ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပူတာအိုဖတ်မာကျေးရွာမှာ ပစ်ခတ်ခံရပြီးသေဆုံးတဲ့ ဇနီးမောင်နှံကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၆ )မှာသင်္ဂြိုဟ်မယ်

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက ဖတ်မာကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ညပိုင်းက ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ဇနီးမောင်နှံ နှစ်ယောက်ကို ဒီကနေ့ဖေဖော်ဝါရီ ၁၆ နေ့လယ်မှာ ခရစ်တော်ရဲ့အသင်းတော်သင်္ချိုင်းမှာ သင်္ဂြိုဟ်မယ်လို့မိသားစုဝင်တွေကပြောပါတယ်။

    သေနတ်ဒဏ်ရာနဲ့သေဆုံးခဲ့သူတွေဟာအသက် ၂၈ နှစ်အရွယ် ဦးအာခီဇီနဲ့အသက် ၂၅ နှစ်အရွယ် ဒေါ်ဂျာလီဒွေတို့ဖြစ်ပြီး မနေ့ညပိုင်းက ဖတ်မာကျေးရွာထဲမှာ မိနစ် ၂၀ ဝန်းကျင်လောက် သေနတ်ပစ်ခတ်မှုတွေဖြစ်တဲ့အချိန်ဆိုင်ကယ်နဲ့ထွက်ပြေးတာကြောင့် ပစ်ခတ်ခံရတာဖြစ်နိုင်ကြောင်း သေဆုံးသူတွေရဲ့ ဆွေမျိုးနီးစပ်တွေကပြောပါတယ်။

    ‘’သေနတ်ဒဏ်ရာက ဒူးမှာတချက်ပစ်ထားတယ်။ ရင်ဘတ်မှာကျတော့ အမျိုးသားက နှစ်ချက်၊ အမျိုးသမီးက တချက်ပါ၊ (ပစ်ခံရတဲ့အချိန်) တိုက်ပွဲကဖြစ်နေလားတော့မသိဘူး။ လက်နက်သံတွေကတော့ကြားနေရတယ်" လို့ သေဆုံးသူဇနီးမောင်နှံရဲ့ဆွေမျိုး နှစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပူတာအို

    ဓာတ်ပုံ ရင်းမြစ်, ပူတာအို news generation ပူတာအို သတင်း

    ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ဖတ်မာကျေးရွာဟာ ပူတာအိုမြို့နဲ့ ၁၂ မိုင်လောက်ဝေးပြီး အိမ်ထောင်စု ၇၅ စုရှိတဲ့ကျေးရွာတစ်ခုဖြစ်ကာ လွန်ခဲ့တဲ့ တပတ်လောက်ကလည်း ရွာအနီးတိုက်ပွဲဖြစ်တာမျိုးရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။"တိုက်ပွဲဖြစ်တဲ့အခါကျတော့ နှစ်ဖက်လုံးကိုဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ အဲဒီထဲမှာထိုင်နေတဲ့တပ်တွေက တခြားနေရာကိုလည်းထွက်မပြေးရဘူး။ အိမ်မှာပဲနေရမယ်လို့ပြောတယ်။ အိမ်မှာပဲနေတဲ့အခါကတော့လည်း တိုက်ပွဲဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့ဘက်ကစိတ်က ဝမ်းနည်းခံစားရတာပေါ့ဗျာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ ဒီကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်တွေ၊ KIA နဲ့ ဒေသကာကွယ်ရေးတပ် PDF တွေတပ်စွဲထားတာရှိပြီး ကျေးရွာအနီးတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေတဲ့ဒေသခံတချို့လည်း ရှိတယ်လို့ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။

    ပူတာအို

    ဓာတ်ပုံ ရင်းမြစ်, ပူတာအို news generation ပူတာအို သတင်း

  2. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို လာရောက် ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်နေတဲ့ ဒီစာမျက်နှာသစ်မှာ လာရောက်ဖတ်ရှု နိုင်ပါတယ်။

  3. ရတနာစီမံကိန်း လုပ်ခွင့်ရရေး ထိုင်းကုမ္ပဏီ ကြိုးပမ်း

  4. စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီ ယာဉ်တန်းတွေ တိုက်ခိုက်ခံရမှု တိုးလာ

  5. ကိုဗစ်ကူးစက်သူ နှစ်ထောင်ကျော် ရှိလာ

    မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် တွေ့ရှိလာရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တစ်နေ့တည်း ကိုဗစ်ကူးစက်သူ ၂၄၆၇ ဦး တွေ့ရှိခဲ့ပါတယ်။

    ဒါဟာ ပြည်တွင်း ကိုဗစ်ကူးစက်သူတွေ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ကူးစက်သူ နေ့စဥ် ထောင်ချီ ရှိလာရာကနေ အခု အခါမှာ ၂၀၀၀ ကျော်အထိ ရောက်လာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရက်အတန်ကြာ ဆက်တိုက် သေဆုံးသူ မရှိဘဲ ဖြစ်ခဲ့ရာကနေ ဒီကနေ့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ကိုဗစ် ကူးစက်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိတယ်လို့လည်း ပါရှိပါတယ်။

    အိုမီခရွန် ကူးစက်မှုတွေ ပြည်တွင်း ကူးစက်မှု စတင်ခဲ့ပြီးနောက် ရန်ကုန်မြို့အပါအဝင် မြို့ကြီး တချို့မှာ အစုလိုက်ကူးစက်သူတွေ တွေ့ရှိနေရပါတယ်။

    ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လူနာတင်ယာဥ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  6. ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

