NLD အမတ် တချို့ နုတ်ထွက်ဖွယ် ရှိ

NLD
ဓာတ်ပုံ ပုံစာ, ပါတီဝင်တွေနဲ့ ပတ်သက်လို့ တိုင်ကြားစာ ၄၀၀ လောက် လက်ခံရထားပြီး ဒီထဲက ၂၀၀ အမှန်တကယ် စစ်ဆေးဖို့ လိုအပ်နေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်အမတ်တွေထဲက တိုင်းနဲ့ပြည်နယ်အစိုးရတွေမှာ ဝန်ကြီးဖြစ်နေသူတချို့ကို တာဝန်ကနေ နုတ်ထွက်ဖို့ ပါတီဗဟိုက ညွန်ကြားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးတယောက်နဲ့ မကွေးတိုင်းနဲ့ ပဲခူးတိုင်း က ဝန်ကြီးတချို့ဟာ ဇန်နဝါရီလထဲမှာ လက်ရှိတာဝန်ကနေ အနားပေးဖို့ နုတ်ထွက်စာတင်ခဲ့ပါတယ်။

ဒီလို နုတ်ထွက်စာတင်တာဟာ ပါတီဗဟိုက ဖိအားပေးနုတ်ထွက်ဖို့ ခိုင်းစေညွှန်ကြား ခဲ့မှု ကြောင့် မဟုတ်ဘူးလို့ ပါတီဗဟိုက လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာကော်မတီတာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒေါက်တာမျိုးညွန့်ကတော့ ပါတီဗဟိုကဘယ်ဝန်ကြီးကိုမှ နုတ်ထွက်ဖို့ ညွန်ကြားတာမရှိဘူးလို့ဆိုပေမယ့် အမည်မဖေါ်လိုတဲ့ နုတ်ထွက်စာတင်သွားတဲ့ ဝန်ကြီးတချို့ကတော့ ပါတီက ညွန်ကြား တာ ရှိတယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။

ပြီးခဲ့တဲ့ရက်ကမှ နုတ်ထွက်စာတင်ခဲ့တဲ့ မကွေးတိုင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် ကတော့ သူ့ဆန္ဒနဲ့သူ လက်ရှိတာဝန်တွေမလုပ်လိုတော့လို့ ထွက်စာတင် ထားတယ်လို့ ဆိုပါတယ်။

NLD

ဓာတ်ပုံ ရင်းမြစ်, Aung Ko Ko Lwin FB

ဓာတ်ပုံ ပုံစာ, မွန်ပြည်နယ်အစိုးရအဖွဲ့ကို လူမူကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဝေဖန်ပြောဆိုခဲ့သူ သထုံမြို့ခံ ဦးအောင်ကိုကိုလွင်ကို ဇန်နဝါရီ ၆ ရက်က သထုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မကွေးတိုင်းမှာ ဦးနေမျိုးကျော် အပါအဝင် စိုက်ပျိုးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးလည်း နုတ်ထွက်ဖွယ်ရှိသလို ဧရာဝတီတိုင်းက စိုက်ပျိုးမွေးမြူရေး၊ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး လည်း နုတ်ထွက်စာ တင်ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က စည်ပင်ဝန်ကြီး ဦးမင်းအောင်ကတော့ ရခိုင်ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ရှုတ်ချ ကန့်ကွက်ထားလို့ ထွက်ပေးရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းအပြင် တိုင်းနဲ့ပြည်နယ်တချို့က ဝန်ကြီးချုပ်တချို့လည်း နုတ်ထွက်ပေးရဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေထွက်နေပေမယ့် အစိုးရဘက်ကရော ပါတီဘက်ကပါ ထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။

ဒါ့ အပြင် ဇန်နဝါရီလ ၉ ရက်နေ့ က ပြည်နယ် နဲ့ တိုင်း ဒေသကြီး တွေက အစိုးရ အဖွဲ့ ခေါင်းဆောင် တွေနဲ့ ဝန်ကြီး အချို့ ကို တာဝန် ကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ် ဆိုတဲ့ သမ္မတရုံး ရဲ့ ထုတ်ပြန် ချက်တွေ လူမှုကွန်ရက် တွေမှာ ထွက်ပေါ် ခဲ့ပါတယ်။

ထုတ်ပြန်ချက်တွေက အတု တွေသာ ဖြစ်ပြီး သမ္မတ ရုံးက ထုတ်ပြန်တာ မဟုတ်ဘူးလို့ အစိုးရ ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေး က လူမှု ကွန်ရက်မှာ ပြန်လည် ရေးသား ထားခဲ့ပါတယ်။