တပ်မတော်ကို မုန်းလည်းမမုန်းဘူး၊ ရွံလည်းမရွံဘူး - NLD ဦးဝင်းထိန်ရဲ့ သံသရာတကွေ့

ဓာတ်ပုံ ရင်းမြစ်, STR
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်က သူ့ဘဝ မှတ်တမ်းကို ရေးသားထုတ်ဝေလိုက်ပါတယ်။ သူ့ဘဝမှာ ဘဝတွေ မထင်မှတ်ဘဲ အပြောင်းအလဲတွေ ကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
စစ်သား၊ စီးပွားရေး သမားနဲ့ နိုင်ငံရေးသမား ဘဝတွေကို ကြုံခဲ့တဲ့ ဦးဝင်းထိန်ဟာ ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့အတူ နိုင်ငံတော်လုပ်ကြံမှုမှာ ပါဝင်ခဲ့လို့ ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။
နောက် စီးပွားရေး အောင်မြင်နေချိန်မှာ ဆရာရင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးကြောင့် နိုင်ငံရေးထဲ ပါလာပြီး နှစ်ရှည်ထိန်းသိမ်းခံခဲ့ရပါတယ်။ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်၊ အခြေခံဥပဒေ မဆွဲဘူးဆိုတဲ့ နဝတ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်စကားကို ယုံမိတာလို့လည်း သူက ပြောပါတယ်။
အညာကျေးလက်ကလာ
မိတ္ထီလာနားက ရွာတရွာမှာ ဆရာတော် လူဝင်စားဖြစ်ခဲ့တယ် ဆိုတဲ့ ဦးဝင်းထိန်ဟာ သစ်တောရုံးမှာ အောက်တန်းစာရေး လုပ်ခဲ့ဖူးသလို ဆယ်တန်းအောင်ပြီးနောက် မေမြို့ စစ်တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။
၁၉၅၉ က ၁၉၆၃ ထိ စစ်တက္ကသိုလ်စာမေးပွဲမှာ လတိုင်း ပထမရခဲ့သူ ဖြစ်သလို အောင်စစ်သည်ဆုနဲ့ စာပေထူးချွန်ဆု ပူးတွဲပြီး ပထမဆုံး ရခဲ့သူ ပါ။
မြန်မာနိုင်ငံမှာ ပေါ်ထွန်းစ စစ်တက္ကသိုလ်ကနေ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရ ခေါင်းဆောင်တွေ အများအပြား ပေါ်ထွက်ခဲ့သလို ဦးဝင်းထိန်လို နိုင်ငံရေးသမားတွေလည်း ထွက်လာခဲ့ပါတယ်။
တပ်မတော် အရာရှိဘဝမှာလည်း သူဟာ နှလုံးသားနဲ့ စစ်တာဝန်တွေ ကြုံခဲ့ရပါတယ်။ သူ့ချစ်သူ မိန်းကလေးကို သူ့အိမ်က သဘောတူတဲ့သူနဲ့ ပေးစားမှာကို အချိန်လွန်မှ သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ချစ်သူပို့တဲ့စာကို နှစ်လနောက်ကျမှ ရခဲ့တာပါ။
နောက် ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုနဲ့ ဆက်စပ်ပြီး တပ်က အနားပေးခံခဲ့ရပြီးနောက် စီးပွားရေး လောကထဲ ရောက်ခဲ့ပါတယ်။ တပ်ကနေ အချုပ် ခြောက်လနဲ့ ထွက်ခဲ့ရတဲ့ ကိစ္စဟာ သူ့ဘဝမှာ ပြန်မပြောချင်တဲ့ ကိစ္စလို့လည်း ဆိုပါတယ်။
အဲဒီကနေ ၁၉၈၈ မှာ နိုင်ငံရေးလောကထဲ ရောက်လာပြီး ၁၉၈၉ မှာ အထိန်းသိမ်းခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတဲ့ စည်းရုံးရေးခရီးတွေမှာ သူနဲ့သိတဲ့ ဗိုလ်မှူး ဗိုလ်ကြီးတွေ အုပ်ချုပ်နေတဲ့ မြို့ရွာတွေ ရောက်တိုင်း အဆင်ပြေအောင် ညှိနှိုင်းပေးခဲ့ရပြီးနောက် အဖမ်းခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အနှစ် ၂ဝ အကျဉ်းကျ
တပ်မတော် အစိုးရ လက်ထက် အနှစ် ၂ဝ အကျဉ်းကျခံခဲ့ရ၊ သူ့ကို သစ္စာဖောက်လို ဆက်ဆံခံခဲ့ရပေမယ့် တပ်အပေါ်မှာ စိတ်နာတာတွေ မရှိဘူးလို့လည်း ဘီဘီစီနဲ့ တွေ့ဆုံရာမှာ ဦးဝင်းထိန်က ပြောပြခဲ့ပါတယ်။
အိန္ဒိယတပ်မတော်မှာ စစ်ဦးစီးချုပ် ရာထူးကို နှစ်နှစ်လောက်ပဲ ပေးလေ့ရှိပြီး မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးတွေက အနှစ် ၂ဝ ကျော် တပ်ကို ခေါင်းဆောင်တာတွေကြောင့် တပ်ထဲမှာ ချယ်လှယ်တာတွေများပြီး အာဏာကို ထိန်းထားနိုင်တာတွေ ဖြစ်ခဲ့တယ်လို့ ဦးဝင်းထိန်က ရှင်းပြပါတယ်။
ဒါကြောင့် တပ်မတော်ကို မုန်းလည်းမမုန်းဘူး၊ ရွံလည်းမရွံဘူး။ ဒါပေမဲ့ စနစ်ထဲမှာ ပိတ်မိနေတော့ လူတွေက အဖိုးမတန် ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ယုံကြည်တဲ့အတွက် တပ်ခေါင်းဆောင်တွေနဲ့ အာဃာတကင်းကင်းနဲ့ ဆက်ဆံနိုင်တယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
အာဏာအပြောင်းအလဲမှာ တာဝန်ယူ
၂ဝ၁ဝ မှာ နိုင်ငံရေး အပြောင်းအလဲတွေ စတော့ သူ ပြန်လွတ်လာခဲ့ပါတယ်။ သူလွတ်လာပြီး မကြာခင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လွတ်လာပြီး သူတို့ နိုင်ငံရေး ပြန်စခဲ့ကြပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ လွှတ်တော်လမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည် လက်ခံပြီး ကြားဖြတ် ရွေးကောက်ပွဲ ဝင်ချိန်မှာ ဦးဝင်းထိန်လည်း အမတ် ဖြစ်လာခဲ့ပါတယ်။
အမတ်ဘဝမှာတင် မိတ္ထီလာမှာ ဖြစ်တဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို သူကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အာဏာပိုင်တွေဘက်က သတ်ဖြတ်မှုတွေကို မထိန်းချုပ်ဘဲ လွှတ်ထားခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးနောက် အစိုးရ အပြောင်းအလဲမှာ ဦးဝင်းထိန် ဦးဆောင်ပြီး အာဏာလွှဲပြောင်းရေး ချောမွေ့အောင် ကူညီခဲ့ပါတယ်။ သူကတော့ အမတ် ပြန်ဖြစ်မလာတော့ပါဘူး။
စစ်သားဘဝနဲ့ နိုင်ငံရေးလုပ်ရင် ငါးပါးမှောက်လိမ့်မယ် ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို ကြားဖူးတဲ့ ဦးဝင်းထိန်ဟာ တပ်နဲ့ နိုင်ငံရေး ရောယှက်တာကို မထောက်ခံပေမယ့် တပ်မတော်သားတွေနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး တည်ဆောက်တာကိုတော့ လက်ခံသူ ဖြစ်ပါတယ်။
သူ့ဘဝမှာ နိုင်ငံရေးလုပ်ခဲ့မိတာတွေကိုလည်း နောင်တမရဘူးလို့ ပြောပါတယ်။ နိုင်ငံမှာ နိုင်ငံရေး မျိုးဆက်တဆက် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီလမ်းကြောင်းရောက်ရှိရေး အတွက် ကူညီပေးခဲ့တယ်လို့ပဲ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
၁၉၉ဝ ရွေးကောက်ပွဲပြီးရင် စီးပွားရေး ပြန်လုပ်မယ် ဆိုပြီး နိုင်ငံရေးလောကထဲ ဝင်လာရာကနေ အနှစ် ၃ဝ ကျော်မထွက်နိုင် ဖြစ်နေခဲ့ပါတယ်။
NLD အနှစ် ၃ဝ အတွင်း ရွေးကောက်ပွဲတွေ နိုင်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စန်းပါတယ်၊ သူမို့ ထိန်းနိုင်တာလို့လည်း ပြောပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွဲသတ္တိနဲ့ တစိုက်မတ်မတ် လုပ်နိုင်တဲ့ အရည်အချင်းကို သဘောကျပေမယ့် သူလုပ်ချင်တာကို သူများစကားလက်မခံဘဲ ခေါင်းမာမာနဲ့ ဇွတ်လုပ်တာကိုတော့ မကြိုက်ဘူးလို့လည်း ဆိုပါတယ်။
သူ့ကို အပြောအဆိုကြမ်းတယ်လို့ ဝေဖန်တာတွေ ရှိပေမယ့် သူပြောတဲ့အထဲမှာ မှားလို့ ပြန်တောင်းပန်စရာ တချက်မှ မပါဘူးလို့လည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
တရားစွဲခံရမှာ စိုး
အနှစ် ၃ဝ အတွင်း NLD ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုကို ကိုယ်တိုင် အကျယ်တဝင့် ရေးသူတွေထဲမှာ ဦးဝင်းတင်ရဲ့ ဘာလဲဟဲ့လူ့ငရဲ နောက်မှာ ဦးဝင်းထိန်ရဲ့ စာအုပ်က တော်တော်စုံတယ်လို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့ ၂ဝ၁၆ အာဏာလွှဲပြီးနောက်ပိုင်း ဖြစ်ရပ်တွေကိုတော့ နောက်တအုပ်ရေးဖို့ ချန်ထားတယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေး အရ အငြင်းပွားစရာတွေ ပါတဲ့အတွက် တရားစွဲခံရမှာ စိုးတယ်လို့လည်း ပြောပါတယ်။
လတ်တလော မြန်မာပြည် နိုင်ငံရေး အခြေအနေတွေ မကောင်းသေးပေမယ့် အနှစ် ၃ဝ အတွင်း အောက်ခြေက စခဲ့ရတဲ့ဘဝကနေ နိုင်ငံအာဏာကို တစိတ်တပိုင်း စီမံဆောင်ရွက်နိုင်တဲ့ အနေအထား ရောက်လာပြီမို့ ရှေ့ဆက်တိုး ဆောင်ရွက်ဖို့ပဲ လိုတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း ရုန်းကန်နေရတဲ့အချိန်မှာ အပြောင်းအလဲဘက် ပါလာတဲ့အပိုင်းက နည်းနေတာကိုတော့ စိတ်မကောင်းဘူးလို့လည်း ပြောပါတယ်။
NLD တက်စမှာ ရခိုင်ကိစ္စကလည်း ချိန်ကိုက်ဗုံးလို ဘွားကနဲ ပေါ်လာပြီး အားလုံးရဲ့ အာရုံစိုက်မှုက အဲဒီဘက် ရောက်သွားတယ်လို့ ပြောပါတယ်။ နောက် ရာစုဝက်မှာ တိုင်းပြည် ဖွံ့ဖြိုးဖို့ ဆိုတာ စေတနာ မှန်နဲ့ လုပ်မှ တိုးတက်မယ်လို့လည်း သတိပေး ပြောကြားသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU









