မိန်းကလေးချင်းလက်ထပ်တာ ဥပဒေနဲ့ဆန့်ကျင်သလား

ဓာတ်ပုံ ရင်းမြစ်, ko phyoe
နိုဝင်ဘာလ ၄ ရက်နေ့က ပြည်မြို့ ပန်းတင်ကျေးရွာမှာ ထူးထူးဆန်းဆန်း မင်္ဂလာပွဲတပွဲကို လူသိရှင်ကြား ကျင်းပ ဆင်နွှဲသွားခဲ့ပါတယ်။
ထူးဆန်းတယ် ဆိုရတာက သတို့သမီးရော၊ သတို့သားရောဟာ အမျိုးသမီးတွေချည်း ဖြစ်နေလို့ပါ။ မင်္ဂလာပွဲ ဆင်ယင် ကျင်းပချိန် အတွင်းမှာတော့ တယောက်က အမျိုးသား အသွင်ယူထားတယ်။ ကျန်တယောက်က အမျိုးသမီးအသွင်။ နာမည်ကလည်း တယောက်က အမျိုးသားနာမည်၊ ကျန်တယောက်က အမျိုးသမီးနာမည်။ အမျိုးသား နာမည်က မောင်အေးကို၊ အမျိုးသမီး နာမည်က မသီတာလှိုင်ပါတဲ့။ ဒါပေမယ့် ဒါဟာ လိင်တူ မင်္ဂလာပွဲ ဆိုတာကို ရပ်သိရွာသိရုံသာမက တနိုင်ငံလုံးကို အသိပေး ကြေညာခဲ့ပါတယ်။ ခိုးကြောင်ခိုးဝှက် တိုးတိုးတိတ်တိတ်လုပ်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဒီမင်္ဂလာပွဲဟာ သမားရိုးကျ မြန်မာ့အစဉ်အလာ အမြင်ကို လှုပ်ယမ်းပစ်လိုက်တယ်။ ဒီအကြောင်းဟာ ရပ်ထဲရွာထဲမှာ၊ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြောစမှတ်တခုဖြစ်သွားပါတယ်။
မင်္ဂလာဆောင်ပုံက တရားရုံးသွား၊ လက်ထပ်စာချုပ်ကို လက်မှတ်ရေးထိုးပြီး ကျမ်းကျိန် မင်္ဂလာဆောင်တာ မဟုတ်ဘူး။ အဲသလို ပုံစံနဲ့ မင်္ဂလာဆောင်မယ် ဆိုရင် တရားသူကြီးပါ ခေါင်းကိုက်သွားနိုင်တယ်။ အမျိုးသမီးနှစ်ယောက် မင်္ဂလာဆောင်တာကို လက်ထပ်ပေးလို့ ရမရ တရားသူကြီးတောင်မှ ဇဝေဇဝါ ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။
သူတို့က မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း ဘိသိက် သွန်းလောင်းပြီး မင်္ဂလာပွဲ ဆင်နွှဲသွားတာပါ။ အဲသလို ရိုးရာနည်းနဲ့ မင်္ဂလာဆောင်တာဟာ တရားဝင်ပါသလား။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်ကြောင်းကို အရှေ့ ၇ အိမ် အနောက် ၇ အိမ် အသိပေး ကြေညာပြီးရင် တရားဝင်တယ်လို့ ဆိုထားလေတော့ သာမန်အားဖြင့် တရားဝင်ပါတယ်။ ဒါပေမယ့် သူတို့ အဖြစ်က ဆန်းတော့ တရားဝင်မှ ဝင်ပါစ။
အရင်ကလည်း မြန်မာနိုင်ငံမှာ ယောက်ျားချင်း မင်္ဂလာဆောင်တာမျိုး ရှိခဲ့ဖူးပါပြီ။

ဓာတ်ပုံ ရင်းမြစ်, EPA
ဥပဒေနဲ့ ညီမညီ
ရာဇသတ်ကြီး ဥပဒေရဲ့ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှုများ ခေါင်းစဉ်အောက်က ပုဒ်မ ၃၇၇ မှာ အခုလို ဖော်ပြထားပါတယ်။
"ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို၊ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင်၊ ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။"
