ကိုဗစ် ကူးစက်မှု သြဂုတ်လထဲ ထက်ဝက်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

ဒီနှစ်ကုန် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိုးမှာဖြစ်တဲ့အတွက် တစ်လ ၅ သန်းထိုးရမှာ ဖြစ်ပြီး အခုလအတွက် ဆေးအလုံအလောက်ရှိကြောင်းလည်း ပြောဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. ဝါရင့်ဟာသသရုပ်ဆောင် ဦးစံမတူ ကွယ်လွန်

    မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ကန်တော့ခံသက်ကြီး အနုပညာရှင် ၊ ဝါရင့် ဟာသသရုပ်ဆောင် ဦးစံမတူ ဟာ ရန်ကုန်မြို့၊ ရွှေဂုံတိုင် ရှိ သူ့ရဲ့နေအိမ်မှာ ဒီကနေ့ သြဂုတ် ၃ရက်မှာ ကွယ်လွန်သွားပြီလို့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူအချို့ ကပြောပါတယ်။ နာမည်ကြီး မြဒဂုံဇာတ်အဖွဲ့ ရဲ့ လူရွှင်တော် အဖြစ် ကနေ ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခဲ့တဲ့ ဦးစံမတူဟာ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၀ နှစ် အရွယ်ရှိပြီဖြစ်ပါတယ်။ ဦးစံမတူ ဟာရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပြီး လက်တွဲမှုအများဆုံး ဒါရိုက်တာတွေကတော့ ဦးသုခနှင့် ဝင်းဦးတို့ ဖြစ်ပါတယ်။ ဦးစံမတူနဲ့ အတူ ပလာတာ၊သော်တာ အတွဲဟာ ပရိသတ်ကြိုက်နှစ်သက်တဲ့ ထင်ရှားတဲ့ ဟာသအတွဲအဖွဲ့ဖြစ်ပြီး နောက်ထပ်ထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဂျော်လီဆွေ၊ နွဲ့နွဲ့စန်းတို့လည်း အတွဲညီတဲ့ သရုပ်ဆောင်အဖြစ်ထင်ရှားခဲ့သူပါ။ သြော်မိန်းမ ၊ ချစ်သူရွေးမယ် ချစ်ဝဲလည် ၊ ရဟန်းစားရသောဆွမ်းတနပ် နဲ့ ဃောသကသူဌေးသားအကြောင်း စတဲ့ရုပ်ရှင်ဇာတ်ကားတွေဟာ ဦးစံမတူ ရဲ့ထင်ရှားတဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ သြဂုတ် ၂ ရက်မှာလည်း နာမည်ကျော်ဟာသသရုပ်ဆောင် မေတ္တာလည်း ကွယ်လွန်ခဲ့ပါတယ်။

    ဦးစံမတူ ကွယ်လွန်

    ဓာတ်ပုံ ရင်းမြစ်, ကျော်ဇေယျာလွင်

    ဓာတ်ပုံ ပုံစာ, ဦးစံမတူ ကွယ်လွန်
  3. မြန်မာမူဆလင်အသင်းက ပစ္စည်းအစုံပါအောက်ဆီဂျင်အိုးများ စရိတ်သက်သာစွာနဲ့ ရောင်းချပေးမယ်

    ကိုဗစ်တတိယလှိုင်းမှာ ပြည်တွင်းလိုအပ်ချက်မြင့်တက်နေတဲ့ အောက်ဆီဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်သူတွေစရိတ်သက်သာစွာနဲ့ရဖို့ အတွက် မြန်မာမူဆလင်အသင်းက ရောင်းချပေးဖို့ရှိနေပါတယ်။

    လက်ရှိမှာလည်း မှာယူထားတဲ့ အောက်ဆီဂျင်အိုးတွေဟာ သြဂုတ် ၁ ရက် က စတင်ရောက် ရှိနေပြီလို့ မြန်မာမူဆလင်အသင်းက သိရပါတယ်။

    “အိုးတွေကတော့အသုတ်တွေခွဲပြီးရောက်တာပေါ့။စုစုပေါင်း အိုး ၃၄၀၀သွင်းဖို့လျာထားတာ။၄၀လီတာအိုးက ကျပ်နှစ်သိန်း၊။၁၅လီတာအိုးကတော့ ကျပ်၁၄၀၀၀၀ပေါ့။အဲ့တာကပစ္စည်းအစုံအလင်ပေါ့။၃၀၀၀ကိုတော့ရောင်းပါမယ်၄၀၀ကိုတော့လှူဒါန်းတာတွေလုပ်ပါမယ်။အခုကကားနဲ့သယ်လာတာအလုံး၇၀၀ကျော်ပါ”လို့ မြန်မာမူဆလင်အသင်းအတွင်းရေးမှူးဦးတင်မောင်သန်းက ပြောပါတယ်။

    မြန်မာမူဆလင်အသင်းအနေ နဲ့ ကိုဗစ်တတတိယလှိုင်း က စတင်ပြီးသက်ဆိုင်ရာဗလီတွေနဲ့ အသင်းပိုင်နေရာတွေမှာ အောက်ဆီဂျင်ပေးဝေလှူဒါန်းတာတွေပြုလုပ်ပေးနေတာပါ။

    အခုအောက်ဆီဂျင်များရောင်းချပေးတဲ့ အစီစဉ်အတွက် အွန်လိုင်းမှလျှောက်လွှာတွေခေါ်ယူ ခဲ့ပြီးလာရောက်လျှောက်ထားသူများပြားကာ ဝယ်ယူလိုတဲ့အိုးအလုံးရေတစ်သောင်းကျော်ရှိတယ်လို့ဆိုပါတယ်။ လူတစ်ဦး ကို တစ်လုံးသာရောင်းချပေးမှာဖြစ်ပြီးပရဟိတအသင်းတွေနဲ့ ဘာသာရေးဆိုင်ရာ ကူညီရေးအသင်းတွေကို နှစ်လုံးနှုန်းရောင်းချသွားမယ်လို့သိရပါတယ်။

    ဘာသာရေးဆိုင်ရာဆေးရုံတွေကိုငါးလုံးစီနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးကို၁၀လုံး လှူဒါန်းသွားမယ်လို့လည်းဆိုပါတယ်။ လက်ရှိအချိန်အိုး၇၀၀ကျော်ရောက်ရှိလာပြီဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးတွက် ပစ္စည်းတွေချပြီး‌ဖြစ်တယ်လို့ဆိုပါတယ်။

    အခုလို အသင်းအနေနဲ့ရောင်းချပေးတာဟာ အောက်ဆီဂျင်အိုးနဲ့ ဆက်စပ်ပစ္စည်းတွေ ကိုဈေးတင်ရောင်းချကြတာ၊ ပစ္စည်းပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေ အဆင်ပြေအောင်ဆောင်ရွက်ပေးတာလို့ဆိုပါတယ်။

    ဆက်သွယ်ဝယ်ယူရမည့်ပုံစံကို Myanmar Muslim Aid လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