    မြန်မာ ဘောလုံး လက်ရွေးစင် U23 အသင်းမှာ ကိုဗစ် ကူးစက်မှုတွေကြောင့် AFF U23 ပြိုင်ပွဲကနေ နုတ်ထွက်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က အကြောင်းကြားခဲ့ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

    မြန်မာအသင်းဟာ ကမ္ဘောဒီးယားကို မရောက်ခင်နဲ့ ရောက်ရှိပြီးနောက် သတ်မှတ်ချက်အတိုင်း ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

    အခုလို မြန်မာအသင်းနုတ်ထွက်သွားတာဟာ အင်ဒိုနီးရှားအသင်းမှာလည်း ကိုဗစ်ကူးစက်မှုတွေ တွေ့ရှိရလို့ နုတ်ထွက်သွားပြီးနောက် ဒုတိယမြောက် နုတ်ထွက်တဲ့ အသင်းဖြစ်လာပါတယ်။

    မြန်မာဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှာ အုပ်စု ခ မှာ မလေးရှားအသင်းနဲ့ ယှဥ်ပြိုင်ရဖို့ ရှိနေတာပါ။ အခုလို ပွဲဖျက်သိမ်းခဲ့ရတာကြောင့် ပွဲစဥ်ဇယားတွေကို မကြာခင် ပြန်ကြေညာမယ်လို့ဆိုပါတယ်။

    ဒီနှစ်သင်း နုတ်ထွက်သွားတာကြောင့် မလေးရှားနဲ့ လာအိုအသင်းတို့ အုပ်စု ခမှာ ကျန်နေပြီး အဲဒီနှစ်သင်းဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ယှဥ်ပြိုင်ရဖို့ ရှိပါတယ်။

    မြန်မာ ယူ ၂၃ အသင်း

    ဓာတ်ပုံ ရင်းမြစ်, MMF

  7. ရခိုင်မှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိသူတွေများလာ, လေယာဉ်စီးခရီးသည်တွေကို ကိုဗစ်ပိုးရှိ၊ မရှိ ၄၈ နာရီအတွင်း စစ်ဆေးမှုတွေလုပ်

    ရခိုင်ပြည်နယ်အတွင်း အခုလအတွင်းမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရသူတွေ့ရှိမှုတိုးလာနေပြီး အိုမီခရွန်ပိုးကူးစက်မှု ဟုတ် ၊မဟုတ်သိနိုင်ဖို့ ရန်ကုန်ကိုပို့ဆောင်စစ်ဆေးထားတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ကိုဗစ်ပိုးကူးစက်မှုတွေမြင့်တက်လာနေသလို အိုမီခရွန်ပိုးတွေ့ရှိမှုတွေလည်း များလာနေတဲ့ အတွက် စစ်တွေမြို့မှာတော့ လေယာဉ်စီးခရီးသည်တွေမှာ ကိုဗစ်ပိုးရှိမရှိ ၄၈ နာရီအတွင်း စစ်ဆေးမှုတွေကို ဒီကနေ့ ဖေဖော်ဝါရီ၁၅ရက် ကစလို့ဆောင်ရွက်နေပြီဖြစ်ပါတယ်။

    “၁၃ ရက်နေ့ကဆိုလို့ရှိရင် လေယာဉ်စီးခရီးသည်တွေ၊နောက်တခြားဟာတွေ စစ်ဆေးတဲ့အထဲက ၇ ယောက်လောက်တွေ့ပါတယ်။ ၁၁ ရက်နေ့မှာတော့ ငါးယောက်လောက်တွေ့ထားပါတယ်။ ကိုဗစ် Positive ပေါ့နော်။ တွေ့ရှိတဲ့ နမူနာတွေထဲက တချို့ကို ရန်ကုန်ကိုပို့ခိုင်းထားပါတယ်။ အခုက တချို့နေရာတွေမှာလည်း အိုမီခရွန်ဆိုတော့ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာရော အိုမီခရွန်ဟုတ်၊မဟုတ်ဆိုတာ အဖြေထုတ်နိုင်ဖို့အတွက်ပါ”လို့ ဦးလှသိန်းက ပြောပါတယ်။

    အရင်က ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ့ပြီးကြောင်း အထောက်အထားစာရွက်စာတမ်းတွေကို ပြသနိုင်လို့ရှိရင် လေယာဉ်စီးခွင့် တိုက်ရိုက်ရရှိခဲ့ကြပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်တွေအရ ခရီးသည်အားလုံးကို ၄၈ နာရီအတွင်း စစ်ဆေးမှုပြုလုပ်ပြီး ပိုးကူးစက်ခံထားရကြောင်း မတွေ့ရှိသူတွေမှသာ သွားလာခွင့်ရရှိကြမှာဖြစ်တယ်လို့သိရပါတယ်။

    ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှု ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာ စစ်တွေမြို့မှာ လူစုလူဝေးရှိတဲ့နေရာတွေ၊ လေဆိပ်တို့၊ ကားဂိတ်တို့၊ သင်္ဘောဆိပ်တို့လိုနေရာတွေမှာ အစုလိုက်အပြုံလိုက် စစ်ဆေးမှုတွေ ပုံမှန်လုပ်ပေးနေတာပါ။

    ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း စတဲ့မြို့နယ်တွေမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသူတွေရှိနေပြီး လတ်တလော ဆေးရုံတွေပေါ်မှာ ဆေးဝါးကုသမှုခံယူနေရသူပေါင်း ၃၀ လောက်အထိရှိနေတယ်လို့ သိရပါတယ်။ အိုမီခရွန်ဟာ ကူးစက်မြန်မျိုးဗီဇတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေးနှစ်ကြိမ်-သုံးကြိမ်အထိထိုးနှံ့ပြီးသားသူတွေမှာ လည်း ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိနေရတယ်လို့ သိရပါတယ်။

