ တက္ကသိုလ်ဝင်တန်းကျောင်းသားတဦးဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင်တွေဟာ မြို့တွင်းစစ်ဆေးတာတွေ ပိုတင်းကြပ်လာသလို ဧည့်စာရင်းစစ်တာကိုလည်း ရပ်ကွက်တွေမှာတပြိုင်နက်တည်း စစ်ဆေးတာတွေလုပ်ဆောင်လာတာကြောင့် သပိတ်လှုပ်ရှားသူတွေအတွက် ပိုပြီးအခက်အခဲကြုံလာရတယ်လို့ မန္တလေးသပိတ်အင်အားစုကပြောပါတယ်။ ဒါကြောင့်အခုရက်ပိုင်းအတွင်း မန္တလေးသပိတ်လှုပ်ရှားတာတွေ ရက်အနည်းငယ်ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မန္တလေးသပိတ်အင်အားစု
ဓာတ်ပုံ ပုံစာ, မန္တလေးသပိတ်တက်ကြွလှုပ်ရှားသူ ကိုကျော်စွာဝင်းဖမ်းဆီးခံရ ဟားခါးမှာ စစ်ကောင်စီရဟတ်ယာဉ်တစီး ပျက်ကျ, ရာသီဥတုကြောင့်လို့ စစ်ကောင်စီ ပြော
ဒီကနေ့ မတ်လ (၂၉)ရက်၊ မနက် ၉နာရီခွဲဝန်းကျင်မှာ ချင်းပြည်နယ်၊ ဟားခါးရဟတ်ယာဉ်ကွင်းကို ဦးတည်မောင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီရဟတ်ယာဉ်ဟာမနက် (၈)နာရီ (၅၀)မိနစ်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဟားခါးမြို့ကို တက္ကသိုလ်ဝင်တန်းမေးခွန်းတွေ သွားပို့ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီရဟတ်ယာဉ်ပေါ်မှာ စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပညာရေးဝန်ထမ်းတချို့လိုက်ပါလာခဲ့တာလို့ ဆိုပါတယ်။
“လက်နက်နဲ့လှမ်းပစ်တာတော့မကြားဘူး။ မောင်းတဲ့သူက သေချာမမောင်းတတ်လို့ထင်တယ်။ ထင်းရှူးပင်နဲ့ တိုက်ပြီးတော့မှရဟတ်ယာဉ်ကပျက်ကျတာ။”လို့ မျက်မြင်ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း ဒီရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်စဉ်ဟာ ပစ်ချခံရတာမဟုတ်ဘဲ ရာသီဥတုကြောင့် ဟားခါးရဟတ်ယာဉ်ကွင်း ဆိုက်ကာနီး မီတာ ၁၀၀လောက်အကွာမှာပြုတ်ကျတာလို့ စစ်ကောင်စီသတင်းပြန်ကြားရေးဝာာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုဖြေကြားပါတယ်။
“ရဟတ်ယာဉ်အမြီးကျိုးတာကို ပြန်ဆွဲတင်ဖို့လုပ်နေတယ်။ တပ်ကနှစ်ဦးနဲ့ ပညာရေးဝန်ထမ်းသုံးယောက်က ထိခိုက်ဒဏ်ရာရလို့ ဆေးကုမှုခံယူနေရတာသေဆုံးမှုတော့မရှိဘူး။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီရဟတ်ယာဉ်ပျက်ကျပေမဲ့ စာမေးပွဲမေးခွန်းတွေတော့ ပျက်စီးမှုမရှိဘဲသက်ဆိုင်တဲ့နေရာကိုရောက်သွားပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီပိုင်ရဟတ်ယာဉ်များ (ပုံဟောင်း) ဘန်ဘွေးစစ်ရှောင်တွေရွာထဲပြန်ဝင်လာဖို့ စစ်ကောင်စီပြော, မနေ့တရက်ထဲ နေအိမ်ငါးလုံးနီးပါး မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာရှိတဲ့ ဘန်ဘွေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲနေတာကြောင့် တရွာလုံးနီးပါးစစ်ရှောင်နေကြတာ တလကျော်နေပြီလို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ရှောင်နေကြတဲ့ ယာတောထဲနေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာကာ ရွာထဲပြန်နေကျဖို့လိုက်လံပြောနေတယ်လို့ ဆိုပါတယ်။