    မန္တလေးတွင် မြန်မာမူစလင်အသင်းမှာ အောက်ဆီဂျင်အိုးများ ရောက်ရှိလာပုံ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မန္တလေးတွင် မြန်မာမူစလင်အသင်းမှာ အောက်ဆီဂျင်အိုးများ ရောက်ရှိလာပုံ
    မန္တလေးတွင် မြန်မာမူစလင်အသင်းမှာ အောက်ဆီဂျင်အိုးများ ရောက်ရှိလာပုံ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မန္တလေးတွင် မြန်မာမူစလင်အသင်းမှာ အောက်ဆီဂျင်အိုးများ ရောက်ရှိလာပုံ
    မန္တလေးတွင် မြန်မာမူစလင်အသင်းမှာ အောက်ဆီဂျင်အိုးများ ရောက်ရှိလာပုံ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မန္တလေးတွင် မြန်မာမူစလင်အသင်းမှာ အောက်ဆီဂျင်အိုးများ ရောက်ရှိလာပုံ
  4. အသက် ၆၅ နှစ်နဲ့ အထက်ရှိသူတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုက်လံဆော်သြနေ

    ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်မြို့မှာ မြို့နယ်အလိုက် ရပ်ကွက်တွေအတွင်း အသက် ၆၅ နှစ်နဲ့အထက် ရှိသူတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စစ်ကောင်စီအုပ်ချုပ်ရေးဘက်က လိုက်လံဆော်သြနေ တယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။ အခု အပတ်ကစတင်ပြီး ဒေသအလိုက် ကာကွယ်ဆေးထိုးတာတွေကိုလုပ်ဆောင်ပေးနေတာဖြစ်ပြီး ကျောင်းတွေနဲ့ ဒေသန္တရ ဆေးခန်းလိုနေရာတွေမှာ ထိုးပေးနေတယ်လို့ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ အသက် (၆၅)နှစ်အထက်အသက်ကြီးသူတွေ၊ အစိုးရသာမက ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကိုဗစ်ထိန်းချုပ်ရေးအတွက် ပါဝင်နေတဲ့ ပရဟိတ သမားတွေကို ဦးစားပေး ကာကွယ်ဆေးထိုးပေးမယ်လို့ ဘီဘီစီကို ပြောထားပါတယ်။ လက်ရှိမှာ လူဦးရေ (၂)သန်းကို ထိုးပေးနိုင်မယ့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinopharm Dose (၁)သန်းစာရှိနေတာပါ။ အဲဒီထဲကမှ ရန်ကုန်တိုင်းက လူဦးရေ ၁သိန်းခွဲ ဝန်းကျင် အတွက် ကာကွယ်ဆေးပေးထားပြီး မြို့နယ်အလိုက်ဆေးထိုးလုပ်ငန်းတွေ လုပ်နေတာပါ။ရန်ကုန်ထဲကမှ လူဦးရေများတဲ့ လှိုင်သာယာမြို့နယ်မှာတော့ လူအယောက် (၈၀၀)စာ ကာကွယ် ဆေးထိုးပေးဖို့ရှိပြီး (၃)ပုံ (၁)ပုံစာ ဆေးထိုးပြီးကြပြီလို့ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူကဆိုပါတယ်။ တဖက်မှာတော့ ကိုဗစ်ရောဂါထိန်းချုပ်ရေးမှာ ပါဝင်နေတဲ့ ပရဟိတဆောင်ရွက်နေသူတွေဟာ အခုချိန်ထိ ကာကွယ်ဆေးမထိုးရသေးဘူးလို့ တုံ့ပြန်နေကြပါတယ်။ အခုလက်ရှိစစ်ကောင်စီ ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထိုးပေးနေတဲ့ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်း ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၁၈နှစ်ကနေ ၆၀ကြားသာထိုးနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒါဟာ သတင်းအမှားသာဖြစ်တဲ့အကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်း ကပြောပါတယ်။ ဇူလိုင် (၂၆)ရက်ကနေ ဩဂုတ်လ (၁)ရက်အထိ လူဦးရေ ၂သိန်း ၁သောင်းကို ကိုဗစ်ကာကွယ်ဆေး ထိုး ထားပြီးပြီလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးထိုးဖို့ တန်းစီနေကြတာကြောင့် ကာကွယ်ဆေးထိုးပေးရာမှာလည်း လူစုလူဝေးမလုပ်ဘဲထိုးနိုင်အောင်စီမံဖို့လိုအပ်တဲ့အကြောင်းပြည်သူတချို့က ထောက်ပြကြသလို စစ်ကောင်စီထိုးပေးတဲ့ ကာကွယ်ဆေး ကို မထိုးဘူးလို့ ပြောဆိုချက်တွေလည်း ပြည်သူတွေကြားမှာရှိနေကြပါတယ်။ တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ဘက်က ကိုဗစ်ကာကွယ်ဆေးထိုးမယ့်အစီအစဉ်ရှိတယ်လို့ ဆိုထားသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကလည်း သက်ဆိုင်ရာဒေသအလိုက် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာတွေ့ရပါတယ်။

    ကာကွယ်ဆေးထိုးဖို့ တန်းစီနေကြ

    ဓာတ်ပုံ ရင်းမြစ်, မကေ

    ဓာတ်ပုံ ပုံစာ, ကာကွယ်ဆေးထိုးဖို့ တန်းစီနေကြ
  5. NUG က အိမ်စောင့်အစိုးရကို မတရားအသင်းအဖြစ် ကြေညာ

    အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၃/၂၀၂၁) ကို ထုတ်ပြန်ပြီးတော့ စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရအဖွဲ့ကို မတရားအသင်းအဖြစ်ကြေညာခဲ့ပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌဟာ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ မှာ အိမ်စောင့်အစိုးရနိုင်ငံတော် ဝန်ကြီးချုပ်ဆိုပြီး စစ်ကောင်စီရဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အစည်းအဝေးမှာ တက်ရောက်ခဲ့ပါတယ်။

    လက်ရှိစစ်ကောင်စီဥက္ကဋ္ဌက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ အိမ်စောင့်အစိုးရ အဖွဲ့ကို ဩဂုတ်၁ရက်မှာ ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

    NUG ထုတ်ပြန်ချက်

    ဓာတ်ပုံ ရင်းမြစ်, NUG

    ဓာတ်ပုံ ပုံစာ, NUG ထုတ်ပြန်ချက်
  6. ကိုဗစ် ကူးစက်မှု သြဂုတ်လထဲ ထက်ဝက်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

    မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်မှု သြဂုတ်လထဲမှာ ခေါက်ချိုးကျ အောင်လုပ်ဖို့ရှိပြီး ပြည်သူလူထုက ပူးပေါင်းပါဝင်ရင် အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

    လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုနှုန်းကနေ ထက်ဝက်ခန့် ကျဆင်းသွားနိုင်မယ်လို့ လည်းသူကပြောပါတယ်။

    ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာ ကျင်းပတဲ့ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အစည်းအဝေးမှာ သူက ပြောသွားတာဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဆိုပြီးလည်း သတင်းမှာ ပြောသွားခဲ့ပါတယ်။

