ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တောင်ဥက္ကလာထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက်လုံခြုံရေးတင်းကျပ်

    တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးမှာ ဒီကနေ့ သြဂုတ် ၂၂ရက် ညနေ ၃နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်ပြီးနောက်လုံခြုံရေးတင်းကျပ်နေတယ်လို့ အဲဒီအနီးနေထိုင်သူတွေကပြောပါတယ်။

    ’’ပေါက်ကွဲသံကတစ်ချက်ထဲပဲအသံကတော့တော်တော်ကျယ်တယ်၊သူတို့ရုံးထဲကကားတစ်စီးတော့ပျက်ဆီးတယ်ကြားတယ်။အဲဒီရှေ့ကိုသွားကြည့်တဲ့သူတွေပြောတာပေါ့။အိမ်ကနေတော့အသံတော်တော်ကျယ် ကျယ်ကြားရတာပါ။ လူ ထိ၊မထိကတော့ မသိဘူး၊ရုံးပျက်ဆီးတယ်လည်းပြောကြတယ်။ တကယ်က အဲဒီ ရုံးရှေ့မှာကာရံပိတ်ဆို့ထားတာတော်တော်ကြာပြီ။လုံခြုံရေးတွေရှိရဲ့သားနဲ့ဘယ်လိုပေါက်ကွဲလဲတောင် စဉ်းစားမရဘူး’’လို့အဲဒီထွေအုပ်ရုံးအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်တပ် နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးတာတွေလုပ်နေသလို လုံခြုံရေးတင်းကျပ်ထားတယ်လို့ အဲဒီအနီးနေထိုင်သူတွေကပြောပါတယ်။

  2. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  3. မန္တလေးမှာ မြို့နယ်ဖြတ်ကျော်ခွင့်ကတ်ပြားရဖို့ ငွေပေးပြုလုပ်ရတာတွေရှိတယ်လို့ ဒေသခံတွေပြော

    မန္တလေးတိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် မြို့နယ်ဖြတ်ကျော်သွားလာခွင့်တွေ ကန့်သတ်ထားချိန်မှာ နယ်ကျော်ဖြတ်သန်းသွားလာခွင့်အသိအမှတ်ပြု ကတ်ပြားရဖို့ လူတစ်ဦးကို ကျပ်တသောင်းခွဲအထိ ပေးဆောင်ရတာတွေရှိလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

    "ကျွန်တော်က ရပ်ကွက်စာရေးမဆီမှာ လုပ်တာ။ အဲ့ဒီမှာ စစ်သား ၃ယောက်လောက်ရှိတယ်။ ကျွန်တော့်နာမည်ရယ် မှတ်ပုံတင်ရယ်နဲ့အတူလတ်မှတ်ထိုးပြီးယူခဲ့ရတယ်။ အခုအရမ်းစစ်နေတဲ့ ၁၉ လမ်းနားကအမြင်သစ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာလုပ်ခဲ့တာပါ။ အခုကျတော့ ၅ ထောင် ပေးရတဲ့သူရှိတယ်။ ၁ သောင်းပေးရတဲ့သူရှိတယ်။ ကျွန်တော်ကစောလုပ်မိလို့လားမသိဘူး။ တစ်သောင်းခွဲပေးရတယ် " လို့ နယ်ကျော်ကတ်သွားရောက်လုပ်ခဲ့သူတစ်ဦးကဘီဘီစီကိုပြောပါတယ် ။

    မန္တလေးမြို့တွင်းမှာ မနက် ၉ နာရီက ညနေ ၃ နာရီခွဲအတွင်း အပြင်သွားလာခွင့်တွေ ကန့်သတ်ထားပြီး နယ်ကျော်ကတ်တွေပါရင်တော့ သွားလာခွင့်ရတဲ့အတွက် မြို့နယ်ရုံးတွေမှာ သွားရောက်လျှောက်ထားသူတွေများနေတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ နယ်ကျော်ကတ်နဲ့မြို့တွင်းသွားလာတဲ့အခါမှာလည်း တချို့နေရာတွေမှာတော့ ဒဏ်ငွေပေးဆောင်ရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေ ပြောပါတယ်။

    " နယ်ကျော်ကတ်ပါရင်မြို့ထဲမှာလည်းသွားလာလို့ရတယ်ဆိုပြီးလုပ်ထားပေမဲ့ နယ်ကျော်က (မနက်) ၉ နာရီကျော်ရင် ဘောင်မဝင်ဘူးဆိုပြီး ဒဏ်ငွေ ၅ဝဝဝ ဆောင်ခဲ့ရသေးတယ်" လို့ချမ်းအေးသာစံမြို့နယ်အတွင်းနေထိုင်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီလိုနယ်ကျော်ကတ်လျှောက်ထားရာမှာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လျှောက်ထားရတာဖြစ်ပြီး လျှောက်ထားဖို့ဖောင်ဝယ်ယူရမှာလည်း ငွေကျပ် ၁ ထောင် ပေးပြီးဝယ်ယူနေရတယ်လို့ကတ်လျှောက်ထားသူတွေကပြောပါတယ်။ ဒါ့အပြင် မန္တလေးမြို့က အချက်အခြာကျတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့မီးသတ်တပ်ဖွဲ့တွေအပြင် ရပ်ကွက်အတွင်းက အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတွေပါ စောင့်ကြည့်စစ်ဆေးတာတွေ ဆက်တိုက်ပြု လုပ်နေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

  4. ချက် ၊ စလိုဗက်ကီးယားနိုင်ငံတွေနဲ့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီတို့ ပူး‌ပေါင်းပြီး သင်တန်းတွေစဖွင့်, အတန်းတင်ပညာရေးထက် အခုကာလမှာလိုအပ်တဲ့ ပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်မယ် လို့ ကျောင်းသားသမဂ္ဂ ပြော

    ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယားနိုင်ငံတို့က တက္ကသိုလ်တွေ၊ အင်စတီကျူ့တွေနဲ့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီတို့ ပူးပေါင်းပြီး ပြည်ပပညာရှင်တွေကနေ သင်ကြားပေးတဲ့အစီအစဉ်ကို မနေ့ဩဂုတ် (၁၇)ရက်က စတင်ပါတယ်။

    တပတ်ကို တရက်နှုန်းနဲ့ (၁၀)ပတ်ကြာ သင်ကြားမှာဖြစ်ပြီး အဲ့ဒီနိုင်ငံတွေက တက္ကသိုလ်ဆရာတွေဟာ Zoom ကနေတိုက်ရိုက်ပို့ချတာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ပြည်သူတွေအကုန်တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

    “ဒီပြည်ပ ပညာရှင်တွေကနေ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီဆိုတာဘာလဲ၊ ဖယ်ဒရယ်နဲ့ ပတ်သက်တာတွေ ကို မျှဝေသွားမှာပါ။ အရင် ၂၀၁၈ ခုနှစ်လောက်က ချက်ကောင်စစ်ဝန် ကျွန်တော်တို့ တက္ကသိုလ်လာပြီးတဲ့နောက် အဆက်အသွယ်ရှိခဲ့တယ်။ အခုလို ကြားကာလပညာရေး အစီအစဉ်အတွက် ချိတ်တော့လည်း ကျွန်တော်တို့ မျှော်မှန်းတာထက် သူတို့က တက်တက်ကြွကြွ ပါဝင်ပေးတယ်။ ဘယ်တက္ကသိုလ်တွေနဲ့ ဘယ်လိုချိတ်ဆက်လဲဆိုတာကိုတော့ လောလောဆယ် ယာယီတက္ကသိုလ်ကောင်စီဘက်က ထုတ်ဖော်မပြောသေးပါဘူး” လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဉက္ကဋ္ဌ ကိုထက်မြတ်အောင် ဘီဘီစီကို ပြောပါတယ်။

    ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကနေ ကြားကာလပညာရေးအစီအစဉ်အဖြစ် ပြည်ပသင်ကြားမှုနဲ့ ပြည်တွင်းသင်ကြားမှု ဆိုပြီး အပိုင်း (၂)ပိုင်းလုပ်ဆောင်နေတာပါ။

