တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မင်းအောင်လှိုင် နာရေး ဗီဒီယို အဟောင်းကို အခြေခံပြီး ပြည်မှာ ဖမ်းဆီး, အာဏာသိမ်းပြီးခါစ မတ်လဆန်းတုန်းက နာရေးလှုပ်ရှားမှုမှာ ပါတယ်ဆိုပြီး လာရောက် ဖမ်းဆီး

    ပြည်မြို့၊ ရွာဘဲနယ်မြေ၊ သံန္ဓေပင် ရပ်ကွက်မှာ နာမယ်နဲ့အတူ အိမ်တအိမ်မှာ လာရောက် မေးမြန်း ဖမ်းဆီး သွားတာ ဖြစ်ပါတယ်။

    လတ်တလော ဒီနေ့ ဇူလိုင် ၄ရက် တရက်တင် ဖမ်းထားသူပေါင်း အမျိုးသမီး ၃ယောက် နဲ့ အမျိုးသား ၃ယောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဖမ်းခံရသူတွေထဲမှာ အမျိုးသမီး တယောက်နဲ့ အမျိုးသား ၂ယောက်ကတော့ ဗီဒီယိုထဲ ပါတဲ့ အမှုနဲ့ ဖြစ်ပြီး ကျန် သုံးယောက်ကတော့ ဘာမှုနဲ့ ဆိုတာ မသိရပေမယ့် ဆေးကျောင်းသား တယောက်လည်း ပါတယ်လို့ ဆိုပါတယ်.

    မနက် ၁၀နာရီကျော်က စစ်သားတယောက်နဲ့ အတူ အရပ်၀တ် အင်အား ၁၀ယောက်ကျော်နဲ့ သူတို့ အိမ်ရှေ့မှာ မသန္တာလင်း ရှိသလား လာမေးတဲ့ အခါ အိမ်သားတွေက မရှိဘူး ပြောင်းသွားတာ ၂လကြာပြီလို့ ပြောလိုက်ကြောင်း ၊ လာမေးသူတွေဟာ မသန္တာလင်း ဘယ်သူမှန်း မသိဘဲ လာမေးတာ ဖြစ်ပြီး အိမ်ရှိသူတွေကို ဓါတ်ပုံရိုက်သွားကာ ကားထဲမှာ ပါတဲ့ သတင်းပေး ဒလန်လို့ ယူဆရသူကို သွားပြခဲ့ကြောင်း ၊ ကားထဲက သူက မသန္တာလင်း ရှိနေကြောင်း ပုံကို ထောက်ပြတဲ့ အတွက် ဖမ်းဆီးသွားတာ ဖြစ်ကြောင်း မျက်မြင် တယောက်က ပြောပါတယ်။

    မသန္တာလင်းဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးစ ဖေဖော်၀ါရီ လကုန်နဲ့ မတ်လဆန်းပိုင်းတုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာရေး အခေါင်းနဲ့ လှုပ်ရှားမှုမှာ ပါခဲ့ဖူးပြီး အဲဒီ ဗီဒီယိုကို လူအများက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လူမှုကွန်ယက်ပေါ်ပြန်တင် ၀ေမျှ ကြတဲ့ အတွက် လာရောက် ဖမ်းဆီး သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။

    မေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားခံလိုက်ရတဲ့ မသန္တာလင်းဟာ ထိန်းသိမ်းထားတဲ့ နေရာ အရောက်မှာ အိမ်ကို ပြန်ဆက်သွယ် ဖုန်းဆက်တဲ့ အခါ သူအခုလို ဖမ်းဆီးခံရတာ ဖြစ်ကြောင်း ရှင်းပြတယ်လို့ ဆိုပါတယ်။

    သူနဲ့အတူ အဖမ်းခံထားရသူပေါင်း ၆ယောက် ရှိပြီး အဲဒီဗီဒီယိုထဲပါတဲ့ အမျိုးသား ၂ယောက်လည်း အတူ ဖမ်းဆီး ခံထားရတယ်လို့ ပြောပါတယ်။

    ပြည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ည ၁၁ နာရီ တုန်းကလဲ ဒလန်သတင်းပေးတိုင်ကြားမှုကြောင့် ကိုစိုးမင်း ဆိုသူကို နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇူလိုင်လ ၁ ရက်နေ့မှာ မိသားစုကို အလောင်းပြန်လာသယ်ဖို့ ဆက်သွယ်ခဲ့မှုလည်း ဖြစ်ပွားခဲ့ပါတယ်။

    ဓါတ်ပုံ ဗီဒီယိုတွေကို အခြေခံပြီး ပြည်မြို့မှာ အဖမ်းအဆီးတွေ ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, social media

  2. ကနီနဲ့ မင်းကင်းတဝိုက်မှာ တိုက်ပွဲတွေကြောင့် အနည်းဆုံးအရပ်သားတစ်ဦးသေဆုံးပြီး၊ ရွာပေါင်း ၂၀ကျော် က ဒေသခံအများအပြားထွက်ပြေးနေရ

    ကနီနဲ့ မင်းကင်းနယ်တဝိုက်မှာ ဇူလိုင် ၁ ရက်နေ့ကတည်းကဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကြောင့် ရွာပေါင်း ၂၀ ကျော်က ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ' ' မနေ့ကတော့ ကားသမားတစ်ဦးကို စစ်ကောင်စီတပ်တွေပစ်သွားလို့ ကားပေါ်မှာပဲဆုံးတယ်။ မနေ့ကလည်း ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်လို့ အိမ်တွေထိခိုက်တာလည်းရှိတယ်။ လူအထိအခိုက်တော့ အခုထိ မသိရသေးဘူး။ ဒီနေ့ ရွာပြန်မလို့ကို ရွာနားမှာ ရွာသားတွေတွေ့ရင် ပစ်မယ်ဆိုလို့ မပြန်ရဲသေးဘူး။ လူကြီးရောကလေးရော အကုန်ပြေးနေရတာ။ မနေ့ကလည်း မိုးတွေရွာတော့ တောထဲမှာနေရတာအဆင် မပြေဘူး။ ပြေးနေရတာတော့ ဘုတလင်နယ်အဆုံးက သခွပ်တနယ်၊ ခရားကြီး၊ ဗျူးတူး၊ မုံအို အားလုံး ဟိုဘက်က ဇီးကုန်းတို့အကုန် တောက်လျှောက်ရွာတွေ အားလုံးပြေးနေရတာ။ တောထဲနေရတာ ၃ရက်ရှိပြီ ''လို့ ကနီဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဇူလိုင် ၁ ရက်နေ့က ကနီမြို့နယ် ကနဲ- သခွပ်တနယ် ဘုတလင်လမ်းအနီး မှာ စစ်ကောင်စီတပ်တွေနဲ့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဘက် က နှစ်ဦးဒဏ်ရာရကာ ၄ဦးပျောက်ဆုံးခဲ့တယ်လို့ ကနဦးသိခဲ့ရပါတယ်။ ဒီကနေ့ဇူလိုင် ၃ရက်နေ့ မနက်ပိုင်းမှတော့ ပျောက်ဆုံးခဲ့တဲ့ လေးဦးကို သေဆုံးလျှက်ပြန်တွေ့ခဲ့ရတယ်လို့ လည်း ဒေသခံ တွေထံက သိရပါ တယ်။

    အလားတူ မင်းကင်းနယ်ဘက်မှာလည်း မနေ့က ဇူလိုင် ၂ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် မင်းကင်းအောက်မြစ်ရိုးတလျှောက် ကျေးရွာအများအပြားက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

    ' 'မနေ့က မောက္ကတော် ရွာနှစ် တစ်ဖက်ကမ်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ ဒါအပြင်မနေ့ကတော့ ပန်းဆက်ရွာမှာ စစ်ကောင်စီ တပ်တွေရောက်လာပြီး ဘေးရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ ဒေသခံတွေလည်းရွာမှာမနေရဲဘဲရှောင်နေကြရတယ်။ မနေ့က ပစ်ခတ်မှုတွေအတွင်းမှာတော့ CDM လုပ်ထားတဲ့ ကျောင်းဆရာလည်းဖြစ်တဲ့ ကာကွယ်ရေးဘက်က တစ်ယောက်ကျသွားတယ်။''လို့ မင်းကင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ ဇူလိုင် ၃ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ ကနီနယ်တွင်းနဲ့ ကနီးမြောက်ဖျားက မင်းကင်းနယ်တဝိုက်မှာပါ ဆက်လက်အင်အားတိုးချဲ့ကာရောက်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအများအပြားဟာ ရွာတွေကိုမပြန်ရဲကြဘူးဖြစ်နေတယ်လို့လည်း ဒေသခံတွေထံကသိရပါတယ်။

    မင်းကင်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, မင်းကင်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ
    မင်းကင်းနယ်ကတိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ CDM ကျောင်းဆရာ

    ဓာတ်ပုံ ရင်းမြစ်, Cj

    ဓာတ်ပုံ ပုံစာ, မင်းကင်းနယ်က တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ CDM ကျောင်းဆရာ
  3. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  4. သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ၅၀၅ (ခ) အမှု ကြားဖြတ်အမိန့်ချ, ရှေ့နေအဖွဲ့က အထက်တရားရုံးကို ပြင်ဆင်ချက် တက်မယ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ အပေါ်စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှု အတွက် သက်သေခံတင်သွင်းတဲ့စာရွက်စာတမ်း နှစ်စောင်ကို သီးသန့်တရားရုံးကသက်သေခံအဖြစ်တင်သွင်းခွင့်ကို ဒီကနေ့ ဇွန် ၂၉ ရက်ရုံးချိန်းမှာ ခွင့်ပြုလိုက်ပါတယ်။

    ဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ပြီး အထက်တရားရုံးကို ပြင်ဆင်မှုတက်မှာလည်း ဖြစ်ပါတယ်။ ဒါဟာဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲ အထက်တရားရုံးကို ပထမဆုံး ပြင်ဆင်မှုတက်တဲ့အမှုဖြစ်လာပါတယ်။

    သမ္မတအပါအဝင် သုံးဦး စွဲဆိုခံထားရတဲ့ ဒီအမှုဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ၃ ဦးလုံးထိန်းသိမ်းခံထားရချိန်မှာ ထပ်တိုးလာတဲ့အမှုတစ်ခုလည်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်မှာ နိုင်ငံခြားသံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့ခဲ့တဲ့စာကို တရားလိုဘက်က သက်သေခံအဖြစ်တင်သွင်းလာတာဖြစ်ပါတယ်။

    ဒီစာထဲမှာ စစ်အာဏာသိမ်းအစိုးရနဲ့ မပူးပေါင်းဖို့နဲ့ ဦးဝင်းမြင့်သာလျှင် သမ္မတ ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။ နောက်ထပ် သက်သေအဖြစ်တင်သွင်းလာတဲ့ စာတစ်စောင်ကတော့ ဖေဖော်ဝါရီ ၁၃ မှာ NLD က ထုတ်ပြန်တဲ့ ကြေညာချက်အမှတ် ၆/၀၂/၂၀၂၁ ဖြစ်ပါတယ်။

    ဒီကြေညာချက်ထဲမှာဆိုရင်လည်း ဥပဒေပြုရေးအာဏာဟာ CRPH မှာပဲ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်၊ညွှန်ကြားချက်နဲ့ ဥပဒေတွေဟာ တရားမဝင်ဘူးလို့ ပါရှိပါတယ်။ ဒီထုတ်ပြန်ချက် နှစ်စောင်ကို တရားလိုဘက်က သက်သေအဖြစ်တင်သွင်းလာမှုကို ဥပဒေအရာရှိက သက်သေခံအဖြစ်တင်သွင်းသင့်တယ်လို့ လျှောက်လဲချက်ပေးပြီး တရားရုံးကလည်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ကန့်ကွက်ပြီး အထက်တရားရုံးကို ပြင်ဆင်မှုတက်မှာလည်း ဖြစ်ပါတယ်။

    သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ၅၀၅ (ခ) အမှု ကြားဖြတ်အမိန့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ၅၀၅ (ခ) အမှု ကြားဖြတ်အမိန့်
  5. တောင်ငူအကျဉ်းထောင်မှာ အကျဉ်းသားနဲ့ အချုပ်သား အယောက် (၆၀) ကိုဗစ်ပိုးတွေ့

    တောင်ငူအကျဉ်းထောင်မှာ ဒီနေ့ ဇွန် (၂၉) ရက်မှာ အကျဉ်းသား၊ အချုပ်သား အယောက် (၆၀) ကိုဗစ်ပိုးတွေ့ရှိတာကြောင့် ထောင်ကို လော့ဒေါင်းချလိုက်ပြီလို့ သိရပါတယ်။

    ဒီလို ပိုးတွေ့တာကြောင့် တောင်ငူ‌ထောင်တွင်း တရားရုံးထုတ်စစ်‌ဆေးတာအပြင် ထောင်အပြင်ဘက်က တရားရုံးထုတ်စစ်ဆေးတာတွေကိုပါ မနက်ဖြန် ဇွန် (၃၀)က စပြီး နှစ်ပတ်ကြာရပ်နားလိုက်ပါတယ်။

    “ဒီနေ့ကစပြီး ရုံးမထုတ်တော့ဘူး။ ရုံးချိန်းတွေကိုတောင် ရုံးစာရေးကနေတဆင့် ရက်ချိန်းပြန်ယူရမယ်။ တောင်ငူမှာ ကျောင်းတွေကို မနေ့ကစပြီးပိတ်လိုက်ပြီ။ ဒီဇွန် ၂၇၊ ၂၈၊ ၂၉ မှာ တော်တော်များလာတယ်။ လောလောဆယ် ဒီတွေ့တဲ့အယောက် (၆၀)အပါဆို တောင်ငူမှာ ၁၀၀ကျော်သွားပြီ”လို့ တောင်ငူက ကြက်ခြေနီ တစ်ဦးလည်းဖြစ်သလို တရားလွှတ်တော်ရှေ့နေလည်း ဖြစ်တဲ့ ‌ဒေါ်သန်းသန်းဆင့်က ဘီဘီစီကို ပြောပါတယ်။

    တောင်ငူမြို့ ကြက်ခြေနီအသင်းကတော့ ဒီတနင်္လာကစပြီး ဂိတ် (၃)ဂိတ်ပြုလုပ်ကာ မြို့အဝင်၊ အထွက်တွေမှာ စစ်ဆေးမှုတွေလုပ်သွားမယ်လို့ ဆိုပါတယ်။

    Taungoo Prison

    ဓာတ်ပုံ ရင်းမြစ်, Social Media

  6. ကျိုက်လတ်မြို့မှာ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်၊ ထိခိုက်ဒဏ်ရာရသူရှိ

    ကျိုက်လတ်မြို့မှာ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်၊ ထိခိုက်ဒဏ်ရာရသူရှိ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ ဒီနေ့ ဇွန်လ ၂၉ ရက် မနက်ခင်းနဲ့နေ့လယ်ခင်းမှာ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ခဲ့ပြီး အနည်းဆုံး ၃ ဦးဒဏ်ရာရသွားတယ်လို့ မြို့ခံ တွေဆီက သိရပါတယ်။

    မနက်ခင်း ပေါက်ကွဲမှုတွေဟာ မြို့ပေါ် ၁ ရပ်ကွက်မှာရှိတဲ့ အမှတ်(၁) အထက်တန်းကျောင်း၊ ပညာရေးမှူးရုံးနဲ့ ကျိုက်လတ်မြို့ကနေ ဖျာပုံမြို့ဘက်ကို အထွက် စစ်ဆေးရေးဂိတ်တို့မှာ ၁၅ မိနစ်စီခန့်ခြားပြီး ဖြစ်ခဲ့တာလို့ သိရပါတယ်။

    အမှတ် (၁) အထက်တန်းကျောင်းအနီးဖြစ်ခဲ့တဲ့ပေါက်ကွဲမှုတွေမှာတော့ ကျောင်းတက်ချိန်ဖြစ်ပေမဲ့ ကျောင်းသူကျောင်းသားတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

    မြို့အထွက် စစ်ဆေးရေးဂိတ်မှာဖြစ်တဲ့ပေါက်ကွဲမှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်နဲ့နီးစပ်သူ တချို့က ဘီဘီစီကို ပြောပါတယ်။

  7. ကိုဗစ်ကူးစက်မှုတွေကြောင့် လော့ဒေါင်းချလာနိုင်ခြေကို ဖိလစ်ပိုင်သံရုံးသတိပေးချက်ထုတ်

    မြန်မာပြည်တွင်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အသွားအလာကန့်သတ်မှု လော့ဒေါင်းချတာမျိုးကြုံလာရင် အဆင်ပြေအောင် ၁၄ ရက်စာ အစားအစာကြိုတင်စုဆောင်းထားကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံရုံးက နိုင်ငံထဲက ဖိလစ်ပိုင်နိုင်ငံသားတွေအတွက် သတင်းထုတ်ပြန်လာပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၈ ရက်ထုတ်ပြန်ချက်အရ ကိုဗစ်နိုင်တင်းပိုးတွေ့လူနာသစ် ၁၂၀၀ ကျော်အထိရှိခဲ့တာကြောင့် ဒါဟာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကတည်းကဆိုရင် ကူးစက်မှုအမြင့်ဆုံးတွေ့ရှိမှုဖြစ်နေတယ် ဆိုတာကို သံရုံးက ထောက်ပြပါတယ်။

    ပိုးရှိ၊မရှိစစ်ဆေးနိုင်မှုနည်းပါးပြီး ရောဂါအခြေအနေစောင့်ကြည့်မှုမှာ လိုအပ်ချက်ရှိနေတာကြောင့် ကူးစက်မှုအသစ်တွေ ပိုတွေ့လာနိုင်ခြေကိုလည်း သံရုံးက ဖိလစ်ပိုင်နိုင်ငံသားတွေကို အသိပေးပါတယ်။

    ဒါ့ကြောင့် မရှိမဖြစ်လိုအပ်မှ အိမ်အပြင်ထွက်ကြဖို့ အကြံပြုသလို ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေးအလေ့အကျင့်တွေဖြစ်တဲ့ မျက်နှာဖုံးနှာခေါင်းစည်းတပ်ဆင်တာ၊ လက်ကိုမကြာခဏဆေးကြောတာနဲ့ လူချင်းခပ်ခွါခွါနေထိုင်ကြဖို့ကိုလည်း သံရုံးက အကြံပြုထားပါတယ်။

  8. မတ်ပဲနဲ့ပဲစင်းငုံကို ငါးနှစ်ဆက်တိုက်ဝယ်ဖို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ အိန္ဒိယတို့ လက်မှတ်ထိုး

    မြန်မာနိုင်ငံကထွက်ရှိတဲ့ မတ်ပဲနဲ့ပဲစင်းငုံ စုစုပေါင်း တန်ချိန် ၃ သိန်းခွဲကို ဒီနှစ်ကစလို ငါးနှစ်ဆက်တိုက် အိန္ဒိယနိုင်ငံကို တင်ပို့နိုင်ရေး ဇွန်လ ၁၈ ရက်နေ့က နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

    အိန္ဒိယ အစိုးရအနေနဲ့ နှစ်စဉ် မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနဲ့ပဲစင်းငုံတန်ချိန် ၁ သိန်းကို နှစ်စဉ် ပုဂ္ဂလိကုန်သွယ်မှုကနေ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အိန္ဒိယအစိုးရနဲ့မြန်မာအစိုးရကြား မတ်ပဲနဲ့ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့၂၀၁၆ ခုနှစ်ကစတင်ဆောင်ရွက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကစလို့ Covid-19 ကပ်ရောဂါ ကူးစက်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရပြီး ပဲအထွက်နှုန်းလည်း လျော့ကျခဲ့တဲ့အတွက် ပြည်ပနိုင်ငံတွေကနေ ပဲပိုမိုတင်သွင်းဖို့လုပ်ဆောင်လာတာဖြစ်တယ်လို့ ပဲကုန်သည်အချို့ကဆိုပါတယ်။