"ဒီလိုလိုက်ပြောတာက ပထမဆုံးတကြိမ်တော့မဟုတ်ဘူး။အမျိုးသမီး၊ ကလေးတွေအသက်ကြီးသူတွေကကျတော့ မပြေးနိုင်တော့သူတို့ပြောသမျှ မကြိုက်လည်းငြိမ်နားထောင်နေရတာပေါ့။ သူတို့ကရွာထဲပြန်နေဖို့ပေါ့၊ ပြန်လိုက်မနေဘူးဆိုရင် ရွာထဲကအိမ်တွေကိုမီးရှို့မယ်၊ ဂေါ်နဲ့ကော်မယ်တွေပြောတယ်။ အဓိကက ခြိမ်းခြောက်တဲ့သဘောပါပဲ။ "လို့ ဘန်ဘွေးရွာသားတဦးက ဘီဘီစီကိုပြောပါတယ်။
အရင်အကြိမ်တွေ အခုလိုရွာထဲပြန်နေဖို့လိုက်ခေါ်တာကြောင့် ကြောက်လန့်ကာ ရွာထဲပြန်လိုက်နေသူဆယ်ဂဏန်းနီးပါးရှိခဲ့ပေမဲ့ အဲ့ဒီထဲကတချို့ကတော့ ရွာထဲမနေရဲတာကြောင့် ပြန်ထွက်ပြေးလာကျတယ်လို့ ရွာခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာထဲပြန်နေသူတွေရဲ့ နေအိမ်ပတ်ဝန်းကျင် တွေကို တရက်ကို သုံးလေးကြိမ်ထက်မနည်း ကင်းလှည့်လေ့ရှိတာကြောင့် စိုးရိမ်စိတ်တွေနဲ့ ပြန်လည်ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့မတ်လ (၂၈)ရက်၊ နေ့လယ်ပိုင်းမှာ ဘန့်ဘွေးရွာအစပ်မှာရှိတဲ့ နေအိမ်ငါးလုံးနီးပါးမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလိုမီးရှို့ခံရတာ သုံးကြိမ်တိတိရှိပြီဖြစ်ပြီး နေအိမ်ဆယ့်ငါးလုံးနီးပါး ပျက်စီးခဲ့ရပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဘန်ဘွေးရွာမီးရှို့ခံရစဉ် (ပုံဟောင်း) မြဝတီအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနေနော်ဖမ်းဆီးခံရ
ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက်ကာ သတင်းရေးသားနေတဲ့ အလွတ်တန်းသတင်းထောက် ကိုနေနော်ကို မနေ့မတ်လ (၂၈)ရက်၊ နေ့လယ်ပိုင်းမှာ ရဲစခန်းကနေ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားဖော်ပြထားတဲ့ သတင်းနဲ့ပတ်သက်ပြီး စကားပြောဆိုစရာရှိ တာကြောင့်ဆိုကာ မြဝတီရဲစခန်းတာဝန်ရှိသူက ကိုနေနော်ကိုလာရောက်ဖို့ခေါ်တာကြောင့် သွားရောက်ဖြေရှင်းရင်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာလို့ ဆိုပါတယ်။
"ရဲစခန်းမှာ တခါတည်းဖမ်းဆီးထားလိုက်တာ။ အာမခံလည်းမရဘူး၊ မိတ်ဆွေ မိသားစုနဲ့လည်းတွေ့ခွင့်မရဘူး။"လို့ ကိုနေနော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကိုပြောပါတယ်။
ကိုနေနော်ဟာ အလွတ်တန်းသတင်းထောက်အနေနဲ့ စီးပွားရေးသတင်းဌာနဖြစ်တဲ့ Bloomberg၊ ကရင်သတင်းဌာနဖြစ်တဲ့ KIC တို့မှာပါ သတင်းပေးပို့တယ်လို့ သိရပါတယ်။
လက်ရှိပြည်တွင်းမှာ သတင်းသမားအများစုဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး စာရင်းတွေအရ မတ်လ (၂၅)ရက်အထိကို သတင်းထောက် ၁၂၂ဦး ဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ အဲ့ဒီထဲကသတင်းထောက် (၄၈)ဦးဟာ စစ်ကောင်စီလက်ထဲဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲ့ဒီထဲက (၁၅)ယောက်ဝန်းကျင်ဟာ အလွတ်တန်းသတင်းထောက်တွေလို့ အာဆီယံစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Reporting ASEAN ကနေ တရားဝင်ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကိုနေနော် (FB)