    ရခိုင်မှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိသူတွေများလာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရခိုင်မှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိသူတွေများလာ
  8. ဖိအားမျိုးစုံ ဘက်စုံကကြုံနေရတဲ့ CDM နဲ့ non-CDM ဝန်ထမ်းတွေ

  9. မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းအချို့မှာ ကိုဗစ်အစုလိုက်ကူးစက်မှုတွေရှိနေ

    မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းအချို့မှာ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှုတွေရှိနေတယ်လို့ မွန်ပြည်နယ်အတွင်းက လူမှုကူညီကယ်ဆယ်ရေးအသင်းတွေကနေသိရပါတယ်။ မော်လမြိုင်၊ သံဖြုဇရပ် နဲ့ ချောင်းဆုံ နဲ့ကျိုက်မရော ဒေသတို့က ကျောင်းအချို့မှာ အများဆုံးကူးစက်မှုရှိနေတာလို့ ဆိုပါတယ်။ မွန်ပြည်နယ်အတွင်း ချောင်းဆုံကတော့ အမြင့်ဆုံးကူးစက်တဲ့ဒေသဖြစ်နေပြီး ကျောင်းသူ၊ကျောင်းသားတွေအပါအဝင် ဒေသခံတွေပါ ကူးစက်နေတယ်လို့ ပြောပါတယ်။

    '' မော်လမြိုင်ဆို အထက ၆ ပေါ့၊ နောက်ပြီး ကျိုက္ခမီ သံဖြူဇရပ်နဲ့ ချောင်းဆုံကကျောင်းတချို့မှာကူးတယ်။ ကူးတာကတော့ ရာချီနဲ့ကူးတာမဟုတ်ဘူး။ အထက ၆ဆို ၃တန်းနဲ့ ၈တန်းကလေး အတန်းမှာကူးတယ်။အဲဒါဆို ကူးတဲ့အခန်းကို ကျောင်းဘက်က ခဏပိတ်တာပေါ့။အဲဒီလို လုပ်ထားတာပေါ့။ '' လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

    မွန်ပြည်နယ်မှာ ဒီဇင်ဘာ လကစပြီး ကိုဗစ်ကူးစက်မှုပြန်လည်ဖြစ်ပွားလာပြီး ဖေဖော်ဝါရီ၁၄ရက်ကထုတ်ပြန် တဲ့တရားဝင်စာရင်းမှာ ၅၇ဦး ဆိုပေမဲ့ လက်တွေ့မှာတော့အဲဒီထက် ၂ဆခန့်ရှိနေတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေကသိရပါတယ်။

    ကျောင်းသားတစ်ဦးကို ကိုဗစ်စစ်ဆေးပေးနေမှု

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ - ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ( သံဖြူဇရပ်မြို့)

    ဓာတ်ပုံ ပုံစာ, ကျောင်းသားတစ်ဦးကို ကိုဗစ်စစ်ဆေးပေးနေမှု
  10. နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ရဲ့ ပြည်တွင်းကအကြမ်းဖက်မှုတွေကို အပြင်းထန်ဆုံးရှုတ်ချသင့်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

    နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ရဲ့ ပြည်တွင်းကအကြမ်းဖက်မှုတွေကို အပြင်းထန်ဆုံးရှုတ်ချသင့်ပြီး ပြစ်မှုကျူးလွန်သူတွေကိုတရားဥပဒေအရ အရေးယူသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီ ၁၄ရက်မှာပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးမှာပြောကြားပါတယ်။

    အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး (Counter-Terrorism Committee Executive Directorate-CTED) နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း စစ်တပ်ကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို အမြန်ဆုံးအရေးယူနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေပေးဖို့ မေတ္တာရပ်ခံတယ်ဆိုပြီးလည်းထည့်သွင်းပြောသွားပါတယ်။

    မြန်မာပြည်တွင်းက လူအစုလိုက်အပြုံလိုက်အသတ်ခံရမှုတွေနဲ့အတူ ဒီဇင်ဘာ ၅ရက်က ရန်ကုန်မြို့ပန်းပင်ကြီးလမ်းပေါ်က ဆန္ဒပြလူငယ်တွေ ကို စစ်တပ်ကကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ကိုလည်းထည့်ပြောသွားပြီး ဒီလိုအပြုအမူကို အကြမ်းဖက်သမားတွေကသာ ကျူးလွန်ကြပေမဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အတွက် ဖော်ဆောင်နေတယ်ဆိုတဲ့ တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတာကိုမြင်တွေ့ရတာ ဝမ်းနည်းဖွယ်ကောင်းကြောင်းလည်း ထည့်ပြောခဲ့တာတွေ့ရပါတယ်။

    စစ်တပ်ဟာ လွန်ခဲ့သောနှစ်အတွင်းမှာလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ နေအိမ် မီးရှို့ဖျက်ဆီးတာတွေနဲ့ လူသားမဆန်တဲ့ပြစ်မှုတွေကိုကျူးလွန်ခဲ့တယ်လို့လည်း ဦးကျော်မိုးထွန်းကဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုကို မည်သည့်အခြေအနေ၊ မည်သည့်နေရာ၊ မည်သည့်ပုံစံနဲ့မှ မည်သူမှ ကျူးလွန်စေကာမူ ဘယ်သောအခါမှ ခွင့်မလွှတ်တာကြောင့် CTED နဲ့ အခြားသောသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့လည်းထည့်သွင်းပြောကြားခဲ့တာတွေ့ရပါတယ်။

