NLD ပြောရေးဆိုခွင့်ရှိသူ ပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, NLD
မတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းအစား မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ လွှတ်တော် ကိုယ်စားလှယ် တိုင်ကြားစာ ဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့်တို့ကို ပြောင်းလဲ တာဝန် ပေးလိုက်ပါတယ်။
ဦးဉာဏ်ဝင်းကတော့ သူတာဝန် ထမ်းဆောင်လာတာ ကြာပြီ ဖြစ်ပြီး အသက်အရွယ် ကြီးလာတဲ့အတွက် တာဝန် လွှဲပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပါတီရဲ့ အလုပ်အမှုဆောင် စာရင်း၊ မူဝါဒနဲ့ လမ်းစဉ် သဘောတရားတွေကို ဘယ်လို ထုတ်ပြန် အကြောင်းပြန်ရမလဲ ဆိုတဲ့ ကိစ္စအပါအဝင် ပါတီတွင်း ကိစ္စတွေကိုပဲ အဓိက ဆွေးနွေးခဲ့တယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဖြစ်လာသူ တဦးဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ ဦးထွန်းထွန်းဟိန်ကိုလည်း အစည်းအဝေးအတွင်း ကြိုဆို ဂုဏ်ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD Facebook
ဒီအစည်းအဝေးကို သြစတြေးလျနိုင်ငံက ပြန်လည် ရောက်ရှိလာတဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်လည်း တက်ရောက် ခဲ့ပါတယ်။
ပါတီက နုတ်ထွက်မယ်ဆိုတဲ့ ဦးဝင်းထိန် ပြန်လည် ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ဥက္ကဋ္ဌအနေနဲ့ ပါတီတွင်း ကိစ္စတွေမှာ သဘောထားနဲ့ ထင်မြင်ချက်ပေးတာတွေ ရှိပေမယ့် ဗဟို အလုပ် အမှုဆောင် ကော်မတီကပဲ ဆုံးဖြတ်တဲ့ အပိုင်းကို တာဝန်ယူထားတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြန်လည် ဖြေဆိုခဲ့ပါတယ်။
NLD ပါတီ ရဲ့ ညီလာခံကိုတော့ လာမယ့် ဇွန်လ ဒါမှမဟုတ် ဇူလိုင်လ လောက်မှာ ကျင်းပဖို့ ရည်မှန်းထားတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။