ဓာတ်ပုံ ပုံစာ, မြဝတီအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနေနော်ဖမ်းဆီးခံရ ဖရူဆိုအနောက်ဘက်ကစစ်ရှောင်အများစုဖျားနာနေ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဖရူဆိုအနောက်ဘက်ကစစ်ရှောင်အများစုဖျားနာနေ စစ်ကောင်စီနဲ့စစ်ရေးတင်းမာနေပြီး နေ့စဉ်လိုလိုတိုက်ပွဲရှိနေတဲ့ ကယား (ကရင်နီ) ဒေသက ဖရူဆိုမြို့အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်အများစုဟာ ဖျားနာနေကြပြီး ကိုဗစ်ရောဂါဟုတ်၊ မဟုတ်လည်းအတည်ပြုစစ်ဆေးနိုင်တာမရှိဘူးလို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။ ဒါ့အပြင် အာဟာရချို့တဲ့မှုတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် အစားအသောက်အပြင် ဆေးဝါးရရှိဖို့ပါခက်ခဲနေတယ်ပြောပါတယ်။
"လက္ခဏာတွေကတော့ ကိုဗစ်လို့ထင်ပါတယ်။ စစ်ကြည့်ဖို့ကလည်းမရှိတော့ ဒီတိုင်းဖျားနာကြတယ်၊ ရာသီတုပ်ကွေးလို့ယူဆထားလိုက်ကြပါတယ်"လို့ ဖရူဆိုအနောက်ဘက်ခြမ်းစစ်ရှောင်ကူညီသူတဦးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင် (၆၅၀၀)ကျော်ဟာသောက်သုံးရေအတွက်လည်း မြစ်ချောင်းရေကိုသာအဓိကအားကိုးနေကြတာဖြစ်ပြီး နွေရာသီရောက်တော့မှာဖြစ်တဲ့အတွက် လက်ရှိမှာ ချောင်းရေနည်းလာပြီဖြစ်ကာ ရေအခက်အခဲပါထက်ရင်ဆိုင်လာရမှာကို စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဖရူဆိုအနောက်ဘက်ကစစ်ရှောင်အများစုဖျားနာနေ တဖက်မှာတော့ ဖရူဆိုမြို့နဲ့အနီးတဝိုက်မှာ ဒီရက်ပိုင်းအတွင်းတိုက်ပွဲကြီးကြီးမားမားမဖြစ်ပွားနေပေမဲ့ စစ်ကောင်စီဘက်ကနေ စစ်ရှောင်စခန်းပေါ် လေကြောင်းမကြာခဏပျံသန်းနေတာကြောင့် စစ်ရှောင်ပြည်သူတွေမှာ နေရာထပ်မံရွှေ့ရမှာကိုလည်း စိုးရိမ်မှုရှိနေကြပါတယ်။
တိုက်ပွဲအနေနဲ့ကတော့ မတ်လ (၂၆)ရက်နဲ့ (၂၇)ရက်နေ့တွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B04/ KNOF B08 နဲ့ကရင်နီတပ်တော် (KA) တို့ပူးပေါင်းကာ ဖရူဆိုအခြေစိုက် ခမရ (၄၂၈)တပ်ရင်းကိုသွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNDF ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာတော့ ကာကွယ်ရေးအဖွဲ့တွေဘက်မှာ အထိအခိုက်အကျအဆုံးမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF b 04 (FB Page)
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်စခန်းကို မတ်လ (၂၆)ရက်၊ (၂၇)ရက်မှာ တိုက်ခိုက်နေစဉ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကွာရန်တင်းဝင်နေရ, အတူနေသူမှာ ကိုဗစ်တွေ့ရှိတာကြောင့်လို့ဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအတူနေသူမှာ ကိုဗစ်ရောဂါကူးစက်ခံနေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်လည်း ကွာရန်တင်းဝင်နေရတယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။
အရင်တပတ်ကြာသပတေးနေ့၊ မတ်လ (၂၄)ရက်ထဲက ကွာရန်တင်းဝင်နေရတာ လို့သိရပြီး ဒီကနေ့ရုံးချိန်းကိုလည်းတက်ရောက်လာတာမရှိပါဘူး။
ဒီကနေ့မှာတော့ NLDအစိုးရလက်ထက် ကိုဗစ်ကာလက ရဟတ်ယာဉ်ငှားရမ်းသုံးစွဲတာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့တရားစွဲဆိုထားတဲ့ အမှု (၅)မှုအတွက် ရုံးချိန်းရှိတာဖြစ်ပါတယ်။ ဒီရဟတ်ယာဉ်ကိစ္စနဲ့ပတ်သက်ပြီး အတူတရားစွဲဆိုခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကိုတော့ ဒီကနေ့ဗီဒီယိုကွန်ဖရန်းဆင်းနဲ့ရုံးထုတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်းဝင်နေရတာကိုလည်း တရားရုံးကနေအသိပေးပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်မှုရှိ၊ မရှိကိုအသေးစိတ်မသိရသေးဘဲ တရားရုံးကတော့ ကွာရန်တင်းဝင်နေရတယ်လို့သာ ပြောကြားတယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရင်ဆိုင်နေရဆဲအမှု (၁၂)မှုအထိကျန်ရှိနေသေးပြီး မနက်ဖြန်အင်္ဂါနေ့မှာတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေချောင်းတွေလက်ခံတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အမှု အပါအဝင် အဂတိအမှု(၅)မှုကိုစစ်ဆေးမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကွာရန်တင်းဝင်နေရတာကြောင့် အဲဒီအမှုကိုလည်း နောက်အပတ်ကိုချိန်းဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့တရားစွဲဆိုတဲ့အမှုနဲ့ မဲစာရင်းကိစ္စ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စွပ်စွဲထားတဲ့အမှုတွေအတွက်လည်း ဒီတပတ်အတွင်းရုံးချိန်းတွေ ရှိနေပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကွာရန်တင်းဝင်နေရ ဝေါလေလမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအကျအဆုံးများတယ်လို့ KNLA ပြော
ဝေါလေ - ကနဲလေး ဒေသဘက် ကို မတ်လ ၂၇ ရက်က ဝင်ရောက်လာတဲ့ အင်အား၃၀၀ ကျော် ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း နဲ့ KNUတပ်မဟာ၆ KNLA ပူးပေါင်း တပ် တွေရဲ့ မြေပြင်တိုက်ပွဲမှာ စစ်ကောင်စီ ဘက်ကအယောက်ဆယ်ချီကျဆုံးပြီး ၁၅ ဦး ကျော် ဒဏ်ရာ ရတယ်လို့ KNLA ဘက်ကပြောပါတယ်။
'' တိုက်ပွဲ က တစ်နေကုန် ဖြစ်တာ မှာ လေယာဥ် ၂စီး ၂ ခါ လာပစ်တယ်။မြေပြင် တိုက်ပွဲကြောင့် စစ်ကောင်စီက ၆၀ ကျော် သေဆုံးတယ်၊ ၁၅ ယောက် ကျော် ဒဏ်ရာရတယ် ဆိုတာသူတို့ဘက်က ကြားဖြတ် သတင်းတွေ အရ သိရတယ်။မနက်က လမ်းရှင်းတော့ အလောင်း တချို့ ဘဲ တွေ့ တော့ တယ်၊ သူတို့လာပြ်ဆွဲသယ်သွားကြပြီ ။ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘူး။ မနက်က သိမ်းမိတာတော့ စနိုက်ပါတစ်လက်၊ ၆၀ မမတစ်လက်၊ M1တစ်လက်၊ M2 တစ်လက်နှင့် ကျည်ဆံ နဲ့ စစ်အသုံးအဆောင် တွေ အများကြီးသိမ်းမိတယ်။အခုတော့ ဘယ်အချိန် ဘယ်နေရာက တက်လာမလဲ စောင့်ကြည့် နေတယ်'' လို့ KNLA တပ် တာဝန်ရှိသူ တစ်ဦးကပြောပါတယ်၊။
အဲဒီဖြစ်စဉ်ဟာ ဓာတ်ပုံမှတ်တမ်းတွေနဲ့ထွက်ပေါ်လာပေမဲ့ စစ်ကောင်စီဘက်ကအကျအဆုံးအရေအတွက်အတိအကျကိုတော့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က မြေပြင်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေလုပ်ပေမဲ့ KNLA ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူးလို့ဆိုပါတယ်။
KNUတပ်မဟာ၆ နယ်မြေ အတွင်း ရှိ မြဝတီ - ဝေါလေ - ကနဲလေး လမ်းပိုင်း ၊ မြဝတီ -ကော့ကရိတ် အာရှ လမ်းသစ် လမ်းပိုင်း ၊ ကော့ကရိတ်- ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူ လမ်းပိုင်း တွေမှာလည်း စစ်ကောင်စီတပ် ။ကရင်နယ်ခြားစောင့်တပ် BGF တွေက စစ်အင်အား တိုးချဲ့ တိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDOပူးပေါင်း တပ်ဖွဲ့ တွေနဲ့ နေ့စဥ် တိုက်ပွဲ ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ဘက်ကအယောက်ဆယ်ချီကျဆုံး