    သြဂုတ်လ ၁ ရက်နေ့ တစ်ရက်တည်း ကိုဗစ်ရောဂါ ကာကွယ်ဆေး တစ်သိန်းကျော်ထိုးနိုင်ခဲ့ကြောင်းလည်း အစည်းအဝေးမှာ ဆွေးနွေးသွားပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌက ဒီနှစ်ကုန် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိုးမှာဖြစ်တဲ့အတွက် တစ်လ ၅ သန်းထိုးရမှာ ဖြစ်ပြီး အခုလအတွက် ကာကွယ်ဆေး အလုံအလောက်ရှိကြောင်းလည်း ပြောဆိုသွားပါတယ်။

    နောက်လတွေမှာ ကာကွယ်ဆေးရဖို့အတွက်လည်း ‌ငွေလည်းရှိနေပြီးဖြစ်ပြီး နိုင်ငံ ၃ နိုင်ငံကနေ ရအောင်ဝယ်ယူ‌ဖို့ စီစဥ်ရမယ်လို့ သူ ကပြောသွားပါတယ်။

    လက်ရှိမြန်မာနိုင်ငံမှာ သြဂုတ်လ ၂ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ ရောဂါပိုးကူးစက်သူ ၃၆၈၉ ဦးရှိပြီး သေဆုံးသူ ၃၃၀ ဦးရှိကြောင်း ပိုးတွေ့ရာခိုင်နှုန်း ၂၉.၇၆ ရှိပြီးတော့ မြန်မာတစ်နိုင်ငံလုံး ရောဂါပိုး ကူးစက်ခံရသူ ၃၀၆၃၅၄ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ဇူလိုင်လ ၁၉ ရက် ရန်ကုန်ရေဝေး သုသာန် မှာ သင်္ဂြိုဟ်ဖို့ စောင့်ဆိုင်နေကြသူမျာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇူလိုင်လ ၁၉ ရက် ရန်ကုန်ရေဝေး သုသာန် မှာ သင်္ဂြိုဟ်ဖို့ စောင့်ဆိုင်နေကြသူများ
  7. ရခိုင် စစ်ရှောင်စခန်းတွေမှာ ရိက္ခာ ပုံမှန်မရဖြစ်

  8. ဒေါ်အောင်ဆန်းစုကြည် အမှုရုံးချိန်းထပ်‌ရွှေ့

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ လက်ရှိရင်ဆိုင်နေရဆဲ အမှုတွေအတွက် ရုံးချိန်းကို ဩဂုတ် (၂)ရက်မှာ ချိန်းဆိုခဲ့ပေမဲ့ စစ်ကောင်စီဘက်က ရုံးပိတ်ရက် လော့ဒေါင်းတစ်ပတ်ထပ်တိုးတာကြောင့် လာမယ့် ဩဂုတ် (၉)ရက်နဲ့ (၁၀)ရက်ကို ရုံးချိန်းပြောင်းလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အမှုတွေထဲက အမှု (၆)မှုကို နေပြည်တော်မှာ ရုံးထုတ်စစ်ဆေးနေတာဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့စွဲတဲ့ အမှုအတွက်တော့ မန္တလေးတိုင်းတရားရုံးမှာ ကိုယ်စားလှယ်လွှဲစာ ရှေ့နေတွေဘက်က လျှောက်ရမှာဖြစ်ပါတယ်။

    ဒါပေမဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေပြီး နေအိမ်မှာ ကန့်သတ်နေထိုင်ရေး သတ်မှတ်ချက်တွေကြောင့် ရုံးချိန်းပြောင်းလိုက်ရတဲ့အကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးပြောပါတယ်။

    သူတို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံး သီးခြားကြားသိရတဲ့ အခြေအနေမရှိကြောင်းလည်း ဒေါ်မင်းမင်းစိုးပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Screen Shot

  9. ပုသိမ်က အဖမ်းခံရတဲ့ ဝန်ထမ်း ၂၀ ကျော်ပြန်လွတ်

    ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ ပုသိမ်အချုပ်ထောင်က ဆရာဝန် တစ်ဦး၊ သူနာပြုဆရာမ တစ်ဦးနဲ့ ဝန်ကြီးဌာနက ဝန်ထမ်း ၂၀ ကျော်ပြန်လွတ်လာခဲ့တယ်လို့သိရပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးဖေဖော်ဝါရီလ ၃ ရက်နေ့ကစလို့ အာဏာသိမ်းမူ့ကိုဆန့်ကျင်တဲ့ ရုံးမတက်ရေးလှုပ်ရှားမူ့ CDM ကို ဆရာဝန်သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေက စတင်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဝန်ကြီးဌာန အတော်များများကဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

    ပင်းတယ မီးအိမ်ရှင်လို့ လူသိများတဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ဟာ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

    အဲဒီလို CDM လုပ်တဲ့ဝန်ထမ်းတွေထဲက ခေါင်းဆောင်ပိုင်းလို့ ယူဆခံရသူတွေနဲ့ တက်ကြွစွာပါဝင်သူတွေကို သက်ဆိုင်ရာအာဏာပိုင်တွေဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမူ့ ပုဒ်မ ၅၀၅ (က )နဲ့တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။

    ဒေါက်တာသန်းမင်းထွဋ်ဟာ ထောင်ကလွတ်လာပြီးတဲ့နောက် နေရာပြောင်းရွေဖို့ စီစဉ်နေတယ်လို့ ဒီကနေ့မနက်မှာ သူနဲ့အဆက်အသွယ်ရတဲ့ ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။

  10. ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေး ပုဒ်မ ၅၀၅ က နဲ့တရားစွဲခံရသူ အချို့ပြန်လွတ်

    ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲ ဖမ်းဆီးခံထားရတဲ့ ဆရာဝန် နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေထဲက တစ်ချို့ သြဂုတ် ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

    နေ့လယ် ၂ နာရီမှာ ၅၀၅ က နဲ့ တရားစွဲခံရသူ အချို့ပြန်လွတ်

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, နေ့လယ် ၂ နာရီမှာ ၅၀၅ က နဲ့ တရားစွဲခံရသူ အချို့ပြန်လွတ်
    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  11. အာဆီယံအထူးကိုယ်စားလှယ် မြန်မြန်အတည်ပြုဖို့ စစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

    မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ အဆိုပြုထားတဲ့အာဆီယံအထူးကိုယ်စားလှယ် တစ်ဦးကို မြန်မြန်အတည်ပြုပေးဖို့ စစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ သြဂုတ်လ ၂ ရက်မှာ တိုက်တွန်းလာပါတယ်။

    ''အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ရေး ရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ သိသာတဲ့တိုးတက်မှုရှိလာအောင် မလုပ်နိုင်သေးဘူး။ ဒီလိုနှောင့်နှေးနေတာ မကောင်းသလို၊ ရှေ့မဆက်နိုင်ရင် ဒီကိစ္စကို အာဆီယံ ခေါင်းဆောင်တွေဘက်ပြန်လှည့်ပြီး တနည်းတဖုံပြောင်းလဲလာအောင်လုပ်ရမယ်''လို့ ဝန်ကြီး မာဆုဒီက အွန်လိုင်းကနေ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ''မြန်မာအနေနဲ့လည်း အထူးသံတမန်ခန့်ရေး အာဆီယံရဲ့အဆိုပြုချက်ကို ချက်ချင်းအတည်ပြဖို့ မျှော်လင့်တယ်''လို့ သူက ထပ်လောင်းပြောဆိုပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်တက်ပြီး ဧပြီလတုန်းကဂျာကာတာမြို့မှာပြုလုပ်တဲ့ မြန်မာ့အရေးအထူးအစည်းဝေးပွဲမှာ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်တာအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးဖို့ပါပါတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြတာပါ။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ခန့်အပ်မယ့်အထူးကိုယ်စားလှယ်ဟာ မြန်မာပြည်တွင်း လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားခွင့် ရသင့်သလို သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်သွယ်ခွင့်အပြည့်အ၀ ရသင့်တယ်လို့ ပြောပါတယ်။

    အထူးကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို အဆိုပြုထားတယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးက တိတိကျကျမပြောသွားပေမဲ့ အဲဒီနေရာအတွက် စစ်အာဏာသိမ်းအပြီး မြန်မာပြည်ကိုလာဖူးတဲ့သူလည်းဖြစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး -၂ လည်းဖြစ်တဲ့ မစ္စတာ Erywan Yousof ကို ထားဖို့ အလေးသာနေတယ်လို့ နားလည်ရပါတယ်။

    စစ်ခေါင်းဆောင်ကတော့ မနေ့ သြဂုတ်လ ၁ ရက်မှာပြောတဲ့ အာဏာသိမ်းမှု ၆ လအကြာ ပြည်တွင်းအခြေပြမိန့်ခွန်းမှာ အာဆီယံကိုယ်စားလှယ်ကိစ္စကို ထည့်ပြောသွားတာတွေ့ရပါတယ်။

    အာဆီယံကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးဟောင်း Virasakdi Futrakul ကို အဆိုပြုခဲ့ပေမဲ့ တခြားအဆိုပြုသူတွေထပ်ပေါ်လာလို့ ဒီအရေးရှေ့မဆက်နိုင်ဖြစ်နေတာလို့ ဆိုပြီး စစ်ခေါင်းဆောင်က ပြောပါတယ်။

    သူ့ရဲ့ အခုလို ပြောဆိုချက်အပြီးမှာ မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှုစကတည်းက မြန်မာ့အရေး အာဆီယံအဖွဲ့အတွင်း သံခင်းတမန်ခင်းကိစ္စတွေမှာ တက်တက်ကြွကြွပါနေတဲ့ အင်ဒိုနီးရှားက အထူးကိုယ်စားလှယ်ခန့်ရေးတိုက်တွန်းချက် ထွက်လာတာလည်းဖြစ်ပါတယ်။

    အာဆီယံအနေနဲ့ မြန်မာပြည်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ မျှဝေတဲ့လုပ်ငန်းစဉ် ဖော်ဆောင်တာအပြင် လူသားချင်းစာနာမှုအကူအညီ ချက်ချင်းပေးဖို့လုပ်ရမယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ''မြန်မာပြည်သူပြည်သားတွေ ခံစားနေရတာတွေကို ကျမတို့ အသံတိတ်နေလို့မရသလို ထိခိုက်ခံစားရမှု ဆက်ဖြစ်နေတာမျိုးလည်း အဖြစ်မခံသင့်တော့ဘူး''လို့ သူက ပြောပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ် မြန်မြန်အတည်ပြုဖို့ စစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, AFP

  12. မုဒုံမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

    မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဇူလိုင်လ ၃၁ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရခဲ့ကြောင်း ဒေသခံတွေက ပြောတာကို ကိုးကားပြီး Dawei Watch ကရေးပါတယ်။

    နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအမန်းဟာ ဇူလိုင်လ ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးက အပြန် လမ်းမှာ ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ရပါတယ်။

    အုပ်ချုပ်ရေးမှူး ဦးအမန်းဟာ သေနတ်ဒဏ်ရာ ၄ ချက်နဲ့ သံဖြူဇရပ်ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ နှင့် ၂၄ ရက်နေ့ နှစ်ရက်ဆက်တိုက် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း နဲ့ ဒူးရင်းဆိပ်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

    ဒါ့အပြင် ဇွန်လ ၂၂ ရက်နေ့ကလည်း သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူးကို သေနတ်သမားများက နေအိမ်တွင် လာရောက် ပစ်သတ်သွားခဲ့ပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ CDM ဝန်ထမ်းအချို့ ပြန်လွတ်ဖို့ရှိ

    အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ CDM ဝန်ထမ်းအချို့ ပြန်လွတ်ဖို့ရှိ
    ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်ကနေ ပြန်လွတ်ဖို့ရှိနေသူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမှုရင်ဆိုင်ဆဲ အဆင့် အချုပ်ကျခံနေရသူတွေဖြစ်ပါတယ်။

    ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ CDM ဝန်ထမ်းအချို့ လွတ်မြောက်ဖို့ရှိပြီး ရဲလုပ်ငန်းစဉ် အတိုင်း အကျဉ်းဦးစီးဘက်ကနေ ရဲဘက်ကို ပြန်လည်လွှဲပြောင်းဖို့ရှိတယ်လို့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    '' ဒီနေ့ လွှတ်တာက အကျဉ်းသားမဟုတ်ဘဲ အမှုရင်ဆိုင်ဆဲ အဆင့် အချုပ်ကျခံနေရသူတွေဖြစ်လို့ အကျဉ်းဦးစီးနဲ့တိုက်ရိုက်မဆိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကနေ ရဲကို ပြန်လွှဲပေးပါတယ်။ ဒီနေ့အတွက် အယောက် ၂၀ လွှတ်ဖို့အတွက် ပြန်လွှဲယူမယ်ပြောပါတယ် '' လို့ တာဝန်ရှိသူကဆို ပါတယ်။

    ဒီကနေ့ လွှတ်မယ့်အထဲ နိုင်ငံတော်အကြည်ညိုပျက်စေမူ ပုဒ်မ ၅ဝ၅-ကနဲ့တရားစွဲဆိုခံထားရတဲ့ အနုပညာရှင်တွေမပါဝင်ဘူးလို့ သူတို့အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေသူတွေဥပဒေအသိုင်းအဝိုင်းက ပြောပါတယ်။

    " မနက်ကတည်းက အနုပညာရှင်တွေပြန်လွတ်မယ်ဆိုပြီး သတင်းတွေထွက်နေလို့ထောင်ပိုင်ကြီးကို အတည်ပြုပြီးသွားပါပြီ ။ ၅ဝ၅ က နဲ့ စွဲဆိုခံထားရတဲ့ နုပညာရှင်တွေမပါပါဘူးလို့"ဥပဒေအရာရှိ ဦးခင်မောင်မြင့်က ပြောပါတယ်။

    ဒီကနေ့ သြဂုတ် ၂ရက်မှာ ရန်ကုန်နဲ့ဧရာဝတီမှာ အချုပ်ကျခံနေရတဲ့ CDM ဝန်ထမ်းတွေကို စတင်လွှတ်ပေးနေတာတွေ့ရပါတယ်။

  14. ကနီဒေသဘက်က စစ်ရှောင်တွေထဲမှာ ကိုဗစ်ကူးစက်မှုတွေရှိလာ, မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေတွေ့ရှိတယ်လို့ ဒေသခံတွေပြော

    စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား အပြန်လှန်ပစ်ခတ်မှုတွေကြောင့် လနဲ့ချီစစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ကနီဒေသဘက်က စစ်ရှောင်ပြည်သူတွေထဲမှာ ကိုဗစ်ကူးစက်ခံရသူတွေရှိလာလို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်ဆိုပြီး စစ်ရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။

    "အိမ်မပြန်ရတာတော့လချီနေပြီ။ တခါတလေပြန်တယ်ဆိုရင်တောင် လိုတဲ့ပစ္စည်းတွေယူရုံလောက်ပဲပြန်ရတာ။ အခုဆို ကျွန်မတို့ရွာထဲကစစ်ရှောင်တွေထဲမှာတင် ကိုဗစ်ပေါ့စတစ်က နှစ်ယောက်ဖြစ်နေပြီ။ ကျွန်မကိုယ်တိုင်ရော ကျန်တဲ့လူတွေရောမစစ်ရသေးဘူး။ ဒါတွေအပြင် ကိုယ်ဝန်ဆောင်မိခင်တွေလည်း မွေးဖွားဖို့အခက်ခဲတွေ၊ ဌက်ဖျားရောဂါတွေလည်းစိုးရိမ်နေရတယ်။ လှူတဲ့သူတွေလည်းရှိနေပါတယ်။ ဒါပေမယ့် နေထိုင်ရတာတွေက မိုးကာတွေနဲ့တောထဲမှာမိုးရွာရင်အဆင်မပြေဘူး။ ကိုဗစ်ကိုလည်း တအားစိုးရိမ်တယ် "လို့စစ်ရှောင်နေရတဲ့ ကင်းရွာဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    တခါ လက်ရှိရက်ပိုင်းအတွင်းမှာပဲ ကနီမြို့ထဲက တောင်ပေါက်ကျေးရွာနဲ့ဇီးပင်ကျေးရွာတွေမှာ မီးရှို့ခံထားရတဲ့ လူသေအလောင်းတွေတွေ့ရှိတာတွေနဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေကို ဒေသခံတွေနဲ့ဒေသအခြေစိုက်မီဒီယာတွေက ဓါတ်ပုံတွေနဲ့တကွဖော်ပြလာပါတယ်။

    ဒီလူသေအလောင်းတွေဟာ တောင်ပေါက်ဒေသအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲငယ်ကြောင့်ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်မဟုတ်တဲ့ ရွာသားတွေလည်းပါတယ် လို့တောင်ပေါက်ဒေသခံတစ်ဦးက ပြောပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။

    ပြီးခဲ့တဲ့ ဇွန်လကတည်းက ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီကြားအပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် ကနီဒေသက ကျေးရွာအုပ်စုခွဲပေါင်း ၁ဝဝ ကျော်လောက်စစ်ရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အပြန်လှန်ပစ်ခတ်နေတာမျိုးမရှိပဲ စစ်ကောင်စီဘက်က ကျေးရွာတွေမှာ တပ်စွဲတာတွေ ရွာသားတွေကိုဖမ်းဆီးတာတွေနဲ့ ၊ နေအိမ်တချို့ကိုမီးရှို့တာတွေအပြင် သေဆုံးနေတဲ့ ဒေသခံအလောင်းတွေကို အစုလိုက်အပြုံလိုက်တွေ့ရှိတာတွေဖြစ်နေတယ်လို့ ဒေသခံရွာသားတွေဘက်က မီဒီယာတွေကို ဓါတ်ပုံမှတ်တမ်းတွေနဲ့ပြောဆိုလာတာပါ။

    "အဓိကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတယ်လို့ ထင်တဲ့ ရွာတိုင်းကို နှိမ်နှင်းနေတာ။ ဒီလို ရွာတွေကို နှိမ်နှင်းလိုက်ရင် တခြားရွာက ကြောက်မယ်။ တခြားမြို့နယ်ကကြောက်မယ် ဆိုပြီးအဲ့လိုဖြစ်အောင် ကနီကိုဆက်တိုက်ဖိနေတာ။"လို့ ဒေသခံရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကနီမြို့နယ်တောင်ပေါက်ကျေးရွာကမီးလောင်မြင်ကွင်း၊ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေတွေ့ရှိတယ်လို့ ဒေသခံတွေပြော၊ ကနီဒေသဘက်က စစ်ရှောင်တွေထဲမှာ ကိုဗစ်ကူးစက်မှုတွေရှိလာ၊

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကနီမြို့နယ်တောင်ပေါက်ကျေးရွာကမီးလောင်မြင်ကွင်း
  15. မော်လမြိုင်မှာ ကိုဗစ်တတိယလှိုင်းအတွင်း နေ့စဉ် လူ ၅၀ နီးပါး သေဆုံးနေ

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း နေ့စဉ်သေဆုံးသူ ၅၀ နီးပါးအထိရှိနေတယ်လို့ သေဆုံးသူတွေရဲ့နာရေးကို အဓိက လုပ်ပေးနေတဲ့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

    ''မနေ့(သြဂုတ်လ ၁ ရက်)တုန်းကဆိုရင် မော်လမြိုင်ဆေးရုံကြီးကနေ သေဆုံးသူ ၁၈ ဦးကို ကူသင်္ဂြိုဟ် ပေးခဲ့ရတယ်။ ဒါ နေအိမ်တွေ သေဆုံးတဲ့သူတွေ သွားကူသယ်တာ မပါသေးဘူး။ နာရေးကူပေးနေတဲ့ တခြားပရဟိတအဖွဲ့တွေက စာရင်းတွေပါ ပေါင်းရင် တနေ့ တနေ့ သေတဲ့သူက ၅၀ လောက်ရှိနေတယ်''လို့ မြို့ခံ ပရဟိတအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

    ဒါ့ပြင် မနေ့ တရက်တည်းမှာတင် မော်လမြိုင်မြို့တွင်း နေအိမ်တွေမှာ ကိုဗစ်သံသယနဲ့သေဆုံးလို့ သုသာန်ဆီ ကူပို့ပေးခဲ့ရတဲ့ နာရေးပေါင်း ၂၀ နီးပါးအထိရှိတယ်လို့ နောက်ထပ် မြို့ခံပရဟိတအဖွဲ့တစ်ဖွဲ့ကလည်း ပြောထားပါတယ်။

    ကျန်းမာရေးဌာနက မနေ့ သြဂုတ်လ ၁ ရက်မှာ ထုတ်ပြန်တဲ့ မြို့နယ်တွေအလိုက် ကူးစက်သေဆုံးနှုန်းစာရင်းမှာတော့ မော်လမြိုင်က သေဆုံးသူ ၁၄ ဦးအထိရှိခဲ့ပြီး ဒါဟာ မနေ့က တနိုင်ငံလုံးမှာ မြို့နယ်အလိုက် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုထဲ အများဆုံးလည်းဖြစ်ခဲ့ပါတယ်။

    လက်ရှိမှာ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ကုသဆောင် အမှတ် (၁)နဲ့ (၃)မှာ ကိုဗစ်လူနာရာကျော်အထိရှိနေသလို မော်လမြိုင်တက္ကသိုလ်ထဲက ၁၀ မြို့နယ်ဆောင်မှာလည်း ကိုဗစ်အတည်ပြုလူနာ ၂၆၀ ကျော်အထိရှိနေတယ်လို့ သိရပါတယ်။