    လက်ရှိမှာ တက္ကသိုလ်က မေဂျာတခုဖြစ်တဲ့ ကွန်ပျူတာသိပ္ပံဌာနက ကျောင်းသားတွေက ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီရဲ့တရားဝင်ဝက်ဘ်ဆိုက်ရေးဆွဲထားပြီး အဲ့ဒီဝက်ဘ်ဆိုက်မှာ မေဂျာအလိုက် သင်ခန်းစာဗီဒီယိုတွေကို တင်ထားပေးသလို ကျောင်းသားတွေလေ့လာလို့ ရမယ့် နည်းလမ်းအဆင့်ဆင့်ကို မကြာခင် ထုတ်ပြန်သွားဖို့ရှိပါတယ်။

    “ကျွန်တော်တို့က အတန်းတင်ပညာရေးထက် ဒီကာလမှာ လေ့လာလို့ရမယ့်ပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့လုပ်ထားတယ်။ မေဂျာ (၂၀)ကျော်ရှိတာထဲမှာ အင်္ဂလိပ်ဆို လက်တွေ့အသုံးချ နိုင်မယ့်ဟာမျိုးတွေ၊ ဓာတုဗေဒဆို လက်ဆေးရည်လုပ်နည်း စတဲ့ လက်တွေ့အသုံးဝင်မှာတွေကို သင်ကြားပေးဖို့ ရည်ရွယ်ထားတယ်။ ဆရာ၊ဆရာမတွေကလည်း ရုတ်တရက်ထွက်ခွာလာရတာမို့ သင်ကြားရေးစာအုပ်တွေအတွက်က သူတို့အတွက် အခက်အခဲရှိနေပေမယ့် အခု ကြိုးစားပြီး ပြင်ဆင်နေကြပါပြီ”လို့ ကိုထက်မြတ်အောင် ဆက်ပြောပါတယ်။

    အခုလို ကြားကာလပညာရေးအစီအစဉ်အကောင်အထည်ဖော်ဖို့ NUG ပညာရေးဝန်ကြီးဌာနကနေ လုပ်ဆောင်တာမဟုတ်ဘဲ ရတနာပုံတက္ကသိုလ်ကအကောင်အထည်ဖော်တာကို အကြံပေးပြီး NUG ရဲ့ ပညာရေးဝန်ကြီးဌာနဘက်က လိုအပ်တာဖြည့်ဆည်းပေးတယ်လို့ဆိုပါတယ်။

    ရတနာပုံတက္ကသိုလ်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရုံးမတက်ရေးအာဏာဖီဆန်လှုပ်ရှားမှု CDM မှာ တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ကိုယ်တိုင် CDM ပါဝင်ထားတာပါ။ လုံခြုံရေးအခြေအနေကြောင့် ဒီလို CDM ဝင်ထားတဲ့ ဆရာ၊ဆရာမအားလုံး ကြားကာလပညာရေးအစီအစဉ်မှာပါဝင်နိုင်ခြင်းမရှိသေးဘဲ ကိုယ်စားပြုစနစ်နဲ့ သွားနေပါတယ်။

    မနေ့ ဩဂုတ် (၁၇)ရက်စတဲ့ သင်ကြားရေးအစီအစဉ်မှာတော့ ကျောင်းသားရာနဲ့ချီတက်ရောက်ပြီး ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လေ့လာမှုတွေလည်းရှိတယ်လို့ ကျောင်းသားသမဂ္ဂက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတ၀န်းက တက္ကသိုလ်အသီးသီးဟာ အမိန့်မနာခံရေး CDM လှုပ်ရှားပြီး ယာယီတက္ကသိုလ်ကောင်စီဖွဲ့စည်းကာ အခုလို ကြားကာလပညာရေးအစီအစဉ်တွေအသီးသီး အကောင်အထည်ဖော်နေကြတာပါ။

  5. နေပြည်တော်မှာ မြေအောက်ရထားလမ်းတွေ၊ လျှပ်စစ်ဘတ်စ်ကားလမ်းတွေ ဆောက်ဖို့ စစ်ကောင်စီဥက္ကဋ္ဌပြော, စစ်ကောင်စီဥက္ကဋ္ဌ ပြောကြားချက် လက်တွေ့နဲ့ ကင်းကွာနေဟုဆို

    နေပြည်တော်ကို အစိုးရရုံးစိုက်ရာမြို့တော်ဖြစ်တာနဲ့အညီ လျှပ်စစ်ဘတ်စ်ကားလမ်းတွေနဲ့မြေအောက်ရထားလမ်းတွေ တည်ဆောက်ဖို့ကြိုတင်စဉ်းစားထားဖို့ လိုအပ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ နေပြည်တော်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

    နေပြည်တော်ကောင်စီနယ်မြေဟာ လူဦးရေသန်း ၂ဝ ထိ နေထိုင်နိုင်အောင်ရည်ရွယ်တည်ဆောက်ထားတာဖြစ်လို့ မြို့ပြစီမံကိန်းတွေတည်ဆောက်တဲ့နေရာမှာ မြို့ပတ်ရထားလမ်းတွေ၊ လျှပ်စစ်ဘတ်စ်ကားလမ်းတွေ နဲ့မြေအောက်ရထားလမ်းတွေ တည်ဆောက်နိုင်ဖို့ကြိုတင်စဉ်းစားထားဖို့လိုတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံဟာ ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု အခြေအနေနဲ့အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံရဲ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းထိကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ခန့်မှန်းထားပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်ပအခြေစိုက်ကုမ္ပဏီတွေပြန်လည်ထွက်ခွာတာတွေနဲ့ ပို့ကုန်သွင်းကုန်အခက်ခဲတွေပြည်ပက အော်ဒါရရှိမှုနည်းပါးလာတာတွေကြောင့် စက်ရုံအလုပ်ရုံတွေပိတ်သိမ်းတာတွေဖြစ်ခဲ့လို့အလုပ်လက်မဲ့ဦးရေတွေ တိုးပွားလာ လာတယ်လို့အလုပ်သမားအရေးဆောင်ရွက်သူတွေ က ပြောဆိုသုံးသပ်ကြပါတယ်။ ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း လာမယ့် လအနည်းငယ်အတွင်း မြန်မာပြည်လူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိ အငတ်ဘေးကြုံတွေ့နိုင်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

    မြန်မာ့ပြည်တွင်း ဒီလိုအကျပ်အတည်းတွေ ကြုံတွေ့ရနိုင်တယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေက သုံးသပ်ထားတာတွေရှိနေချိန် ဗိုလ်ချုပ်မှူးကြီးရဲ့ အခုနေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းညွှန်ကြားချက်ဟာ မြေပြင်အခြေအနေနဲ့ဝေးကွာနေတယ်လို့ သုံးသပ်သူတချို့က ပြောပါတယ်။

    "အများကြီးအဆိုးမမြင်ချင်ပါဘူး။ သူတို့ကောင်းတာလုပ်မယ်ဆိုရင်လည်း လက်ခံချင်ပါတယ်။ အခုဟာကတော့ မကြာခင် လူတွေ စားနပ်ရိက္ခာမလုံခြုံမှု ၊ ဆင်းရဲမွဲတေမှုတွေကြုံရမယ်လို့သုံးသပ်နေကြချိန်မှာ မြေအောက်ရထားတွေ၊ မြို့ပြစီမံကိန်းတွေ လုပ်မယ်ဆိုတာ ပြောတာကတကယ့်ကို အရှိတရားနဲ့ဝေးနေတယ်။ အရှိတရားနဲ့အရမ်းကင်းကွာနေတာ။ ပြည်သူလူထု အပေါ်မှာ လုံးဝမငဲ့ညှာမစဉ်းစားရာရောက်ပါတယ် " လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တမ္ပဒီပ အင်စတီကျူ့က ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

  6. ထောင်တွင်းကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါက်တာအောင်မိုးညိုအခြေအနေမိသားစု မသိရ

    မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာမကွေးအကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ပြီးခဲ့တဲ့ သီတင်းပတ်တွေတည်းက မိသားစုကကြားသိရပေမယ့် ဆေးကုသမှု အခြေအနေနဲ့ပတ်သက်ပြီး သိရတာမရှိဘူးလို့မိသားစုဝင်တွေက ပြောပါတယ်။