ပြစ်ဒဏ်က ပေါ့သေးသေးမှ မဟုတ်ပါပဲကလား။ တသက်တကျွန်းဖြစ်စေ၊ ဆယ်နှစ် ဖြစ်စေလို့ ဆိုပါတယ်။ ယောက်ျားတယောက်က ကိုယ့်အိမ်ထောင်ဘက် အမျိုးသမီးနဲ့ ဓမ္မတာကို ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှု ပြုရင်တောင်မှ ထောင်ဒဏ် တသက်တကျွန်းကျနိုင်ပါသတဲ့။
ဒါဟာ လက်ရှိ တည်ဆဲဥပဒေပါ။ ဘယ်သူမဆို သိထားအပ်တဲ့ ဥပဒေလို့ ဆိုရပါလိမ့်မယ်။ ဥပဒေဆိုတာ မသိလို့ လုပ်မိတာပါ ပြောလို့ ခွင့်လွှတ်တတ်တဲ့ အရာမှ မဟုတ်ပဲ။
ဒီဥပဒေမှာ "ဓမ္မတာနှင့်ဆန့်ကျင်သော" ဆိုတဲ့စာသားက တော်တော် အရေးပါပါတယ်။ ဥပဒေရဲ့ ရှင်းလင်းချက်မှာ ပြောထားတာက
"အင်္ဂါဇာတ်တခုသည် အခြားအင်္ဂါဇာတ်တခုအတွင်းသို့ ဝင်မိလျှင်၊ ဤပုဒ်မ၌ ဖော်ပြထားသော ပြစ်မှုကျူးလွန်ခြင်းအတွက် လိုအပ်သော ဓမ္မတာနှင့်ဆန့်ကျင်သည့် ကာမ စပ်ယှက်မှုမြောက်ရန် လုံလာက်သည်။"
လို့ ဆိုပါတယ်။
မြန်မာစကားမှာ သုံးနှုံးတဲ့ အင်္ဂါဇာတ် ဆိုတာဟာ အမျိုးသားရဲ့ လိင်အင်္ဂါ၊ အမျိုးသမီးရဲ့ လိင်အင်္ဂါအပြင် အမျိုးသားရဲ့ စအို၊ အမျိုးသမီးရဲ့ စအိုကိုပါ ဆိုလိုပါတယ်။
ဒီတော့ ဒီဥပဒေဟာ အမျိုးသမီးချင်း လက်ထပ်တဲ့ ကိစ္စနဲ့ ငြိစွန်းမှု ရှိပါသလား။ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က အခုလို ဆိုပါတယ်။
"အင်္ဂါဇာတ်တခုကနေ တခြားအင်္ဂါဇာတ်တခုအတွင်းကို ဝင်မိခြင်းဆိုတဲ့ဟာတွေရှိတယ်။ ဒီဟာသည် အကြမ်းဖျဉ်းကြည့်ရင် ယောက်ျားချင်း ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ပြစ်မှုကို ရည်ညွှန်းတယ်လို့ ယူဆတယ်။ အဲဒီတော့ မိန်းမချင်း လက်ထပ်တဲ့ဟာမျိုးကျတော့ ဓမ္မတာနဲ့ ဆန့်ကျင်တယ်လို့ ယူဆဖို့ ခက်ခဲတာပေါ့နော။"
မှန်ပါတယ်။ (နားနဲ့မနာဖဝါးနဲ့နာပါ။) မိန်းကလေးချင်းလက်ထပ်တဲ့အရေးမှာ အင်္ဂါဇာတ်တခုက အခြားအင်္ဂါဇာတ်တခုအတွင်း ဝင်မိခြင်းဆိုတာ မရှိနိုင်ပါဘူး။
ဒီတော့ လိင်တူလက်ထပ်တာချင်းတူရင်တောင် အမျိုးသားချင်း လက်ထပ်ရင် ပုဒ်မ ၃၇၇ နဲ့ငြိပြီး အမျိုးသမီးချင်း လက်ထပ်ရင်တော့ ပုဒ်မ ၃၇၇ နဲ့ မငြိသလိုရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ယောက်ျားလျာ၊ မိန်းမလျာ ဖြစ်တာ ဥပဒေချိုးဖောက်သလား
မြန်မာနိုင်ငံမှာ ယောက်ျားလျာ၊ မိန်းမလျာ၊ လိင်ပြောင်း၊ စိတ်နှစ်ခွ ရှိသူတွေကို တားမြစ်တဲ့ တခြားဥပဒေ သီးသန့်မရှိဘူးလို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ယောက်ျားလျာ၊ မိန်းမလျာ၊ လိင်ပြောင်းထားသူ၊ ကျားမ နှစ်မျိုးစလုံးနဲ့ လိင်စိတ်ရှိသူတွေဟာ အဲသလိုဖြစ်ခြင်းကြောင့် ဥပဒေနဲ့ မဆန့်ကျင်သေးပါဘူး။ ဒါပေမယ့် ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုလုပ်ရင်တော့ ပုဒ်မ ၃၇၇ နဲ့ငြိပြီး တသက်တကျွန်းအထိတောင် ပြစ်ဒဏ် ကျခံရနိုင်တဲ့ အနေအထားပါ။
အမျိုးသမီးအချင်းချင်း လိင်စိတ် ဖြေဖျောက်တာဟာ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုမှာ အကျုံးဝင်မဝင် ဆိုတာ မရှင်းလင်းပါဘူး။ ဥပဒေရဲ့ ရှင်းလင်းချက်အရ ဆိုရင် အကျုံးမဝင်ပါဘူး။ ဥပဒေမှာကလည်း ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုအကြောင်းကို အဓိပ္ပာယ်ဖွင့်ဆိုထားတာ မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနိုင်ငံမှာ လိင်တူချင်းလက်ထပ်ခွင့်ရှိသလား
မြန်မာနိုင်ငံမှာ လိင်တူချင်း လပ်ထပ်ခွင့် မရှိဘူးလို့ တားမြစ်ထားတဲ့ ဥပဒေမရှိပါဘူး။ ဒါပေမယ့် ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုကို တားမြစ်တဲ့ ဥပဒေရှိပါတယ်။ အဲဒီဥပဒေဟာ အမျိုးသမီးချင်း လက်ထပ်ထိမ်းမြားတာကို မတားမြစ်သယောင်ရှိပါတယ်။ ရှင်းရှင်းလင်းလင်း မရှိတဲ့ အတွက် အငြင်းပွားဖွယ်ဖြစ်ပါတယ်။ အမျိုးသားချင်း လက်ထပ်တာကို တားမြစ်တာ မရှိပေမယ့် အမျိုးသားချင်း လက်ထပ်ရင် ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှု ပြုဖွယ်ရှိတယ်လို့ ယူဆရတဲ့အတွက် ဥပဒေနဲ့ ဆန့်ကျင်တဲ့ သဘော သက်ရောက်ပါတယ်။
ဒီနေ့ခေတ်မှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတလွှားမှာ ပိုပြီးသည်းခံ ဖြေလျှော့လာကြပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိတည်ဆဲဖြစ်တဲ့ ဥပဒေ ပုဒ်မ ၃၇၇ ဟာ ခေတ်အခြေအနေနဲ့ ဆီလျော်ပါသေးရဲ့လား။
ရှေ့နေ ဦးသန်းဇော်အောင်က အခုလိုပြောပါတယ်။
"ဒီရာဇသတ်ကြီးတို့ ဘာတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးပါးလောက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အင်္ဂလိပ်ဥပဒေပေါ့ဗျာ။ အဲဒီခေတ် အဲဒီအခါတုန်းက သူ့ခေတ်သူ့အခါနဲ့တော့ ဥပဒေက မှန်ကောင်းမှန်ခဲ့မှာဖြစ်ပေမယ့် ဒီခေတ်ဒီအခါမှာ ဖွံ့ဖြိုးတိုးတက်လာတဲ့ အခါမှာ လက်ရှိလူတွေရဲ့ လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းနဲ့ အဆင်မပြေတာတွေလည်း ရှိတာပေါ့ဗျာ။"

ဓာတ်ပုံ ရင်းမြစ်, AFP
ဥပဒေလက်တွေ့ကျင့်သုံးမှု အားနည်းချက်
ပုဒ်မ ၃၇၇ အရ အမျိုးသား လိင်တူချင်းလက်ထပ်တာဟာ ဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပေမယ့် လက်တွေ့ အမျိုးသား လိင်တူလက်ထပ်နေတဲ့သူတွေကို အရေးယူ ဖမ်းဆီးသလား ဆိုတော့လည်း မဖမ်းပါဘူး။ "ဥပဒေနဲ့ ညီသလားဆိုတော့ မညီဘူး။ အရေးယူသလားဆိုတော့လည်း အရေးမယူဘူး" ဆိုတာဟာ ဥပဒေ ကျင့်သုံးမှုပိုင်း ဆိုင်ရာမှာ သိသိသာသာ အားနည်းနေတာကို ဖော်ပြပါတယ်။
အရေးမယူချင်တဲ့အခါ၊ ဒါမှမဟုတ် တိုင်တန်းသူ မရှိတဲ့အခါ မသိယောင် ပြုနေပြီး အရေးယူချင်တဲ့အခါ၊ ဒါမှမဟုတ် အငြင်းပွားမှု ရှိလာတဲ့ အခါကျမှသာ အရေးယူနေတဲ့အတွက် ဥပဒေဟာ သားရေကွင်းလို အလျှော့အတင်း လုပ်လို့ရနေတဲ့ သဘောဆောင်နေပါတယ်။ ဒီတော့ ဥပဒေကို ပြန်လည် မသုံးသပ်သင့်ပေဘူးလား။ လူမှုရေး အခြေအနေအရ ခွင့်ပြုထိုက်တယ်လို့ ဥပဒေပညာရှင်၊ လူမှုရေးပညာရှင်တွေက အဆုံးအဖြတ် ပြုခဲ့ရင် ဥပဒေနဲ့အညီ ဖြစ်အောင် ခွင့်ပြု မပေးသင့်ဘူးလား။ တကယ်လို့ ဥပဒေနဲ့ ဆန့်ကျင်တယ်လို့ သဘောထားရင်လည်း တိတိကျကျ အရေးယူမှသာ ဥပဒေကို လေးစား ရိုသေရာ ရောက်မယ် မဟုတ်ပါလား။
ရှေ့နေဦးသန်းဇော်အောင်ကတော့
"ဥပဒေကတော့ ပြန်သုံးသပ်ရမှာကတော့ အမှန်ပဲဗျ။ အင်္ဂလိပ်ခေတ် နှစ်ပေါင်း ၁၀၀ လောက်ကပြဋ္ဌာန်းထားတဲ့ ဥပဒေလေ။ အဲဒီခေတ် အဲဒီကာလအခြေအနေနဲ့ ဒီနေ့ခေတ် ဒီနေ့ကာလ အခြေအနေသည် မတူဘူး။ ဒါပေမယ့် တပိုင်းရှိတာက အရမ်းတိုးတက်ပါတယ်ဆိုတဲ့ အမေရိကားလို နေရာမျိုးမှာတောင်မှ တချို့ပြည်နယ်တွေမှာ ယောက်ျားချင်း လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုတယ်။ တချို့ပြည်နယ်တွေမှာ ခွင့်မပြုဘူး။ အဲဒီတော့ ကျွန်တော်တို့က အနောက်နိုင်ငံတွေနဲ့ တိုးတက်တဲ့ နိုင်ငံတွေနဲ့ လယ်ဗယ်ထားပြီး သွားပြီးတော့ စတုတ်တိုက်ညှိလို့တော့ မရဘူး။ မရပေမယ့်လည်း ခေတ်ကာလအခြေအနေနဲ့ ပြန်စဉ်းစားရမယ့်ဟာတွေက ရှိနေတယ်။"
အမေရိကန်မှာတောင်မှ လိင်တူချင်း လက်ထပ်ခွင့်ကို ပြည်နယ်တိုင်းက ခွင့်ပြုမထားသေးဘူးလို့ ဦးသန်းဇော်အောင် ပြောတာ မှန်ပါတယ်။ ဒါပေမယ့် လိင်တူချင်း လက်ထပ်ခွင့် မပြုသေးတဲ့ ပြည်နယ်တွေမှာလည်း လိင်တူချင်း အတူနေထိုင်တဲ့ အတွက် ရာဇဝတ်ပြစ်ဒဏ် ကျခံစေနိုင်တဲ့ ဥပဒေ ကန့်သတ် တားမြစ်ချက်မျိုးတော့ မရှိပါဘူး။ သူတို့ကို တရားဝင်လက်ထပ်ခွင့် မပြုတာဟာ တရားဝင် လက်ထပ် အိမ်ထောင်သည်တွေရဲ့ ဥပဒေဆိုင်ရာ အကျိုးကျေးဇူးတွေကို အပြည့်အဝ ခံစားခွင့် မပေးတာသာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ တည်ဆဲ ဖြစ်နေတဲ့ ခေတ်နောက်ကျ ဟောင်းနွမ်းနေတဲ့ ဥပဒေကြီးကို ပြင်ဆင်ပြီး ယောက်ျားလျာ၊ မိန်းမလျာ၊ လိင်တူချစ်သူတွေ၊ လိင်စိတ်နှစ်ခွရှိသူတွေ၊ လိင်ပြောင်းထားသူတွေနဲ့ပတ်သက်ပြီး တိကျတဲ့ သဘောထား၊ တိကျတဲ့ ဥပဒေတွေပြဋ္ဌာန်းသတ်မှတ်ဖို့ လိုနေပြီ ဆိုတာကတော့ ထင်ရှားနေပါပြီ။ လူ့အဖွဲ့အစည်းအတွင်း တဖြည်းဖြည်းမြင်တွေ့လာနေရတဲ့ လိင်တူမင်္ဂလာပွဲတွေဟာ အဲဒီလို လိုအပ်လာပြီ ဖြစ်ကြောင်း ထင်ရှားတဲ့ သက်သေတွေ ဖြစ်ပါတယ်။