    မော်လမြိုင်မှာ ကိုဗစ်ကပ်ဘေးကြောင့် အောက်စီဂျင် ရရှိမှု မလုံလောက်တဲ့ပြဿနာရှိနေပြီး ပရဟိတအဖွဲ့တွေကတော့ မော်လမြိုင် ကျောက်တန်းစက်မှုဇုန်ကနေရတဲ့ သူတို့အတွက် အောက်စီဂျင် ခွဲတမ်းတွေကို စက်ရုံကို အခကြေးငွေပေးပြီး လိုအပ်တဲ့လူတွေဆီကို အခမဲ့ ဖြန့်ဝေနေပါတယ်။

    မော်လမြိုင်မှာ ကိုဗစ်တတိယလှိုင်းအတွင်း နေ့စဉ် လူ ၅၀ နီးပါး သေဆုံးနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. စစ်ကောင်စီရဲ့လချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဒေါက်တာသန်းမင်းထွဋ် ပြန်လွတ်မြောက်လာ

    စစ်ကောင်စီရဲ့လချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဒေါက်တာသန်းမင်းထွဋ် ပြန်လွတ်မြောက်လာ

    ဓာတ်ပုံ ရင်းမြစ်, social media

    ပင်းတယ မီးအိမ်ရှင်လို့ လူသိများတဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ဟာ ဒီနေ့ သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

    ပုသိမ်မှာ အမှုပိတ်သိမ်းခံရပြီး ပြန်လည်လွတ်မြောက်လာတာလို့ ဒေါက်တာသန်းမင်းထွဋ်လွတ်မြောက်ရေးအတွက် မိသားစုနဲ့နီးစပ်သူတွေ ဖွင့်ထားတဲ့လူမှုကွန်ယက်အကောင့်ကနေ သတင်းထုတ်ပြန်လာတာပါ။

    ဒေါက်တာသန်းမင်းထွဋ်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပုသိမ်စစ်ကောင်စီနဲ့ အစည်းအဝေးကို သွားတက်ပြီးတဲ့နောက် မတ်လ ၁၂ ရက်မှာ ထိန်းသိမ်းတာခံခဲ့ရတာပါ။

    ဒေါက်တာသန်းမင်းထွဋ်ကို ဘာ့ကြောင့် ထိန်းသိမ်းလဲဆိုတာ သိရဖို့ ပုသိမ်ဒုဆေးရုံအုပ်အပါအဝင် ဆရာဝန်ကြီးတွေက ဦးဆောင်ပြီး ပြည်နယ်ကောင်စီ ဘက်ကို သွားရောက်တွေ့ဆုံမေးမြန်းပေမဲ့ ငွေရေးကြေးရေးကိစ္စအတွက် မေးမြန်းစရာအချို့ရှိတာကြောင့် ခဏခေါ်ယူထားတာဆိုပြီးတော့ပဲ အကြောင်းပြန်ခဲ့တယ်လို့ ဘီဘီစီက သိရှိခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်း ဒေါက်တာသန်းမင်းထွဋ်ကို မိသားစုက သီတင်းပတ်ချီ တွေ့ခွင့် မရခဲ့သလို ဧပြီလထဲမှာတော့ ဒေါက်တာသန်းမင်းထွဋ်ဟာ CDM မှာပါဝင်မှုကြောင့် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးက တိုင်တန်းတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အတွက် တိုင်တန်းချက်ကြောင့် ပုသိမ်ထောင်ထဲမှာ စတုတ္ထအကြိမ် ရုံးထုတ် စစ်ဆေးတာခံခဲ့ရတာဖြစ်ပါတယ်။

    အခုတော့ ကိုဗစ်တတိယလှိုင်းမှာ ကျန်းမာရေးဌာနအနေနဲ့ ဝန်နဲ့အားမမျှလို့ စေတနာ့ဝန်ထမ်းတွေကို ပူးပေါင်းပါဝင်ဖို့ ခေါ်နေချိန် စစ်ကောင်စီဘက်က ထိန်းသိမ်းထားတဲ့ဆရာဝန်တွေထဲကတချို့ကို ပြန်လွှတ်လိုက်တဲ့အခါ ဒေါက်တာသန်းမင်းထွဋ်လည်း ပြန်လွတ်လာတာဖြစ်ပါတယ်။

    လက်ရှိမှာ ဒေါက်တာ သန်းမင်းထွဋ်ကို ပုသိမ်မဟုတ်တဲ့တခြားတနေရာစီ တာဝန်ရွှေ့ပြောင်းလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီစီက သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

  17. မန္တလေးမှာ ကိုဗစ် အခမဲ့စစ်ပေးနေပြီ

    မန္တလေးမှာ ကိုဗစ် အခမဲ့စစ်ပေးနေပြီ

    ဓာတ်ပုံ ရင်းမြစ်, ရင်ဘတ်တူညီနောင်များပရဟိတ

    ဓာတ်ပုံ ပုံစာ, မန္တလေးမှာ ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ရရှိမှုလည်း အခက်အခဲကြီးတစ်ခုလို့ ပရဟိတသမားတွေပြော

    မန္တလေးမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ (ကိုရိုနာဗိုင်းရက်စ်ပိုး) ရှိ၊ မရှိကို နဒီမြန်မာ test@care မှာ ဒီနေ့ သြဂုတ်လ ၂ ရက်ကစတင်ပြီး အခမဲ့စစ်ဆေးပေးနေတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။

    အရင်က မန္တလေး ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနမှာ လူနာမှတ်ပုံတင်ပြီးမှ ကိုဗစ်စစ်ခွင့် ရရှိတာဖြစ်ပြီး စစ်ဆေးခ တစ်သောင်းကျပ်ပေးရပါတယ်။

    အခုတော့ ဒီနေ့ ဩဂုတ်လ၂ ရက်ကစပြီး ၆၂လမ်း၊ ၃၆x၃၇ကြားမှာရှိတဲ့ နဒီမြန်မာဟိုတယ် ကိုဗစ်စမ်းသပ်စစ်ဆေးရေးစင်တာကို တိုက်ရိုက်သွားရောက် စစ်ဆေးခံနိုင်ပြီ ဖြစ်ပါတယ်။

    "အရင်က မနက် ၉ နာရီကနေ ၁၁နာရီအတွင်း စာရင်းစွဲထုတ်ယူပြီး စစ်တာပါ။ ရှိသမျှ လူနာ ၁၂၀ထက်ပိုမစစ်နိုင်ဘူး။ ဘာလို့ဆို ပိုးတွေ့(positive)၊ ပိုးမတွေ့(negative)ခွဲတာတွေ ဆေးရုံရှာရလို့ ၁၂၀ နဲ့ရပ်လိုက်ရတာပါ။ အရေးပေါ်လူနာဆိုရင်တော့ စစ်ပေးပါတယ်။ အခုက အခမဲ့ဖြစ်သွားပြီ။ စစ်ပေးမယ့် အချိန်က မပြောင်းပါဘူး"လို့ ကိုဗစ်လက္ခဏာ လူနာတွေကို ပို့ဆောင်ရေး ဆောင်‌ရွက်ပေးနေတဲ့ လူမူကူညီရေးအသင်း တာဝန်ခံကပြောပါတယ်။

    တစ်ဖက်မှာလည်း မန္တလေးမှာ ပြီးခဲ့တဲ့ဇူလိုင်လ တစ်လလုံးကိုကြည့်ရင် ကိုဗစ် နိုင်တင်းကပ်ရောဂါကြောင့် နေ့စဉ် သေဆုံးသူ ၅၀ နီးပါးအထိရှိခဲ့တယ်လို့ မြို့ခံ ပရဟိတ အသင်းတွေက ဘီဘီစီကို ပြောထားပါတယ်။

  18. မြိုင်မြို့နယ်၊ဗဟင်းရွာရဲစခန်းအနီး အပြန်လှန်ပစ်ခတ်မှု ဖြစ်, ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး သေဆုံးတယ်လို့သိရ

    မြိုင်မြို့နယ်၊ဗဟင်းရွာရဲစခန်းအနီး အပြန်လှန်ပစ်ခတ်မှု ဖြစ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး သေဆုံးတယ်လို့သိရ၊ တဖက်မှာလည်း မြိုင်မြို့နယ်ထဲမှာ ဒေသခံတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တဖက်မှာလည်း မြိုင်မြို့နယ်ထဲမှာ ဒေသခံတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ရှိနေ

    မကွေးတိုင်းဒေသကြီး ၊ မြိုင်မြို့နယ်အတွင်းက ဗဟင်းကျေးရွာမှာ သြဂုတ်လ ၁ရက် ညနေပိုင်းက မြိုင်မြို့နယ်ရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    အဲဒီလို နှစ်ဘက်ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဘက်က ခေါင်းဆောင်တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "ညနေ ၅ နာရီလောက်မှာဖြစ်ကြတာ။ PDF ဘက်က ပြန်ဆုတ်တဲ့အချိန်မှာ ခေါင်းဆောင်တစ်ယောက်ကျသွားတယ် ။ ကိုဖိုးဌေးဆိုတဲ့သူကျသွားတာ။ သူကအရင်တုန်းက သပိတ်ခေါင်းဆောင် အခုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲရောက်သွားတာ" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ခေါင်းဆောင်တစ်ဦး စစ်ကောင်စီကိုတွန်းလှန်ရင်းကျဆုံးသွားတယ်လို့သတင်းထုတ်ပြန်ပြီး တိုက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအပြည့်အစုံကိုထုတ်ပြန်ထားတာမျိုးမရှိပါဘူး။

    အခုဖြစ်စဉ်နဲ့ပတ်သတ်လို့စစ်ကောင်စီဘက်ကလည်းသတင်းထုတ်ပြန်တာမျိုးမရှိသေးသလို ဘီဘီစီ အနေနဲ့ မြိုင်မြို့နယ်ရဲစခန်းကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  19. မုံရွာမှာ ကျန်းမာရေးဌာနထုတ်ပြန်တဲ့ကိုဗစ်သေဆုံးနှုန်းနဲ့ မြေပြင်သေဆုံးမှု အဆမတန်ကွာဟနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်သေဆုံးနှုန်းဟာ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့မြို့ခံပရဟိတအသင်းတွေက ပြောတဲ့အချက်အလက်တွေဟာ အဆမတန်ကွာဟနေပါတယ်။

    ကျန်းမာရေးဌာနရဲ့ သြဂုတ်လ ၁ ရက် ကိုဗစ်ကူးစက်နှုန်း အချက်အလက်တွေထဲမှာ မုံရွာမှာ အဲဒီနေ့ တနေ့တည်းမှာ သေဆုံးသူ ၃ ဦးနဲ့ ပိုးတွေ့သူ ၃၀ နီးပါးလို့ ဖော်ပြထားပါတယ်။

    ဒါပေမဲ့ မုံရွာမှာ ကိုဗစ်သံသယနဲ့ နေ့စဉ်သေဆုံးသူအရေအတွက်ဟာ အယောက် ၃၀ ကနေ ၄၀ ကြားရှိနေတယ်လို့ ကိုဗစ်ကပ်ဘေး ကာကွယ်ကူညီရေးလုပ်နေတဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။

    '' တမြို့လုံးရှိတဲ့အသင်းတွေဆီက ရတဲ့အချက်အလက်တွေ အကုန်စုလိုက်ရင် တနေ့တနေ့ သေဆုံးသူက ၄၀ ကနေ ၅၀ ကြားပုံမှန်ရှိ နေတယ်။ ဒီသေဆုံးမှုတွေကို ကျတော်တို့ ကိုဗစ်သံသယတွေထဲပဲ ထည့်လိုက်တယ်။ စစ်ရင်တော့ ပေါ်မှာပေါ့။ ဒါပေမဲ့ ဒီနှုန်းနဲ့ဆိုတော့ စစ်တဲ့အပိုင်းကို ကျတော်တို့ မလုပ်နိုင်တော့တာ။ မစစ်ပေးနိုင်တော့တာ။ စစ်တယ်ဆိုရင် နောက်ထပ်လုပ်ရမယ့်လမ်းကြောင်းတွေက အများကြီးဆိုတော့လေ'' လို့ မြို့ခံကူညီရေးအဖွဲ့တစ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    တဖက်မှာလည်း ပရဟိတ အသင်းတွေကပဲ ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးတာတွေကိုလည်း လုပ်ပေးနေပြီး စစ်ပေးတဲ့အသင်းတွေဆီ နေ့စဉ် အကူအညီလာတောင်းတဲ့သူ ၁၀၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။

    ''ကိုဗစ်စစ်ပေးပို့ အကူအညီလာတောင်းတဲ့သူ နေ့စဉ် လူ ၁၀၀ လောက်ရှိတယ်။ အရင်ကတော့ ဒီလိုဖုန်းဆက်သွယ်လာရင် ကျတော်တို့ အခမဲ့လုပ်ပေးတယ်။ အခုတော့ ရန်ပုံငွေရော၊ အလှူရှင်ရောနည်းလာလို့။ အပြီးအစီးကို ကျပ်ငွေ တစ်သောင်းခွဲ ယူတယ်။ ကြိုခ၊ပို့ခတွေရော၊ စစ်ဆေးခတွေရော။ တခါတည်းအပြီးအစီးပေါ့။ အဲဒီမှာ ပိုးတွေ့သူက ၃ ချိုး၊ ၁ ချိုးပဲ။ လူ ၉၀ စစ်ရင် ၃၀ မှာ ပိုးတွေ့ နေတယ်''လို့ အဲဒီပရဟိတအဖွဲ့ဆီကပဲ သိရပါတယ်။