    ကုလ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

    ဓာတ်ပုံ ပုံစာ, ကုလ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း
  11. ၀န်ကြီးအဆင့်တက်ရောက်ခွင့်မပြုတဲ့အတွက် အာဆီယံကဖိတ်ကြားတဲ့ကိုယ်စားလှယ်အဆင့်လည်း တက်ရောက်မှာမဟုတ်ကြောင်း စစ်ကောင်စီပြော

    ဖေဖော်ဝါရီ ၁၇ရက်မှာ ပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဟာ အာဆီယံမှာ နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက် ခွင့်ရှိရေးဆိုတဲ့ မူ ကို သွေဖည်နေလို့ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်ကိုလည်း စေလွှတ်မှာမဟုတ်ဘူး ဆိုပြီးစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ရက်မှာထုတ်ပြန်ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာကျင်းပမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဍမောင်လွင်ကို မဖိတ်ဘဲ နိုင်ငံရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ကိုယ်စားလှယ်သာတက်ရောက်ဖို့ ဖိတ်တဲ့အာဆီယံရဲ့ ဆုံးဖြတ်ချက်နောက်မှာ အခုလိုစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာတာပါ။

    မြန်မာ နဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုရရှိဖို့ အာဆီယံ ဥက္ကဋ္ဌ နဲ့ ဘယ်လိုပဲ ကြိုးပမ်းစေကာမူ အရင်ဆုံးဖြတ်ခဲ့တဲ့ အခြေအနေကို ပြန်လည်ရောက်ရှိတာကို စိတ်မကောင်း စွာတွေ့ရတယ်လို့သူတို့ရဲ့ထုတ်ပြန်ချက်မှာရေးထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူရည်တူရှိရမည့် “မူ” နဲ့ အညီ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြုသဘော ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာ့အရေးအဓိကထားဆွေးနွေးနိုင်ချေရှိတဲ့ အဲဒီအစည်းအဝေးပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက အွန်လိုင်းကရော လူကိုယ်တိုင်ပါ တက်ရောက် ကြမှာဖြစ်ပါတယ်။

    အာဆီယံဘက်ကတော့ အာဏာသိမ်းမှုအောက်က မြန်မာ့အရေးအဖြေရှာဖို့ဆိုပြီး ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှု တိုးတက်မှုမရှိတာကို ထောက်ပြပြီး စစ်ကောင်စီဥက္ကဋ္ဌ နဲ့ နိုင်ငံခြားရေးဝန်ကြီးကိုပါတက်ရောက်ခွင့်မပြုတာဖြစ်ပါတယ်။

    အာဆီယံနိုင်ငံများရဲ့အလံများ ( ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဆီယံနိုင်ငံများရဲ့အလံများ ( ပုံဟောင်း)
  12. မြစ်ကြီးနားမှာ အသက် ၂၃နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသေနတ်ပစ်ခတ်ရလို့သေဆုံး, မိသားစုက စစ်ဆေးရုံမှာ ရုပ်အလောင်းသွားယူခဲ့ကြရ

    ကချင်ပြည်နယ်၊မြစ်ကြီးနားမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ ဒီကနေ့ဖေဖော်ဝါရီ ၁၄ရက်မှာ အမျိုးသမီးငယ်ရဲ့ရုပ်အလောင်းကို မြစ်ကြီးနားကစစ်ဆေးရုံမှာ လာသယ်ဖို့အကြောင်းကြားလာမှပစ်ခတ်ခံရလို့သေဆုံးကြောင်းသိကြရတယ်လို့ ဆိုပါတယ်။

    သေဆုံးသူ မတိန်ရောင်ကိုင်ရာ ဟာ ဖေဖော်ဝါရီ ၁၁ရက်က နေအိမ်ကနေ သူငယ်ချင်းအိမ်ကိုခေတ္တသွားရောက်လည်ပတ်ဖို့ထွက်သွားရာကနေ ပျောက်ဆုံးနေတာဖြစ်ပြီး ဒီကနေ့မှသာ သူသေဆုံးကြောင်းသိရတာလို့ မိသားစုနဲ့နီးစပ်သူကပြောပြပါတယ်။

    ''သူက နိုင်ငံခြားသွားဖို့လုပ်နေတာဆိုတော့ သူသွားလည်တဲ့အိမ်ကသူငယ်ချင်းကလည်း အတူသွားမယ့်သူဆိုတော့ အဲဒီမှာပဲ နေကြတယ်ထင်တာပေါ့။ ခါတိုင်းလည်းသွားလည်နေကြလေ။ ဒါပေမဲ့ ဒီနေ့မှ အလောင်းလာယူပါဆိုမှသိကြတာ။ ရင်ဘတ်ရယ်နောက် တစ်နေရာရယ် စုစုပေါင်းသေနတ်ဒဏ်ရာ ၂ချက်ရှိတယ်ပြောတယ်။ အလောင်းကကြာနေပြီထင်တယ်။ဒီနေ့သွားကြည့်တော့ဆက်ထားလို့မရတော့လို့ ချက်ချင်းသဂြိုဟ်တာလုပ်ကြတယ် '' လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပြပါတယ်။

    မြို့ခံတွေရဲ့ပြောပြချက်အရ သေဆုံးသူ အမျိုးသမီးငယ်နဲ့အတူနောက်ထပ် ရွယ်တူသူငယ်ချင်း ၆ဦးတို့စီးနင်းလာတဲ့ကားကို မြစ်ကြီးနားစီတာပူ မနောကွင်းနားမှာ ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းက စစ်ကောင်စီတပ်တွေက ရပ်ဖို့တားရာမှာ ရပ်မပေးလို့ပစ်ခတ်ခဲ့တာကြောင့် သေနတ်ထိမှန်ခဲ့ကြတာလို့သိရပါတယ်။ သေနတ်ထိမှန်သူတွေထဲ မတိန်ရာကိုင်ရာတစ်ယောက်သာသေဆုံးခဲ့ပြီးကျန်တဲ့သူတွေမှာ ဒဏ်ရာတွေရရှိထားလို့စစ်ဆေးရုံမှာပဲဆက်ရှိနေတယ်လို့သိရပါတယ်။