    " တဆင့်ကြားရတာတော့ ဆေးဝါးကုသမှုခံယူနေရတယ်လို့သိရတယ်။ စိုးရိမ်ရတဲ့အခြေနေမရှိပါဘူး။ ကျွန်တော်တို့ကြားသိရသလောက်တော့ အကျဉ်းဦးစီးဌာနကတော့ ဘယ်နေရာမှာဆေးကုပေးနေတယ်ဆိုတာမသိရဘူး။ လက်ရှိမှာတော့ အကျဉ်းကျနေတဲ့နိုင်ငံရေးအကျဉ်းသားအားလုံး အပြင်နဲ့အဆက်သွယ်လုံးလုံးဖြတ်ထားတယ်။ အကျဉ်းဦးစီးက လူအားလုံးကိုလည်းအပြင်ထွက်ခွင့်မပေးတော့ဘူး။ အပြင်ကလူတွေကိုလည်း ထောင်ဝင်စာပို့ရုံကလွဲပြီးသွားခွင့်လာခွင့်မပေးတော့ဘူး။ နဂိုကလည်းတင်းကျပ်ပါတယ်။ အခုနောက်ပိုင်းကျတော့ ရောဂါကြောင့်ပိုပြီးတော့တင်းကျပ်တာပေါ့လေ" လို့ဒေါက်တာအောင်မိုးညိုရဲ့ ညီဖြစ်သူ ဦးအောင်သူညိုက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ မကွေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့မိသားစုတွေက ပြောပါတယ်။

    မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မကွေးထောင်တွင်း အထူးတရားရုံးမှာ ပုဒ်မ ၅၀၅ (ခ)နဲ့ အလုပ်ကြမ်းနဲ့ထောင် ၂နှစ်ချမှတ်ထားပြီး ဒေါက်တာအောင်မိုးညိုရဲ့ရှေ့နေက အယူခံတက်ဖို့ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဒေါက်တာအောင်မိုးညိုကို သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ထပ်တိုးတရားစွဲဆိုထားတဲ့အပြင် အဂတိလိုက်စားမှုနဲ့ပါထပ်မံစွဲဆိုထားပါတယ်။ မကွေးအကျဉ်းထောင်ထဲမှာတော့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပြင် လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး၊ ဝန်ကြီးချုပ်ရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့ ဦးအောင်ဝင်းတို့ကိုထိန်းသိမ်းထားပါတယ်။

  7. အာဖဂန်နစ္စတန်ကို အသုံးချခံအခြေအနေမျိုး မဖြစ်စေရ လို့ တာလီဘန်အဖွဲ့ပြော

    တာလီဘန်တွေအနေနဲ့ သူတို့မြေပေါ်မှာ နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ အခြေစိုက်ပြီး အကြမ်းဖက်မှုပြန့်ပွားရေး လုပ်ဆောင်မယ့်အသုံးချခံအခြေအနေမျိုးမဖြစ်စေရပါဘူးလို့ အာမခံကြောင်း တာလီဘန်ပြောခွင့်ရသူက ပြောကြားပါတယ်။

    "အမေရိကန်အပါအဝင် တကမ္ဘာလုံးကိုကျွန်တော်တို့ပြောချင်တာက အာဖဂန်မြေဟာ အိမ်နီးချင်းတွေအပါအဝင်ဘယ်တိုင်းပြည်ကိုမှ ခြိမ်းခြောက်တာမျုးိမဖြစ်စေလိုပါဘူး။ အားလုံးကိုသေချာပေါက်ပြောလိုတာက အိမ်နီးချင်းနိုင်ငံတွေ၊ ဒါမှမဟုတ် တခြားနိုင်ငံတွေကို ဆန့်ကျင်ဖို့ အာဖဂန်နစ္စတန်မြေမှာ လာလုပ်မှာကို လက်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးက အစ္စလာမ်တိုင်းပြည်တစ်ခုအပေါ် ယုံကြည်ကျေနပ်မှုရှိသင့်ပါတယ်" လို့တာလီဘန်ပြောခွင့်ရဇာဘီဘူလာမူဂျာဟစ်က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

    ဒါဟာ အဖဂန်နစ္စတန်မြို့တော် ကာဘူးလ်အပါအဝင် နိုင်ငံတစ်ဝန်းလုံး တာလီဘန်တွေ သိမ်းပိုက်ပြီးနောက် ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။

    ကာဘူးလ်မြို့မှာတော့ တာလီဘန်တွေက သူတို့တိုက်ခိုက်ရေးသမားတွေကို လူနေအိမ်တွေထဲဝင်ရောက်တာ၊ သံရုံးဝန်ထမ်းတွေကိုအနှောင့်အယှက်ပေးတာတွေ မလုပ်ဖို့ဆော်သြထားပြီး အစိုးရဝန်ထမ်းတွေအနေနဲ့အလုပ်ခွင်ပြန်ဝင်ကြဖို့တိုက်တွန်းနေပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေအနေနဲ့လူ့အခွင့်အရေးကိုလေးစားလိုက်နာပါတယ်ဆိုတဲ့ ကတိပေးထုတ်ပြန်ချက်ကို အမေရိကန်အစိုးရကလည်းမျှော်လင့်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    "တကယ်လို့တာလီဘန်တွေက သူတို့နိုင်ငံသားတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာမယ်လို့ ပြောရင် ကျွန်တော်တို့ကလည်း အဲ့ဒီပြောဆိုချက်အတိုင်း လိုက်နာစေချင်ပါတယ်။ ခိုင်ခိုင်မာမာရှိစေချင်ပါတယ်" လို့အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ နဒ်ပရိုက်စ် က ပြောပါတယ်။

    ကုလသမဂ္ဂကတော့လက်တွေ့မြေပြင်မှာလေးစားလိုက်နာမှုကိုပထမဆုံးမြင်ချင်တယ်လို့ဆိုပါတယ်။

    အာဖဂန်နစ္စတန်မှာဖမ်းဆီးခံထားရသူတွေကို လက်တုံ့ပြန်သတ်ဖြတ်ပြီး မျက်ကွယ်တရားစီရင်တာ၊ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေကိုညှင်းပမ်းနှိပ်စက်တာ ၊ ကလေးငယ်တွေကို ရာဇဝတ်မှု ကျူးလွန်တာနဲ့ အရပ်သားတွေအပေါ် တခြားရာဇဝတ်မှုတွေကျူးလွန်တာမြင်ရတဲ့အပေါ်အကြီးအကျယ်စိုးရိမ်မိတယ်လို့နိုင်ငံတကာရာဇဝတ်တရားရုံး အိုင်စီစီအကြီးအကဲ ကားရင့်ခမ်းကပြောပါတယ်။

  8. စစ်တပ်က စစ်ဆေးမှုတွေကြောင့် ဖမ်းဆီးခံရမှာကို အမ်းဒေသခံတွေစိုးရိမ်

    ရခိုင်ပြည်နယ်အတွင်း ဩဂုတ်လဆန်းပိုင်းကစတင်ပြီး မြို့နယ်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပါဝင်တဲ့အဖွဲ့ဟာ လမ်းသွား လမ်းလာတွေကို စစ်ဆေးတာ၊ ဧည့်စာရင်းစစ်ဆေးတာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အခုလိုစစ်ဆေးတာတွေက လူထုကို အနှောင့်အယှက်ဖြစ်စေပြီး စစ်ဆေးရာကတဆင့် သံသယနဲ့ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။ ရခိုင်ပြည်နယ်အလယ်ပိုင်းက အမ်းမြို့နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလိုစစ်ဆေးမှုတွေရှိနေတာဖြစ်ပြီး သြဂုတ် ၁၃ ရက်နေ့ကစတင်ပြီးတော့ စစ်ဆေးမှုတွေတင်းကျပ်လာကာ မြို့ပေါ်ရက်ကွက်တွေအပြင် ကျေးရွာတချို့တို့မှာလည်း ဧည့်စာရင်းစစ်ဆေးတာတွေ၊ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးတာတွေပြုလုပ်လာတာဖြစ်တယ်လို့ အမ်းဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။

    ယခင်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အချိန်တွေမှာလည်း စစ်တပ်က အခုလိုစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး မသင်္ကာသူတွေကို သံသယနဲ့ဖမ်းဆီးတရားစွဲဆိုခဲ့တာတွေရှိခဲ့တာကြောင့် ဒေသခံတွေဘက်ကတော့ စိုးရိမ်မှုတွေရှိနေကြတယ်လို့ ပြောပါတယ်။

    ဒါ့အပြင် တပ်မတော်တပ်ဖွဲ့တွေက သူတို့ရောက်ရှိနေတဲ့နေရာတွေမှာ စစ်ဆေးတာတွေအပြင် ကင်းပုန်းဝပ်တာတွေ၊ စစ်ကြောင်းထွက်တာတွေလည်းရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ သွားရေးလာရေးတွေမှာလည်း စိုးရိမ်နေကြရတယ်လို့ဆိုပါတယ်။