    လက်ရှိမှာတော့ ရောဂါ ကူးစက်မှု ကွင်းစက်ဖြတ်ဖို့ ဆိုပြီး စစ်ကောင်စီက ရုံးပိတ်ရက်ရှည်သတ်မှတ်ထားတာ၊ ကျန်းမာရေးဌာနက မုံရွာကို လိုအပ်မှ နေအိမ်ပြင်ပထွက်ခိုင်းတဲ့(stay at home) အစီအစဉ်ချမှတ်ထားတာ၊ လူထုကိုယ်တိုင်က အပြင်အသွားအလာနည်းပြီး စည်းကမ်းရှိလာတာတွေကြောင့် အခု သြဂုတ်လလည်ပိုင်းမှာ ပိုးကူးစက် သေဆုံးနှုန်း အတော်လေး ကျသွားနိုင်တယ်လို့ ကပ်ဘေးကူညီကယ်ဆယ်ရေးလုပ်နေတဲ့မြို့ခံအသင်းအဖွဲ့တွေက ယူဆနေပါတယ်။

    မုံရွာမှာ ကျန်းမာရေးဌာနထုတ်ပြန်တဲ့ကိုဗစ်သေဆုံးနှုန်းနဲ့ မြေပြင်သေဆုံးမှု အဆမတန်ကွာဟနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာအထူးသံ နေရာ ဘယ်သူ့ကိုခန့်မလဲ ဒီနေ့ ဆုံးဖြတ်လာဖွယ်ရှိ

    အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး ဒီနေ့၊ ဩဂုတ်လ ၂ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။ ဒီ နှစ်ပတ်လည် အစည်းအဝေးနဲ့အတူ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ တရုတ် အစရှိသဖြင့် ဆွေးနွေးဘက် နိုင်ငံတွေနဲ့ကြား အစည်းအဝေးတွေလည်း အခု သီတင်းတစ်ပတ်လုံး ပြုလုပ်သွားဖို့ စီစဥ်ထားပါတယ်။

    အဲဒီ အစည်းအဝေးတွေ အတွင်း မြန်မာအရေးဟာလည်း အာရုံစိုက် ဆွေးနွေးမယ့် အကြောင်းအရာထဲ ပါဝင်တယ်ဆိုပြီး သံတမန် အသိုင်းအဝိုင်းက ပြောနေပါတယ်။

    အထူးသဖြင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အနေနဲ့ မြန်မာပြည်ဆိုင်ရာ အထူး သံတမန်နေရာမှာ ဘယ်သူ့ကို ခန့်အပ်မလဲ ဆိုတာကို အပြီးသတ် ဆုံးဖြတ် ရွေးချယ်ကြဖို့ရာ ဖိအားတွေ ရှိနေပါတယ်။

    အကြောင်းကတော့ မြန်မာ အရေးမှာ အာဆီယံကြားဝင်ရေးမူကို တရုတ်၊ ရုရှား အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ အားပေး ထောက်ခံ ထားပြီး၊ အကောင်အထည် ဖော်ဖို့ တိုက်တွန်းသံတွေ ဆက်တိုက် ရှိနေတဲ့အတွက် ဖြစ်ပါတယ်။

    ဒါ့ကြောင့် အာဆီယံ သဘောတူမှု ၅ ချက် အတိုင်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ရေး ကိစ္စဟာ အခု သီတင်းပတ် အစည်းအဝေးတွေမှာ ပြီးပြတ် သွားနိုင်မလား ဆိုတဲ့ မေးခွန်း ရှိနေပါတယ်။

    မြန်မာအရေး ဖြေရှင်းဖို့ရာ အာဆီယံ ကြားဝင်ရေးလမ်းကြောင်းကို ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့လို အနောက်အုပ်စု နိုင်ငံတွေကရော၊ တရုတ်၊ ရုရှားတို့ကပါ ထောက်ခံ အားပေး နေပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လဆန်းက နေပြည်တော်ကိုလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ခဲ့တဲ့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး အီရ်ဝန် ယူဆွဖ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တနင်္လာနေ့၊ ဒီနေ့ အစည်းအဝေးကနေ ဆုံးဖြတ်ချက် ထွက်လာနိုင်တယ်လို့ ပြောထားပါတယ်။

    “အထူးသံ ခန့်အပ်တာ မလုပ်နိုင်ပဲနဲ့တော့ မြန်မာ့အရေး အဖြေရှာဖို့ ဆိုတာ အင်မတန် ခက်လိမ့်မယ်လို့” မစ္စတာ အီရ်ဝန် ယူဆွဖ်က ဆိုပါတယ်။

    အဲဒီ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံဟာ အီရ်ဝန် ယူဆွဖ်ပဲ ဖြစ်လာနိုင်တယ်လို့ သံတမန် အသိုင်းအဝိုင်းထဲမှာ ပြောဆိုနေပါတယ်။

    သူနဲ့အတူ ရွေးချယ်စရာ တခြား ၃ ယောက်လည်း ရှိနေတာမှာ ထိုင်းရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဝီရာဆာ့က် ဖူထြာကူလ်၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါနဲ့ မလေးရှား ဝါရင့် သံတမန်ရာဇာလီ အစ္စမေးလ်တို့ ဖြစ်တယ်လို့ နားလည် ရပါတယ်။

    ထိုင်းရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဝီရာဆာ့က် ဖူထြာကူလ်ကို မြန်မာဘက်က ရွေးပေမယ့်၊ အကြံပြုချက် အသစ်တွေ ထပ်ရှိလာခဲ့လို့ ရှေ့မတိုးနိုင်ဖြစ်နေခဲ့တာ ဆိုပြီး မနေ့ ဩဂုတ်လ ၁ ရက်နေ့က တိုင်းပြည်ကို ပြောတဲ့ သူ့ရဲ့ မိန့်ခွန်းထဲ အာဏာသိမ်း စစ်ခေါင်းဆောင်က အာဆီယံ အထူးသံတမန်ကိစ္စ ထည့်ပြီး ပြောခဲ့ပါတယ်။

    စစ်ခေါင်းဆောင်ဟာ အခုဆိုရင် အာဏာသိမ်း စစ်ကောင်စီကနေ အိမ်စောင့်အစိုးရ ဆိုတဲ့ နာမည်ပြောင်းပြီးသူ့ကိုယ်သူ ဝန်ကြီးချုပ် အဖြစ် ကြေညာထားပြီ ဖြစ်ပါတယ်။

    တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာတဲ့ ကာလ တနည်းအားဖြင့် စစ်အာဏာသိမ်းထားမယ့် သက်တမ်းကို ဩဂုတ်လ ၂၀၂၃ ခုနှစ် အထိ ဆိုပြီးတော့လည်း ပြောလာပါတယ်။

    အခုလို စစ်တပ်က အာဏာသိမ်းပြီး ၆ လအကြာ၊ အိမ်စောင့် အစိုးရဆိုတဲ့ နာမည်ကို ပြောင်းလဲ ခံယူလာတာဟာ ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုနိုင်မှု အပါအဝင် တရားဝင် အစိုးရအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ လုပ်ဆောင်တဲ့ ခြေလှမ်း အဖြစ် မြန်မာ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

    ကြားကာလ အစိုးရအဖြစ် ကြေညာထားတဲ့ NUG အပါအဝင်၊ စစ်အာဏာသိမ်းမှုကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေ ကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆိုတာကို တညီ တညွတ်တည်း ပြောဆိုနေပါတယ်။

    အီရ်ဝန် ယူဆွဖ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘရူနိုင်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး အီရ်ဝန် ယူဆွဖ်။ မြန်မာအထူးသံနေရာမှာ လျာထားခံရသူတွေထဲက တစ်ယောက်