    ဒီနှစ်ဆောင်းရာသီ ပဲသီးနှံပေါ်တဲ့အချိန်မှာတော့ အာဏာသိမ်း ဖြစ်ပွားအပြီး မြန်မာမှာ ဘဏ်တွေကနေ ငွေထုတ်ယူရအခက်အခဲကြီးကြီးမားမားရှိလာခဲ့တဲ့နောက် မတ်ပဲဈေးဟာ အရင်နှစ်ကထက် လျော့နည်းသွားခဲ့ပါတယ်။

    ဒါ့အပြင်ပြည်ပကိုတင်ပို့တဲ့ကုန်သေတ္တာ (ကွန်တိန်နာ) ငှားရမ်းခ ဈေးနှုန်းတွေကြီးမြင့်လာတဲ့အတွက် ပြည်ပဝယ်လိုအားရှိပေမဲ့လည်း ပဲဈေးသိသိသာသာ တက်မလာခဲ့ဘူးလို့လည်း ကုန်သည်အချို့ကဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်မိုးဒီဦးဆောင်တဲ့အစိုးရတက်လာပြီးနောက်ပိုင်း သူ့နိုင်ငံအတွက်လိုအပ်တဲ့ မတ်ပဲနဲ့ပဲစင်းငုံကို ထွက်ရှိတဲ့ တခြားပြည်ပနိုင်ငံတွေက ကိုတာစနစ်နဲ့ဝယ်ယူလာတာဖြစ်ပါတယ်။

    Myanma Beans

    ဓာတ်ပုံ ရင်းမြစ်, Myanmar Web Portal

    Myanma Bean
  9. ကျိုက်လတ် အ.ထ.ကနဲ့​ပညာရေးမှူးရုံအနီး ပေါက်ကွဲမှုဖြစ်

    ကျိုက်လတ် အ.ထ.ကနဲ့​ပညာရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဧရာဝတီတိုင်း​ဒေသကြီး၊ကျိုက်လတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနဲ့ မြို့နယ်ပညာရေးမှူးရုံးအနီးမှာ ဒီကနေ့ ဇွန်၂၉ရက် မနက်ပိုင်းက ပေါက်ကွဲသံ ၃ကြိမ်ကြားခဲ့ရတယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ကျောင်းတက်အပြီး မနက် ၁၀နာရီခွဲကျော်ဝန်းကျင်လောက်မှာ ပေါက်ကွဲဲသံတွေကို ကျောင်းဘက်ကနေ စကြားခဲ့ရတာလို့ သိရပါတယ်။

    “ စာသင်ကျောင်းမှာက အိမ်သာအနောက်ဘက်နားမှာပေါက်တာလို့ ပြောကြတယ်။ ကလေးတွေတော့အထိခိုက်မရှိဘူး။ ပညာရေးမှူးရုံးက ကျောင်းနဲ့ဝေးတယ် တနေရာစီ ။ ကျောင်းဘက်က ပေါက်သံကြားရပြီးမှ ပညာရေးမှူးရုံးဘက်ကကြားရတာ။ ကလေးတွေကိုတော့ မိဘတွေလာပြန်ခေါ်သလို ကျောင်းကလွှတ်ပေးတာကိုလည်းတွေ့ရတယ်။ "လို့ မြို့ခံတစ်ဦးကပြောပါတယ်။

    ပေါက်ကွဲမှုကြောင့် လူထိခိုက်မှူမရှိဘူးလို့လည်းမြို့ခံတွေကပြောပါတယ်။ လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိပြီးစစ်ဆေးတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်။

  10. တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

    တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

    ဓာတ်ပုံ ရင်းမြစ်, Bahan Informantion

    ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

    ''ဒီနေ့ ၁၁ နာရီကျော်ကျော်လောက်မှာ ၄၊၅၊၆ ချက်လောက်စပစ်သံကြားတယ်။ ဘာကို ပစ်တာလဲတော့မသိဘူး။ လယ်ယာရွှေမြေလမ်း ဘက်ကနေ တက်လာပြီးတော့ အဲဒီလမ်းပေါ်မှာရှိတဲ့ ဇေယျသုခလမ်းထိပ်မှာ တော်တော်လေးကြာကြာလှည့်နေတယ်။ အခုထိရှိနေကြသေးတယ်''လို့ မေတ္တာညွန့်ရပ်ကွက်ထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    ပစ်ခတ်မှုတွေအပြီး မိနစ်ပိုင်းအကြာ ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဇေယျသုခလမ်းထိပ်နားမှာရှိတဲ့ ဟိုတယ်တစ်လုံးပေါ် တက်ရှာတာမျိုးရှိတယ်လို့လည်း သိရပါတယ်။

    အဲဒီအချိန်အတွင်း အနီးနားမှာရှိတဲ့လမ်းထဲက တိုက်ခန်းတွေကို အပြင်ထွက်မကြည့်ဖို့၊ ဆဲဆိုကြိမ်းမောင်းနေတာမျိုးလည်းရှိတယ်လို့သိရပါတယ်။

    ဒါပေမဲ့ ဇေယျသုလမ်းနဲ့တစ်လမ်းကျော် သမာဓိလမ်းနဲ့လယ်ယာရွှေမြေလမ်းထောင့်မှာ ဖြတ်သွားဖြတ်လာကားတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောထားပါတယ်။

    စစ်ကောင်စီတပ်တွေ အခုရောက်နေတဲ့နေရာဟာ တာမွေမြို့နယ် ထွေအုပ်ရုံး၊ တရားရုံးတွေရှိတဲ့အဝေရာလမ်းနဲ့ နီးပြီး စစ်ကောင်စီတပ်တွေဟာ အစောပိုင်း လတွေတုန်းက အဲဒီရုံးတွေရှေ့က မူလတန်းကျောင်းမှာ တပ်စွဲထားခဲ့တယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

  11. ချင်းပြည်နယ်က ကိုဗစ်ကူးစက်မှုမှာ သေဆုံးသူတွေထဲ ခရစ်ယာန်သင်းအုပ်ဆရာတွေလည်းပါဝင်လာ

    ကလေးမှာဆို ရောဂါကူးစက်မှုကာကွယ်ဖို့ သင်းအုပ်ဆရာတွေ သုဿန်မှာပဲစောင့်ပြီး ဆာလံနဲ့ကောင်းချီးပေးတော့မယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ကလေးမှာဆို ရောဂါကူးစက်မှုကာကွယ်ဖို့ သင်းအုပ်ဆရာတွေ သုဿန်မှာပဲစောင့်ပြီး ဆာလံနဲ့ကောင်းချီးပေးတော့မယ်လို့ဆို

    ကိုဗစ်နိုင်တင်းရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ပျံ့ပွားမှုတွေကြောင့် လိုအပ်မှ နေအိမ်ပြင်ပထွက်ရမယ့်(Stay at Home) အစီအစဉ်ချမှတ်ခံထားရတဲ့မြို့နယ် ၅ ခုအထိရှိနေတဲ့ ချင်းပြည်နယ်မှာ ဗိုင်းရပ်စ် ကူးစက်ခံရလို့သေဆုံးသူတွေထဲ ခရစ်ယာန်သင်းအုပ်ဆရာအရေအတွက်လည်း တိုးလာနေပါတယ်။

    ဆေးရုံရောက်လူနာပေါင်း ၂၂၀ ကျော်ကို ကုသပေးနေရတဲ့ တီးတိန်မြို့မှာ ဆိုရင်လည်း သင်းအုပ်ဆရာ ၂ ဦး ကိုရိုနာဗိုင်းရက်စ်ကူးစက်ခံရပြီးသေဆုံးခဲ့ပါတယ်။

    ''ချင်းပြည်နယ်မှာက ဘုရားကျောင်းတက်ကြတယ်လေ။ နယ်မြေဒေသကလည်း အေးတဲ့အခါကျတော့ ဘုရားကျောင်းကအမြဲလိုလို အလုံပိတ်ထားတယ်။ ပြီးတော့ paster(သင်းအုပ်ဆရာ)တွေက စင်ပေါ်မှာ သပ်သပ်ထိုင်ရတယ်။ မိုက်တစ်လုံးတည်းကို သုံးရတယ်။ အဲဒါတွေကြောင့်လို့ ထင်တာပဲ'' လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    ပညာရှင်တွေရဲ့တွေ့ရှိချက်အရ ဗိုင်းရပ်စ်ပိုးရဲ့သဘောသဘာဝဟာ လေထုထဲကနေ ပျံ့နှံ့ပြီး အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တာကြောင့် အလုံပိတ်အခန်းတွေဟာ ရောဂါပိုးစက်နိုင်ခြေမြင့်တဲ့အခြေအနေရှိတယ်ဆိုတာကို သူကပြောသွားတာပါ။

    ချင်းပြည်နယ်ထဲက ဟားခါးမြို့မှာလည်း ကိုဗစ်ကြောင့် အသက် ၄၇ နှစ်အရွယ် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်တုန်းက သေဆုံးခဲ့ပါတယ်။

    ဒါ့ပြင် ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်တုန်းကလည်း ဖလမ်းမြို့မှာ ကိုဗစ်ကူးစက်ခံရလို့ အသက် ၃၃ နှစ်အရွယ် သင်းအုပ်ဆရာတစ်ဦး ကွန်လွန်ခဲ့ဖူးပါတယ်။

    ကိုဗစ်တတိယလှိုင်းပျံ့နှံ့မှုမှာ ကူးစက်မှုတွေမြင့်မားခဲ့တဲ့ ချင်းပြည်နယ်ထဲက တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တွေကို ကျန်းမာရေးဝန်ကြီးဌာနက stay at home ကြေညာထားပါတယ်။

    ဒါ့ပြင် တီးတိန်မြို့နယ်နဲ့နယ်စပ်၊ စစ်ကိုင်းတိုင်းထဲမှာ ပါဝင်တဲ့ ကလေးမြို့နယ်မှာလည်း ကိုဗစ်ကူးစက်မှုအသစ်တွေကြောင့် အတည်ပြုလူနာရော၊ သံသယလူနာတွေပါ ပေါင်းရင် သေဆုံးသူ ၁၀၀ ကျော်အထိ ရှိလာပြီး အဲဒီထဲမှာ သင်းအုပ်ဆရာတွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီလိုအခြေအနေတွေကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဖို့ ကလေးမြို့မှာ နာရေးရှိရင် သင်းအုပ်ဆရာတွေက နာရေးအိမ်အထိ မလိုက်တော့ဘဲ သုသာန်မှာပဲ စောင့်ပြီး ဆာလံနဲ့ကောင်းချီးပေးတော့မယ်လို့ မြို့ခံ ခရစ်ယာန်ကျောင်းထိုင်းဆရာတော်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပူးတွဲကြေညာချက်ထုတ်ခဲ့ပါတယ်။

  12. ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌကို စစ်တွေမြို့ပေါ်မှာ လက်နက်ကိုင်တွေ ကားနဲ့လာဖမ်းသွား

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ဇွန်လ ၂၈ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ စစ်တွေမြို့နယ်ယာယီဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရတဲ့ ဦးဇော်ဝင်းထွန်းဟာ ဒီကနေ့နေ့လယ် ၁ နာရီကျော်က လေးတန်းကျောင်းသူ သမီးလေးကို ကျောင်းပို့လာစဉ် အိုးတန်းရပ်ကွက်မှာရှိတဲ့ မူလတန်းကျောင်းရှေ့မှာ လက်နက်ကိုင်ဆောင်ထားသူ တစ်စုက ကားနဲ့ရောက်လာပြီး လက်ထိတ်ခတ်ကာ ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ဦးဇော်ဝင်းထွန်းဟာ ရခိုင်မျိုးချစ်ပါတီ APP ရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနဲ့ပူးပေါင်းခဲ့ပြီး လက်ရှိမှာ ALD ပါတီစစ်တွေမြို့နယ် ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။

    သူဖမ်းဆီးခံလိုက်ရတာ ဟုတ်မှန်ကြောင်းနဲ့ သမီးကိုကျောင်းသွားပို့တဲ့အချိန်မှာဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်တယ်လို့ ALD စစ်တွေမြို့နယ် ယာယီအတွင်းရေးမှူး ဦးခင်မောင်ထွန်းက အတည်ပြုပြောဆိုပါတယ်။

    “ဖမ်းဆီးခံရတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဘယ်သူတွေဖမ်းသွားလဲ၊ ဘာကြောင့်ဖမ်းတယ် ဆိုတာကိုတော့ မသိရသေးဘူး။ ကျွန်တော်တို့က နိုင်ငံရေးပဲ လုပ်နေကြတဲ့သူတွေပါ။ တခြားကိစ္စတွေလည်းမရှိဘူးဆိုတော့ နိုင်ငံရေးလုပ်နေတဲ့လူတွေကိုတော့ ဒီလိုမျိုးဖမ်းဆီးတာကတော့ မဖြစ်သင့်ဘူးပေါ့။”လို့ ဦးခင်မောင်ထွန်းက ပြောပါတယ်။

    လက်ရှိမှာ ဦးဇော်ဝင်းထွန်းမှာ အမျိုးသမီးက မင်းပြားမြို့မှာနေထိုင်လျက်ရှိပြီး သမီးဖြစ်သူနဲ့ စစ်တွေမြို့မှာနေထိုင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းကလည်း စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှာ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လက်နက်ကိုင်ဆောင်သူ တစ်စုရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ စစ်တွေမြို့နယ်ယာယီဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်း

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ စစ်တွေမြို့နယ်ယာယီဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်း
  13. ရေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

    မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဇွန်လ ၂၈ ရက်နေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတို့ထံမှ သိရကြောင်း Dawei Watch က ရေးပါတယ်။

    နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇွန်လ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းက အမည်မသိလူနှစ်ယောက်က လာရောက်ခေါ်ဆောင်သွားပြီးနောက် ရေး-မော်လမြိုင်လမ်းမကြီးဘေး ဆေးတောင်လမ်းဝအနီးမှာ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည် းသိရပါတယ်။

    “ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဆိုတော့ ပစ်သတ်သွားတယ်လို့ပဲ ယူဆရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ရေးမြိုနယ်မှာ အခုလို ပစ်သတ်ခံရတဲ့ ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ဇွန်လ ၂၄ ရက်နေ့က ရေးမြို့နယ် ဟံဂံကျေးရွာအနီး လူတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

    ဒါ့အပြင် ဇွန်လ ၁၄ ရက်နေ့ကလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းရှေ့မှာ ရပ်မိရပ်ဖတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

    စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အပြင် စာသင်ကျောင်းတွေမှာ ဗုံးတွေ့ရှိမှုတွေ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Dawei Watch

  14. ဇွန်လ ၂၈ရက်နေ့ မန္တလေး မှာ ကိုဗစ်-၁၉ရောဂါနဲ့ လေးဦးသေဆုံး

    ဇွန်လ ၂၈ရက်နေ့ မန္တလေးမြို့မှာ ကိုဗစ်-၁၉ရောဂါနဲ့ သေဆုံးသူ လေးဦးရှိခဲ့လို့ အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံက တစ်ဆင့် သိရပါတယ်။

    ဇွန်လ ၂၈ ရက်နေ့က သေဆုံးသူ လေးဦးရှိခဲ့ပေမယ့် မနေ့ကလလည်းတစ်ဦးသေဆုံးခဲ့တယ်လို့ သူတို့ကပြောပါတယ်။

    " ဆေးရုံကြီးကနေ သေဆုံးလူနာကို ပို့ခိုင်းလို့ ပို့ပေးရတာ။ မနေ့က သေဆုံးလူနာပါ ဆေးရုံကြီးက သယ်ပြီး နှစ်ရက်စာ ပေါင်းသင်္ဂြိုဟ် တာပါ"လို့ ပရဟိတ မင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက‌ပြောပါတယ်။

    မန္တလေး အေးရိပ်ငြိမ် သုသာန်မှာ ကို‌ဗစ်-၁၉ နဲ့သေဆုံးသူ ဘုန်ကြီးနှစ်ပါး အမျိုးသမီး သုံးဦးကို တို့ကို သင်္ဂြိုဟ်ပေးခဲ့တာဖြစ်ပါတယ်။

    ကိုဗစ်-၁၉ နဲ့ သေဆုံးခဲ့တဲ့ လူနာတွေကို အရင်က နေ့ခြင်းသင်္ဂြိုဟ်ပေမယ့် အခုအခါမှာ ကိုဗစ်ကုသပေးတဲ့ လူနာသေဆုံးတဲ့ဆေးရုံကနေ အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ရပြီး အဲ့ဒီကနေ သေဆုံး ကြောင်း လက်မှတ်ထုတ်ပေးပြီး လူမှုကူညီရေးအသင်းကို ဆက်သွယ်မှ သင်္ဂြိုဟ်ပေးရတယ်လို့ သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေး အသင်း

  15. နေပြည်တော် ခြံအမှတ်(၁)က ပို့သတဲ့ မေတ္တာ

  16. လက်နက်ကိုင်တော်လှန်မှုတွေ အနှံ့အပြား ရှိလာနေတာကြောင့် စိုးရိမ်စရာ ဖြစ်လာနေကြောင်းICG သတိပေး

    စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကစလို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ပဋိပက္ခတွေ ပျံ့နှံ့လာခဲ့ရာမှာ အခုအခါ ကျေးလက်မှာရော၊ မြို့ပြမှာပါ ပြည်သူတွေ လက်နက်ကိုင်စွဲ တော်လှန်တိုက်ခိုက်လာနေကြပြီး ထိန်းမနိုင်သိမ်းမရ မင်းမဲ့အခြေအနေမျိုး တဖြည်းဖြည်း ရောက်လာနေပြီလို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ International Crisis Group (ICG) က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

    တချို့က တူမီးသေနတ်တွေ၊ အိမ်လုပ်လက်နက်တွေနဲ့ တိုက်ခိုက်နေကြတာ ဖြစ်ပေမဲ့ တချို့ကတော့ အခုအခါ ပိုကောင်းမွန်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်လာနေကြပြီမို့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေဘက်မှာ ထိခိုက်သေဆုံးမှုတွေ ပိုကြီးမားလာစေခဲ့တာပါ။

    အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေဘက်က ဘယ်သူဘယ်ဝါ မရွေးဘဲ လူနေထိုင်တဲ့ဒေသတွေကို အမြောက်တွေနဲ့ လှမ်းပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေမျိုးတွေနဲ့ တုံ့ပြန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    "Taking Aim At The Tatmadaw: The New Armed Resistance To Myanmar's Coup""တပ်မတော်ကို ပစ်မှတ်ထားရင်း-စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်မှုသစ်" လို့်အဓိပ္ပာယ်ရတဲ့ ICG ရဲ့ အဲဒီအစီရင်ခံစာထဲမှာ အဏာသိမ်း စစ်ကောင်စီရဲ့ တွေ့ရမရှောင် ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး၊ အမျိုးသား ကလေးငယ် သိန်းနဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

    လုံခြုံရေးအခြေအနေအရရော၊ စစ်တပ်ရဲ့ ဖမ်းဆီးခံရမှု၊ ကယ်ဆယ်ရေး အထောက်အပံ့တွေ သိမ်းဆည်းခံရမှု၊ အထောက်အပံ့ ပို့ပေးဖို့ ကြိုးစားသူတွေ သတ်ဖြတ်ခံရမှု အပါအဝင် အဲဒီနေရာဒေသတွေကို သွားရောက်ခွင့် ပိတ်ပင်ခံထားရမှုမျိုးလို ကန့်သတ်ချက်တွေကြောင့် ဒေသန္တရ ကွန်ရက်အဖွဲ့တွေ၊ ကယ်ဆယ်ရေး အေဂျင်စီတွေအနေနဲ့ အဲဒီဒုက္ခသည်တွေကို လုံလောက်တဲ့ အကူအညီတွေ မပေးနိုင်ဘူး လို့ ဆိုပါတယ်။

    ဒေသခံတွေနဲ့ ကြုံသလို ဖွဲ့ထားတဲ့ အရပ်သားအဖွဲ့လို အဖွဲ့မျိုးတွေကနေ အခုအခါ ပိုစနစ်တကျနဲ့ ပိုကောင်းတဲ့ လက်နက်တွေ ကိုင်ဆောင်ထားပြီး အထောက်အပံ့တွေကောင်းကောင်း ရှိနေတဲ့ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ အလျင်အမြန် ပေါ်ထွန်းလာခဲ့တာဟာ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ အဆင့်သစ်တစ်ရပ် တက်လှမ်းလာတဲ့ လက္ခဏာဖြစ်တယ်လို့ အဲဒီအစီရင်ခံစာမှာ သတိပေးထားပါတယ်။

    တပ်မတော်အနေနဲ့ အင်အားအလွန်အကျွံ မသုံးဖို့၊ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ခွဲခြားသိရှိဖို့နဲ့ စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးအထောက်အပံ့တွေကို အတားအဆီး အကန့်အသတ်မရှိ သွားရောက် ထောက်ပံ့ခွင့် ပြုဖို့ ဆိုတဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို လိုက်နာသင့်တယ်လို့လည်း ICG အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကို တန်ပြန် အကျိုးတွေနဲ့ ရင်ဆိုင်ရအောင် အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂ အပါအဝင် ပြည်ပက ကမ္ဘာ့နိုင်ငံတွေမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

    တခါ အခုအသစ်ဖွဲ့စည်းလိုက်တဲ့ အရပ်သား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ညှင်းပန်း နှိပ်စက်တာမျိုး၊ အထူးသဖြင့် သတ်ဖြတ်တာမျိုးတွေကို ရှောင်ကြဉ်ဖို့ လိုတယ်လို့လည်း နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICG ရဲ့ အစီရင်ခံစာမှာ တိုက်တွန်း ဖော်ပြထားပါတယ်။

    လက်နက်ကိုင် အရပ်သားတပ်ဖွဲ့၊ PDF၊ ICG

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒေသခံတွေ လက်နက်ကိုင်စွဲ တိုက်ခိုက်လာ
  17. မိုးကုတ်မှာ ဖခင်ကိုယ်စားအဖမ်းခံရသူ မိခင်နဲ့အတူပါသွားတဲ့ကလေးငယ် အချုပ်ကျနေတာ သီတင်း ၂ ပတ်ကျော်ပြီ

    မိုးကုတ်မြို့ အရှေ့ပိုင်း ဗမွန်ရွာက သပိတ်ခေါင်းဆောင်အိမ်ကို ရဲက ဝရမ်းလာကပ်ချိန် အလိုရှိသူကိုမတွေလို့ မိသားစုဝင်တွေကို ဖမ်းသွားချိန် မိခင်နဲ့အတူပါသွားတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်ဟာ အခုဆို အချုပ်ထဲရောက်နေတာ သီတင်းနှစ်ပတ်ကျော်အထိရှိနေပြီဖြစ်ပါတယ်။

    ဒီနေ့ ဇွန်လ ၂၈ ရက်ဟာ အဲဒီကလေးငယ်ရဲ့မွေးနေ့ဖြစ်ပြီး ဒီနေ့မှာ အသက်လေးနှစ်တင်းတင်းပြည့်ပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    စစ်ကောင်စီက သပိတ်ခေါင်းဆောင်ဦးစိုးဌေးကို ပုဒ်မ ၅၀၅ ကနဲ့ ဝရမ်းထုတ်ပေမဲ့ သူ့ကို မတွေ့လို့ ဖမ်းဆီးခေါ်ဆောင်ခံသွားရတဲ့ ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူ တက္ကသိုလ်ကျောင်းသူတို့ ၂ ဦးဟာ ပုဒ်မတပ်ခံရပြီး ရဲစခန်းမှာ အချုပ်ရမန် ၂ ပတ်ယူခံထားရပါတယ်။

    ဒါ့ကြောင့် မိခင်နဲ့အတူပါသွားတဲ့ လေးနှစ်အရွယ် ကလေးငယ်ဟာလည်း အတူအချုပ်ကျနေတဲ့သဘောဆောင်နေပါတယ်။

    ဘာပုဒ်မတပ်တယ်ဆိုတာမသိရဘဲ ဦးစိုးဌေးရဲ့သမီးဖြစ်သူ ဒုတိယနှစ် ဥပဒေကျောင်းသူက အွန်လိုင်းပေါ်တင်တဲ့အကြောင်းအရာကြောင့် သူ့ဇနီးရော၊သမီးပါ တစ်မှုတည်း ပုဒ်မတပ်ထားတယ်ဆိုတာပဲသိရတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

    လက်ရှိမှာ ဦးစိုးဌေးရော၊ သားဖြစ်သူနှစ်ယောက်ပါ တိမ်းရှောင်နေရတာကြောင့် ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေ ကိုယ်တိုင်သွားမတွေ့နိုင်ဖြစ်နေသလို သွားတွေ့ခွင့်ရခဲ့တဲ့ဆွေမျိုးတစ်ချို့ဟာလည်း ရမန်ချုပ်ရက်ကာလအတွင်း နောက် တစ်ကြိမ်တွေ့ဆုံခွင့် မရတော့ဘူးလို့ သိရပါတယ်။

    အခုလို ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်အောင် အစောပိုင်းတုန်းက အသနားခံစာတင်ခဲ့တာမျိုးရှိပေမဲ့ သက်ဆိုင်ရာဆက်သွယ်နိုင်တဲ့ဖုန်းတွေကို ဆက်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ဘူးလို့ ဖမ်းဆီးခံရမှာစိုးရိမ်ပြီး တိမ်းရှောင်နေတဲ့ ဦးစိုးဌေးရဲ့သားတစ်ဦးက အစောပိုင်းတုန်းက ပြောထားပါတယ်။

    စစ်ကောင်စီဘက်က ဝရမ်းထုတ်ခံထားရသူကို မတွေ့ရင် မိသားစုဝင်တွေကို ဖမ်းဆီးတဲ့သာဓကတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးက ပြောထားဖူးပါတယ်။

    မိခင်ဖြစ်သူ အချုပ်ထဲရှိနေတာကြောင့် မိခင်နဲ့အတူပါသွားတဲ့ လေးနှစ်အရွယ် ကလေးငယ်ဟာလည်း အတူအချုပ်ကျနေတဲ့သဘောဆောင်နေပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိခင်ဖြစ်သူ အချုပ်ထဲရှိနေတာကြောင့် မိခင်နဲ့အတူပါသွားတဲ့ လေးနှစ်အရွယ် ကလေးငယ်ဟာလည်း အတူအချုပ်ကျနေတဲ့သဘောဆောင်နေပါတယ်။
  18. မုံရွာမြစ်ဆိပ်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့

    မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်း မုံရွာတောင် ဇက်ဆိပ်အနီးမှာ ယနေ့ (ဇွန်-၂၈)ရက် မနက်က လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ မုံရွာမြို့က လူမှုကူညီရေး အသင်းက တစ်ဆင့််သိရပါတယ်။

    သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာကို အခုချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    မုံရွာမြို့အနီး ချင်းတွင်းမြစ်ဆိပ်တွေက အခု အမျိုးသား အလောင်းအပါအဝင် တစ်ပတ်အတွင်း လူသေအလောင်း ၃လောင်း ဆယ်ယူခဲ့ရရှိခဲ့တယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူတွေဆီ‌က သိရပါတယ်။

    ဇွန်-၂၆ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း တိုင်းလွှတ်တော် နဲ့ဂေါက်ကွင်းကြား ချင်းတွင်းမြစ်အတွင်းက အမျိုးသားအလောင်းတစ်လောင်း ဆယ်ယူရရှိခဲ့ပါတယ်။

    ဇွန်-၂၃ မနက်ကလည်း ဘုရားကြီးရပ် ချင်းတွင်း မြစ်ဆိပ်မှာ အမျိုးသမီးတစ်ဦးအလောင်းကိုဆယ်ယူရရှိခဲ့ပါတယ်။

    အလောင်းတွေဟာ ပိုင်ရှင်မပေါ်တဲ့ အလောင်းတွေဖြစ်တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)

  19. မုံရွာမြို့ အဝင် အမြင့်လမ်းခွဲမှာ ဗုံးကွဲ

    မုံရွာမြို့ အဝင် ဗိုလ်ချုပ်လမ်းဘေးအမြင့်လမ်းခွဲမှာ ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်တွေ‌ရောက်ရှိနေစဥ် ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီနေရာဟာ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်၊ကားတွေကို စစ်ဆေးပြီး ၊ ရှာဖွေတဲ့ စုရပ်နေရာတစ်ခုလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အနည်းဆုံး စစ်သား တစ်ဦး၊ရဲတစ်ဦးမှာ ဝမ်းဗိုက် နဲ့ မျက်နှာမှာ ထိမှန် ဒဏ်ရာရပြီး မုံရွာမြို့အဓိကလမ်းမကြီးဗိုလ်ချုပ်လမ်းနဲ့ အပြိုင်ဖောက်လုပ်ထားတဲ့ ပြည်ထောင်စုလမ်းမ အတိုင်း မုံရွာဆေးရုံကို ကားနဲ့ သယ်သွားတာကို မြင်လိုက်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်တဲ့ အမြင့်လမ်းခွဲရှိ တော်ဝင်ကျောက်စိမ်းဟိုတယ်အနီးကို စစ်တပ်ကားတွေ ထပ်မံရောက်ရှိနေပြီး နတ်လူထိပ္ပန်ရပ်၊ရွှေကုန်းရပ်မှ လူတစ်ချို့မှာ ကြောက်လန့်ပြီးနေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေကြတယ်လို့လည်း မုံရွာမြို့ခံတွေကပြောပါတယ်။

    စစ်အာဏာသိမ်းပြီး နောက် မုံရွာမြို့အတွင်း စစ်ဆေးနေတဲ့ စစ်ဆေးရေးအဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီး နောက် မုံရွာမြို့အတွင်း စစ်ဆေးနေတဲ့ စစ်ဆေးရေးအဖွဲ့
  20. ရွှေဆံပင်တံတားကျောင်းမှာ ကိုဗစ်ပိုးကူးစက်ခံရသူ ၂၆ ဦးအထိတွေ့

    ရွှေဆံပင်တံတားကျောင်းမှာ ကိုဗစ်ပိုးကူးစက်ခံရသူ ၂၆ ဦးအထိတွေ့

    ဓာတ်ပုံ ရင်းမြစ်, ပုလဲပြည်သူ့ကျန်းမာရေးဦးစီးဌာန

    စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲက ရွှေဆံပင်တံတားကျောင်းစခန်းမှာ နေထိုင်သူတွေကို ကိုဗစ်ပိုးရှိ၊ မရှိ ဒီနေ့ ဇွန်လ ၂၈ ရက်မနက်ပိုင်းတုန်းက စစ်ဆေးခဲ့ရာမှာ လူ ၂၆ ဦးမှာ ပိုးတွေ့ခဲ့ပါတယ်။

    ကျောင်းစခန်းမှာရှိတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းနဲ့ သီလရှင် စုစုပေါင်း ၁၅၀ ဦးကို စစ်ဆေးခဲ့ရာမှာ ၂၆ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရတာတွေ့ခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနကလည်း လူမှုကွန်ယက်ကနေ သီတင်းထုတ်ပြန်ပါတယ်။

    ''ဘုန်းဘုန်းတို့က သာရေး၊ နာရေး ပရဟိတလည်းလုပ်တော့ ကားတွေဘာတွေ အကူအညီတောင်းရင် လိုက်ကူညီပေးတာရှိတယ်။ အဲဒါ ကျောင်းက ပရဟိတကားမောင်းဆရာတစ်ယောက် အနံ့ပျောက်လို့ ကိုယ့်အသိနဲ့ကိုယ် မုံရွာမှာ ဆေးသွားစစ်တာ ပိုးတွေ့တယ်။ အဲဒါ ၂၅ ရက်နေ့ကပေါ့။ ပြီးတော့ တနေ့တည်းပဲ ထိတွေ့သူတွေကို သံသယရှိလို့ ထပ်စစ်တာ ၄ ဦးထပ်တွေ့တယ်။ ကျောင်းဝန်းထဲဆိုတော့ အသွားအလာအထိအတွေ့ရှိတယ်လေ။ ဒါနဲ့ သူတို့နဲ့ထိတွေ့ဆက်စပ် သူတွေကို ဒီနေ့မှာ ပုလဲကျန်းမာရေးဌာနက လာစစ်ပေးတော့ ပိုးတွေ့သူ တိုးလာတာ''လို့ ရွှေဆံပင်ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

    လက်ရှိမှာ ပိုးတွေ့သူတွေထဲ ရောဂါလက္ခဏာဆိုးဆိုးရွားရွားပြသူမရှိသေးသလို ကျောင်းဝန်းထဲမှာ အဆောင်တွေရှိတာကြောင့် အဲဒီအဆောင်တွေမှာပဲ ပိုးတွေ့သူတွေကို အမျိုးသားသပ်သပ်၊ အမျိုးသမီးသပ်သပ် ခွဲထားစောင့်ကြည့်နေထားတယ်လို့လည်း ဆရာတော်ကမိန့်ပါတယ်။

    ကျောင်းစခန်းမှာ ပုံမှန်ပညာသင်နှစ်ဆို တိုင်းရင်းသားနယ်တွေကလာတဲ့ ကျောင်းအိပ်ကျောင်းစားကလေးတွေနဲ့ ပညာဒါနသင်တန်းတွေလာတက်တဲ့သူ ၃၀၀ ကျော်အထိရှိပေမဲ့ လက်ရှိကိုဗစ်ကာလကြောင့် ကျောင်းမှာနေထိုင်သူ နည်းနေတယ်လို့လည်း သိရပါတယ်။