    ၂၃နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသေနတ်ပစ်ခတ်ရလို့သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ၂၃နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသေနတ်ပစ်ခတ်ရလို့သေဆုံး
  13. တန့်ဆည်၊ ရွာရှည်မြောက်ရွာမှာ နေအိမ်တွေမီးရှို့ခံရ, ကပေါင်းကျရွာမှာလည်း ၁၃ကြိမ်မြောက်အဖြစ်နေအိမ် ၃၉လုံးထပ်မံမီးရှို့ခံရပြန်

    စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့ ထဲက ရွာရှည်မြောက်ရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ရက် နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ပြီးနောက် ရွာထဲနေအိမ်တွေမီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွာထဲကို ဝင်ရောက်ချိန်မှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ခဲ့လို့ ရွာထဲမှာကျန်နေသူအချို့ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

    ဒီနေ့ ညနေပိုင်းအထိနေအိမ်တွေ မီးလောင်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်တွေရှိနေလို့ ဘယ်သူမှ ရွာထဲပြန်မဝင်ရဲသေးဘူးလို့ဆိုပါတယ်။

    '' နေ့လယ်ဘက်က မိုင်းသံတွေကြားရတယ်။ အဲဒီနောက်မှာ သူတို့(စစ်ကောင်စီ) က ရွာရှည် (မ) ရွာထဲကို ပစ်ခတ်ပြီး ဝင်လာကြတာ ရွာမှာကလူတော်တော်များများ ကမရှိတော့ဘူးလေ။ ဟိုရက်ကတည်းက သူများရွာတွေ မီးရှို့ခံရကတည်းကပြေးနေကြရတာ။သူတို့( စစ်ကောင်စီ) က ရွာစဉ်လှည့်ပြီးဟိုရက်ကတည်းက မီးရှို့လာတာ။ ဒီနေ့က ရွာရှည်မြောက်ကို ရောက်လာပြီး မီးရှို့တာပဲ။ ရွာထဲမှာ မီးခိုးလုံးတွေမြင်နေရတယ်။'' လို့ ရွာရှည်မြောက် ရွာက ဒေသခံတစ်ဦးကပြောပါတယ်။

    ဒီကနေ့နေ့လယ်ပိုင်းက ရွာရှည်မြောက်ရွာအနီးဖြတ်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအခုလိုရွာထဲကိုဝင်ရောက်တာလို့ ဒေသခံအချို့ကပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက တန့်ဆည်နယ်ထဲက ပုတီး၊ ပေချောင် ၊ခရုတောနဲ့ ကပေါင်းကျရွာတွေမှာစစ်ကောင်စီ စစ်ကြောင်းက တပ်စွဲတာနဲ့ ဝင်ရောက်မွှေနှောက်တာတွေကို လုပ်သလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီမှာ ကပေါင်းကျရွာ ကို ၁၃ကြိမ်မြောက် မီးရှို့ခဲ့လို့နေအိမ် ၃၉လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့သိရပါတယ်။

    ရွာရှည်မြောက်ရွာမှာ နေအိမ်တွေမီးရှို့ခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရွာရှည်မြောက်ရွာမှာ နေအိမ်တွေမီးရှို့ခံရ
    ကပေါင်းကျရွာမှာလည်းနေအိမ် ၃၉လုံးထပ်မံမီးရှို့ခံရပြန်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကပေါင်းကျရွာမှာလည်းနေအိမ် ၃၉လုံးထပ်မံမီးရှို့ခံရပြန်
  14. တောင် ဒဂုံမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံး ဗုံးပစ်ခံရ

    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင်မြို့နယ် ၂၅ ရပ်ကွက် စည်ပင်လမ်းပေါ် မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ မြို့နယ်ရုံး ဒီကနေ့ ဖေဖော်ဝါရီ ၁၄ရက် နေ့လယ်ပိုင်းက ဗုံးပစ်ခံရတယ်လို့ အဲဒီအနီးနေထိုင်သူတွေ ကပြောပါတယ်။ ဒီလို ဗုံးပစ်ခံရတာဟာ ဒုတိယအကြိမ်ပစ်ခံရတာလို့ဆိုပါတယ်။ အဲဒီလိုပစ်ခတ်ခံရမှုကြောင့် လူထိခိုက်တာမရှိပေမဲ့ ရုံးအဆောက်အဦးတော့ထိခိုက်တာရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး အဲဒီအနီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    တောင်ဒဂုံ ကြံ့ခိုင်ရေးပါတီရုံး ( ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တောင်ဒဂုံ ကြံ့ခိုင်ရေးပါတီရုံး ( ပုံဟောင်း)
  15. ကြို့ပင်ကောက်မှာ ရဲတစ်ဦး သေနတ်ပစ်ခတ်ခံရ

    ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့လယ်ခေါင်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ရက် နေ့လယ်ပိုင်းက ရဲဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ သူဟာ ရဲတပ်ကြပ်ကြီးအဆင့်ရှိ သူတစ်ဦးဖြစ်ပြီး ပစ်ခံရတဲ့ နေရာမှာပဲသေဆုံးခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ အဲဒီရဲတပ်ကြပ်ဆိုသူ ဟာ ရန်ကုန် -ပြည် ကားလမ်းမပေါ် ကြို့ပင်ကောက် မြို့လယ် မှာ ဆိုင်ကယ်မောင်းနှင်လာစဉ် မှာ ဘေးကဆိုင်ကယ် မောင်းနှင်လာသူ ၂ဦးက ပစ်ခတ်သွားတာလို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်လို့ဘယ်သူကလုပ်ဆောင်တယ်ဆိုတာတော့မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

