အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

အောက်ဆီဂျင်အိုးတွေကို တချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအရအမြတ်ထုတ်တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ ကိုဗစ်လူနာတွေထဲ အောက်ဆီဂျင်အချိန်မီမရလို့သေဆုံးရတယ်ဆိုတဲ့သတင်းတွေလည်းနေ့စဉ်လိုလိုလူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အောက်ဆီဂျင်စက်ရုံတွေရှေ့တန်းစီစောင့်ဆိုင်းနေသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့်စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီရဲ့သတင်းတွေကိုလာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. ယနေ့ ရန်ကုန်ရေဝေးသုသာန်မြင်ကွင်း

  3. အာဇာနည်နေ့အခမ်းအနားတက်ရောက်ခွင့် ရ၊ မရ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မသိရသေး, အဂတိမှုနဲ့ တရားစွဲတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမှတ်ချက်ပြုလဲ

    စစ်ကောင်စီဘက်ကနေ အမှု (၁၀) မှုထိ တရားစွဲဆိုတာကို ရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ကို မိသားစုဝင်အဖြစ် တက်ရောက်ခွင့်ရ၊ မရမသိရသေးဘူးလို့ သူ့ရဲ့ရှေ့နေက ဘီဘီစီကိုပြောပါတယ်။

    "မနေ့ (ဇူလိုင် ၁၂ ရက်ရုံးချိန်း) တုန်းက မေးတုန်းကတော့ အမေ့ကို အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှမပြောဘူးလို့ပြောတယ်"လို့ သူ့ရဲ့ရှေ့နေ အဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    နဝတ၊ နအဖ အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကာလတွေမှာတော့ အာဇာနည်နေ့ကျရောက်တဲ့ နှစ်ပတ်လည်အခမ်းအနားတွေအများစုကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကိုတက်ရောက်ခွင့်ပြုခဲ့တာတွေရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ရှိအမှုရင်ဆိုင်ရဆဲ (၅) မှုကို အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်း စစ်ဆေးနေတာဖြစ်ပြီး နောက်တပတ် တနင်္လာက အာဇာနည်နေ့ဖြစ်တာကြောင့် ရုံးချိန်းတွေကို ဇူလိုင် (၂၀) ရက်မှ စစ်ဆေးမှာပါ။

    ဒီနေ့ ဇူလိုင် ၁၃ ရက် ရုံးချိန်းမှာတော့ သဘာဝဘေးဥပဒေပုဒ်မ (၂၅) အတွက် တရားလိုပြသက်သေတွေထဲက တဦးဟာ ကိုဗစ်ဖြစ်နေပြီး တဦးကခရီးလွန်နေတာကြောင့် မစစ်ဆေးနိုင်ခဲ့ပါဘူး။ ပုဒ်မ ၅၀၅ (ခ)အတွက်တော့ လိုပြသက်သေတွေကို ဒီနေ့စစ်ဆေးပြီးတာကြောင့် လာမယ့် (၂၇) ရက်မှာ စွဲချက်တင်သင့်၊ မသင့် နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးရမှာပါ။

    ဒါ့အပြင် စစ်ကောင်စီ ဘက်က ထပ်တိုးတရားစွဲတဲ့ အဂတိ ( ၄) မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လွှဲစာ ဒီနေ့ရုံးချိန်းမှာရှေ့နေတွေရပြီဖြစ်ပါတယ်။ ဒီလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထပ်တိုးတရားစွဲတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုမှတ်ချက်ပြုတယ်လို့ သူ့ရဲ့ရှေ့နေ အဖွဲ့ဝင်တဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကအခုလိုပြောပြပါတယ်။

    "စစချင်း အဂတိနဲ့ တိုင်ကြားဖွင့်ကတည်းက သူက ဘယ်ယူမလဲ တဲ့။ (ဦး) ဖြိုးမင်းသိန်းပေးတယ်ဆိုတာလည်းပဲ (ဦး) ဖြိုးမင်းသိန်းက ဘယ်ပေးရမလဲတဲ့။ သူကလည်း မယူဘူးလေ။ အဓိပ္ပာယ်မရှိဘူးပေါ့။ နောက်ပြီးတော့ မြေကွက်တွေဝယ်တာလည်း တရားဝင်အတိအကျကို ဈေးနှုန်း ဘယ်လောက် ဘယ်လောက်ဆိုပြီးတော့ နေပြည်တော်ကောင်စီရဲ့ စည်းဝေးဆုံးဖြတ်ချက်နဲ့ ဝယ်တာ" လို့ ရုံးချိန်းတခုမှာပြောခဲ့တဲ့အကြောင်း ဦးကြည်ဝင်းက ပြန်ပြောပြပါတယ်။

    Aung San Suu Kyi

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. စစ်ကောင်စီက ကိုဗစ်ရောဂါကို လက်နက်လို အသုံးချနေတယ်လို့ NUG စွပ်စွဲ

    ရေဝေးသုဿန်မှာ အလှည့်ကျ မီးသင်္ဂြိုဟ်ဖို့ စောင့်နေရတဲ့ရုပ်အလောင်းတွေထဲမှာ အောက်စီဂျင်ကျလို့ ဆေးရုံပို့ဖို့ကြိုးစားရင်း အသက်ဆုံးပါးခဲ့ကြတဲ့လူနာ အများစုဖြစ်တယ်လို့ ရန်ကုန်က ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရေဝေးသုဿန်မှာ အလှည့်ကျ မီးသင်္ဂြိုဟ်ဖို့ စောင့်နေရတဲ့ရုပ်အလောင်းတွေထဲမှာ အောက်စီဂျင်ကျလို့ ဆေးရုံပို့ဖို့ကြိုးစားရင်း အသက်ဆုံးပါးခဲ့ကြတဲ့လူနာ အများစုပါတယ်လို့ ရန်ကုန်ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။

    စစ်ကောင်စီဟာ ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမူနှုန်းများပြားနေချိန်မှာပဲ လူသားချင်းစာနာထောက်ထားမူမရှိဘဲ ပြည်သူလူထုကိုဖိနှိပ်ဖို့ ကိုဗစ်ရောဂါကို လက်နက်လို အသုံးချနေတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီနေ့ ဇူလိုင်လ ၁၃ ရက်မှာ ပြောဆိုလာပါတယ်။

    ကပ်ဘေးကာလ ပြည်သူရဲ့ဆေးကုသခွင့်ကိုနည်းမျိုးစုံနဲ့ပိတ်ပင်တားဆီးတာတွေ ၊ လက်ရှိအကျဉ်းထောင်တွေထဲမှာကိုဗစ်ရောဂါကူးစက်သေဆုံးမူနှုန်းမြင့်တက်နေတာတွေကို သက်သေနဲ့တကွသိရှိထားတယ်လို့လည်း NUG ဘက်က ဆိုပါတယ်။

    NUG ရဲ့ အမျိုးသားအဆင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မရှင်အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက လူမှုကွန်ယက်ကနေတဆင့် ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ အခုလိုပြောဆိုထားတာပါ။

    အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေအကျဉ်းသား တွေကို ကျန်းမာရေးစောင့်ရှောက်ကုသခွင့်တွေပေးဖို့၊ အကျဉ်းသားတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ သတိပေးပြောဆိုတယ်လို့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

    ဒါ့ပြင် စစ်ကောင်စီအနေနဲ့ဒီအချက်တွေကိုလိုက်ပါဆောင်ရွက်ပေးခြင်းမရှိရင် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးကိုတာဝန်ယူရမှာဖြစ်ပြီး ပြည်သူ့ဆန္ဒအရတရားဥပဒေနဲ့အညီပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ သတိပေးပါတယ်။

    လက်ရှိမှာတော့ ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါဖြစ်ပွားကူးစက်မူတွေရှိနေတယ်ဆိုပြီး ပြီးခဲ့တဲ့ဇူလိုင် ၈ရက်နေ့ကစလို့ထောင်အဝင်အထွက် ပိတ်ဆို့(Lockdown) ချထားသလို ထောင်တွင်းတရားရုံးထုတ်တာတွေကိုလည်းရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

    ဒါ့ပြင် ဆီးချိုရောဂါအခံရှိတဲ့အသက် ၇၉နှစ်အရွယ် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဉာဏ်ဝင်းဟာလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရလို့အင်းစိန်အကျဉ်းထောင်ကနေ ရန်ကုန်ဆေးရုံကြီးကိုပြောင်းရွေ့ကုသမူ ခံယူနေရပါတယ်။

  5. မြတောင်သပိတ်ဖြိုခွင်းခံရမှု - လူငယ်အမျိုးသား ၇ ဦး ဖမ်းဆီးခံရ

    မြတောင်သပိတ်ဖြိုခွင်းခံရမှု - လူငယ်အမျိုးသား ၇ ဦး ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်နေ့စဉ်ထွက်နေတဲ့ မန္တလေးမြို့က မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ဒီနေ့ ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းမှာ ပိတ်ဆို့ဖြိုခွင်းခဲ့လို့ သပိတ်စစ်ကြောင်းမှာပါဝင်သူလူငယ်အမျိုးသား ၇ ဦးဖမ်းဆီးခံခဲ့ရတယ်လို့သပိတ်စစ်ကြောင်းဦးဆောင်သူတွေက ဆိုပါတယ်။

    "ပတ်လာတဲ့ကားနဲ့တွေ့သွားတာပဲ။ လူခွဲတဲ့အချိန်မှာ ကလေးတွေက ဝရုန်းသုန်းကားဖြစ်ပြီးလမ်းမှားသွားတယ်။ ၅၈ လမ်းမှာ ပိတ်ထားတော့ ကလေးတွေက ပိတ်တဲ့အထဲမှာဖမ်းမိသွားတာ။မနည်းလွတ်အောင်ပြေးခဲ့ရတဲ့အနေထားဆိုတော့ ပြန်ဝင်လို့ကိုမရဘူး။ အရပ်ဝတ်တွေနဲ့ပိတ်ဖမ်းတာ။ သေနတ်ဖောက်သံတွေလည်းကြားတယ်" လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့လူငယ်တဦးက ဘီဘီစီကိုပြောပါတယ်။

    မြတောင်သပိတ်စစ်ကြောင်းဟာ ဒီနေ့မနက် ၆နာရီခွဲလောက်မှာလူအင်အား ၁ဝဝလောက်နဲ့ထွက်ခဲ့ကြတာဖြစ်ပါတယ်။

    သပိတ်ဖြိုခွဲခံရပြီးနောက်ပိုင်း နာရီပိုင်းအတွင်းမှာပဲ အောင်မြေသာစံပညာရေးသပိတ်စစ်ကြောင်းလည်းလမ်းပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီသပိတ်မှာတော့ အဖမ်းအဆီးမရှိခဲ့ပါဘူး။

  6. ကနီမြို့နယ်၊ ယင်းရွာထဲမှာ တွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ စစ်ဘေးရှောင်ပြည်သူတွေဖြစ်တယ်လို့ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကနီမြို့နယ် ၊ ယင်းရွာအုပ်စုထဲက စစ်ဘေးရှောင်တွေရှိတဲ့နေရာအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောနင်းရှာဖွေပြီးတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

    ယင်းရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်၉ ရက်နဲ့ ၁ဝ ရက်နေ့တွေမှာ စစ်ဘေးကြောင့် တောထဲတိမ်းရှောင်နေတဲ့ ရွာသားတွေရှိတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး အပြန်လှန်ပစ်ခတ်တာမျိုးမရှိဘဲ ဒေသခံ ၁၅ ယောက်ကိုဖမ်းဆီးခဲ့ပြီး အခုလို အလောင်းတွေပြန်ရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

    " ဖမ်းသွာတာက ၁၅ ယောက်ဖမ်းသွားတာ ။ ၁ဝ ရက်နေ့ရောက်တော့အမျိုးသမီးလေးယောက်ကို ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ ဘာမှစုံစမ်းလို့မရတော့ဘဲ ၁၂ ရက်နေ့မှာ အခုလိုတောထဲမှာ ဒဏ်ရာတွေနဲ့အလောင်းတွေ ၁၃လောင်း တွေ့ရတာပဲ ။ စစ်ကောင်စီက တောနင်းရှာလို့ကြောက်လန့်ပြီး ထွက်ပြေးနေတဲ့ ပြည်သူတွေပါ " ပါလို့ကနီစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ် ။

    ဒါ့ပြင်အခုဖြစ်ရပ်ဟာ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့စစ်ကောင်စီအပြန်လှန်ပစ်ခတ်ခဲ့တာမဟုတ်ဘဲစစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီဘက် အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးရင်းဖြစ်ရတာလို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

    "ဝမ်းနည်းပေမယ့် ကျွန်တော်တို့က ဆက်တိုက်မယ်။ လက်နက်တွေကတော့ မိုးနဲ့မြေပါ။ ယှဉ်လို့မရဘူးဆိုတာသိတယ်။ ဒါပေမဲ့ ဒါဟာ တရားသောစစ်ဖြစ်လို့ဆက်တိုက်မယ်။ သူတို့လက်အောက်မှာနည်းနည်းချင်း ညှင်းပမ်းတာတော့မခံဘူး။ တိုက်ရင်းသေမယ် " လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာပါဝင်သူတစ်ဦးကဘီဘီစီကိုပြောပါတယ် ။

    ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းမှာဖြစ်ခဲ့တဲ့ ဒီပဲယင်းဒေသခံတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြန်လှန်ပစ်ခတ်မှုဖြစ်တဲ့ဖြစ်စဉ်အပြီးမှာလည်း စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေအထိ စစ်ကောင်စီဘက်ကလိုက်လံပစ်ခတ်မှုဖြစ်ပွားခဲ့လို့ဒေသခံစစ်ရှောင်တွေက ပြောဆိုခဲ့ကြပါတယ် ။

    ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ စစ်ဘေးရှောင်စခန်းတွေထိလိုက်ခံပစ်ခတ်တာမျိုးမလုပ်ခဲ့ဘူးလို့စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာထဲမှာ ငြင်းဆိုထားပါတယ်။

    လက်ရှိဖြစ်ပေါ်နေတဲ့ယင်းရွာက ဒေသခံတွေသေဆုံးမူနဲ့ပတ်သတ်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်းဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ် ။

  7. အောက်ဆီဂျင်ကွန်တိန်နာတင်သွင်းခွင့်ရဖို့ အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ် ကြိုးပမ်း

    ပြည်တွင်းမှာ လိုအပ်နေတဲ့ ကိုဗစ်လူနာရဲ့အောက်ဆီဂျင်လိုအပ်ချက်အတွက် အစ္စလာမ်သာသနာရေးအသင်းကနေ အောက်ဆီဂျင်ကွန်တိန်နာတင်သွင်းဖို့စီစဉ်နေတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ကပြောပါတယ် ။

    "မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကဖွဲထားတဲ့ Islam Aid ဆိုတာရှိတယ် ။ အဲ့ဒီကနေ အောက်ဆီဂျင်ကွန်တိန်နာတလုံးစတင်သွင်းဖို့လုပ်ထားပါတယ်။ ရောက်လာတဲ့အခါမှာ နယ်တွေကိုလည်းပို့ပေးမယ် ။ ရန်ကုန်မှာလည်း အခမဲ့ငှားရမ်းတာတွေလုပ်မယ် ။ ဘာသာရေးအဖွဲ့တွေရဲ့ရန်ပုံငွေနဲ့လုပ်မှာပါ ။ အခုလောလောဆယ်တော့ ကွန်တိန်နာတလုံးမှာထားတယ် ။ နောက်ထပ် အဆင်ပြေရင်လည်းဆက်တင်သွင်းဖို့လုပ်ပါမယ် " လို့ အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ်က အတွင်းရေးမှူးချုပ်ဦးတင်မောင်သန်းက ဘီဘီစီကိုပြောပါတယ် ။

    ဒါ့ပြင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ အစ္စလာမ်သာသာရေးရာပိုင်မြေနေရာတချို့ကိုလည်း ကိုဗစ်ရောဂါတားဆီးကာကွယ်ရေးအတွက် ယာယီအသုံးပြုခွင့်ပေးထားပြီး လက်ရှိမှာ ရွေ့လျားဆေးကုသစင်တာတစ်ခုလုပ်ထားပြီး အောက်ဆီဂျင်နဲ့ပတ်သတ်တဲ့ အရေးပေါ်ကိစ္စတွေဆောင်ရွက်ဖို့စတင်လုပ်နေပြီလို့သိရပါတယ် ။

    ဒေါပုံမြို့နယ်မှာရှိတဲ့ နွယ်အေးဗလီမှာလည်း အောက်ဆီဂျင်လိုအပ်ချက်အတွက် ပြီးခဲ့တဲ့ဇူလိုင် ၃ ရက်နေ့စပြီး ဗလီဂေါပကအဖွဲ့က ဦးဆောင်ပြီးတဲ့ အောက်ဆီဂျင်လိုအပ်ချက်ရှိသူတွေကိုတန်းစီစနစ်နဲ့အောက်ဆီဂျင်ဖြည့်ပေးနေတယ်လို့သက်ဆိုင်ရာဗလီကတာဝန်ရှိသူတွေကပြောပါတယ်။

    " ကျွန်တော်တို့က တောင်ဒဂုံကအောက်ဆီဂျင်စက်ရုံတွေမှာ ၂ ရက် ၃ ရက်လောက် တခါတလေညဘက်တွေထိတန်းစီပြီး ၄၀ လီတာလောက်အိုးတွေနဲ့သွားဖြည့်တယ် ။ ပြီးတော့ ဗလီမှာ လိုအပ်ချက်ရှိသူတွေကို ဘယ်သူဘယ်ဝါကန့်သတ်ချက်မရှိဘဲ ပြန်ဖြည့်ပေးနေပါတယ်။ လောလောဆယ်မှာတော့ အိုးပေါင်း ၃၅ဝဝ ကျော်လောက်ဖြည့်ပေးပြီးပါပြီ။ လိုအပ်ချက်က ၁ဝ၀ လောက်ရှိရင်၁ဝရာခိုင်နူန်းလောက်ပဲ ကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်ပါသေးတယ် ။ အောက်ဆီဂျင်လိုအပ်ချက်ကတော့တအားများတယ်" လို့ နွယ်အေးဗလီမှာ တာဝန်ခံပြီးအောက်ဆီဂျင်ဖြည့်ပေးနေသူတစ်ဦးကဘီဘီစီကိုပြောပါတယ် ။

    လက်ရှိမှာ ပြည်တွင်းကလိုအပ်နေတဲ့ အောက်ဆီဂျင်လိုအပ်ချက်တွေအတွက် အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့တွေ ကူညီလုပ်ဆောင်နေတဲ့ အောက်ဆီဂျင်တင်သွင်းမှုတွေ ၊ ကူညီမှုတွေအတွက်တော့ ဟန့်တားတားမြစ်ခံရတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

    နွယ်အေးဗလီရှေ့အောက်ဆီဂျင် ဖြည့်ဖို့တန်းစီနေကြတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နွယ်အေးဗလီရှေ့အောက်ဆီဂျင် ဖြည့်ဖို့တန်းစီနေကြတဲ့မြင်ကွင်း
  8. အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော, အောက်ဆီဂျင်လုံလုံလောက်လောက်ရှိနေတယ်လို့ လည်း ဆို

    လတ်တလောမှာမြန်မာနိုင်ငံအတွင်း အောက်ဆီဂျင်လုံလုံလောက်လောက်ရှိတဲ့အနေအထားဖြစ်ပြီး အောက်ဆီဂျင်ကိစ္စကို နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ဆောင်ရွက်နေတဲ့လူတွေ ရှိတယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

    အောက်ဆီဂျင်အိုးတွေကို တချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအရအမြတ်ထုတ်လိုတာကြောင့် အောက်ဆီဂျင်အိုးတွေ ဝယ်ထိန်းပြီး အောက်ဆီဂျင်ပြတ်သွားပြီ ဆိုတဲ့ကောလာဟလထုတ်ပြီး လူတွေကို အထိတ်တလန့်ဖြစ်အောင် အနှောင့်အယှက်ပေးနေတာကို သတိပြုကြဖို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောကြားကြောင်း ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့ ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာဖော်ပြထားပါတယ်။

    အောက်ဆီဂျင်စက်ရုံတစ်ရုံကို အလှူရှင်တစ်ဦးက လွှဲပြောင်းလှူဒါန်းဖို့ ဆွေးနွေးလာတဲ့အပေါ်လက်ခံထားပြီးဖြစ်ပြီး အဲဒီစက်ရုံကနေ တစ်နေ့ အလုံးပေါင်း ၁၄၄၀ ထုတ်နိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

    ဒါကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမဖြစ်ဖို့နဲ့ မလိုအပ်တဲ့ ကောလာဟလတွေ မဖြန်ဖို့၊ ဒါဟာ နိုင်ငံရေးကိစ္စမဟုတ်ဘဲ ကျန်းမာရေးနဲ့ လူ့အသက်ကိစ္စဖြစ်နေတာကြောင့် ဒီအပေါ်မှာဒုက္ခရောက်အောင်မလုပ်ဖို့နဲ့ အဲဒီလိုလုပ်လာတယ်ဆိုရင် မိုက်မဲရာကျတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ပါတယ်။

    ဒါ့အပြင် ရောဂါကူးစက်ရင်အိမ်မှာ ကြိတ်မကုဘဲ ဒေသန္တရကိုအရင်သွားအစစ်အခံဖို့နဲ့ ဆေးရုံကိုချက်ချင်းသွားဖို့မလိုအပ်သေးဘဲ ဒေသန္တရက စစ်ဆေးပြီးမှ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ကပြောပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ အောက်ဆီဂျင်တွေကိုမလိုအပ်ဘဲနေအိမ်မှာမဆောင်ထားဖို့နဲ့ ကျွမ်းကျင်သူဆေးပညာရှင်ရဲ့ထောက်ခံချက်လမ်းညွှန်ချက်နဲ့သာ အောက်ဆီဂျင်ကိုသုံးစွဲသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

    လက်တွေ့မြေပြင်မှာတော့ ကိုဗစ်လူနာတွေအပါအဝင် ကိုဗစ်သံသယနဲ့ ရောဂါလက္ခဏာခံစားရသူတွေဟာ သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေးအာဏာပိုင်တွေထံ ဆက်သွယ်ပေမယ့် ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိတာ၊ အဆက်သွယ်မရနိုင်တာ၊ အောက်ဆီဂျင်ပြတ်လပ်နေပြီဆိုတဲ့သတင်းစကားတွေ ပါးပေမယ့် လုံလောက်တဲ့ကုသမှုတွေမရရှိတာ၊ နေ့စဉ်အောက်ဆီဂျင်လိုအပ်ချက်ကြောင့် မိသားစုဝင်တွေဟာ အောက်ဆီဂျင်ရရှိနိုင်မယ့် စက်ရုံတွေရှေ့မှာနာရီနဲ့ချီပြီးတန်းစီစောင့်ဆိုင်းနေရတာတွေရှိနေပါတယ်။

    General Min Aung Hlaing

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  9. ပုသိမ်မှာ ကိုဗစ်ကြောင့် အခုတစ်ပတ်အတွင်း နေ့စဉ် လူ ၂၀ ကျော် သေဆုံးမှုရှိလာ

    ပုသိမ်မှာ ကိုဗစ်ကြောင့် အခုတစ်ပတ်အတွင်း နေ့စဉ် လူ ၂၀ ကျော် သေဆုံးနေ လက်ရှိ ပုသိမ်မှာ သေဆုံးသူအများစုဟာ နေအိမ်တွေမှာပဲနေပြီး ဆေးကုသနေရသူတွေဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လက်ရှိ ပုသိမ်မှာ သေဆုံးသူအများစုဟာ နေအိမ်တွေမှာပဲနေပြီး ဆေးကုသနေရသူတွေဖြစ်ပါတယ်။

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် အတည်ပြုလူနာတွေအပြင် နေအိမ်တွေက လူနာတွေပါ ပါဝင်တဲ့လူ ၂၀ နီးပါး အခုတစ်ပတ်အတွင်း နေ့စဉ် သေဆုံးမှု ရှိလာနေပါတယ်။

    အခုတစ်ပတ်အတွင်း ဇူလိုင်လ ၁၀ ရက်ကစလို့ ၃ ရက်ဆက်တိုက်နေ့စဉ် သေဆုံးသူ ၂၀ ကျော်အထိရှိလာတယ်လို့ ကိုဗစ်ကြောင့်သေဆုံးသူတွေကို အဓိကတာဝန်ယူ သင်္ဂြိုဟ်ပေးနေတဲ့ မြို့ခံ ပရဟိတအသင်းဆီကနေ သိရပါတယ်။

    ပုသိမ်ဆေးရုံကြီးမှာ ကုသမှုခံယူနေရင်း ကိုဗစ်ကြောင့်သေဆုံးသွားသူတွေ ပါဝင်ပေမဲ့ သေဆုံးသူအများစုဟာ နေအိမ်တွေမှာနေထိုင်ရင်းရောဂါကုသနေရသူတွေ ဖြစ်ပါတယ်။

    ''ဆေးစုံစုံလင်လင်ရတဲ့ဆေးဆိုင်တွေဆို သူတို့လည်း ကူးစက်ခံရတော့ ပိတ်ထားလိုက်ကြပြီ။ မေတ္တာနဲ့ရောင်းပေးနေကြတဲ့ဆိုင်တချို့ပဲ ရှိတော့တယ်။ ဘိုင်အိုဂျက်ဆစ်လို အကိုက်အခဲပျောက်ဆေးကတော့ နီးစပ်ဆိုင်ဆိုင်သေးသေးမွှားမွှားမှာ ဝယ်ရင်တောင် ဈေး ၂ ဆလောက် တက်သွားပြီ။ အောက်စီဂျင်ဆိုတာကလည်း ပုဂ္ဂလိက စက်ရုံဆိုတာမရှိတော့ ၃၊ ၄ ဆိုင်လောက်က သူတို့နိုင်သလောက်ဖြည့်ပေးတဲ့ အနေအထားပဲရှိတယ်။ လိုတဲ့သူကလည်း ရန်ကုန်က မှာတဲ့သူမှာပေါ့။ တော်တော်လေးအခြေအနေဆိုတယ်''လို့ ပုသိမ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အခုဆို ကိုဗစ်တတိယလှိုင်းကြောင့် ပုသိမ်မှာ ဇူလိုင်လ ၁၂ ရက်အထိဆိုရင် သေဆုံးသူ ၁၂၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ ကိုဗစ်အတည်ပြုလူနာတွေကို ကုသမှုပေးနေတဲ့ ပုသိမ်ဆေးရုံကြီးနဲ့ တိုင်းရင်းဆေးရုံအပြင် သာသနာ့ဗိမ္မာန်မှာလည်း လက်ခံနိုင်တဲ့ လူနာပြည့်နေတာကြောင့် အောက်စီဂျင်ကျနေတဲ့လူနာမျိုးကိုပဲ လက်ခံကုသပေးတဲ့အခြေအနေမှာရှိနေပြီး အနံပျောက်တာမျိုးလို ရောဂါလက္ခာဏာ မပြင်းတဲ့လူနာမျိုးကို နေအိမ်မှာပဲ ဆက်လက်ကုသနေစေတယ်လို့ မြို့ခံပရဟိတအဖွဲ့တွေက ပြောပါတယ်။

    ပိုးကူးစက်မှုမြင့်တက်နေတာကြောင့် ကျန်းမာရေးဌာနက ပုသိမ်မြို့နယ်အပြင် သာပေါင်းနဲ့ မြောင်းမြမြို့နယ်တွေကို လိုအပ်မှနေအိမ်ထွက်ရမယ့်(stay at home) အစီအစဉ် ချမှတ်ထားတာ သီတင်းပတ်ချီကြာမြင့်နေပြီဖြစ်ပါတယ်။

  10. မြတောင်သပိတ်ဖြိုခွင်းခံရမှု- မန္တလေးက ကျန်သပိတ်စစ်ကြောင်းတွေ ဆက်ပြီးဆန္ဒပြ, ဖမ်းဆီးခံရသူတချို့လည်းရှိနေ

    အောင်မြေသာပညာရေးသပိတ်ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အောင်မြေသာပညာရေးသပိတ်ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း

    ဖမ်းဆီးတင်းကျပ်မှုတွေကြားကနေ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်နေ့စဉ်ထွက်နေတဲ့ မန္တလေးမြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ဒီနေ့ ဇူလိုင်လ ၁၃ မနက်ပိုင်းမှာ ပိတ်ဆို့ဖြိုခွင်းခဲ့ပေမဲ့ မန္တလေးမှာကျန်နေသေးတဲ့သပိတ်စစ်ကြောင်းတွေ ဆက်ထွက်နေတုန်းပဲလို့ သပိတ်စစ်ကြောင်းမှာပါဝင်သူတစ်ဦးကပြောပါတယ်။

    "မြတောင်သပိတ်စစ်ကြောင်းက သိပ္ပံလမ်းနားမှာဖြိုခံလိုက်ရတာ။ နှစ်ယောက်အဖမ်းခံရတယ်လို့ကြားတယ်။ အတိကျတော့မသိရသေးဘူး။ ဒါပေမဲ့ သပိတ်စစ်ကြောင်းတွေကတော့ရပ်မသွားဘူး။ ထွက်နေတုန်းပဲလို့"သပိတ်စစ်ကြောင်းမှာပါဝင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီနေ့မနက်က မြတောင်သပိတ်စစ်ကြောင်းဖြိုခွင်းခံလိုက်ရပြီး နောက်ပိုင်း နာရီပိုင်းအတွင်းမှာပဲ အောင်မြေသာပညာရေးသပိတ်ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

    ဒါ့ပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာဦးရေနဲ့သေဆုံးသူနေ့စဉ်မြင့်တက်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့မှာလည်း ကပ်ဘေးကြားကပဲ သပိတ်စစ်ကြောင်းတစ်ခု ဒီနေ့မနက်ပိုင်းကထွက်ခဲ့ကြပါသေးတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကတည်းက လမ်းတွေပေါ်မှာ စစ်အာဏာရှင်လူထုဆန္ဒပြမူတွေကို လူငယ်ထုတွေဦးဆောင်ပြီးပုံစံမျိုးစုံနဲ့လုပ်ခဲ့ကြပါတယ်။

    လမ်းပေါ်ထွက်တဲ့ ဒီလူထုလှုပ်ရှားမူဟာ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီဘက်က အကြမ်းဖက်ဖြိုခွင်းမူတွေအပြီးမှာ အထိုက်လျောက်လျော့နည်းသွားပေမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ပျောက်ကြားသပိတ်တွေပြန်အားကောင်းလာခဲ့တာပါ။

    လူငယ်တွေရဲ့ လျှပ်တပြက်ပျောက်ကြားသပိတ်တွေက ရန်ကုန် ၊ မန္တလေးနဲ့တိုင်းဒေသကြီးမြို့နယ်တွေအလိုက် ရက်ခြားဆိုသလိုရှိနေသလို စစ်ကောင်စီဘက်ကလည်းပိတ်ဆို့ဖမ်းဆီးမူတွေက ဆက်လုပ်နေဆဲဖြစ်ပါတယ်။

  11. မြိတ်မြို့အရှေ့ပိုင်းမှာ NLD ပါတီဥက္ကဋ္ဌနဲ့ CDM ဆရာမ ၃ ဦး ဖမ်းဆီးခံရ

    မြိတ်မြို့အရှေ့ပိုင်းမှာ NLD ပါတီဥက္ကဋ္ဌနဲ့ CDM ဆရာမ ၃ ဦး ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    တနင်္သာရီတိုင်း၊ မြိတ်မြို့အရှေ့ပိုင်းမှာရှိတဲ့ သာရမဲကျေးရွာထဲမှာ NLD ပါတီဒုဥက္ကဋ္ဌနဲ့ ကျေးရွာက ဆရာမ ၃ဦးကို အရပ်ဝတ်တွေက မနေ့ ဇူလိုင်လ ၁၂ ရက် ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။

    အဖမ်းခံလိုက်ရတဲ့ ဆရာမ ၃ ဦးဟာ အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM) မှာပါဝင်နေသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

    "ည ၇ နာရီလောက်က NLD ဒုဥက္ကဋ္ဌ ဦးအောင်မျိုးဦးကိုလာဖမ်းတယ်။ နောက်တခါကျတော့ရွာက CDM လုပ်ထားတဲ့ အခြေခံပညာကျောင်းကဆရာမ ၃ ယောက်ကိုလာဖမ်းတယ်။ NLD ပါတီဒုဥက္ကဋ္ဌကတော့ စန္ဒဝတ်ကျေးရွာအုပ်စုထဲကပါ။ သူကလည်းစဖြစ်ကတည်းကအိမ်မှာနေတာ ရှောင်နေတာမဟုတ်ဘူး။အခုက ဝရမ်းထုတ်တာဘာညာလည်းမရှိဘဲ လာဖမ်းသွားတာ" လို့ သာရမဲရွာသားတစ်ဦးကဘီဘီစီကိုသတင်းပေးပို့လာပါတယ်။

    လက်ရှိမှာ CDM ဆရာ ၃ ယောက်ကိုတော့ မြိတ်မြို့မရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားပြီး NLD ဒုဥက္ကဋ္ဌဦးအောင်မျိုးဦးကိုတော့ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရှိရသေးဘူးလို့သိရပါတယ်။

    မြိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ အိမ်တိုင်ယာရောက် ဖမ်းဆီးတာမျိုးတွေလည်း အစောပိုင်းလတွေမှာဖြစ်ခဲ့ဖူးတယ်ဆိုတာကို ဖမ်းဆီးချိန် ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဒေသခံ လူငယ်တစ်ဦးက ဘီဘီစီကို ပြောထားဖူးပါတယ်။

    ဒါ့ပြင် မြိတ်မှာ အာဏာသိမ်းမှုအစောပိုင်းကာလတွေတုန်းက ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရချိန် တနေ့တည်းဖမ်းဆီးခံရတဲ့လူငယ် ဆယ်ချီကို တပြိုင်တည်း ထောင်ဒဏ်ချမှတ်တာမျိုးတွေလည်း ရှိနေပါတယ်။

  12. ကိုဗစ်ကူးစက်သူ အသစ် ၅၀၁၄ ဦး၊ ထပ်မံသေဆုံးသူ ၈၉ ဦး စံချိန်တင်ရှိခဲ့

    ဇူလိုင်လ ၁၁ ရက် ည ၈ နာရီကနေ ဇူလိုင်လ ၁၂ ရက် ည ၈ နာရီအထိ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါ ကူးစက်သူ အသစ် ၅၀၁၄ ဦး ထပ်မံ တွေ့ခဲ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။ သေဆုံးသူ ၈၉ ဦး နောက်ထပ်ရှိခဲ့ပြီး ဒါဟာ အများဆုံး စံချိန်တင် အရေအတွက် ဖြစ်ပါတယ်။

    အခုလို ကိုဗစ်ပိုးတွေ့သူ အရေအတွက် မြင့်တက်လာနေရာမှာ အိမ်မှာ ကြိတ်ကုတာတွေမလုပ်ဘဲ မြို့နယ်ဒေသန္တရဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြကြဖို့ စစ်ကောင်စီအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ကျင်းပတဲ့ စစ်ကောင်စီရဲ့ ဒုတိယအကြိမ် ကိုဗစ်အစည်းအဝေးမှာ တိုက်တွန်းပြောသွားခဲ့ပါတယ်။

    အောက်ဆီဂျင် ပြတ်လပ်တယ် ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေ ဖြစ်ပြီး နိုင်ငံရေး အမြတ်ထုတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အလုံးရေ ၁၄၀၀ ခန့် နေ့စဉ်ထုတ်နိုင်တဲ့ အောက်ဆီဂျင်စက်ရုံ ထပ်ဆောက်နေပြီး မကြာခင် အပြီးဆောက်နိုင်အောင်လုပ်နေတယ်လို့ ပြောပါတယ်။

    တရုတ်ကနေ ကိုဗစ်ကာကွယ်ဆေးတွေ မှာထားတာလည်း ထပ်ရောက်လာတော့မှာ ဖြစ်ကြောင်း၊ တပ်က ကိုဗစ်စင်တာတွေ ဖွင့်နိုင်အောင်လုပ်နေကြောင်းနဲ့ ကိုဗစ် ကူးစက်မှုကို ထိန်းနိုင်မယ်လို့ ယုံကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

    မြန်မာနိုင်ငံတစ်ဝန်းက တိုင်းနဲ့ ပြည်နယ်ဒေသတွေမှာတော့ Stay at Home မြို့နယ် နောက်ထပ် ၁၁ မြို့နယ် ထပ်တိုး သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။ အခုအခါ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် စုစုပေါင်း ၇၄ မြို့နယ် ရှိသွားပြီ ဖြစ်ပါတယ်။

    ရန်ကုန်ဆေးရုံကြီး ရောက်လာတဲ့ကိုဗစ်လူနာတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, ShweInnThar KhinMgWin

    ဓာတ်ပုံ ပုံစာ, ရန်ကုန်ဆေးရုံကြီး ရောက်လာတဲ့ကိုဗစ်လူနာတစ်ဦး
  13. ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ရဖို့ ခက်ခဲ

  14. ကိုဗစ်ကြောင့်ရန်ကုန် ဆေးရုံကြီး တက်နေရတဲ့ NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း

    ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို အင်းစိန်ထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ ကုသပေးနေတယ်လို့ ဦးဉာဏ်ဝင်းရဲ့ ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ဘီဘီစီကို ပြောပါတယ်။

    "သူဆေးရုံရောက်နေပြီဆိုတာ မနေ့က ညပိုင်းကမှ ကျွန်မသိရတယ်။မနေ့က ရန်ကုန်ဆေးရုံကြီး အိုင်စီယူ အရေးပေါ်ကုသဆောင်ကို သူရောက်တယ်။ ခုနတုန်းကတော့ကျွန်မနဲ့ဖုန်းပြောရတယ်။ ဆရာအတွက် လူနာစောင့် သူ့မြေးကို ထားဖို့ ကျွန်မတို့ တောင်းဆိုတာကို သူတို့က သဘောတူလို့ သူ့မြေးကို သွားထားထားတယ်။ အဲ့ဒီကို အဲ့ကလေး ရောက်သွားတော့မှ သူ့ ဖုန်းနဲ့ ဆရာနဲ့ စကားပြောရတယ်။ နည်းနည်းတော့ မောနေမှာပေါ့ ကျန်တာတော့ ကောင်းတယ်။ အောက်ဆီဂျင်လည်း ၉၂ ရှိတယ်တဲ့ အဖျားလည်းမရှိဘူးလို့ ပြောတယ်။ သူနဲ့တိုက်ရိုက်စကားပြောလိုက်ရတော့ ကျွန်မလည်း စိတ်ချမ်းသာသွားတယ်။ '' လို့ ဒေါ်စန်းမာလာညွှန့်က ‌‌‌ပြောပါတယ်။

    NLD ဗဟိုကော်မတီဝင် ရှေ့နေ ဦးဉာဏ်ဝင်းဟာ အသက်၇၉နှစ်ရှိပြီဖြစ်ပြီး ဆီးချိုရောဂါအခံ ရှိသူဖြစ်တယ်လို့ လည်းသိရ ပါတယ်။

    အင်းစိန်ထောင်တွင်းမှာ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သတင်းတွေပေါ်ထွက်နေပြီး ဇူလိုင်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ထောင်အဝင် အထွက်ပိတ်ပင်တဲ့ ( lockdown) လည်း ချထားတယ် လို့ သိရပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအလုပ်မှု ဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအလုပ်မှု ဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း
  15. ဒေါ်အောင်ဆန်းစုကြည် ခြံထဲဝင်ရှာစဥ် ဝရမ်းမပါခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်ထွက်ဆို

  16. ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး လူလေးသိန်းကျော် လာမထိုးကြ

  17. ရွှေလီမြို့မှာ ကိုဗစ်ပိုး ထပ်တွေ့သူတွေထဲ အသက် ၁၁ နှစ်အရွယ် မြန်မာကလေးမလေးပါ

    မြန်မာနိုင်ငံနဲ့ ကပ်ရက် တရုတ်နိုင်ငံ ရွှေလီမြို့မှာ လူအမြောက်အများကို ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးမှုတွေ လုပ်နေရာမှာ နောက်ထပ် တရုတ်လူမျိုး ၄ ဦးနဲ့ မြန်မာလူမျိုး ၅ ဦးတို့ မှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ မြန်မာ ၅ ဦးထဲမှာ အသက် ၁၁ နှစ်အရွယ် ကလေးမလေးတစ်ဦးလည်း ပါတယ်လို့ သိရပါတယ်။

    အခုအခါ ရွှေလီမြို့မှာ သီတင်းတစ်ပတ်အတွင်း ရောဂါကူးစက်သူပေါင်း ၅၉ ဦး ရှိသွားပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကတည်းကစလို့ ရွှေလီမြို့ကို တရုတ်အာဏာပိုင်တွေက လော့ခ်ဒေါင်း ချထားလိုက်ပြီး မြို့ထဲအဝင်အထွက်တွေကို ပိတ်ပင်ထားပါတယ်။

    မြန်မာနိုင်ငံဘက်ခြမ်းက မူဆယ်မြို့မှာလည်း ဇွန်လနဲ့ ဇူလိုင် နှစ်လအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၅၀ ဦးကျော်နဲ့ သေဆုံးသူ ၅ ဦး ရှိခဲ့တယ်လို့ တနင်္ဂနွေနေ့ထုတ် Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။

    ဒယ်လ်တာ ကူးစက်မြန် ကိုဗစ်ရောဂါပိုး ကူးစက်သူတွေ အကြီးအကျယ် တိုးပွားလာနေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံတဝန်း ကိုဗစ်အတည်ပြုလူနာသစ် ၃၄၆၁ ဦးနဲ့ သေဆုံးသူ ၈၂ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

    ကိုဗစ်၊ တရုတ်၊ ရွှေလီ၊ မူဆယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရွှေလီမြို့မှာ ကိုဗစ်ရောဂါပိုး ရှိမရှိ ဆေးစစ်ခံဖို့ လူတွေ စောင့်ဆိုင်းနေကြစဉ်
  18. ဒီးမော့ဆိုက နေအိမ်တစ်လုံးအနောက်ဘက်မှာ အလောင်းတွေတွေ့

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ (၆)ကျေးရွာ အိမ်အမှတ် ၃-၂၇ ရဲ့ နေအိမ် အနောက်ဘက် အိမ်သာနဲ့ ကပ်လျက် ကျင်းအနီးမှာ လူသေအလောင်းတွေ တွေ့ခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ပါတယ်။

    သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရပေမဲ့ မိသားစုလိုက်ဖြစ်နိုင်ခြေရှိပြီးတော့ ‌ခေါင်းဖြတ်သတ်ခံထားရတာတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    အလောင်းတွေတွေ့ရတဲ့ အိမ်ရဲ့ဘေးချင်းကပ်နေရာမှာ စစ်ကောင်စီတပ်တွေဟာ ၂ လ ခန့်တပ်စွဲခဲ့တယ်လို့ PKPF ကပြောပါတယ်။

    ဒီလိုပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်တာမျိုးမရှိသေးသလို ဘီဘီစီ အနေနဲ့ မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

    ကယန်းပြည်သစ်ပါတီတပ်ဖွဲ့ နဲ့ ကယောငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးကြည့်ရာမှာ အဲဒီ့ နေအိမ်အနောက်ဘက် အိမ်သာကပ်လျက်ကျင်းမှာ လူသေအလောင်းတွေကိုတွေ့ရှိခဲ့တာလို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ PKPF က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    အိမ်သာနဲ့ ကပ်လျက် ကျင်းအနီးမှာ လူသေအလောင်းတွေ တွေ့ခဲ့ရတဲ့ နေရာ

    ဓာတ်ပုံ ရင်းမြစ်, PKPF

    ဓာတ်ပုံ ပုံစာ, အိမ်သာနဲ့ ကပ်လျက် ကျင်းအနီးမှာ လူသေအလောင်းတွေ တွေ့ခဲ့ရတဲ့ နေရာ
  19. ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၄ မှု နဲ့ တရားစွဲ

    ၂၀၂၀ ရွေးကောက်ပွဲကို ကော့မှူးမြို့နယ်ကနေ ပါဝင်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း ကိုယ်တိုင်လာတင်သွင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲကို ကော့မှူးမြို့နယ်ကနေ ပါဝင်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း ကိုယ်တိုင်လာတင်သွင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲလိုက်ပြီး အမှု ၄ မှု အထိ တပ်လိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းကို ၂ မှု၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လေးဦးကို ၂ မှု နဲ့ စုစုပေါင်း ၄ မှု စွဲလိုက်တာပါ။

    အဲ့ဒီအမှုတွေနဲ့ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ဇူလိုင် ၂၂ ရက်မှာ ရုံးချိန်းရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကိုပြောပါတယ်။

    ဒီအမှုတွေနဲ့ ပတ်သက်လို့ မနက်ဖြန်ရုံးချိန်းမှာ ရှေ့နေအဖွဲ့က အမှုသည်ကို ကိုယ်စားပြုမယ့် ပါဝါရယူမှာဖြစ်ပါတယ်။

    ဒီကနေ့ ရုံးချိန်းမှာ စစ်ကောင်စီဘက်က အသိပေးလိုက်တာ ဖြစ်ပြီး အမှုအသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ရှေ့နေအဖွဲ့ကပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားတယ်ဆိုတဲ့စွပ်စွဲချက်တွေအကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်တို့ရဲ့ ထွက်ဆိုချက်တွေကို စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ထုတ်ပြန်ထားပါတယ်။

    ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီက အမေရိကန်ဒေါ်လာ ခြောက်သိန်း နဲ့ အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာလက်ခံတာ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် တက္ကသိုလ်ရိပ်သာလမ်းက မြေနဲ့ အဆောက်အအုံကို လျော့နည်းနှုန်းထားနဲ့ ခွင့်ပြုလို့ ကျပ်သန်း ၅၂၀၀ ကျော် နစ်နာတယ်လို့ စွပ်စွဲထားတာပါ။

    ဒါ့အပြင် နေပြည်တော်က လရောင်တောစီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ ကော်မတီဝင်ဦးမင်းသူတို့ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ ၅၅/၆၃တို့နဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ဇွန်လထဲမှာ ထုတ်ပြန်ထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ အပါအဝင် အမှု‌ပေါင်း ၇ မှု နဲ့ စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရပါတယ်။

  20. မန္တလေးမှာလည်း ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ပြတ်လပ်နေ

    အမရပူရမြို့နယ်က ဗားကရာကျောင်းတိုက်မှာ မန္တလေးမြို့ခံ ပရဟိတအဖွဲ့တစ်ဖွဲ့က အောက်စီဂျင်ဖြည့်ပေးနေတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အမရပူရမြို့နယ်က ဗားကရာကျောင်းတိုက်မှာ မန္တလေးမြို့ခံ ပရဟိတအဖွဲ့တစ်ဖွဲ့က အောက်စီဂျင်ဖြည့်ပေးနေတာဖြစ်ပါတယ်။

    မန္တလေးမြို့က ကိုဗစ်လူနာအတွက် အောက်စီဂျင်ရရှိမှုဟာ နေ့ရော၊ ညပါ ပြတ်လပ်မှုဖြစ်နေတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ ]

    "တညလုံးပဲ။ တချို့ဆို အောက်ဆီဂျင်ကျသွားလို့ လုပ်ပါဦး၊ ကယ်ပါဦးဆို ကိုယ့်ဆီမှာ ဘာမှမရှိ၊ ပရဟိတအဖွဲ့ဆိုတော့ လုပ်မပေးနိုင်တာတွေ အများကြီးပေါ့။ တတ်အားသရွှေ့ပဲ ကူညီနိုင်တာ။ အိုးတွေ ကုန်တာ ပြတ်တာဆိုရင် ရပ်ရတာပေါ့"လို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    နိဗ္ဗာန်သုခ ပရဟိတ လူမှုကယ်ဆယ်ရေး တာဝန်ရှိသူ တစ်ဦးကလည်း "အောက်ဆီဂျင်နဲ့ ပက်သက်ပြီး တတ်နိုင်သလောက်ကူညီပေမယ့် အခုတလုံးမှကို မရှိတော့တာ။ တနေ့ကို အလုံးပေါင်း ၆၀ရှိတာ အကုန်နီးပါးကို ငှားရတာ အကုန်ပါပဲ။ အသက်ရှူစက်ရှိတာတွေလဲ ငှားထားရတယ်"လို့ မန္တလေးမြို့တွင်းက ကိုဗစ်လူနာတွေကို အောက်ဆီဂျင်လိုအပ်ချက်ကြောင့် ပို့ဆောင်ငှားပေးရကြောင်းကို ပြောပါတယ်။

    မန္တလေးမြို့မှာ အောက်ဆီဂျင်အိုးဖြည့်ပေးတဲ့ စက်ရုံ ၃ ခုရှိသလို ပုဂ္ဂလိက စက်ရုံအသေးတွေ ရှိပေမဲ့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

    ဇူလိုင်လ ၁၁ရက် မန္တလေးမြို့မှာ ကိုဗစ်-၁၉ နဲ့ သေဆုံးသူ အနည်းဆုံး ၂၀ကျော်ကို လူမှုကူညီအသင်းကနေ သယ်ဆောင်ပြီး အေးရိပ်ငြိမ် သုဿာန်ကို ပို့ဆောင်သဂြိုလ်ပေးရခဲ့ရတယ်လို့ ရှာဖွေကယ်ဆယ်ရေးအသင်းတွေကနေ သိရပါတယ်။