    "စစ်ဆေးတာက မြို့ပေါ်တစ်ခုတည်းမဟုတ်ဘူး။ စစ်ကြောင်းတွေကသွားနေတယ်။ သူတို့ရောက်တဲ့နေရာတွေမှာ လူတွေကိုစစ်ဆေးတယ်။ ဆိုင်ကယ်တွေကို တူးဘောက်တွေဖွင့်စစ်တယ်။ ရွာတွေမှာ ကျေးရွာအုပ်ချုပ်‌ရေးမှူးတွေခေါ်ပြီး ဧည့်စာရင်းစစ်တယ်။ တစ်အိမ်တက်တစ်အိမ်ဆင်းစစ်တာတော့မဟုတ်ဘူး။ အရင်ကလည်း ဒီလိုမျိုးစစ်ဆေးပြီး သံသယနဲ့ဖမ်းဆီးခံနေကြရသူတွေရှိနေတော့ လူတွေကကြောက်ကြတာပေါ့" လို့ ကိုမျိုးလွင်က ပြောပါတယ်။

    ဒါ့အပြင် မင်းဘူးတို့ တောင်ကုတ်တို့ဘက်ကနေ အမ်းမြို့နယ်အတွင်းကို စစ်ကားတွေ ဆင်းလာတာ တွေ့နေရပြီး တပ်မတော်စစ်ရဟတ်ယာဉ်တွေ ပျံသန်းတဲ့လှုပ်ရှားမှုတွေကိုလည်း အခုလအတွင်းပြန်လည်တွေ့မြင်လာရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုတွေအလိုက် ဧည့်စာရင်းတိုင်ကြားစေတာ၊ ဧည့်စာရင်းစစ်ဆေးတာတွေကို ရဲတပ်ဖွဲ့၊ လဝက၊ နယ်မြေခံတပ်ရင်း၊ ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တို့က စစ်ဆေးသွားမယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

    အခုလို ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း လူတွေစိုးရိမ်တကြီးနဲ့နေထိုင်သွားလာနေကြရတဲ့အချိန်မှာ တပ်မတော်အနေနဲ့ လုံခြုံရေးအရစစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

    "ကျွန်တော်တို့ဘက်မှာတော့ စစ်ဆေးတာတွေတော့ရှိတယ်။ ဆိုင်ကယ်တွေကိုဖွင့်ပြရတယ်။ ကားတွေဆိုလည်း နောက်ခန်းတွေကိုဖွင့်ပေးရတယ်။ ကျောက်တော်မဟာမုနိဘုရားဘက်မှာစစ်တယ်။ မြို့ပေါ်မှာလည်းတချို့လူစည်တဲ့နေရာတွေမှာစစ်တယ်။ ဧည့်စာရင်းတော့မစစ်ဘူး။ ဖမ်းဆီးတာတွေလည်းမရှိသေးဘူး" လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ပြောပါတယ်။

    အဲ့ဒီကြေညာချက်ထုတ်ပြန်ပြီးရက်ပိုင်းအတွင်း စစ်တွေမြို့အပါအဝင် မြို့နယ်အများစုတို့မှာ အခုလိုစစ်ဆေးမှုတွေကိုပြုလုပ်လာနေတဲ့အတွက် လူတွေကိုစိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှုတွေဖြစ်ပွားစေတဲ့အတွက် မလုပ်ဆောင်ကြဖို့ ရခိုင်အမျိုးသားပါတီ ANP ကနေ ဩဂုတ်လ ၁၀ ရက်နေ့က တောင်းဆိုချက်ငါးချက်ပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

    လက်ရှိအချိန်ထိ မြို့နယ်အများစုတို့မှာ အခုလိုစစ်ဆေးမှုတွေပြုလုပ်နေသလို တစ်ဖက်မှာလည်း စစ်တပ်အင်အားနဲ့ ရိက္ခာလက်နက်ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကစလို့ အေအေနဲ့ စစ်တပ်ကြား နှစ်ဖက်တိုက်ပွဲတွေရပ်စဲနေပြီး ဒေသတည်ငြိမ်နေတဲ့အချိန်တွေမှာ စစ်ကောင်စီဘက်က အခုလိုစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာနေတဲ့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာမှာကိုလည်း ဒေသခံတွေအကြားစိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း အေအေက ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကာကွယ်ရေး အိမ်တွင်းနေရေးအမိန့်တွေထုတ်ပြန်တာ၊ တရားရေးဌာနဖွင့်လှစ်ပြီး ရခိုင်လူထုအနေနဲ့ အမှုအခင်းတွေကိုတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်တာတွေ လုပ်ဆောင်လာတာကြောင့် စစ်တပ်ဘက်က အခုလို လှုပ်ရှားတာလည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိထားပါတယ်။

  9. ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းတမြို့လုံး ၅ ရက်ကြာလော့ခ်ဒေါင်းချ, ကိုဗစ်ရှိမရှိ စစ်ဆေးမှုပြုလုပ်မယ်

    ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်တစ်ခုဖြစ်တဲ့ ပန်ခမ်းမြို့နယ်ကို သြဂုတ်လ ၁၈ ရက်နေ့ကနေ စတင်ပြီး လော့ခ်ဒေါင်းချကာ မြို့တွင်းနေထိုင်သူအားလုံး ကိုဗစ် ၁၉ ရောဂါအတွက် အာခေါင်တို့ဖတ်စစ်ဆေးမှုပြုလုပ်မယ်လို့ ပန်ခမ်းမြို့ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကထုတ်ပြန်လိုက်ပါတယ်။

    ဒေသတွင်းမှာ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချဖို့အတွက် တရုတ်ပညာရှင်တွေရဲ့အကြံပြုချက်နဲ့ အခုလိုစစ်ဆေးမှုတွေကို လုပ်ဆောင်တာဖြစ်ပြီး ပန်ခမ်းမြို့နယ်အတွင်းနေထိုင်သူ၊ ယာယီနေထိုင်သူ၊ ပြင်ပကဝင်ရောက်လာသူအားလုံး စစ်ဆေးမှုလုပ်ရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ဒီလိုကိုဗစ်ရောဂါစစ်ဆေးမှုကို သြဂုတ်လ ၁၈ ရက်နေ့ကစပြီး ၅ ရက်ကြာပြုလုပ်မှာဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး ထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိရင် အရေးယူခံရမယ်လို့လည်းဖော်ပြထားပါတယ်။

    ပြည်တွင်းကိုဗစ်တတိယလှိုင်းကာလမှာလည်း တရုတ်အစိုးရက ဝဒေသ တစ်ခုလုံး အတိုင်းအတာနဲ့ကိုဗစ်ကာကွယ်ဆေးထောက်ပံ့ကူညီပေးတဲ့အစီအစဉ်ကို ပြုလုပ်ခဲ့တယ်လို့ဝဒေသ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ဒေသမှာ အသက် ၁၈နှစ်နဲ့အထက် လူဦးရေ ၃ သိန်းနီးပါးလုံးကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးခဲ့တယ်လို ဝ ဒေသပြောခွင့်ရ ဦးညီရန်းက ပြောကြားထားပါတယ်။

  10. မောင်တောမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီးခံရ

    ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်စပ် မောင်တောမြို့မှာ ဩဂုတ်လ ၁၇ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရတယ်လို့ မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားပါတယ်။

    ဖမ်းဆီးခံလိုက်ရသူဟာ ပဒင်း (မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့ နံနက်အရုဏ် ၂ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားသူ ငါးဦးတို့က နေအိမ်တံခါးတွေကိုဖျက်ဆီးဝင်ရောက်လာကြပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

    အဲဒီလက်နက်ကိုင်အဖွဲ့ဟာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဘယ်အဖွဲ့အစည်းကဆိုတာကိုတော့မသိရသေးသလို အုပ်ချုပ်ရေးမှူးကိုလာရောက်ဖမ်းဆီးစဉ်မှာ သေနတ်တွေနဲ့ဓားတွေ ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားသူတွေဟာ အုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီရဲ့နေအိမ်တံခါးကို ဖျက်ဆီးဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးကိုသေနတ်နဲ့ချိန်ရွယ်ထားကာ ဇနီးဖြစ်သူကိုပစ္စည်းတွေထုတ်ပေးခိုင်းတာကြောင့် ခန့်မှန်း ရွှေ ချိန် ၄၀ ကျပ်သားရှိတဲ့ လက်ဝက်လက်စားတွေနဲ့ စားသောက်ကုန်တွေလည်း ယူဆောင်သွားခဲ့ကြတယ်လို့ သတင်းတွေအရ သိရပါတယ်။

    ပြီးခဲ့တဲ့မေလအတွင်းကလည်း မောင်တောမြို့ပေါ်မှာနေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် မွတ်ဆလင် သားဖနှစ်ဦးကို မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က နေအိမ်ကနေဖမ်းဆီးခေါ်ဆောင်သွားပြီး မကြာခင်မှာပြန်လည်လွတ်မြောက်လာခဲ့တာတွေလည်းဖြစ်ခဲ့ပါတယ်။ အခုမိုးတွင်းကာလမှာ မောင်တောမြို့နယ်အတွင်း တောတောင်တွေထဲ သွားလာပြီး ငါးရှာဟင်းခူးလုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတချို့လည်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းတွေနဲ့ကြုံနေကြရပါတယ်။

  11. ကမ္ဘောဒီးယားက မြန်မာကို ကိုဗစ်ကာကွယ်ဖို့ ငွေသား ဒေါ်လာ ၂ သိန်း လှူမယ်

    မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို ဒုတိယအကြိမ် ကူညီတဲ့အနေနဲ့ ကမ္ဘောဒီးယားအစိုးရက ငွေသား ဒေါ်လာ ၂ သိန်းနဲ့ ဆေးပစ္စည်းတွေ လှူဒါန်းမယ်လို့ ပြောပါတယ်။

    အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဒီကနေ့ ပေးပို့လာတဲ့ စာထဲမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းက "လူသားချင်းစာနာထောက်ထားတဲ့ ကပ်ရောဂါဘေး အကူအညီပေးရေး အာဆီယံအဖွဲ့ (AHA Centre) ကနေတဆင့် မြန်မာနိုင်ငံအတွက် ဒေါ်လာတစ်သိန်း အကူအညီပေးဖို့ ကမ္ဘောဒီးယား အစိုးရက ကတိပြုထားခဲ့တာအပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သွေးစည်းညီညွတ်မှုကို ပြတဲ့အနေနဲ့ နောက်ထပ် ငွေသား ဒေါ်လာ နှစ်သိန်းကို ထပ်လှူဒါန်းလိုပါတယ်"

    "ဒါ့အပြင် နှာခေါင်းစည်း ၃ သန်း၊ Rapid Tests ကိုဗစ်ပိုး အမြန်စစ် ကိရိယာ ၅ သိန်း၊ PPE ဝတ်စုံ ၂ ထောင်၊ အောက်ဆီဂျင် သန့်စင်စက် ၁၀၀၊ လေသန့်စက် ၂၀၊ လူနာစောင့်ကြည့်တဲ့ မော်နီတာစက် ၂၀ နဲ့ ဆေးပစ္စည်း ကိရိယာတွေကိုလည်း တပါတည်း လှူဒါန်းသွားဖို့ ရှိပါတယ်" လို့ ရေးသား ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ခဲ့ကတည်းက တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာကို သူ့အနေနဲ့ အနီးကပ် လေ့လာ စောင့်ကြည့်ခဲ့တယ်လို့လည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း က ဆိုပါတယ်။

    ဒီလှူဒါန်းပစ္စည်းတွေကို ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ဝန်ကြီးများအဆင့် ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး မမ် ဘန် ဟန်း ဦးဆောင်တဲ့ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့က အထူးလေယာဉ်တစ်စင်းနဲ့ နေပြည်တော်ကို မကြာခင် သယ်ဆောင်လာမယ်လို့ သူက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ကမ္ဘောဒီးယား အစိုးရက မြန်မာနိုင်ငံအတွက် နှာခေါင်းစည်း ၂ သန်းနဲ့ တခြား ဆေးပစ္စည်း ကိရိယာတွေကို လှူဒါန်းခဲ့ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံဟာ လာအို၊ တိမော၊ နီပေါနဲ့ ဗီယက်နမ် အပါအဝင် အာရှဒေသတွင်းက တခြားနိုင်ငံတချို့ကို မရှိမဖြစ် လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

  12. ရခိုင်မှာ စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်လာ

    ရခိုင်ပြည်နယ်အတွင်း ဩဂုတ်လဆန်းပိုင်းကစတင်ပြီးတော့ မြို့နယ်အများစုတို့မှာ တပ်မတော်နဲ့ရဲတပ်ဖွဲ့တို့က လမ်းသွား လမ်းလာတွေနဲ့ ဧည့်စာရင်းတွေကို စစ်ဆေးမှုတွပြုလုပ်နေတယ်လို့သိရပါတယ်။

    အခုလိုစစ်ဆေးမှုတွေပြုလုပ်နေတာဟာ လူတွေကိုအနှောင့်အယှက်ပြုသလိုဖြစ်နေပြီး ဒေသခံတွေအနေနဲ့လည်း သံသယနဲ့ဖမ်းဆီးခံရမှာတွေကို စိုးရိမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်အလယ်ပိုင်းက အမ်းမြို့နယ်အတွင်းမှာတော့ တပ်မတော်အာဏာသိမ်းတဲ့နောက်ပိုင်းကစလို့ တပ်မတော်က စစ်ဆေးမှုတွေရှိခဲ့ပြီး အခုလ ၁၃ ရက်နေ့ကစတင်ပြီးတော့ စစ်ဆေးမှုတွေတင်းကျပ်လာကာ မြို့ပေါ်ရက်ကွက်တွေအပြင် ကျေးရွာတချို့တို့မှာလည်း ဧည့်စာရင်းစစ်ဆေးတာတွေ၊ ဆိုင်ကယ်တို့ကားတို့ကို စစ်ဆေးတာတွေပြုလုပ်လာတာဖြစ်တယ်လို့ အမ်းဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။

    ယခင် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အချိန်တွေမှာလည်း တပ်မတော်က အခုလို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မသင်္ကာသူတွေကို သံသယနဲ့ဖမ်းဆီးတရားစွဲဆိုခံနေရတာတွေ ရှိခဲ့တာကြောင့် ဒေသခံတွေဘက်ကတော့ စိုးရိမ်မှုတွေရှိနေကြတယ်လို့ ပြောပါတယ်။

    ဒါ့အပြင် တပ်မတော်တပ်ဖွဲ့တွေက သူတို့ရောက်ရှိနေတဲ့နေရာတွေမှာ စစ်ဆေးတာတွေအပြင် ကင်းပုန်းဝပ်တာတွေ စစ်ကြောင်းထွက်တာတွေလည်း ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ သွားရေးလာရေးတွေမှာလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

    မင်းဘူးတို့ တောင်ကုတ်တို့ဘက်ကလည်း အမ်းမြို့နယ်အတွင်းသို့ စစ်ကားကြီးတွေ ဆင်းလာတာတွေကိုလည်း တွေ့နေရပြီး တပ်မတော်စစ်ရဟတ်ယာဉ်တွေ ပျံသန်းတဲ့လှုပ်ရှားမှုတွေကိုလည်း အခုလအတွင်းပြန်လည် တွေ့မြင်လာရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုတွေအလိုက် ဧည့်စာရင်းတိုင်ကြားစေခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းတွေကို ရဲတပ်ဖွဲ့၊ လဝက၊ နယ်မြေခံတပ်ရင်း၊ ဌာနဆိုင်ရာများနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တို့က စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

    တပ်မတော်အနေနဲ့ လုံခြုံရေးအရစစ်ဆေးမှုတွေကို အရှိန်မြင့်လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

    လက်ရှိအချိန်ထိ မြို့နယ်အများစုတို့မှာ အခုလိုစစ်ဆေးမှုတွေပြုလုပ်နေသလို တစ်ဖက်မှာလည်း တပ်မတော်ဘက်က စစ်တပ်အင်အားနဲ့ ရိက္ခာ လက်နက်ဖြည့်တင်းမှုလုပ်ဆောင်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။

    လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေရပ်စဲနေပြီး ဒေသတည်ငြိမ်နေတဲ့အချိန်တွေမှာ တပ်မတော်အနေနဲ့ အခုလိုစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာနေတဲ့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာမှာကိုလည်း ဒေသခံတွေအကြားစိုးရိမ်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။

  13. ရွှေလီမှာ မြန်မာနိုင်ငံသားတွေနေခွင့်ပြန်ရ

    တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ရွှေလီမြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အစိုးရဘက်က ဆက်နေချင်တဲ့သူတွေကို နေခွင့်ပြန်ပေးတယ်လို့ ရွှေလီရောက်မြန်မာတွေက ဆိုပါတယ်။

    သြဂုတ်လဆန်းကစလို့ ရွှေလီနဲ့ကျယ်ဂေါင်မြို့တွေမှာ ကိုရိုနာဗိုင်းရပ်ပိုးကူးစက်သူတွေ ရှိတဲ့အတွက် မြို့ကို လောဒေါင်းချထားခဲ့ပြီး မြန်မာနိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံကို ပြန်ဖို့ ဒေသခံတရုတ်အာဏာပိုင်တွေက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂ ရက်လောက်ကစလို့ တရားဝင်အထောက်အထားရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်လက်နေထိုင်ခွင်ပြုမယ်လို့ တရုတ်အာဏာပိုင်တွေက အကြောင်းကြားလာတာလို့ ရွှေလီရောက် မြန်မာအချို့က ဆိုပါတယ် ၊

    မြန်မာနိုင်ငံကို ပြန်ဖို့စာရင်းပေးထားတဲ့သူတွေ အနေနဲ့လည်း မပြန်ချင်တော့ဘူးဆိုရင် ဆက်နေလို့ရတယ်လို့ တရုတ်အာဏာပိုင်တွေက အကြောင်းကြားလာတာလို့ ဆိုပါတယ်။

    ဒေသခံလုပ်ငန်းရှင်တွေက တင်ပြတဲ့အတွက် မြန်မာနိုင်ငံသားတွေထဲက တရားဝင် အလုပ်လုပ်ခွင့် ရှိသူတွေကို ဆက်လက်နေထိုင်နိုင်ကြောင်း တရုတ်အာဏာပိုင်တွေကပြောလာတာဖြစ်ပါတယ် အထူးသဖြင့်စက်မူ့ဇုန်တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြို့ထဲမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ဆက်လက်နေထိုင်ခွင့် ပြုပေးတာလို့ ဆိုပါတယ်။

    လက်ရှိမှာတော့ရွှေလီမြို့ကနေ ပြန်တဲ့သူများတဲ့အတွက် မြို့ကခြောက်ကပ်သွားပြီလို့ ရွှေလီမြို မှာနေထိုင် တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ဆိုပါတယ်။

    တရုတ် ရွှေလီမြို့မှ ာနေထိုင်သူတွေထဲမှာ ကိုဗစ် ကပ်ရောဂါပိုးစ တွေလို့ဇူလိုင်လဆန်းက စလို့မြို့ကိုလော့ဒေါင်း ချလိုက်ပြီး အသွားအလာကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

    အဲဒီအတွက် လည်းမြန်မာနိုင်ငံသားတွေဟာ အလုပ်မလုပ်ရတာရယ် အပြင်မထွက်ရတာကြောင့် စားဝတ်နေရေး ခက်ခဲ့လာပြီး တရုတ်အာဏာပိုင်တွေက ပြန်ခွင့်ပြုတဲ့နေ့ကစလို့ မြန်မာနိုင်ငံထဲနေစဉ်နီးပါးပြန်လာနေကြတာဖြစ်ပါတယ်၊

  14. ကိုဗစ် လုံခြုံရေးတင်းကျပ်တဲ့ မန္တလေး မုံရွာ မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်

    ကိုဗစ်ကြောင့် မနက် ၉နာရီကနေ ညနေ ၃ နာရီခွဲ အထိ သွားလာခြင်းမပြုဖို့ ကန့်သတ်ထားတဲ့ မန္တလေးမြို့မှာ ဒီကနေ့ တက္ကသိုလ်ကျောင်းသားတွေ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေထံကနေသိရပါတယ်။

    နေ့လယ်ပိုင်း စျေးဆိုင်တွေပိတ်ထားဖို့ အမိန့်ထုတ်ထားတဲ့ မုံရွာမြို့မှာလည်း ဒီကနေ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

    မုံရွာမှာတော့ အရပ်ဝတ်တွေနဲ့ စစ်ကောင်စီဘက်က တားဆီးခဲ့ပြီးလိုက်လံဖမ်းဆီးတာတွေရှိခဲ့တယ်လို့လည်း မုံရွာဒေသခံတွေက ပြောပါတယ်။

    မနေ့ဩဂုတ် ၁၆ ရက်ညနေပိုင်းမှာ မန္တလေးသပိတ်စစ်ကြောင်းကဦးဆောင်သူတဦးဖြစ်တဲ့ ကိုကျော်သီဟကို အိမ်စီးကားနဲ့ ပိတ်ဖမ်းဆီးသွားပြီးတဲ့နောက်သပိတ်မှာ ပါဝင်တယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးပါထပ်မံ အဖမ်းခံ လိုက်ရပါတယ်။

    မန္တလေးမှာ အခုရက်ပိုင်း တင်းတင်း‌ကျပ်ကျပ် ဧည့်စာရင်းစစ်လာတာတွေရှိနေပြီး ဒီလထဲမှာတင်သပိတ်ပါဝင်သူ ၁၅ဦးလောက် အဖမ်းခံခဲ့ရပြီလို့ ဆိုပါတယ်။

    ဒါ့အပြင် မန္တလေးမှာ မနက် ၆ နာရီ ကနေ ၉ နာရီအတွင်း သာအပြင်ထွက်ဖို့ စစ်ကောင်စီဘက်ကကြေညာခဲ့ပြီးတဲ့နောက် အပြင်ထွက်တဲ့မြို့ခံတွေနည်းလာတာကြောင့် အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်တွေကို ပိုမိုဖမ်းဆီးရလွယ်ကူလာတယ်လို့သပိတ်ပါဝင်သူတဦးက ပြောပါတယ်။

  15. မင်းကင်း ဆိပ်ကမ်းမှာ အရပ်သားနှစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းမင်းကင်းမြို့နယ် အမြန်ရေယာဥ်ဆိပ်မှာ ဒီကနေ့ သြဂုတ်လ ၁၇ ရက် နေ့လယ် ၂နာရီခွဲလောက်က အရပ်သား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားကြောင်း မင်းကင်းမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မုံရွာက ဝင်လာမယ့် အမြန်ရေယာဥ် ဆိုက်ရောက်ကာနီး အချိန်မှာ ဆိပ်ကမ်းမှာ ခရီးသည်တွေစောင့်ဆိုင်းနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနဲ့ စကားများပြီး အခုလို ပစ်ခတ်ခံရတာလို့လည်း သူကပြောပါတယ်။

    သေဆုံးသူတွေထဲက နှစ်ဦးအနက် တစ်ဦးက ကိုဇော်မျိုးမြင့် ကျွန်းတော် အနောက်ရွာကဖြစ်ပြီး အမျိုးသမီးက မင်းစားရွာကဖြစ်ကြောင်း အမျိုးသမီးအလောင်းကို ပြန်သယ်သွားတယ်လို့သိရကြောင်းလည်း သူကပြောပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မင်းကင်းမြို့ခံအချို့က အခုလို သေဆုံးသူအချို့ကို အမည်နဲ့တကွ အတည်ပြုနိုင်ပေမဲ့ ဘာကြောင့် အပစ်ခံရတယ် ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို စစ်ကောင်စီဘက်ကို မေးမြန်းအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    မင်းကင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေ လုံခြုံရေးအင်အားအပြည့်ယူထားပြီး တပ်တွေမကြာခဏ အပြောင်းအလဲလုပ်တာတွေ့ရတယ်လို့ မင်းကင်းမြို့ခံတွေက ပြောပါတယ်။

  16. မကြုံစဖူး ကြက်သွန်းဈေးထိုးကျနေလို့ မုံရွာက ကြက်သွန်စိုက်တောင်သူတွေ အခက်ကြုံ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက ကျွဲရဲ၊ တောင်ပုလူ၊ ရှင်ငါးဆယ်၊ ကျောက်စစ်ပုံ၊ ခိုးသန်း၊ ကော်လပြတ်၊ သမန္တာ၊ ပလ္လင်ကုန်း၊ စတဲ့ကျေးရွာတွေမှာ ကြက်သွန်သီးနှံတမျိုးတည်းကိုသာ အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။

    လက်ရှိမှာ ကြက်သွန်တပိဿာကို (၂၃၀) ကျပ်ဝန်းကျင်အထိဈေးကျဆင်းနေပြီး ဝယ်ယူသူမရှိတဲ့အနေအထားမျိုးတောင်ကြုံတွေ့နေရတဲ့အတွက် ကြက်သွန်စိုက် တောင်သူတွေ အခက်တွေ့နေကြရပါတယ်။

    အရင်နှစ်တွေက ကြက်သွန်ကို ပြည်ပဈေးကွက်တွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတွေအထိ တင်ပို့ရောင်းချနေရပြီး အခုနှစ်မှာတော့ ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ covid တတိယလှိုင်းကြောင့် ပြည်ပကို တင်ပို့နေတဲ့ ကြက်သွန်ဈးကွက်တွေ ပိတ်လိုက်တဲ့အတွက် အခုလိုဈေး ကျလာဖြစ်တယ်လို့ ကြက်သွန်ပွဲရုံပိုင်ရှင်တဦးကပြောပါတယ်။

    အခုလက်ရှိပေါက်ဈေးရှိနေတဲ့ တပိဿာ (၂၃၀) ကျပ်ဝန်းကျင်ဈေးနှုန်းဟာ ပြည်တွင်းလက်လီဈေးကွက်သာဖြစ်ပြီး အရင်နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းသာ အရောင်းအဝယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။

    တောင်သူတွေအနေနဲ့ ကြက်သွန်စိုက်ပျိုးတဲ့နေရာမှာ စိုက်ပျိုးစရိတ်အနေနဲ့ တစ်ဧကကို ကျပ် (၁၃) သိန်းဝန်းကျင်အထိ ကုန်ကျပြီး မြေအငှားနဲ့စိုက်တဲ့တောင်သူတွေမှာ (၁၈) သိန်းဝန်းကျင်အထိကုန်ကျစရိတ်ရှိပါတယ်။ ကြက်သွန်စပေါ်တဲ့အချိန်မှာလည်း ကြက်သွန်ဈေးဟာ တပိဿာကို (၂၀၀) ကျပ်ဝန်းကျင်သာရှိနေတဲ့အတွက် တောင်သူတွေမှာ မရောင်းဘဲ သိုလှောင်ထားပြီး အခုအချိန်မှာလည်း ဈေးက ဆက်ကျနေတာကြောင့် ဈေးကွက်ပါပျက်နေတဲ့အတွက် အခက်အခဲတွေကြုံတွေ့နေကြတာဖြစ်တယ်လို့ပြောပါတယ်။

    ဒါ့အပြင် တချို့ကိုယ်ပိုင်အရင်းအနှီးမရှိတဲ့တောင်သူတွေမှာ စိုက်ပျိုးစရိတ်အတွက်အတိုးနဲ့ ငွေချေးငှားယူပြီး စိုက်ပျိုးရတာဖြစ်လို့ ချေးငွေတွေလည်း ပြန်ဆပ်ဖို့ လိုအပ်နေပြီး ဖော်ထားတဲ့ ကြက်သွန်တွေကလည်း တော်သလင်းလအထိသာ အထားခံတော့မှာဖြစ်တယ်လို့တောင်သူတွေကဆိုပါတယ်။ လှောင်ထားတဲ့ကြက်သွန်တွေသာ တော်သလင်းလရောက်တဲ့အထိအထိ ရောင်းမထွက်ခဲ့ရင် အားလုံး ပျက်စီးကုန်တော့မှာဖြစ်သလို အကြွးရှင်တွေကိုလည်း ယာမြေတွေရောင်းပြီး အကြွေးထိုးဆပ်ရမယ့်အခြေအနေတွေကြုံတွေ့ရတော့မယ်လို့ ဆိုပါတယ်။

  17. ထိုင်းမှာ မြန်မာနိုင်ငံသားတွေကို ကိုဗစ် ကာကွယ် ဆေးထိုးပေး

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ၊ဒီနေ့သြဂုတ်လ ၁၇ ရက်နေ့မှာ ကိုဗစ် ၁၉ ကာကွယ်ဆေးကို၊ပထမဆုံးအကြိမ် ထိုးခွင့်ရခဲ့ပါတယ်။

    ဒါဟာပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ၊မဲဆောက်မြို့က ထိုင်းနိုင်ငံသားတွေကော ၊မြန်မာနိုင်ငံသားတွေကြားမှာပါ ၊ကိုဗစ် ၁၉ ရောဂါအလျှင်အမြန် ကူးစက် ဖြစ်ပွားပြီး ၊အသေအပျောက်တွေလည်း များလာတာကြောင့်၊အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အမြန်ဆုံးဆောင်ရွက်လိုက်တာလို့ သိရပါတယ်။

    မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေအတွက် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးတွေကို ထိုင်းဘုရင်ရဲ့ ညီမတော် ကျူလာဖွန်မင်းသမီးကဆောင်ရွက်ပေးလိုက်တယ်လို့ မဲဆောက်ဆေးရုံ ဒါရိုက်တာကပြောပါတယ်။

    "အခြေအနေအရ မဲဆောက်က မြန်မာနိုင်ငံသားတွေကို ထိုးဖို့လိုအပ်တဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ်ထိုးဆေး အလုံး ၅၀၀၀ ကို ဘုရင့်ညီမတော်ရဲ့ ကျူလာဖွန် အင်စတီကျူ့ကနေ ပို့လာတာကြောင့် အဆင်ပြေသွားတယ်။"လို့မဲဆောက်ဆေးရုံ ဒါရိုက်တာဒေါက်တာဝိထဝသ်ကပြောပါတယ်။

    ရောက်လာတဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးတွေကို ဒီနေ့သြဂုတ်လ ၁၇ နဲ့မနက်ဖြန် ၁၈ ရက်နေ့တွေမှာ မဲဆောက် ရိုဘင်ဆန်ကုန်တိုက်မှာ စတင်ထိုးပေးနေပါပြီ။

    အခုကာကွယ်ဆေးထိုးတဲ့သူတွေဟာ ထိုးတဲ့ရက်ကနေ ၃ ပတ်ပြည့်တဲ့နေ့မှာ ဒုတိယအလုံးကို ရိုဘင်ဆန်ကိုပဲ သွားပြီးထိုးရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    ပထမအသုတ် ရောက်လာတဲ့ကိုဗစ် ၁၉ ရောဂါကာ ကွယ်ဆေးတွေကို မဲဆောက်စျေးနဲ့ စျေးပတ်ဝန်းကျင်မှာ နေထိုင်၊အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ယာယီဆေးရုံတွေ၊ လူနာအကြိုအပို့၊ အသုဘချပေးတာစတဲ့ပရဟိတကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေကို ထိုးပေးမယ်လို့ သိရပါတယ်။

    "မဲဆောက်စျေးကို တစ်မြို့လုံးက ထိုင်းနဲ့မြန်မာနိုင်ငံသားတွေက သား၊ငါး၊အသီး၊အရွက်၊ ကုန်ကြမ်း၊ကုန်ခြောက်စတာတွေ အတွက်သွားလာနေကြရတယ် ။ အဲ့ဒါကြောင့် စျေးပတ်ဝန်ကျင်က လူတွေနဲ့ ပရဟိတအလုပ်တွေက လူတွေကို အရင်ဆောင်ရွက်ပေးတာ"လို့ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    နောက်ထပ်ရောက်လာမယ့်အသုတ်တွေက ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးတွေကိုတော့ ၊မဲဆောက်တစ်မြို့လုံးက မြန်မာနိုင်ငံသားတွေကိုဆက်ပြီးထိုးပေးမယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။

    မြန်မာနိုင်ငံသားတွေကို ထိုးပေးတဲ့ဆေးကတော့ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်း ကုမ္ပဏီထုတ် BBIBP-CorV အမျိုးအစားဖြစ်တယ်လို့လည်း ဆေးထိုးခဲ့သူအချို့ကပြောပါတယ်။

  18. ၄၄ လမ်းဖြစ်စဉ်မှာ ကိုကောင်းမင်းသန့် ဘယ်လိုလွတ်မြောက်ခဲ့သလဲ။

    ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝရက်နေ့တုန်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က ၄၄ လမ်းထဲကနေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူငယ် ၂ ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးကိုတော့ဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာထားပါတယ်။

    ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေနဲ့ အိမ်ထဲမှာအတူရှိနေခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ကိုကောင်းမင်းသန့်ဟာ အဲဒီနေ့ဖြစ်စဉ်မှာ သေဆုံးသူတွေထဲမှာပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နေအိမ်ခေါင်မိုးထပ်မှာ ပုန်းအောင်းနေခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင် ထုတ် ဖော်ပြောကြားလာပါတယ်။

    "ကျွန်တော်ခေါင်မိုးထပ်မှာ ပုန်းနေတုန်းမှာပဲ ရဲမင်းဦးက တစ်ယောက်ကျသွားပြီ။ ကျွန်တော် တိုက်ခေါင်မိုးပေါ်ရောက်တော့ နောက်ထပ်လေးယောက် ပက်လက်အနေထားကျသွားတာကိုမြင်လိုက်ရတယ်။ အဲ့ဒီလိုပက်လက်အနေထားကျတာကို တခုချင်းစီခွဲပြီး ဘယ်လိုများရစရာမရှိအောင်ရုပ်ပျက်ဆင်းပျက်လုပ်လိုက်ကြလည်းမသိဘူး။ ကျွန်တော် သူတို့လာဖမ်းတဲ့ ညနေ ၃နာရီကနေ နောက်နေ့မနက် ၃နာရီခွဲထိနေခဲ့ပြီး တခြားအိမ် တံစက်မြိတ်ခိုင်တဲ့ခေါင်မိုးပေါ်ကနေ တွယ်ဆင်းပြီး လွတ်ခဲ့တာပါ" လို့ အဲဒီနေ့ ကဖြစ်စဉ်မှာ လွတ်မြောက်ခဲ့တဲ့ ကိုကောင်းမင်းသန့်က ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် အဲ့ဒီနေ့ကဝင်ရောက်ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ တိုက်အောက်ကိုပြုတ်ကျလျက်အနေထားရှိနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ခဲ့ပြီး အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံဟာလည်းခန္ဓာကိုယ်အောက်ပိုင်းကိုမြင်ရတဲ့အနေထားတွေဖြစ်နေတဲ့ အတွက် မူလပုံစံအနေထား မဟုတ်ဘူးလို့ ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ကိုကောင်းမင်းသန့်က ပြောပါတယ်။

    လက်ရှိမှာတော့ ဖြစ်စဉ်မှာ လွတ်မြောက်ခဲ့တဲ့ ကိုကောင်းမင်းသန့်ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ရောက်တဲ့နေရာကနေ စစ်အာဏာရှင်တော်လှန်ရေးကို ဆက်လက်ပါဝင်နေမယ်လို့ပြောပါတယ်။

    ဒီဖြစ်စဉ်မှာသေဆုံးခဲ့သူနှစ်ဦးထဲက မဝေဝေမြင့် (ခေါ်) မပန်းသီးကိုတော့ မိသားစုဝင်တွေက စစ်ကောင်စီရဲ့ အစီစဉ်နဲ့ပြုလုပ်တဲ့နာရေးကိုလိုက်ပါကြည့်ရှုခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရရှိတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားသူ ၃ ဦးရဲ့အခြေအနေကိုတော့ ထပ်မံထုတ်ပြန်တာမရှိသေးပါဘူး။

  19. ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား ၁၇ သိန်းခန့်ရောက်လာ

    ပြည်တွင်းရွှေဈေးကွက်ထဲမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်မှု၊ ဒေါ်လာဈေးနှုန်းမြင့်တက်မှုတွေနဲ့အတူဆေးဝါးတင်သွင်းမှုတွေကြောင့် ဒီသီတင်းပတ်အတွင်း ရွှေဈေးအမြင့်ဘက်ကိုရောက်လာတယ်လို့ဈေးကွက်အတွင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

    လက်ရှိ ပြည်တွင်းဈေးကွက်ထဲမှာတော့ အခေါက်ရွှေဈေး တကျပ်သားကို ကျပ် ၁၆ သိန်း ၆ သောင်းကျော် ဝန်းကျင်မှာရှိနေပြီး သြဂုတ်လ ၁ဝ ရက်နေ့တုန်းက ၁၅ သိန်း ၉ သောင်းကျော် ဝန်းကျင်လောက်ရှိခဲ့ရာကနေ အခုလို ဈေးနှုန်းမြင့်တက်လာတာပဲဖြစ်တယ်လို့ ရွှေလုပ်ငန်းဈေးကွက်ကနေသိရပါတယ်။ ဒီလိုဈေးနှုန်းအတက်ဘက်မှာရှိနေပေမယ့် ဈေးကွက်ထဲမှာတော့ အရင်လိုဝယ်လိုအားတက်လာတဲ့အခြေအနေမျိုးမရှိဘူးလို့လည်းရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

    " ဈေးတက်တာကတော့ ဒေါ်လာဈေးကြောင့်တက်နေတာ။ ကမ္ဘာ့ရွှေဈေးလည်းတက်လာတာပဲ။ တပြိုင်တည်းဖြစ်တာ။ ဒါပေမဲ့ ဝယ်တာကျ တပိုင်းနှစ်ပိုင်းပဲ။ အရင်လို ပိဿာလိုက်ဝယ်တာတွေမရှိဘူး။ ဘဏ်တွေ ပိတ်ထားတော့ လူတွေလက်ထဲမှာလည်း ငွေမရှိဘူးလေ။ ဈေးကွက်ထဲမှာလည်း မွန်းတည့် ၁၂ နာရီလောက်ကနေ ၂ နာရီလောက်ဆိုပြီးသွားတာပဲ။ အရင်လိုအုန်းအုန်းအုန်းဒိုင်းဒိုင်းဝယ်ကြတာမရှိဘူး" လို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဘီဘီစီကိုပြောပါတယ်။

    လက်ရှိ ဈေးအတက်ဘက်ရောက်နေတဲ့ ပြည်တွင်းရွှေဈေးကွက်ဟာဆိုရင်တော့ လာမယ့် သြဂုတ်လ ၂၂ ရက် ဘဏ်တွေပြန်ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းမှာ ဈေးအနည်းငယ် ထပ်ပြီး ကျဆင်းနိုင်တယ်လို့လည်း ဈေးကွက်အတွင်းရောင်းချဝယ်ယူနေသူတွေက ခန့်မှန်းပါတယ်။

  20. ကမာရွတ်မြို့နယ် ၃ ရပ်ကွက်မှာ လူတစ်ဦးသေနတ်ပစ်ခတ်ခံရလို့ သေဆုံး, အစစ်အဆေးတင်းကျပ်နေ

    ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၃ရပ်ကွက်အတွင်းမှာနေထိုင်သူတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရမှု ဒီကနေ့သြဂုတ်လ ၁၇ ရက် မနက်ပိုင်းမှာဖြစ်ပွားခဲ့တယ်လို့အနီးနားနေထိုင်သူတွေက ပြောပါတယ်။

    " ဝင်ပစ်တာကတော့ မနက် ငါးနာရီလောက်ကလို့ပြောတယ် ။ အိမ်ဘေးကနေ သေနတ်သံတစ်ချက်ကြားလိုက်ပေမယ့် မနက်အရမ်းစောတော့ ဘယ်သူတွေမှန်းမသိလိုက်ကြဘူး။ ခြံထဲအထိဝင်ပြီး အိမ်ထဲဝင်ပစ်သွားတာ။မနက်မိုးလင်းတွေ့ရတဲ့ပုံကလည်း အခု (လူမှုကွန်ရက်မှာ) တက်နေတဲ့ပုံတွေအတိုင်းပဲ ရေစည်ပုံးထဲမှာ။ မနက် ၇နာရီလောက်ကျတော့စစ်ကားတွေနဲ့လာပြီးလမ်းပါပိတ်လိုက်တော့ ဘယ်သူမှလည်း အခြေအနေဆက်မသိရတော့ဘူး။ ထွက်လည်းမကြည့်ရဲကြဘူး " လို့ အနီးနားနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးသူမှာ ကမာရွတ်မြို့နယ်၊ ၃ရပ်ကွက် ထန်းတပင်လမ်းနဲ့ စေတနာသုလမ်းထောင့်အနီးမှာနေထိုင်တဲ့ ဦးတင်လှဆိုသူဖြစ်ပြီး အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီဘက်ကို သတင်းပေးသူတစ်ယောက်လို့ရပ်ကွက်အတွင်း သတင်းထွက်နေသူဖြစ်တယ်လို့ အနီးနားနေထိုင်သူတွေကဆိုပါတယ်။

    ဒီဖြစ်စဉ်နောက်ပိုင်း ကမာရွတ်မြို့နယ်အတွင်း လမ်းပိတ်ဆို့စစ်ဆေးတာတွေ ၊ စစ်ကောင်စီကားတွေရပ်ကွက်အတွင်းလှည့်လှည်နေတာတွေလုပ်နေတယ်လို့ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကမာရွတ်မြို့နယ်ရဲစခန်းဘက်ကိုလည်း ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။