    ရဲတစ်ဦး သေနတ်ပစ်ခတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရဲတစ်ဦး သေနတ်ပစ်ခတ်ခံရ
  16. မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့မှုရပ်ဖို့ ပါကစ္စတန်ဝန်ကြီးချုပ်ကို Burma Campaign UK အဖွဲ့တောင်းဆို

    မြန်မာစစ်တပ်အပါအဝင် ပါကစ္စတန်၊ တရုတ်၊ အီရန်နိုင်ငံတို့က တပ်ဖွဲ့ဝင်တွေပါဝင်ပြီး ရုရှားနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကပြုလုပ်တဲ့ Caucasus စစ်ရေးလေ့ကျင့်မှုမှာ ဒုံးကျည်တစ်စစ် ပစ်လွှတ်စမ်းသပ်စဉ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်အပါအဝင် ပါကစ္စတန်၊ တရုတ်၊ အီရန်နိုင်ငံတို့က တပ်ဖွဲ့ဝင်တွေပါဝင်ပြီး ရုရှားနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကပြုလုပ်တဲ့ Caucasus စစ်ရေးလေ့ကျင့်မှုမှာ ဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်စဉ်

    ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အီမရမ် ခန်းအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့တာတွေ ရပ်တန့်ဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့ ဗြိတိန်အခြေစိုက် ဘားမားကမ်ပိန်း ယူကေ(Burma Campaign UK)အဖွဲ့က တောင်းဆိုလာပါတယ်။

    ပါကစ္စတန်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့ ကာလရှည်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်ရှိထားပြီး JF-17 တိုက်လေယာဉ်အပါအဝင် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့နေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

    လက်ရှိမှာ ပါကစ္စတန်နိုင်ငံဟာ မြန်မာစစ်တပ်ကို စက်သေနတ်ကြီးတွေ၊ ဗုံးပစ်လောင်ချာတွေအပြင် တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေ ရောင်းချဖို့ရှိနေတယ်လို့ သတင်းမီဒီယာတွေမှာဖော်ပြနေတယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

    အဲဒီလိုလက်နက်တွေ လွှဲပြောင်းမှုမတိုင်ခင်မှာပဲ မြန်မာစစ်တပ်က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ပါကစ္စတန်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့လည်း အဖွဲ့ကဆိုပါတယ်။

    အီမရမ်ခန်းဟာ မြန်မာပြည်ထဲက လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာတွေလူမျိုးတုန်းသတ်ဖြတ်ခံရမှုကို ဝန်ကြီးချုပ်မဖြစ်ခင်က လူမှုကွန်ယက်ကနေ ရှုတ်ချပြောဆိုခဲ့သူဖြစ်ပါတယ်။

    ‘‘ရိုဟင်ဂျာတွေလူမျိုးတုန်းသတ်ဖြတ်ခံရမှု အရေးမယူတဲ့ကိစ္စကို ရှုတ်ချတယ်လို့ ပြောပြီး အဲဒီလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့မြန်မာစစ်တပ်ကို လက်နက်တပ်ပေးနေတာဟာ အီမရမ်ခန်းရဲ့သူတော်ကောင်းယောင်ဆောင်မှုကို ပြသနေတယ်’’လို့ ဘားမားကမ်ပိန်း ယူကေအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ်စ်က ပြောပါတယ်။

    ဘားမားကမ်ပိန်း ယူကေ အဖွဲ့ကတော့ ‘‘ ဒီကနေ့ မြန်မာစစ်တပ်ကို ဝန်ကြီးချုပ်ရောင်းလိုက်တဲ့ လက်နက်တွေဟာ အခွင့်အရေးတွေရဖို့ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ခံခဲ့တဲ့ ရိုဟင်ဂျာတွေကို ဖိနှိပ်ဖို့သုံးတဲ့လက်နက်တွေအဖြစ် မကြာခင်မှာ ပြောင်းလဲသွားနိုင်တယ်’’လို့ ဝန်ကြီးချုပ်ဆီ စာပို့ သတိပေးပါတယ်။

    ပြည်တွင်းမှာတော့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးတဲ့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ကယား(ကရင်နီ)နဲ့ ကရင်လို တိုင်းနဲ့ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့လတွေ အတွင်းပြုလုပ်ခဲ့ပါတယ်။

  17. အတိုင်ပင်ခံနဲ့သမ္မတတို့ စွပ်စွဲခံထားရတဲ့ရွေးကောက်ပွဲဆိုင်ရာအမှု အတွက် တရားလို ကိုစတင်စစ်ဆေး

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ တရားလိုဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကို စစ်ဆေးခဲ့ပါတယ်။

    တရားခွင်မှာတရားလိုဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲခံရထားရသူ ၃ဦးဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အပေါ်မှာ မလျော်သြဇာသုံးဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့အတူ ရွေးကောက်ပွဲ အောင်နိုင်ဖို့ကူညီရေးအဖွဲ့တွေဖွဲ့ပြီး ဆောင်ရွက်ခဲ့ကြောင်းစတဲ့ အချက်တွေကိုထွက်ဆိုသွားတယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    အဲဒီအမှုအတွက် တရားလိုဘက်ကတင်တဲ့ လိုပြသက်သေ အယောက် ၂၀ ရှိနေပြီး ၂ လအတွင်းမှာ တရားလိုပြသက်သေတွေကို အပြီးစစ်ဆေးဖို့ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နဲ့စွဲဆိုထားတဲ့ အဲဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဦးဝင်းမြင့်အပြင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ လည်းပါဝင်တာပါ။

    ဒီကနေ့ရုံးချိန်းကို စွပ်စွဲခံရသူ ၃ဦးလုံးတက်ရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။ အမှုအစီအစဉ်အရ ဖေဖော်ဝါရီလ ၂၁ ရက်ရုံးချိန်းမှာ ဦးဇော်သန်းတင်ဆိုသူကို ဆက်လက်စစ်ဆေးမယ်လို့ ဆိုပါတယ်။ ဦးဇော်သန်းတင်ဟာ အတိုင်ပင်ခံ၊ သမ္မတတို့နဲ့တစ်မှုတည်း စွပ်စွဲခံရသူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူလက်ထက်မှာ အဲဒီဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

    တရားလိုဘက်က တင်ပြထားတဲ့ လိုပြ သက်သေ အယောက် ၂၀ ကို လာမယ့် ဧပြီလ ၁၈ ရက်နေ့ အထိ အပတ်စဉ် တနင်္လာနေ့ ရုံးချိန်းတိုင်းမှာ စစ်ဆေးမယ်လို့လည်း သိရပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဟာ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကတော့ ထောင်ဒဏ်တွေအသီးသီးချမှတ်ခံထားရပြီးသားဖြစ်လို့ အာမခံ သီးသန့်မလျှောက် တော့ဘူးလို့ သိရပါတယ်။

    အတိုင်ပင်ခံနဲ့သမ္မတ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အတိုင်ပင်ခံနဲ့သမ္မတ
  18. အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအိုနဲ့ စင်ကာပူဝန်ကြီးတွေ ကိုယ်တိုင် တက်မယ်

    ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းနဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီးတို့ ၂၀၁၇ ခုနှစ်တုန်းက တွေ့ဆုံခဲ့ကြစဉ်

    ဓာတ်ပုံ ရင်းမြစ်, AKP

    ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းနဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီးတို့ ၂၀၁၇ ခုနှစ်တုန်းက တွေ့ဆုံခဲ့ကြစဉ်

    ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပွဲကို လာအိုနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေ ကိုယ်တိုင်တက်ရောက်မယ်လို့ ဒီအစည်းအဝေးပွဲကို အိမ်ရှင်အနေနဲ့ ကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံက သတင်းထုတ်ပြန်လာပါတယ်။

    မြန်မာ့အရေးအဓိကထားဆွေးနွေးနိုင်ချေရှိတဲ့ အဲဒီအစည်းအဝေးပွဲကို မနက်ဖြန် ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက အွန်လိုင်းကရော လူကိုယ်တိုင်ပါ တက်ရောက် ကြမှာဖြစ်ပါတယ်။

    ဒါပေမဲ့ မြန်မာစစ်ကောင်စီကတော့ အဲဒီဆွေးနွေးပွဲကို ကိုယ်စားလှယ်အဖွဲ့မလွှတ်ဘူးလို့ တရုတ်နိုင်ငံပိုင် သတင်းဌာနကို အစောပိုင်းကတည်းက ပြောထားပါတယ်။

    တစ်ဆက်တည်းမှာပဲ မနက်ဖြန်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပွဲကိုလည်း စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်မဟုတ်ဘဲ နိုင်ငံရေးနဲ့မဆက်နွယ်တဲ့ကိုယ်စားလှယ် တစ်ဦးကိုပဲ တက်ရောက်ဖို့ အိမ်ရှင် ကမ္ဘောဒီးယားက ဖိတ်ကြားထားတာရှိနေပါတယ်။

    အာဆီယံဘက်ကတော့ အာဏာသိမ်းမှုအောက်က မြန်မာ့အရေးအဖြေရှာဖို့ဆိုပြီး ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှု တိုးတက်မှုမရှိတာကို ထောက်ပြပြီး အောက်တိုဘာလက ကျင်းပခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲတွေကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား ကိုယ်စားလှယ်တစ်ဦးပဲ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာလည်းရှိခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဒါမှမဟုတ် သူ့ကိုကိုယ်စားပြုတဲ့ကိုယ်စားလှယ်တစ်ဦးဦးကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို တက်ရောက်ခွင့်မပေးဘူးဆိုရင် ကိုယ်စားလှယ်လွှတ်မှာမဟုတ်ဘူးဆိုပြီး အာဆီယံအစည်းအဝေးပွဲတွေကို မတက်ရောက်တာ အောက်တိုဘာလ ကတည်းက ဖြစ်ပါတယ်။

    အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အဖွဲ့ကို မြန်မာပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊ မလေးရှားစတဲ့ ၁၀ နိုင်ငံနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

  19. လေးကေ့ကော်ဒေသစစ်ရှောင်အချို့ကိုကူညီဖို့ ICRC ကအချက်အလက်ကောက်ယူနေတယ်လို့ ဒေသခံတွေပြော

    ကရင်ပြည်နယ်၊လေးကေ့ကော်ဒေသစစ်ရှောင်တွေပြန်လည်ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြေပြင်ကွင်းဆင်းအချက်အလက်ကောက်ယူတာတွေ လုပ်ဆောင်နေပါတယ်။

    " ဒီရက်တွေထဲမှာတော့တိုက်ပွဲငယ်တွေဆက်ဖြစ် နေသေးတယ်။ စစ်ဘေးရှောင် တွေ နေရပ်ပြန်မရသေးဘူးပေါ့နော့်။ အဲဒါ ဖေဖော်ဝါရီလ ၁၀ ရက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ဆိုပြီး ကွင်းဆင်းလေ့လာမှုလာလုပ်တယ်။ စစ်ရှောင်မိသားစုတွေနဲ့လည်း တွေ့တယ်။သူတို့ နေရပ်ပြန် နေဖို့ ပြန်လည် ထူထောင်ရေး လိုအပ်ချက်တွေ ကူညီထောက်ပံ ဖို့ စီစဉ်ပြီး ပြန်လာမယ်တော့ပြော သွား တယ် " လို့ လေးကေ့ကော်ဒေသ၊ သူကြီးစစ်ဘေးရှောင်စခန်းကတာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။

    လေးကေကော်ဒေသတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် နေရတဲ့ကျေးရွာ ၁၀ရွာက စစ်ဘေးရှောင် ၅၈၀၀ ကျော်ဟာ နေရပ်ပြန်လည်နေထိုင်နိုင်တာမရှိသေးဘဲ ထိုင်း- မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက် မှာ အစုအဖွဲ့အလိုက်နေထိုင် စစ်ဘေး ရှောင်နေရဆဲဖြစ်ပါတယ်။ ICRC အနေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် တာပေါ်လင်မိုးကာ၊ ဆန်နဲ့ ဆေးဝါး၊အိမ်သုံးပစ္စည်းနဲ့ ငွေကြေးထောက်ပံ့နိုင်ဖို့တွေကို အကူအညီပေးဖို့လုပ်ဆောင်ပေးမယ်လို့ပြောခဲ့ကြောင်းသိရပါတယ်။

    လက်ရှိမှာ ဆုံဆည်းမြိုင်၊ကျောက်ခက် ၊ ကဆောဝါး၊ လေးတောင်ကုန်း ၊ သေ့ဘောဘိုး၊ ဝါးတော နေရာတွေမှာ စစ်ရှောင်တွေ အစုအဖွဲ့အလိုက်မိသားစု ရာချီနေထိုင် နေကြရပြီး ထိုင်းနိုင်ငံ၊မဲဆောက် မြို့က လာရောက်ကူညီထောက်ပံ့တဲ့ အစားအသောက်နဲ့ ဆေးဝါး အသုံးအဆောင်တွေကို မှီခိုနေရတယ်လို့ စစ်ဘေးရှောင်အချို့ကပြောပါတယ်။ လေးကေ့ကော်ဒေသမှာ တိုက်ပွဲကြီးအခြေအနေမရှိပေမဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲငယ်တွေကတော့အခုရက်ပိုင်းအထိ ရှိနေတယ်လို့ဆိုပါတယ်။

    ICRC ကအချက်အလက်ကောက်ယူနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ICRC ကအချက်အလက်ကောက်ယူနေ
  20. မတူပီမြို့မှာ ဆန်ရိက္ခာရှားပါးပြတ်လပ်နေ

    ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် မှာ ဆန်ရိက္ခာနဲ့စက်သုံးဆီတွေရှားပါးပြတ်လပ်တဲ့ အထိဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ တချို့မိသားစုမှာဆို စားဖို့ဆန်မရှိတော့တဲ့အထိဖြစ်နေပြီး အရင်ဈေးထက် ၂ဆနဲ့ ဝယ်ယူနေကြရတယ်လို့ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေရှိနေသလို စစ်ကောင်စီဘက်က မတူပီမြို့ကို ဝင်တဲ့ဂိတ် ၄ခုကိုပိတ်ဆို့စစ်ဆေးတာကြောင့် ဆန်ဝင်ရောက်မှုမရှိဘဲ ရိက္ခာပြတ်လပ်တဲ့အထိဖြစ်လာတာလို့ ပြောပါတယ်။

    ’’ ပခုက္ကူဘက်ကလည်းဝင်မရဘူး။ ဒီဒေသကထွက်တဲ့ဆန်ကျတော့လည်း မြို့ထဲကိုဝင်မရောင်းရဲကြလို့ဆိုပြီး ရွာဘက်ကလူတွေက မဝင်ရောင်းကြတော့ မြို့ထဲမှာ ဆန်ကပြတ်နေတာ။ပိုက်ဆံရှိတဲ့သူကလှောင်ထားတော့ ပြန်ခွဲဝယ်ရတယ်။အဲဒီမှာ ဈေးက နှစ်ဆပေးရတယ်။ ပေါ်ဆန်း ဆန်ကွဲနော် ဆန်ကောင်းမဟုတ်ဘူး။တအိတ်ငါးသောင်း လောက်ပေးရတယ်။ ဒါပေမဲ့ဝယ်မရဘူး။ နောက်ထပ် လတွေမှာဆန်မဝင်နိုင်ရင်တော့ ငတ်ကြမယ့်သဘောဖြစ်နေတယ် ’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အရင်က စစ်ကောင်စီအုပ်ချုပ်ရေးဌာနဘက်က မှတ်ပုံတင်နဲ့ တစ်အိမ်ထောင်ကို ဆန်ခွဲတမ်းတစ်အိတ်ဆိုတဲ့ ပုံစံနဲ့ရောင်းချပေးပေမဲ့ အခုတော့ အဲဒီလိုရောင်းချပေးတာမရှိလို့ ပိုပြီးခက်ခဲကြတယ်လို့ဆိုပါတယ်။ လက်ရှိမှာ ဆန် အပြင်စက်သုံးဆီဖြစ်တဲ့ ဓါတ်ဆီလည်းပြတ်လပ်မှုဖြစ်နေပြီး အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ မတူပီမြို့နဲ့ချင်းတောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ် တွေကြားတိုက်ပွဲတွေက ရှိနေလို့ လမ်းမပွင့်ဘဲ ရိက္ခာမဝင်နိုင်မှာကို စိုးရိမ်နေကြပါတယ်။

    မတူပီမြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတူပီမြို့