ဂျိုးဘိုင်ဒန်
ဒီတစ်ခါတော့ သမ္မတရုံးခန်းထဲ တကယ်ရောက်တော့မလား။

အချိန်ကတော့ ဂျိုးဘိုင်ဒန် အခက်တွေ့ခဲ့တဲ့ ဆောင်းကာလ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိုင်အိုဝါပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအကြို သမ္မတလောင်းရွေးချယ်ပွဲမှာ သူ့အတွက် စိတ်ပျက်စရာ ရလဒ်ရခဲ့ပြီး နောက်ထပ်လာမယ့် နယူးဟမ့်ရှားပြည်နယ်က သမ္မတလောင်းရွေးချယ်ပွဲမှာလည်း သူ့အပေါ် ထောက်ခံမှုက အကျဘက်ကို ရောက်လာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတလောင်း ဖြစ်ဖို့ သူ့ရဲ့ မဲဆွယ်ခရီးက သိသိသာသာ အခြေအနေ မကောင်းတော့ဘဲ ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ သူ့အနေအထားက အရှုံးသမားတယောက်လို ဖြစ်သွားခဲ့ပါပြီ။
ရာစုနှစ်ဝက်လောက် နိုင်ငံရေးလောကထဲနေခဲ့တဲ့ ကာလတလျှောက်လုံး သမ္မတဖြစ်ရေး သူ့မျှော်လင့်ချက်တွေဟာ နောက်ဆုံးအကြိမ်လို့ ဆိုနိုင်မယ့် အခု အနေအထားမှာ လွင့်မျောပျောက်ကွယ် သွားတော့မလို ဖြစ်ခဲ့ပါတယ်။
နယူးဟမ့်ရှားပြည်နယ်က သမ္မတလောင်းရွေးချယ်ပွဲ မတိုင်ခင် လူထုမဲဆွယ်ပွဲ တစ်ခုမှာ ဆိုရင် ကြုံခဲ့ရတဲ့ အခြေအနေကို သုံးသပ်ပြောပြနေတဲ့ ဘိုင်ဒန်ဟာ တချက်တချက်မှာ စိတ်ထိခိုက်နေပုံရတာကို တွေ့ခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကွယ်လွန်ခဲ့တဲ့ သူ့သား ဘိုး ရဲ့ အကြောင်းတွေ၊ သူ့ကလေးဘဝက အကြောင်းတွေ၊ သူ့မိသားစု စီးပွားရေး အခက်အခဲ ကြုံခဲ့တာတွေကို သူက ပြန်ပြောင်း ပြောပြနေခဲ့ပါတယ်။ ဒါပေမယ့် သူက နားထောင်နေသူတွေကို အားတက်အောင်လည်း ပြောခဲ့ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဘက်ကို မျှော်လင့်စရာ အမြဲရှိပါတယ်” လို့ သူက ဆိုပါတယ်။

သူ့ရဲ့ မဲဆွယ်မိန့်ခွန်းက သမားရိုးကျ ပုံစံမဟုတ်ခဲ့ဘဲ အဲဒီလို ပြောအပြီးမှာ နယူးဟမ့်ရှားပြည်နယ်မှာ ပဉ္စမနေရာသာ ချိတ်ခဲ့တဲ့အတွက်လည်း ထိရောက်တဲ့ မိန့်ခွန်းမျိုး မဟုတ်ခဲ့ဘူးလို့လည်း ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဒီအနေအထားက သူ့ရဲ့ ဘဝတလျှောက်လုံးမှာ ကြုံရတဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးနဲ့ လုပ်ငန်းခွင်တွေမှာ ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေအကြောင်းသိလိုက်ကြရပြီး သူ့ရဲ့ စိတ်ပိုင်းအခြေအနေကို လှစ်ဟ ဖော်ပြခဲ့ပါတယ်။
“ကျွန်တော့အနေနဲ့ ကံကြမ္မာဆိုတဲ့အရာကို စိတ်ထဲမှာ တော်တော်စွဲမှတ်နေမိပါတယ်။ ကျွန်တော့်ဘဝကို ဘယ်တော့မှ ကြိုတင်ပြင်ဆင်ပြီး မဖြတ်သန်းခဲ့ရပါဘူး။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အနေအထား ရလာဖို့ အချိန်တိုင်း တစ်ခုခု ကြားဝင်လာတာမျိုးကို အမြဲကြုံရပါတယ်” ဆိုပြီး ဘိုင်ဒန်က ၁၉၈၉ ခုနှစ်မှာ နေရှင်နယ်ဂျာနယ်ကို ပြောပြခဲ့ဖူးပါတယ်။
ဘိုင်ဒန်ဟာ သူနဲ့ အနီးစပ်ဆုံး ချစ်ခင်ရသူတွေ အချိန်မတိုင်ခင် ကွယ်လွန်ကြတာနဲ့ ကြုံခဲ့ရပြီး သူရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ပျိုးထောင်ထားခဲ့တာတွေဆိုရင်လည်း ပြိုလဲကုန်လို့ ပြန်လည် တည်ဆောက် ခဲ့ရပါတယ်။ သူကြိုးစားတည်ဆောက်ခဲ့ရတဲ့ စကားပြောစွမ်းရည်ကြောင့် ထောက်ခံသူတွေက ကြိုက်ကြပေမယ့် သူ့ရဲ့ စကားမှားပြောတတ်တဲ့ အကျင့်ရယ်၊ အရှက်ရစရာ လွဲချော်ပြောကြားမှုတွေရယ်ကြောင့် အများလှောင်စရာအဖြစ်လည်း ဖြစ်ခဲ့ရပါတယ်။
ဘိုင်ဒန်အတွက် သူ့ရဲ့ဖခင်ဆီက ရတဲ့ အဓိက သင်ခန်းစာကတော့ လူတယောက်ကို ဘယ်နှစ်ကြိမ် လှဲချခံရတာနဲ့ မတိုင်းတာသင့်ပဲ ဘယ်လောက်မြန်မြန် ပြန်ထနိုင်သလဲ ဆိုတာနဲ့သာ ဆုံးဖြတ်တိုင်းတာသင့်တယ် ဆိုတာပဲ ဆိုပြီး သူက မကြာခဏ ပြောလေ့ရှိပါတယ်။ ဘိုင်ဒန် နယူးဟမ့်ရှားပြည်နယ်မှာ ရှုံးနိမ့်အပြီးမှာ သူ့ရဲ့ စည်းရုံးရေးအဖွဲ့ဟာ တောင်ပိုင်းပြည်နယ်တွေမှာ ပြန်လည်စုရုံးပြီး ရှုံးမှာသေချာနေတဲ့ အခြေအနေကနေ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာတဲ့ အထိ အလှည့်အပြောင်း ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။
ဒါဟာ ဘိုင်ဒန်ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေထဲက လောလောလတ်လတ် ကြုံရတဲ့ ဥပမာတခုသာ ဖြစ်ပါတယ်။ တချို့ စိန်ခေါ်မှုတွေက သူ မတတ်နိုင်တဲ့ အခြေအနေတွေကလာပြီး တချို့ စိန်ခေါ်မှုတွေကတော့ သူ့ကိုယ်ပိုင်အမှားနဲ့ တွက်ချက်မှုအမှားတွေကြောင့် ကြုံရတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေရာမှာ ဘိုင်ဒန်ကတော့ ဒါတွေကို ကျော်လွှားပြီး ရှေ့ကို ချီတက်ခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဂျိုးကြုံရသလို ကြုံလာရပြီ ဆိုရင် ရွေးချယ်စရာတွေ ရှိပါတယ်။ ဂျိုးက ယုံကြည်ချက်ကို ဆုပ်ကိုင်တတ်သူ တယောက်ပါ။ သူက လက်မလျှော့တတ်ဘူး။ သူ့အတွက် မဖြစ်မနေ လုပ်စရာမလိုဘူး ဆိုရင်တောင် ဆက်လုပ်တဲ့လမ်းကိုပဲ ရွေးတဲ့သူပါ” လို့ ဘိုင်ဒန်နဲ့အတူ ဆိနိတ်မှာ တွဲဖက် လုပ်ခဲ့ဖူးသူ နီဘရာစကာပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ်ဟောင်း ဘော့ကယ်ရီက ပြောခဲ့ဖူးပါတယ်။
ဘိုင်ဒန်ဟာ ရုန်းကန်ရှင်သန်သူ တယောက်ဖြစ်ပြီး သူ့ဘဝမှာ ကြုံရတဲ့ အရေးကြီးတဲ့ ရက် ငါးရက်ကြောင့် ဆယ်စုနှစ်နဲ့ချီကြာအောင် သူ့ဘဝကို အရိပ်ထိုးစေခဲ့ပေမယ့် ဒါတွေကို လွတ်မြောက်နိုင်ခဲ့တဲ့အတွက်လည်း ရုန်းကန် ရှင်သန်နိုင်သူ တယောက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဝမ်းနည်းထိခိုက်စရာ အဖြစ်တွေနဲ့ ဆုံးရှုံးမှုများ

၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဂျိုးဘိုင်ဒန် ဝါရှင်တန်မှာ ရှိနေစဉ်မှာ တယ်လီဖုန်းသံ မြည်လာခဲ့ပြီး ဆက်လာသူကတော့ ဒယ်လဝဲပြည်နယ်မှာ နေထိုင်တဲ့ သူ့ရဲ့ ညီ ဂျင်မီဖြစ်ပါတယ်။ ဂျင်မီက ညီမဖြစ်သူ ဗယ်လရီနဲ့ စကားပြောချင်တယ်လို့ ဆိုခဲ့ပါတယ်။
ဘိုင်ဒန်ရဲ့ မိသားစုဟာ မတော်တဆဖြစ်မှု “အသေးစား” တခုမှာ ပါနေခဲ့တယ်လို့ ညီမဖြစ်သူက ပြန်ပြောပြပါတယ်။ “ဘာမှ စိုးရိမ်စရာမရှိပေမယ့် အိမ်ကိုတော့ ပြန်သွားရမယ်” လို့လည်း ဗယ်လရီက ဆိုပါတယ်။
အဲဒီနေ့ နှောင်းပိုင်းမှာပဲ ဘိုင်ဒန် သိလိုက်ရတာကတော့ သူ့ဇနီး နီလီယာက မွေးကင်းစအရွယ် သမီးငယ် နာအိုမီကို တင်ပြီးမောင်းလာတဲ့ကားကို ကုန်ကားတစီးက တိုက်မိပြီး နှစ်ယောက်စလုံး ကွယ်လွန်သွားကြတယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ သူ့သားငယ်နှစ်ဦးဖြစ်တဲ့ ဘိုးနဲ့ ဟန်တာတို့လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရသွားခဲ့ကြပါတယ်။
ဘိုင်ဒန်ရဲ့ မိသားစုဟာ ခရစ်စမတ်သစ်ပင် သွားဝယ်ကြတာဖြစ်ပြီး အဲဒီအချိန်မှာ အထက်လွှတ်တော်မှာ အမတ်အဖြစ်အရွေးခံရအပြီးခါစ ဘိုင်ဒန်က သူ့ရဲ့ ရုံးခန်းမှာ ဝန်ထမ်းခန့်ဖို့ ရွေးချယ်မေးမြန်းမှုတွေ လုပ်နေပြီး မိသားစုအတွက် အိမ်သစ်ဝယ်တာကိုလည်း အပြီးသတ်နေတဲ့ အချိန် ဖြစ်ပါတယ်။
အဲဒီ အချိန်မှာပဲ မိသားစုဘဝ ပြိုကွဲသွားပြီ ဖြစ်ပါတယ်။

“ကျွန်တော့်မှာ စကားမပြောနိုင်အောင် ဖြစ်ပြီး လည်ချောင်းထဲမှာလည်း တခုခု တစ်ဆို့နေသလို ခံစားခဲ့ရပါတယ်။ စကြဝဠာတွင်းနက်ကြီးထဲ စုပ်ယူခံလိုက်ရသလိုပါပဲ” လို့ ဘိုင်ဒန်က သူ့ရဲ့ ဘဝအမှတ်တရ စာအုပ်ထဲမှာ ရေးသားထားပါတယ်။
သူ့အနေနဲ့ အခုမှရခါစ အထက်လွှတ်တော်အမတ်အဖြစ်က နုတ်ထွက်ပြီး ခရစ်ယာန်ဘုန်းတော်ကြီး လုပ်ဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ လူဆိုးလူမိုက်တွေရှိတဲ့ ရပ်ကွက်တွေကို ညနေဘက်တွေမှာ လမ်းလျှောက် သွားပြီး တယောက်ယောက်နဲ့ ရန်ဖြစ်လိုက်ချင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော် ဒီလောက် ဒေါသထွက်တတ်မယ်လို့ မထင်ခဲ့ပါဘူး။ ဘုရားသခင်က ကျွန်တော့်ကို ဆိုးဆိုးဝါးဝါး လှည့်စားလိုက်တယ်လို့ ခံစားရတဲ့အတွက် ဒေါသ ထွက်နေခဲ့ပါတယ်” လို့ ဘိုင်ဒန်က ဆိုပါတယ်။
ဘိုင်ဒန် အခုလို မိသားစုဘဝ ပြိုကွဲမှု ကြုံခဲ့ရတဲ့နေ့ မတိုင်ခင်ဆိုရင် သူ့ဘဝလမ်းကြောင်းက သိသိသာသာ အတက်ဘက်ကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။
ဒီလို မဖြစ်ခင် တလအလိုမှာ အဲဒီအချိန်က အသက် ၂၉ နှစ်အရွယ် ဒီမိုကရက်တစ်ပါတီဝင် ဘိုင်ဒန်က သက်တမ်းနှစ်ဆက် အရွေးခံထားခဲ့တဲ့ ရီပတ်ဘလီကန် လကိရှိအမတ်ကို မထင်မှတ်ဘဲ အနိုင်ရပြီး အမေရိကန်အထက်လွှတ်တော်မှာ ဒုတိယအသက်အငယ်ဆုံး အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရစ်ချစ်နစ်ဆင်နဲ့တကွ ရီပတ်ဘလီကန်တွေကို နိုင်ငံတလွှား ရှုံးနိမ့်နေတဲ့ ဒီမိုကရက်တွေအတွက် ဘိုင်ဒန်ကို ပါတီအတွက် မျှော်လင့်ချက်ထားစရာ တက်သစ်စ လူငယ်အဖြစ် သဘောထားကြတာ ဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့ ကလေးဘဝကို ပြန်ကြည့်မယ်ဆိုရင်လည်း အနည်းနဲ့အများ အခက်အခဲတွေ ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘိုင်ဒန်ကို မမွေးခင်မှာ စီးပွားရေးအောင်မြင်နေခဲ့တဲ့ ဖခင်ဖြစ်သူဟာ နောက်ပိုင်းမှာ စီးပွားရေးကျတဲ့ အခြေအနေကို ကြုံခဲ့ရပါတယ်။ လူငယ်ကလေး ဘိုင်ဒန်အနေနဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်က စခရန်တန်မြို့မှာ မိသားစုရဲ့ ဆွေမျိုးတွေနဲ့အတူ သာမန် အိမ်ကလေး တစ်အိမ်မှာ ကြီးပြင်းခဲ့ရပါတယ်။
“ဒီကနေ့အထိကို တစိမ့်စိမ့် ဒေါသထွက်ပြီး အရှက်ရတဲ့ ခံစားမှုကို အဲဒီနေ့က ဖြစ်ခဲ့တဲ့အတိုင်း ကျွန်တော် မှတ်မိနေပါသေးတယ်”
ဂျိုးဘိုင်ဒန်
“ဒုသမ္မတ ဘိုင်ဒန်က ဘာတွေကို တန်ဖိုးထားသလဲ ဆိုတဲ့အသိဟာ သူငယ်စဉ်က ရှင်သန်ခဲ့ရတဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ကက်သလစ်ပညာရေးတွေ အပေါ်မှာ အခြေတည်ပြီး အိုင်းရစ်-အမေရိကန် ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာလို့ ဆိုနိုင်တဲ့ ကျွန်တော်တို့ မွေးဖွားကြီးပြင်းလာတဲ့ ယဉ်ကျေးမှု အစဉ်အလာပေါ်မှာလည်း အခြေတည်ပါတယ်” လို့ စခရန်တန်မြို့မှာ ဆွေစဉ်မျိုးဆက်နေထိုင်ခဲ့တဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဘော့ ကေစီက ဆိုပါတယ်။
ဘိုင်ဒန်ရဲ့ ကလေးဘဝမှာ အကြီးဆုံး စိန်ခေါ်မှုကတော့ စကားထစ်တာ ဖြစ်ပြီး အထက်တန်းကျောင်း ရောက်တဲ့အထိ စကားထစ်နေခဲ့လို့ စာဖတ်ပြရမယ့် အကြောင်းအရာတွေကို မထစ်အောင် အလွတ်ကျက်ခဲ့ရတယ်လို့ သူက ပြန်ပြောင်း ပြောပြပါတယ်။ အတန်းထဲမှာ သူစကားထစ်သွားလို့ ကက်သလစ် သီလရှင်လည်း ဖြစ်တဲ့ ဆရာမတယောက်က သူ့ကို လှောင်ပြောင်ပြီး “ဘ…ဘ…ဘိုင်ဒန်” လို့ ခေါ်တဲ့အတွက် သူ့မိခင်က သွားရောက် ရန်တွေ့ခဲ့ပြီး “ သီလရှင်လုပ်မနေနဲ့တော့” ဆိုပြီး ဆရာမကို ခြိမ်းခြောက်ခဲ့တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။
သူ့ရဲ့ အထက်တန်းကျောင်း အတန်းဖော်တွေကလည်း သူစကားထစ်တာကို အကြောင်းပြုပြီး နာမည်ပြောင်တွေ အမျိုးမျိုး ပေးခဲ့ကြပါတယ်။
“ဒီကနေ့အထိကို တစိမ့်စိမ့် ဒေါသထွက်ပြီး အရှက်ရတဲ့ ခံစားမှုကို အဲဒီနေ့က ဖြစ်ခဲ့တဲ့အတိုင်း ကျွန်တော် မှတ်မိနေပါသေးတယ်” လို့ ဘိုင်ဒန်က ရေးသားထားခဲ့ပါတယ်။
ဘိုင်ဒန်ဟာ လပေါင်းများစွာ မှန်ရှေ့မှာ စိတ်အေးအေးထားပြီး စကားပြောကျင့်ခဲ့မှုကြောင့် အထက်တန်း တက်ပြီးတဲ့ အချိန်မှာတော့ စကားမထစ်ဘဲ ပြောနိုင်ခဲ့ပြီး ဖိအားတခုခု ရှိနေချိန်နဲ့ စကားရှာမရ ဖြစ်နေချိန် မှာတော့ တချက်တချက် စကားပြန်ထစ်သေးတယ်လို့ ဆိုပါတယ်။
“စကားထစ်တာဟာ အသက်ကြီးလာတာနဲ့အမျှ ဆိုးလာတတ်တာမျိုး မဟုတ်ပေမယ့် မထစ်အောင် လုပ်ရတာ စိတ်အား၊ လူအား အရမ်းကုန်တဲ့ အလုပ်ပါ” ဆိုပြီး ဘိုင်ဒန် စကားထစ်တဲ့ အကြောင်းကို အတ္တလန်းတစ် မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဂျွန် ဟန်ဒရစ်ဆင်က ပြောပါတယ်။ စကားထစ်တာကို ဘယ်သူမှ လုံးဝပျောက်သွားအောင် မလုပ်နိုင်ဘဲ မထစ်အောင် တနည်းနည်းနဲ့ ကြိုးစားပြီးတော့ပဲ ဖြေရှင်းလို့ ရတယ်လို့လည်း သူက ပြောပါတယ်။
ဘိုင်ဒန်ဟာ အထက်တန်းကျောင်းပြီးတဲ့အချိန်မှာ ဒယ်လဝဲတက္ကသိုလ်မှာ ဆက်တက်ပြီး နောက်ပိုင်းမှာတော့ အရင် ကောလိပ် အားလပ်ရက် အလည်အပတ်သွားကြရင်း တွေ့ခဲ့တဲ့ သူ့ဇနီးလောင်း နီလီယာ အနားမှာ နေနိုင်အောင် ဆဲရာခယူ့စ် တက္ကသိုလ်မှာ ဥပဒေပိုင်း ဆက်လက် သင်ယူခဲ့ပါတယ်။
သူတို့ နောက်ဆုံးမှာ လက်ထပ်လိုက်ကြပြီး ဝီလ်မင်တန်မှာ ပြန်လည် လာရောက် နေထိုင်အပြီး မကြာခင်မှာပဲ ဘိုင်ဒန်ရဲ့ နိုင်ငံရေးသမားဘဝ စခဲ့တယ်လို့ ဆိုပါတယ်။ အစပိုင်းမှာ ဘိုင်ဒန်ဟာ ရှေ့နေအဖွဲ့ကြီးတခုမှာ လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချမ်းသာပြီး အာဏာရှိသူတွေကို အကျိုးဆောင်ပေးရတာ စိတ်ပျက်လာတဲ့အတွက် ရှေ့နေခ မတတ်နိုင်သူတွေအတွက် အမှုလိုက်ပေးတဲ့ ရှေ့နေပြောင်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ရာကနေ နယူးကာဆယ်ဒေသ ကောင်စီ ရွေးကောက်ပွဲမှာ အရွေးခံ အနိုင်ရခဲ့ပြီး ဒီလို အနိုင်ရခဲ့တာက တခြားဒီမိုကရက်တွေ အပြိုင် အရွေးခံဖို့ ဆန္ဒမရှိတဲ့ နေရာမြဲနေတဲ့ ရီပတ်ဘလီကန် အမတ်တဦးကို ယှဉ်ပြိုင်ပြီး အထက်လွှတ်တော်ကို ရောက်အောင် တွန်းတင်ပေးခဲ့တဲ့ အခြေအနေ ဖြစ်သွားစေခဲ့ပါတယ်။
“ဘိုင်ဒန်ကို ကြည့်ရတာ နာမည်ကျော် နိုင်ငံရေးသမားကြီးတွေ ငယ်စဉ်က ဓာတ်ပုံထဲကလိုပါပဲ၊ မျက်လုံးတွေက အပြာရောင် တောက်တောက်နဲ့၊ ပြုံးလိုက်ရင် သွားတွေက အရောင်လက်နေပြီး၊ ပါးတွေလည်း အရောင်အဝါ ထွက်နေတဲ့အပြင် ကိုယ်လုံးကိုယ်ပေါက်ကလည်း လူငယ်လေးလို ပိန်ပိန်ပါးပါး ပါပဲ” ဆိုပြီး ဒေသတွင်း သတင်းစာတစောင်က မြှောက်ပင့်ရေးသား ထားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဆောင်းပါးမှာပဲ မထင်မှတ်ဘဲ အားလျော့စရာနဲ့ အဆုံးသတ်ထားပြီး “သူ့ ကြည့်ရတာ ဝံ့ကြွားမှုရော ဝမ်းနည်းမှုရော ခံစားနေရသလို ဖြစ်နေပါတယ်။ ကမ္ဘာကြီးကို သူပိုင်တယ် ဆိုတဲ့ ယုံကြည်မှု ရှိပေမယ့် စမ်းတော့ ကြည့်ရဦးမယ် ဆိုတာကို သိတဲ့ ပုံစံမျိုး” လို့ ဆိုပါတယ်။
သူ့ရဲ့ မိသားစု ဆုံးရှုံးခဲ့တဲ့ ဘဝအကဲစမ်းမှုလောက် မပြင်းထန်ပေမယ့် ဒီလို အကဲစမ်းမှုမျိုးတွေကို နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာပဲ ဘိုင်ဒန်ကြုံခဲ့ရပါတယ်။
ဘိုင်ဒန်ဟာ နောက်ဆုံးမှာတော့ အထက်လွှတ်တော် အမတ်နေရာကို လက်ခံရယူခဲ့ပြီး အမတ်နေရာအတွက် ကျမ်းသစ္စာကျိန်ဆိုတာကိုတော့ သူ့သားနှစ်ယောက် ကုသမှု ခံယူနေရတဲ့ ဒယ်လဝဲ ဆေးရုံထဲကနေပဲ ပြုလုပ်ခဲ့ရပါတယ်။ အခုလို သူ့ရဲ့ ကလေးငယ် တဦး သေဆုံးရာက စခဲ့တဲ့ ၄၄ နှစ် တောက်လျှောက် နိုင်ငံရေးဘဝ ကျင်လည်မှုဟာ သူ့ရဲ့ သားငယ်တဦး သေဆုံးမှုနဲ့ပဲ အဆက်ပြတ်ခဲ့ပြန်ပါတယ်။
၂၀၁၅ ခုနှစ် မေလ မှာ ဘိုင်ဒန်ရဲ့ သားဖြစ်သူ ဘိုးဟာ အသက် ၄၆ နှစ်အရွယ်မှာ ဦးနှောက်ကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဘိုးဟာ သူ့အဖေလိုပဲ နိုင်ငံရေးနဲ့ အသက်မွေးဝမ်းကျောင်းခဲ့သူဖြစ်ပါတယ်။ ဒယ်လဝဲပြည်နယ် ရှေ့နေချုပ်တာဝန် ထမ်းဆောင်နေခဲ့သူ ဖြစ်ပြီး နိုင်ငံရေးတက်လမ်း ရှိနေတဲ့သူလည်း ဖြစ်ပါတယ်။

“ဘိုးဟာ ကျွန်တော့ရဲ့ အကောင်းဆုံး ဗီဇတွေကို အမွေဆက်ခံထားပြီး ကျွန်တော့်မှာရှိတဲ့ အလွဲတွေကိုတော့ ဖယ်ထားနိုင်အောင် ပျိုးထောင်လာခဲ့ရတဲ့ သားပါ” ဆိုပြီး ဘိုင်ဒန်က ၂၀၁၇ မှာ သူ့သားရဲ့ မကျန်းမာတဲ့ အခြေအနေကြောင်း ရေးထားတဲ့ စာအုပ်မှာ ရေးသားထားခဲ့ပါတယ်။
ဘိုင်ဒန်ဟာ ၂၀၁၅ ခုနှစ်တုန်းက သူသမ္မတလောင်း အဖြစ် အရွေးခံဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့သလဲ ဆိုတာကိုလည်း အသေးစိတ်ရေးသားခဲ့ပြီး သူ့သား ကွယ်လွန်ထားတာရယ်၊ မဲဆွယ်စည်းရုံးမှုကြောင့် သူ့မိသားစုမှာ ပိုပြီး ဖိအားတွေ ရှိလာမှာရယ်တွေကြောင့် အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော် ဝင်ပြိုင်ဖို့ စိတ်အင်အား ရှိပါ့မလား ဆိုတာ ကိုယ့်ဟာကိုယ် မသေချာခဲ့သလို မိသားစုဝင် ကွယ်လွန်လို့ ဝမ်းနည်းတယ်ဆိုတာကလည်း အချိန်ဇယားနဲ့ အတိအကျ ဖြစ်တတ်တာမျိုး မဟုတ်ဘူးဆိုတာ အရင် အတွေ့အကြုံအရ သိနေခဲ့တယ်” လို့ သူက ရေးသားခဲ့ပါတယ်။
ဘဝတလျှောက် အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို ဘိုင်ဒန်က အသားကျအောင် နေတတ်ခဲ့ပြီး စကားထစ်တဲ့ ပြဿနာကို ဖြေရှင်းခဲ့သလိုပဲ နည်းလမ်းတခုခုရှာပြီး အရှုံးတွေကို ဖြေရှင်းတတ်ခဲ့ပါတယ်။
“ကိုယ့်အတွေ့အကြုံက ကိုယ့်ရဲ့ ကိုယ်ချင်းစာတတ်မှုကို လွှမ်းမိုးတယ် ဆိုပေမယ့် ကိုယ်ချင်းစာတတ်တယ် ဆိုတာ မွေးကတည်းက ပါလာတာမဟုတ်ရင် မရှိတတ်တာမျိုးလို့ ကျွန်တော်ယူဆပါတယ်။ ဘိုင်ဒန်ရဲ့ ဘဝကို ကြည့်မယ်ဆိုရင် သူ ကိုယ်ချင်းစာတတ်တယ် ဆိုတာ မွေးရာပါ ဖြစ်တဲ့အပြင် သူ့ရဲ့ တကိုယ်ရေ ဆုံးရှုံးမှုတွေက ရတဲ့ အသိကြောင့်လည်း လူအများ အပြည့်အဝ နားမလည်နိုင်တဲ့ ဆုံးရှုံး နာကျင်ရမှုတွေကို သူက ကိုယ်ချင်းစာ ပေးနိုင်ပါတယ်” လို့ အထက်လွှတ်တော်အမတ် ကေစီက ပြောပါတယ်။

၂၀၀၉ ခုနှစ်က ဘက္ကဒက်ရှိ အောင်မြင်ရေးတပ်စခန်းတွင် တွေ့ရသည့်ဘိုင်ဒန်နှင့် သားဖြစ်သူ ဘိုး
၂၀၀၉ ခုနှစ်က ဘက္ကဒက်ရှိ အောင်မြင်ရေးတပ်စခန်းတွင် တွေ့ရသည့်ဘိုင်ဒန်နှင့် သားဖြစ်သူ ဘိုး
ပျက်စီးသွားတဲ့ အိမ်ဖြူတော်အိပ်မက်

၁၉၈၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဂျိုးဘိုင်ဒန်က လွန်ခဲ့တဲ့ သုံးလကမှ ကြေညာထားတဲ့ သမ္မတအဖြစ် အရွေးခံဖို့ ကိစ္စကို ရုပ်သိမ်းလိုက်ကြောင်း သတင်းထောက်တွေရှေ့မှာ ကြေညာလိုက်ပါတယ်။
“ကျွန်တော့်အတွက် ဒီလိုအခြေအနေမျိုး ရောက်ရတဲ့ အပေါ်၊ ဒီလို လုပ်ဖို့ ရွေးချယ်ခဲ့ရတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိပါတယ်။ သမ္မတ အရွေးခံတဲ့ နိုင်ငံရေး လမ်းကြောင်း အနေအထားက ဂျိုးဘိုင်ဒန် ဘာတွေ အပြည့်အဝ လုပ်ပေးနိုင်တယ်ဆိုတာ အမေရိကန်ပြည်သူတွေဘက်က ဆန်းစစ်ဖို့ အခွင့်အရေး မပေးတဲ့ အပေါ်လည်း မချင့်မရဲ ဖြစ်မိပါတယ်။ ဒီ နိုင်ငံရေး လမ်းကြောင်းက ကျွန်တော် လွဲချော် ပြောကြားခဲ့တာတွေနဲ့ပဲ ကျွန်တော့်ကို ဆန်းစစ် ဆုံးဖြတ်နေသလို ဖြစ်နေပါတယ်” လို့ သူက ပြောခဲ့ပါတယ်။
အဲဒီအချိန်က သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ တခြားသူတွေ ပြောဆိုထားတာတွေကို ကူးယူ တုပပြောဆိုတာမျိုး မရိုးသားတာတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဘိုင်ဒင်ရဲ့ ပထမဆုံးအကြိမ် သမ္မတလောင်း အဖြစ် အရွေးခံဖို့ ကြိုးစားမှုက အရှက်ရစရာ အဆုံးသတ်ခဲ့ရပါတယ်။ “ဘိုင်ဒန်ရဲ့ စကားတစ်ခွန်း” ဆိုတာနဲ့ ရိုးသားမှု၊ စိတ်ချရသူ တဦး ဖြစ်ကြောင်း အာမခံလိုတဲ့ သမ္မတလောင်း တဦးအနေနဲ့ စည်းရုံးခဲ့တာ ဆိုတဲ့အတွက် ဒီလို စွပ်စွဲခံရတာတွေက တကယ့်ကို ခါးသီးစရာ ဖြစ်ခဲ့ပါတယ်။
"ကျွန်တော့်ကို အတွင်းက လှိုက်စားခံလိုက်ရသလို ပါပဲ၊ ကျွန်တော် ဘာဆိုတာ တည်ဆောက်ထားတဲ့နေရာကို ထိခိုက်ခံလိုက်ရတာပါ။”
ဂျိုးဘိုင်ဒန်
ဘိုင်ဒန်အတွက် အဲဒီအချိန်က ပထမဆုံး စွပ်စွဲခံရမှုက အိုင်အိုဝါပြည်နယ်က နိုင်ငံရေး စကားစစ်ထိုးပွဲတခုမှာ ဖြစ်ခဲ့ပြီး သူ့ရဲ့ အပိတ်စကားဟာ ဗြိတိန်လေဘာပါတီ ခေါင်းဆောင် နေးလ် ကင်းနော့ရဲ့ အလုပ်သမားလူတန်းစားဘဝနဲ့ ကြီးပြင်းလာမှုအကြောင်း မိန့်ခွန်းက စာပိုဒ်တခုနဲ့ တလုံးမကျန် နီးပါး တူနေခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။ သူဟာ ဒီစာပုဒ်ကို ယခင်ပြောခဲ့တဲ့ အကြိမ်တွေမှာ မူရင်းပြောသူကို ထည့်ပြောလေ့ရှိပေမယ့် အဲဒီတကြိမ်မှာတော့ ထည့်မပြောခဲ့တဲ့ အတွက် ပြိုင်ဘက်က ဒါကို တေးမှတ် ထားနိုင်ခဲ့ပါတယ်။
ဘိုင်ဒန် ဥပဒေပညာသင်ကြားစဉ်က အခြားသူ ရေးထားခဲ့တာကို ကူးယူရေးသားခဲ့တယ်ဆိုတဲ့ ကိစ္စလည်း ပြန်လည် အဖော်ခံ ခဲ့ရပါတယ်။ ဘိုင်ဒန်ကတော့ ကိုးကားမှုမှာ လိုအပ်ချက်ရှိသွားတာလို့ ဖြေရှင်းခဲ့ပေမယ့် နေးလ် ကင်းနော့ မိန့်ခွန်းကိစ္စ အပါအဝင် နောက်ထပ် မူရင်းပြောသူ ထည့်မပြောတဲ့ မိန့်ခွန်းတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံရ အပြီးမှာတော့ ဘိုင်ဒန်မှာ ဟန်ပန်သာ ရှိပြီး အနှစ်သာရ မရှိဘူးလို့ အများက ထင်မှတ်တဲ့ အမြင် ပိုပြီး ခိုင်မာသွားခဲ့ပါတယ်။
“ကျွန်တော်တော့ ကိုယ့် ဂုဏ်သိက္ခာကိုပါ မေးခွန်းအထုတ်ခံရပြီး သမ္မတ အရွေးခံရေး နုတ်ထွက်ခဲ့ရတယ် ဆိုတော့ ကျွန်တော့ကို အတွင်းက လှိုက်စား ခံလိုက်ရသလို ပါပဲ၊ တကယ့်ကို ကျွန်တော့်ကိုယ် ကျွန်တော် ဘာဆိုတာ တည်ဆောက်ထားတဲ့နေရာကို ထိခိုက်ခံလိုက်ရတာပါါ” ဆိုပြီး သူ့ရဲ့ အထုပ္ပတ္တိ ရေးသားသူ ဂျူးစ် ဝစ်ကိုဗာကို နောက်ပိုင်းမှာ သူက ပြန်ပြောပြခဲ့ပါတယ်။
သူ ဝါရှင်တန်မှာ ၁၄ နှစ်ကြာ ထမ်းဆောင်ခဲ့တဲ့ ကာလတလျှောက်မှာ ဇနီးနဲ့ သမီး ကွယ်လွန်ထားတဲ့ သူ့ဘဝကို ပြန်လည် တည်ဆောက်ခဲ့ရပါတယ်။ သူ့ရဲ့ ကျန်ခဲ့တဲ့ သားနှစ်ယောက်ကို ပုံမှန် ကြီးပြင်း ရှင်သန်နိုင်အောင် ပျိုးထောင်ပေးခဲ့ပြီး ဒယ်လဝဲပြည်နယ်မှာရှိတဲ့ အိမ်ကနေ ဝါရှင်တန်ကို နေ့စဉ် ရုံးတက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျီးလ် ဂျက်ကော့ဘ် ဆိုတဲ့ ကျောင်းဆရာမတဦးနဲ့ သူက လက်ထပ်ပြီး အက်ရှ်လေ ဆိုတဲ့ သမီးတယောက် ထပ်မွေးခဲ့ပါတယ်။ အထက်လွှတ်တော် တရားရေးရာ ကော်မတီမှာလည်း သူ့ရဲ့ နာမည်တလုံးကို ထူထောင်ပြီး တိုင်းသိပြည်သိ ဖြစ်အောင် ကျင့်ကြံ နေထိုင်ခဲ့ပါတယ်။

၁၉၈၄ မှာ သူ သမ္မတအဖြစ် အရွေးခံဖို့ စပြောလာခဲ့ပြီး နောက်လေးနှစ် အကြာမှာတော့ တကယ် အရွေးခံဖို့ မဲဆွယ် စည်းရုံးရေး လုပ်လိုက်ပါတယ်။ အဲဒီ အချိန်က သူ့ရဲ့ မဲဆွယ်စည်းရုံးရေးဟာ ကနေဒီ သမ္မတ အဖြစ် အရွေးခံစဉ်ကလို မျိုးဆက် အပြောင်းအလဲအပေါ် အခြေခံတဲ့ စည်းရုံးမှုမျိုး ဖြစ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ လူ့အဖွဲ့အစည်းမှာ အကောင်းဆုံးတွေ အပြည့်အဝရဖို့ ကြိုးစားတဲ့ ဝါဒကို ပြန်လည် အသက်သွင်းရပါမယ်။ အကန့်အသတ်မရှိ ဝေဖန် အပြစ်ရှာတာနဲ့ ဥပက္ခာပြုမှုတွေလောက် အမေရိကန်ရဲ့ အလားအလာကို တစ်ဆို့စေတာ မရှိပါဘူး။ ကျွန်တော်တို့ မျိုးဆက်အတွက် တိုက်ပွဲခေါ်သံက ‘ကျွန်တော်တို့ အလှည့်’ ဆိုတာမျိုးမဟုတ်ဘဲ‘ကျွန်တော်တို့ရဲ့ တာဝန်ယူမှုနဲ့အတူ ပေါ်လာမယ့် အခွင့်အရေး’ ဆိုတာပါပဲ” ဆိုပြီး ဘိုင်ဒန်က သူ့ရဲ့ မဲဆွယ်စည်းရုံးမှု စတင်ချိန်မှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် သူတပါးဆီက ကူးယူခိုးချတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်လာတာကြောင့် အဲဒီအချိန်ဟာ ဘိုင်ဒန်ရဲ့ အလှည့် မဟုတ်ခဲ့တာတော့ သေချာပါတယ်။
ဒီလို စွပ်စွဲခံရမှုတွေ အပြီးမှာ ဘိုင်ဒန်အနေနဲ့ သူ့ရဲ့ သမ္မတ အရွေးခံဖို့ မဲဆွယ်စည်းရုံးမှုတွေ လုံးဝ ရေစုန်မျော မသွားအောင် ကြိုးစားခဲ့ပါတယ်။ တရားရုံးချုပ်ရှေ့နေ နေရာအတွက် ရှေးရိုးစွဲဘက်က ဆန်ကာတင် ကိုယ်စားလှယ် ရောဘတ် ဘော့ ကို အတည်ပြုခန့်အပ်ရေး ကြားနာမှုတွေလုပ်တဲ့ တရားရေးကော်မတီမှာလည်း သူက ဥက္ကဌ လုပ်နေခဲ့ပါတယ်။ အဲဒီ ကြားနာမှုဟာ အမေရိကန်က အမြင့်ဆုံး တရားရုံးရဲ့ သဘောတရားရေးရာ တိမ်းညွတ်မှုအပေါ် အငြင်းအခုံ လုပ်ကြတဲ့ တိုင်းသိပြည်သိ ကြားနာ ငြင်းခုံမှု ဖြစ်ခဲ့ပြီး ဝါရှင်တန်မှာ မနက်ပိုင်း အဲဒီ ကြားနာမှု တခု လုပ်ပြီးချိန်မှာ ဘိုင်ဒန်က သူ့ရဲ့ သမ္မတလောင်း အရွေးမခံတော့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
သူ ဒီလို ဆုံးဖြတ်လိုက်တာကပဲ သူ့အတွက် ကောင်းသလို ဖြစ်သွားစေခဲ့ပါတယ်။ လ အနည်းငယ်အကြာ အိုင်အိုဝါပြည်နယ်က ရွေးကောက်ပွဲအကြို သမ္မတလောင်းရွေးချယ်ပွဲတွေ လုပ်နေတဲ့ တညမှာ နယူးယောက်မြို့ ရိုချက်စတာမှာရှိတဲ့ ဟိုတယ် အခန်းတခုအတွင်းမှာ ဦးနှောက်ထဲ သွေးကြောယောင်ရမ်းမှုကြောင့် ဘိုင်ဒန် သတိလစ် လဲကျသွားခဲ့ပါတယ်။ ဘိုင်ဒန်ဟာ ခြောက်လလောက် ဆေးရုံ တက်လိုက် ဆင်းလိုက်နဲ့ ကုသနေခဲ့ရပြီး တာရှည် ဦးနှောက်ထိခိုက်သွားမှာကို ဆရာဝန်တွေက စိုးရိမ်နေခဲ့တယ်လို့ ဆိုပါတယ်။

ဘိုင်ဒန် နောက်တကြိမ် သမ္မတ အရွေးခံတဲ့ အချိန်မှာတော့ အနှစ် ၂၀ ခြားသွားပြီ ဖြစ်တဲ့အတွက် မျက်နှာသစ် အနေနဲ့ မဟုတ်တော့ပဲ ဝါရင့် သက်ကြီး နိုင်ငံရေးသမား တယောက် အနေနဲ့ ဖြစ်ပါတယ်။
သူ ၁၉၈၇ က လုပ်ခဲ့တဲ့ အရွေးခံမှုမှာ စကားအလှတွေ များတာနဲ့ သွင်ပြင်ပုံပန်း ကောင်းဖို့ အကြံပေးချက်တွေကို အာရုံစိုက်လွန်းခဲ့တယ် ဆိုပြီး သူဆုံးဖြတ်ထားတဲ့အတွက် ၂၀ဝ၈ အတွက် အရွေးခံမှုမှာတော့ ကိုယ်ပိုင် ပြောဆိုမှုတွေနဲ့ပဲ စည်းရုံးရေးလုပ်မှာဖြစ်တယ်လို့ သူက ကတိပေး ပြောဆိုခဲ့ပါတယ်။ သူစည်းရုံးတဲ့ပုံစံက လွန်ခဲ့တဲ့ နှစ် ၂၀ က လုပ်ခဲ့တဲ့ အမှားတွေကို ပြန်ပြင်ဖို့ သမ္မတ အရွေးခံတာလိုမျိုးလည်း ဖြစ်နေခဲ့ပါတယ်။
“ကျွန်တော့်ဘဝကို ပြန်ပြောင်း လေ့လာကြည့်တဲ့ လူတိုင်းက ကျွန်တော်က သိက္ခာရှိသူ မဟုတ်ပါဘူး ဆိုပြီး သုံးသပ်တာမျိုး မဖြစ်နိုင်ပါဘူး၊ ဒါ့ကြောင့်လည်း ဒီလို သမ္မတ အရွေးခံတဲ့ဘက်ကို ပြန်လှည့်ဖို့ ကျွန်တော် ရွံ့မနေခဲ့တာပါ” လို့ ဇွန်လအတွင်းက အိုင်အိုဝါ ပြည်နယ်အတွင်း မဲဆွယ်စည်းရုံး စုဝေးမှုတခုအတွင်းမှာ သူက ပြောဆိုခဲ့ပါတယ်။
ဒီတကြိမ်မှာလည်း အရင်တခါလို အရှုံးရလဒ်ပဲ ရခဲ့ပြန်ပြီး ဒါကလည်း အစမှာ ကတည်းက သူစကားမှားတာကြောင့်ပဲ ဖြစ်နေပြန်ပါတယ်။
ဘိုင်ဒန် သမ္မတလောင်း အဖြစ် အရွေးခံဖို့ မကြေညာခင် တရက်အလိုမှာ New York Observer အပတ်စဉ်သတင်းစာက သတင်းထောက်တယောက်ကို သူက စကားပြောခဲ့ပါတယ်။ ဒီလို ပြောရာမှာ သူ့ရဲ့ တစ်ပါတီတည်းက ပြိုင်ဘက်ဖြစ်တဲ့ ဘားရက် အိုဘားမားနဲ့ ပတ်သက်ပြီး “အိုဘားမားဟာ ပြောတတ် ဆိုတတ်ပြီး၊ ဉာဏ်ကောင်းသူ၊ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းသူ ပထမဆုံး ပင်မအာဖရိကန်အနွယ်ဝင် အမေရိကန် နိုင်ငံသား တယောက် ဖြစ်တယ်” လို့ ပြောဆိုလိုက်မိပါတယ်။
ဒီလို ပြောအပြီးမှာပဲ ဘိုင်ဒန်က အရင်တုန်းက ဝင်အရွေးခံခဲ့ဖူးတဲ့ လူမည်းသမ္မတလောင်းတွေကို နှိမ်ချ ပြောဆိုတာ မဟုတ်ကြောင်းနဲ့ အိုဘားမားကို ပုဂ္ဂိုလ်ရေးအရ အပေါ်စီးက ပြောဆိုတာမျိုး မဟုတ်ကြောင်း အလျင်အမြန် ပြန်လည် ရှင်းလင်းခဲ့ရပါတယ်။
ဒီလို ပြောဆိုမှုကို ဘိုင်ဒန်ရဲ့ မှားမှားယွင်းယွင်း ပြောဆိုတတ်မှုအတွက် သက်သေတစ်ခုအဖြစ် ကောက်ယူ မှတ်ချက်ပေးတာတွေ ရှိလာခဲ့ပါတယ်။ ဒီလို ပြင်ဆင်မထားပဲ ပြောလိုက်တတ်တဲ့ မှတ်ချက်ပေးမှုတွေကြောင့် အရှက်ရစရာ ဖြစ်ရတဲ့အတွက် သူပေးချင်တဲ့ အဓိက သတင်းစကားကို လူတွေက နားမဝင်တော့ဘဲ သူ့ဘဝတလျှောက်လုံး နိုင်ငံအတွက် လုပ်လာခဲ့တာတွေအပေါ်လည်း ဒီအားနည်းချက်က အရိပ်လိုက်ထိုး နေသလို ဖြစ်နေခဲ့ပါတယ်။
ဒီလို ဖြစ်ခဲ့အပြီးမှာ သူ့ရဲ့ မဲဆွယ်စည်းရုံးမှု အနေအထားကို တည်ငြိမ်အောင် ပြန်ထိန်းနိုင်ခဲ့ပေမယ့် ထိပ်တန်း ထောက်ခံမှုရတဲ့ စာရင်းကိုတော့ မဝင်တော့ဘဲ ဒီမိုကရက်တစ်ပါတီအတွင်းမှာ အိုဘာမားနဲ့ ဟီလာရီ ကလင်တန်တို့ နှစ်ယောက်ပဲ အဓိက ပြိုင်ဆိုင်ကြတဲ့ အနေအထားလည်း ရောက်သွားခဲ့ပါတယ်။
လူမျိုးရေးနဲ့ လိင်ပိုင်းဆိုင်ရာ တိုးတိုက်မှု

၁၉၉၁ အောက်တိုဘာလ ၁၁ ရက်နေ့မှာ အိုကလာဟိုးမား တက္ကသိုလ်က ဥပဒေပါမောက္ခ တဦးဖြစ်တဲ့ အနီတာ ဟေးလ်က ဂျိုးဘိုင်ဒင် ဥက္ကဋ္ဌလုပ်တဲ့ အထက်လွှတ်တော် တရားရေးရာ ကော်မတီကို လျှောက်လဲချက် တခု ပေးခဲ့ပြီး အမေရိကန် ပြည်သူတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပါတယ်။ အဲဒီအချိန်က တရားရုံးချုပ် ရှေ့နေချုပ် အဖြစ် ဆန်ကာတင် အရွေးခံထားရသူ ကလဲရင့်စ် သောမတ်စ်ဟာ အမေရိကန်သမ္မတ ရေဂင် အစိုးရလက်အောက်မှာ အနီတာ ဟေးလ်နဲ့ အလုပ်အတူ လုပ်စဉ်အတွင်း အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ် ဆိုပြီး အနီတာ ဟေးလ်က လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။
ဟေးလ် က သောမတ်စ်ဟာ ညစ်ညမ်းပြီး ရွံစရာလည်းကောင်း အရုပ်ဆိုးတဲ့ မှတ်ချက် ပေးတာတွေကို ဟေးလ် အပေါ်လုပ်ခဲ့ပြီး သည်းမခံနိုင်စရာ အလုပ်ပတ်ဝန်းကျင်တခု ဖန်တီးခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။
သောမတ်စ် ဘက်ကတော့ သူ့ရဲ့ လျှောက်လဲချက်အတွင်းမှာ သူ့ကို ဝေဖန်သူတွေဟာ “ထောင်လွှားတဲ့ (uppity) လူမည်းတွေကို ခေတ်ပေါ် ဝိုင်းသတ်မှု လုပ်သလို ဖြစ်နေတယ်” လို့ စွပ်စွဲခဲ့ပြီး လူမည်းတွေအပေါ်သုံးရင် လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်း ဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းရှိတဲ့ အဲဒီ ထောင်လွှားတယ် (uppity) ဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သူ့အပေါ် လူမျိုးရေးခွဲခြားပြီး ဝေဖန်တာမျိုး ဖြစ်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့ပါတယ်။
“အစဉ်အလာကို ဦးမညွတ်လို့ ဒီလို ကြုံရတာဖြစ်တယ်။ အရင်ခေတ်ကလို သစ်ပင်မှာ ကြိုးပေးပြီး အသတ်မခံရပေမယ့် အမေရိကန် အထက်လွှတ်တော် ကော်မတီက ဝိုင်းအုံပြီး ဂုဏ်သိက္ခာ ဖျက်ဆီးတာ၊ လှောင်စရာ လုပ်တာ ခံရတယ်” လို့လည်း သောမတ်စ်က ပြောဆိုခဲ့ပါတယ်။
ဒီလို အခြေအနေကို ဥက္ကဋ္ဌနေရာက ကြပ်မတ်နေရတဲ့ ဘိုင်ဒန်အနေနဲ့ နှစ်ဖက်စလုံးအတွက် မျှတဲ့ ကြားနာ ဆုံးဖြတ်မှုပေးဖို့ ကြိုးစားခဲ့ပါတယ် လို့ဆိုပါတယ်။
ဒီကော်မတီအနေနဲ့ သောမတ်စ်စပြီး ဆန်ကာတင် အရွေးခံတဲ့ အချိန်ကတည်းက တရားရုံးချုပ် ရှေ့နေ့ချုပ်နေရာ ပေးသင့် မပေးသင့် မဲခွဲ ဆုံးဖြတ်ထားပြီးသား ဖြစ်ပြီး ဘိုင်ဒန်က သဘောတရားရေးရာ အခြေခံနဲ့ သောမတ်စ်ကို ကန့်ကွက်မဲ ပေးထားတာ ဖြစ်ပါတယ်။ လက်ရှိ ကြားနာမှုကတော့ သောမတ်စ်ရဲ့ အကျင့်စာရိတ္တကို အဆုံးအဖြတ်ပေးတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တခု အကြာက ဖြစ်ခဲ့တဲ့အပေါ် ဘက်နှစ်ဖက်က ဆန့်ကျင်ဘက် ပြောကြာတာကို မူတည်ပြီး ဆုံးဖြတ်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
ဘိုင်ဒန်အနေနဲ့ သူနဲ့တကွ ကော်မတီအတွင်း ပါဝင်နေတဲ့ လူဖြူအမျိုးသား အထက်လွှတ်တော်အမတ်တွေ အားလုံးဟာ သောမတ်စ် လို တရားရုံးချုပ် ရှေ့နေအဖြစ် ဆန်ကာတင် အရွေးခံရသူ ဒုတိယမြောက် လူမည်းအမျိုးသား အပေါ် လူမျိုးရေး ခွဲခြားတယ်ဆိုပြီး စွပ်စွဲ ခံရနိုင်ခြေနဲ့ အနီတာ ဟီးလ်ကို မျှတတဲ့ ကြားနာမှု မပေးလို့ရှိရင်လည်း လိင်အခြေခံအရ ခွဲခြား ဆက်ဆံတယ် ဆိုပြီး စွပ်စွဲခံရနိုင်ခြေတွေ ရှိနေတယ် ဆိုတာကို သတိထားမိပါတယ်။
“ဒီမိုကရက်တွေအနေနဲ့ တရားရုံးချုပ်အတွက် ဆန်ကာတင် စာရင်းဝင် လူမည်းတဦးအပေါ် ဝိုင်းပြီး ဖိနှိပ်ကြတဲ့ ပုံစံပေါက်မှာကို သေမလောက် ကြောက်ကြတယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး” ဆိုပြီး ဒီကြားနာမှုနဲ့ ပတ်သက်လို့ Wall Street ဂျာနယ်မှာ ရေးသားခဲ့တဲ့ စာနယ်ဇင်းသမား ဂျေးလ် အေဘရမ်ဆမ်က ဆိုပါတယ်။ သူက အဲဒီအကြောင်းကို ထူးဆန်းသော တရားမျှတမှု ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း စာအုပ်ထုတ်ခဲ့သူပါ။
ဘိုင်ဒန်နဲ့တကွ ဒီမိုကရက် အထက်လွှတ်တော် အမတ်တွေဟာ မျှမျှတတ ဖြစ်ရမယ့်အစား ကော်မတီအတွင်းက အနည်းစု ရီပတ်ဘလီကန် အမတ်တွေရဲ့ “စိတ်ပျက်စရာ လွှမ်းမိုးချုပ်ကိုင်တာ” ကို ခံလိုက်ရပြီး လစ်ဘရယ်ဆန်တဲ့ ထောက်ခံသူတွေကလည်း သူတို့ သစ္စာဖောက်ခံခဲ့ရတယ်လို့ ခံစားသွားကြပါတယ်။
“ဒီမိုကရက်တွေဟာ သူတို့ အကျင့်ပါနေတဲ့ ထုံးစံအတိုင်း အများအမြင်မှာ မျှမျှတတ လုပ်ပါတယ် ဆိုပြီး သူတို့ကို မြင်စေချင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းက မျှမျှတတ လုပ်တာမဟုတ်ဘဲ နှစ်ရက်အကြာ ကြားနာတဲ့ ကာလမှာ ရီပတ်ဘလီကန်တွေဘက်က အနီတာဟေးလ်ကို စိတ်ကူးယဉ်သူ၊ လိင်ပိုင်းဆိုင်ရာ စိတ်ကျန်းမာရေး ချို့ယွင်းသူလို ပုံဖော်လိုက်ကြတယ်” လို့ အေဘရမ်ဆမ်က ဆိုပါတယ်။
ဘိုင်ဒန်အနေနဲ့ ဒီကိစ္စမှာ လူမျိုးရေးနဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လာရင် ထိန်းညှိ ကိုင်တွယ်ဖို့ ကြိုးစားခဲ့တယ် ဆိုရင် ဒီကိစ္စမှာသာမကဘဲ သူ့ရဲ့ နိုင်ငံရေးသမားဘဝတလျှောက်လုံးမှာပါ အလားတူ စိန်ခေါ်မှုတွေ ကြုံခဲ့ရတယ်လို့ ဆိုနိုင်ပြီး အောင်မြင်တာလည်း ရှိသလို မအောင်မြင်တာလည်း ရှိခဲ့ပါတယ်။

ဘိုင်ဒန် အထက်လွှတ်တော်မှာ အမတ်အဖြစ် ပထမဆုံး အရွေးခံစဉ်အချိန်က နိုင်ငံသား အခွင့်အရေး ထောက်ခံသူ တဦးအနေနဲ့ သူ့ကိုယ်သူ ပုံဖော်ခဲ့ပါတယ်။ ဝီလ်မင်တန်မြို့ လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်က အများပြည်သူသုံး ရေကူးကန်တခုမှာ သူ ဆယ်ကျော်သက်ဘဝက ပရဟိတလုပ်သား တယောက်အဖြစ် လုပ်ကိုင်ခဲ့စဉ်က အမေရိကန်မှာ လူနည်းစုတွေ မမျှမတ ဆက်ဆံခံရပုံတွေကို လေ့လာ သိရှိခဲ့ရတယ်လို့ ဘိုင်ဒန်က ပြန်ပြောင်း ပြောပြပါတယ်။
“ကျွန်တော့်အမြင်မှာတော့ နေ့စဉ်လိုလိုပဲ လူမည်းတွေဟာ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ၊ သိပ်ပြီး သွယ်ဝိုက်မနေဘဲ တဲ့တိုးနည်းနဲ့ ဖြစ်စေ သူတို့ကို အမေရိကန် နိုင်ငံက နိုင်ငံသား အဖြစ် သိပ် လက်မခံလှကြောင်း သတိအပေးခံနေရတာ တွေ့ရတယ်” လို့ ဘိုင်ဒန်က သူ့ရဲ့ ဘဝမှတ်တမ်း စာအုပ်မှာ ရေးသားခဲ့ပါတယ်။
ဘိုင်ဒန် အထက်လွှတ်တော်တွင်းကို စဝင်တဲ့အချိန်မှာ ပထမဆုံး တိုက်ရတဲ့ နိုင်ငံရေး တိုက်ပွဲတွေထဲက တခုကတော့ လူမည်းတွေကို သီးခြားခွဲထားရေးကို ထောက်ခံတဲ့ အမေရိကန်တောင်ပိုင်းသားတွေနဲ့ ဘက်တဖက်တည်း ဖြစ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကျောင်းတွေမှာ လူဖြူလူမဲခွဲခြားမှုကို အဆုံးသတ်ဖို့ ကလေးတွေ ကျောင်းကားအတူစီးဖို့ဆိုတဲ့ ကိစ္စကို သူက ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။
“ ‘လူမည်းတွေကို ကျွန်တော်တို့ လူဖြူတွေက ဖိနှိပ်လာတာ အနှစ် ၃၀ဝ ရှိပြီ ဆိုတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ပေးတဲ့ အခွင့်အရေးတွေကို ယူတဲ့နေရာမှာ လူဖြူတွေက တော်တော် ရှေ့ရောက်နေပြီးသား ဖြစ်နေပါပြီ’ ဆိုတဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ခေတ်စားခဲ့တဲ့ အယူအဆကို ကျွန်တော် လက်မခံပါဘူး”
ဂျိုးဘိုင်ဒန်
ဒီလို ဘိုင်ဒန်က ဆန့်ကျင်ခဲ့တဲ့ အခြေအနေဟာ သူ့ရဲ့ ၂၀၂၀ ဒီမိုကရက်တစ် ပါတီအတွက် သမ္မတလောင်း အဖြစ် အရွေးခံတဲ့ စည်းရုံးမှုအတွင်းမှာ သူ့ကို ဝေဖန်တိုက်ခိုက်ချင်စရာ အခြေအနေ တခုလည်း ဖြစ်ခဲ့ပါတယ်။
“ဘိုင်ဒန်ဟာ တကြိမ်မှာ အဲဒီပြဿနာကို ‘ ဗီယက်နမ်ပြည်တွင်းရေး’ လို ပြဿနာလို့ ပြောဆိုခဲ့ဖူးပြီး သူ ဆိုလိုတာကတော့ ဒီလို လုပ်တာတွေကြောင့် နိုင်ငံဟာ ယဉ်ကျေးမှု နှစ်ပိုင်းကွဲသွားစေနိုင်တဲ့ အရေးလို့ ပြောချင်ပုံ ရပါတယ်။ ဒါ့ကြောင့်လည်း အဲဒီအချိန်က သူဟာ လူဖြူလူမည်း အတူတကွ ရှင်သန်နေထိုင်ရေးကို တင်းတင်းမာမာ ဆန့်ကျင်တာမျိုး မလုပ်ခဲ့တာ ဖြစ်နိုင်ပြီး နိုင်ငံရေးအရလည်း သင့်တော်တဲ့ လုပ်ကိုင်ပုံမျိုးလို့ သူက မယူဆခဲ့ပါဘူး” ဆိုပြီး နယူးဟမ့်ရှားပြည်နယ် တက္ကသိုလ်က သမိုင်းပါမောက္ခ ဂျေဆင် ဆိုကိုးက သုံးသပ်ခဲ့ပါတယ်။
နိုင်ငံသား အခွင့်အရေးအပေါ် အပြည့်အဝ မထောက်ခံဘူးလို့ ဘိုင်ဒန်က ယူဆတဲ့ ရှေးရိုးစွဲ တရားရေး ဝန်ထမ်းတွေနဲ့ ဆန်ခါတင် အစိုးရအဖွဲ့ဝင်တွေကို ဝေဖန် တိုက်ခိုက်ခဲ့ပေမယ့် အဲဒီကာလမှာ အစိုးရရဲ့ တာဝန်က ခွဲခြားဆက်ဆံမှုကို ကာကွယ်ဖို့သာ ဖြစ်ပြီး ယခင်လုပ်ခဲ့တဲ့ အမှားတွေအတွက် ဖြေဆေးပေးဖို့ အစိုးရမှာ တာဝန်မရှိဘူးလို့ ဘိုင်ဒန်က ယူဆခဲ့ပါတယ်။
“ ‘လူမည်းတွေကို ကျွန်တော်တို့ လူဖြူတွေက ဖိနှိပ်လာတာ အနှစ် ၃၀ဝ ရှိပြီ ဆိုတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ပေးတဲ့ အခွင့်အရေးတွေကို ယူတဲ့နေရာမှာ လူဖြူတွေက တော်တော် ရှေ့ရောက်နေပြီးသား ဖြစ်နေပါပြီ’ ဆိုတဲ့ ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ ခေတ်စားခဲ့တဲ့ အယူအဆကို ကျွန်တော် လက်မခံပါဘူး။ ဒီအယူအဆ အရဆိုရင် လူဖြူ လူမည်း တန်းတူ ဖြစ်ဖို့အတွက် လူမည်းတွေကို အရင်ဦးစားပေးတာ ဒါမှမဟုတ် လူဖြူတွေဘက်က ရှေ့မတိုးဘဲ နေရာမှာ ဖြစ်ပြီး ဒါကို ကျွန်တော် လက်မခံ ပါဘူး” ဆိုပြီး ဘိုင်ဒင်က ၁၉၇၅ မှာ သတင်းစာ တစောင်ရဲ့ မေးမြန်းခန်းအတွင်း ပြောဆိုခဲ့ပါတယ်။
ဘိုင်ဒန်လုပ်ခဲ့တာတွေ အပေါ် မူတည်ပြီး လူနည်းစုလူမျိုး အုပ်စုတွေအပေါ် မမျှမတ တဖက်သတ် သက်ရောက်မှုတွေ ဖြစ်စေခဲ့တဲ့ ရာဇဝတ်မှုနဲ့ ဥပဒေ စိုးမိုးရေး ဆိုင်ရာ မူဝါဒတွေကို ဘိုင်ဒန်က ထောက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီမူဝါဒတွေက ၁၉၈၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၉ ပြည့်နှစ် အစောပိုင်းကာလတွေမှာ မြင့်တက်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး အမှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်တယ် ဆိုပေမယ့် ဒီလို မူဝါဒတွေက လူနည်းစုတွေ အပေါ်မှာလည်း မမျှမတ သက်ရောက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ဒန်ဟာ သူ့ရဲ့ နိုင်ငံရေးသမား ဘဝတလျှောက်မှာ လူမျိုးရေးနဲ့ ပတ်သက်လာရင် “သဟဇာတ မဖြစ်လှဘဲ ရှုပ်ထွေးလွန်းတဲ့ အလယ်အလတ် ရပ်တည်မှုတွေ” လုပ်လာခဲ့တာပါ။ လူမျိုးရေးတရားမျှတမှု တောင်းဆိုရေးအတွက် သူ့ကို ထောက်ခံတဲ့ လူဖြူမဲပေးသူတချို့ ဒေါသထွက်သွားမှာမျိုးကို သူက ချိန်ဆခဲ့တယ်လို့ ပါမောက္ခ ဆိုကိုက ပြောပါတယ်။
၁၉၈၈ မှာဆိုရင် ဘိုင်ဒန်ဟာ မူးယစ်ဆေးဝါး သုံးစွဲမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေကို အားတက်သရော ထောက်ခံခဲ့ပါတယ်။ ဒီဥပဒေအရ ကိုကင်းလို မူးယစ်ဆေးဝါးတွေကို အများစု အသုံးပြုသူတွေ ဖြစ်တဲ့ လူနည်းစု လူမျိုးစုတွေဟာ ပိုပြီး ပြင်းထန်တဲ့ မဖြစ်မနေ ပြစ်ဒဏ် ကျခံရမှုတွေ ရှိလာခဲ့ပါတယ်။
အမေရိကန်နိုင်ငံကို ကမ္ဘာပေါ်မှာ အကျဉ်းကျနေသူ အများဆုံးရှိတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်လာစေတဲ့ နောက်ခံ အကြောင်းတရားတခုလို့ အခုအချိန်မှာ ယူဆထားကြတဲ့ ၁၉၉၄ ရာဇဝတ်မှု တိုက်ဖျက်ရေး ဥပဒေမှာလည်း ဘိုင်ဒန်က အဓိက ဝင်ရောက်ရေးဆွဲသူ ဖြစ်ခဲ့ပါတယ်။ ဒီဥပဒေကြောင့် အနိမ့်ဆုံး မဖြစ်မနေ ကျခံရမယ့် ပြစ်ဒဏ်တွေကို တိုးမြှင့်ခဲ့ပြီး ရဲဌာနနဲ့ အကျဉ်းထောင်တွေအတွက်လည်း အစိုးရ ရန်ပုံငွေ အမြောက်အများ တိုးမြှင့်ပေးခဲ့ပါတယ်။
အဲဒီ ဥပဒေကို ထောက်ခံမဲပေးခဲ့တဲ့ အထက်လွှတ်တော်အမတ် ၉၅ ဦးထဲက တဦးဖြစ်သူ ဘော့ကယ်ရီရဲ့ အဆိုအရကတော့ ၁၉၉၀ ပြည့်လွန် ကာလတွေမှာ ရာဇဝတ်မှုတွေ အပေါ် ပျော့ပျော့ပြောင်းပြောင်း ကိုယ်တွယ်လိုတယ်လို့ အမြင်ခံရရင် နိုင်ငံရေးအရ ထောက်ခံမှု နည်းသွားမယ့် အန္တရာယ်ရှိတယ်လို့ အမတ်တွေက ယူဆဲ့ကြတယ်လို့ ဆိုပါတယ်။
“ဒီဥပဒေက ဒီလောက်အထိ အငြင်းပွားစရာ ဖြစ်လာလိမ့်မယ်လို့ အဲဒီအချိန်က ကျွန်တော် မသိခဲ့ပါဘူး။ ဒီဥပဒေကြောင့် ရာဇဝတ်မှုတွေ နည်းသွားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူမျိုးရေးခွဲခြားတဲ့ သဘောထားမှုတွေကို အစိုးရပိုင်းက အချိန်အကြာကြီး သည်းခံထားခဲ့တဲ့ ပြဿနာကြီး ဖြစ်လာပါတယ်” လို့ ဘော့ကယ်ရီက ဆိုပါတယ်။
အဲဒီ ၁၉၉၄ ရာဇဝတ်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တတွဲတည်းဖြစ်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အက်ဥပဒေကတော့ ဘိုင်ဒန် ဂုဏ်ယူအပြောကြားဆုံး ဥပဒေရေးရာ အောင်မြင်မှုတွေထဲက တခုဖြစ်ပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုနဲ့ ဒါကို နိုင်ငံတော် အဆင့်မှာ ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာတွေဟာ ဘိုင်ဒန်ရဲ့ ဦးစားပေး တိုက်ပွဲဝင်ခဲ့တဲ့ ပြဿနာတွေထဲမှာ အမြဲပါဝင်နေခဲ့ ပြီးသား ဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာ အိမ်တွင်းအကြမ်းဖက်နဲ့ ပတ်သက်လို့ အပေါ်ယံ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ခွာချပြီး ခါးသီးတဲ့ အမှန်တရားတခုကို အများပြည်သူ မြင်လာအောင် ပြနိုင်ခဲ့တယ်” ဆိုပြီး ၂၀၁၉ ခုနှစ်မှာ ဘိုင်ဒန်က ဟပ်ဖင်တန်ပို့စ် သတင်းဌာနကို ပြောခဲ့ပါတယ်။
ဘိုင်ဒန်ဟာ အမျိုးသမီးအရေး ဖြေရှင်းပေးမှုကို ဥပဒေရေးရာ အားထုတ်မှုတွေနဲ့ သက်သေပြနိုင်ခဲ့တယ် ဆိုပေမယ့် သူက အမျိုးသမီးတွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီးတော့ ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်ခံရပါတယ်။

ဘိုင်ဒင်ရဲ့ ၂၀၂၀ သမ္မတလောင်း အဖြစ် အရွေးခံဖို့ ကိစ္စ တရားဝင် မကြေညာခင် ရက်ပိုင်းအလိုမှာ သူ့ကို အမျိုးသမီးတချို့က ဘိုင်ဒန်ဟာ သူတို့ကို သူတို့မလိုလားဘဲ ခန္ဓာကိုယ်ကို ထိတွေ့မှုတွေ လုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။
“ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းလောက်အောင် ဒီလို သိသိသာသာကြီး မသင့်မလျော် လုပ်တာမျိုး တခါမှ မကြုံဖူးပါဘူး” ဆိုပြီး ဘိုင်ဒန်နဲ့ ၂၀၁၄ မှာ ဆုံခဲ့ရတဲ့ အခြေအနေကို နီဗားဒါးပြည်နယ်က ဒီမိုကရက် နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ လူစီ ဖလောရက်စ်က ရေးသားခဲ့ပါတယ်။ “အမေရိကန်နိုင်ငံရဲ့ ဒုသမ္မတဟာ အလွန် ရင်းနှီးသူတွေ၊ မိသားစုဝင်တွေနဲ့ ဘဝလက်တွဲဖော်တွေသာ လုပ်လေ့ရှိတဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့မှုမျိုး ကျွန်မကို လုပ်ခဲ့ပြီး အဲဒီအတွက် ကျွန်မဘက်က ဘာမှ ပြန်လုပ်နိုင်တဲ့ အားအင်မရှိသလိုလည်း ခံစားခဲ့ရပါတယ်” လို့ ဖလောရက်စ်က ဆိုပါတယ်။
ဘိုင်ဒန်က သူ့အပေါ် စွပ်စွဲထားတဲ့ ဘယ် မလျော်မကန် လုပ်မှုတခုခုအတွက်ကိုမှ ဝန်ခံတာမျိုး မလုပ်ခဲ့ပေမယ့် ရုပ်သံဗီဒီယိုတခု ထုတ်ပြန်ခဲ့ပြီး သူ့ရဲ့ အနာဂတ် အပြုအမူတွေမှာ အမျိုးသမီးတွေ မသက်မသာ မဖြစ်စေဖို့အတွက် “လေးလေးစားစားနဲ့ သတိထားပါ့မယ်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က လာ့စ်ဗေးဂတ်စ်မှာ တွေ့ရတဲ့ ဖလောရက်စ်နဲ့ ဘိုင်ဒန်
၂၀၁၄ ခုနှစ်က လာ့စ်ဗေးဂတ်စ်မှာ တွေ့ရတဲ့ ဖလောရက်စ်နဲ့ ဘိုင်ဒန်
ပြီးခဲ့တဲ့ မတ်လမှာတော့ ဘိုင်ဒန်ကို အခုလို စွပ်စွဲသူ အမျိုးသမီးတွေထဲက တဦးဖြစ်တဲ့ တာရာ ရိဒ်က သူ့ကို ဘိုင်ဒန် ပြုမူမှုဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မြောက်တယ်လို့ပါ ပြောဆိုလာခဲ့ပါတယ်။ ဘိုင်ဒန် အထက်လွှတ်တော်အမတ်ဘဝ ၁၉၉၃ ခုနှစ်မှာ သူ့ရုံးခန်းမှာ အလုပ်လုပ်ခဲ့တဲ့ တာရာ ရိဒ်ဟာ လူသူမရှိတဲ့ ခန်းမတခုအတွင်းမှာ ဘိုင်ဒန်ရဲ့ လိင်ပိုင်းကျူးလွန်မှုတခုကို ခံခဲ့ရပြီး အဲဒီအချိန်က ရိဒ်ဟာ သူနဲ့ ရင်းနှီးသူတွေကို ဒီအကြောင်း ပြောပြခဲ့ဖူးကြောင်းကိုလည်း အဲဒီလူတွေက ပြန်လည် သက်သေခံခဲ့ကြပါတယ်။
နောက်ထပ် နှစ်လ အကြာမှာတော့ ဘိုင်ဒန်က အဲဒီ စွပ်စွဲမှုကို တိုက်ရိုက်တုံ့ပြန်ခဲ့ပြီး သူ့ရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အက်ဥပဒေအပေါ် ထောက်ခံမှုကို ကိုးကား ပြောဆို ဖြေရှင်းခဲ့ပါတယ်။
“[အမျိုးသမီးတွေ စော်ကားခံရတာကို နှုတ်ဆိတ်မနေပဲ ထုတ်ပြောလာတဲ့] အစဉ်အလာ အပြောင်းအလဲမှာ ကျွန်တော့အနေနဲ့ အသံတခု ပြုပေးသူ၊ ထောက်ခံပေးသူ၊ ဦးဆောင်သူတဦး ဖြစ်သင့်တယ် ဆိုတဲ့ ကျွန်တော်ရဲ့ တာဝန်ကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ဒီအစဉ်အလာ အပြောင်းအလဲ စဖြစ်လာတယ် ဆိုပေမယ့် မပြီးဆုံးသေးတဲ့အတွက် ဆက်ပြီး တွန်းအားပေးနေဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ ၂၇ နှစ်က ကျွန်တော် မဖွယ်မရာ ပြုမူတယ်ဆိုတဲ့ ကျွန်တော့ဝန်ထမ်းဟောင်းရဲ့ စွပ်စွဲချက်တွေဟာ မမှန်ဘူး ဆိုတာပြောချင်ပါတယ်” လို့ သူ့ရဲ့ ရုပ်သံဗီဒီယိုမှာ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
ရိဒ်ဘက်ကတော့ ဘိုင်ဒန်ကို သမ္မတအဖြစ် ဝင်အရွေးမခံတော့ဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နယူးယောက်တိုင်း သတင်းစာ အပါအဝင် စာနယ်ဇင်းသမားတွေက ရိဒ်ရဲ့ စွပ်စွဲမှုတွေကို စုံစမ်းစစ်ဆေးရာမှာတော့ ရှေ့နောက်မညီတဲ့ အပြောတွေ ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဒီလို ပြဿနာတွေက ဒီမိုကရက်တွေအကြား၊ အထူးသဖြင့် #ကျွန်မလည်းကျူးလွန်ခံရပါတယ် (#MeToo) ဆိုတဲ့ မီတူး လှုပ်ရှားမှုနဲ့ အမျိုးသမီးတွေကို ယုံလိုက်ပါ ဆိုတဲ့ လှုပ်ရှားမှုတွေကို ထောက်ခံတဲ့ ဒီမိုကရက် အမျိုးသမီးတွေကို စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။
ရိဒ် နဲ့ပတ်သက်တဲ့ အဖြစ်တွေအပြီးမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက အနီတာ ဟေးလ် ကြုံခဲ့ရတယ်ဆိုတဲ့ အဖြစ်တွေကိုလည်း သံသယတွေဝင်လာပြီး သူ့အပေါ်ယုံကြည်ရရဲ့လား ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာပါတယ်။
မီတူး လှုပ်ရှားမှုနဲ့အတူ လိင်ပိုင်း နှောက်ယှက် စော်ကားခံရတာတွေ အပေါ် တိုးမြှင့် ထုတ်ပြောလာတဲ့ လတ်တလော နှစ်တွေ အတွင်းမှာ ဘိုင်ဒန်အနေနဲ့ သူ့ရဲ့ အနီတာ ဟေးလ်ကိစ္စ ကိုင်တွယ်ခဲ့ပုံ အပေါ် နောင်တရကြောင်း ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
“ကျွန်တော့် အနေနဲ့ အနီတာ ဟေးလ် ရသင့်တဲ့ မျှတတဲ့ ကြားနာမှုမျိုးရအောင် လုပ်မပေးနိုင်ခဲ့လို့ ဒီကနေ့အထိ နောင်တရမိပါတယ်၊ သူဟာ သတ္တိမွေးပြီး ကြုံခဲ့ရတာကို လာရောက်ပြောဆိုခဲ့တဲ့ သူပါ” ဆိုပြီး ၂၀၁၉ ခုနှစ်အတွင်းက သူ့ရဲ့မိန့်ခွန်းတခုမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဟေးလ်ကို သူကိုယ်တိုင် ဖုန်းဆက်ပြီး ဒီအကြောင်း တိုက်ရိုက် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အနီတာ ဟေးလ် အတွက်တော့ ဒီလောက်နဲ့ မလုံလောက်ခဲ့ပါဘူး။
“ဘိုင်ဒန်အနေနဲ့ တခြား အမျိုးသမီးတွေနဲ့တကွ အမေရိကန်လူထုတရပ်လုံးကို တောင်းပန်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မျက်မြင်တွေ့ရတဲ့ နိုင်ငံတလွှားက အမေရိကန်လူထုဟာ တော်တော် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြတာကို ကျွန်မတို့ သိရပါတယ်။ လက်ရှိ အမေရိကန် အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လိင်အခြေခံ အကြမ်းဖက်မှုတွေကို အစိုးရဘက်က တုံ့ပြန်ဖြေရှင်းနိုင်စွမ်းအပေါ် အယုံအကြည် မရှိကြတော့ပါဘူး” ဆိုပြီး အနီတာ ဟေးလ်က နယူးယောက်တိုင်း သတင်းစာကို ပြောကြားခဲ့ပါတယ်။
ချိုးငှက်တလှည့် သိမ်းတလှည့်

အဲဒီနေ့ဟာ ဂျိုးဘိုင်ဒန်အတွက် ရင်းနှီးပြီးသား အတွေ့အကြုံကို ခံစားရတဲ့နေ့ပါ။ ၂၀ဝ၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ သူဟာ အထက်လွှတ်တော်ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ ကော်မတီဥက္ကဌ အနေနဲ့ ရီပတ်ပလီကန် သမ္မတ ဖြစ်သူ အီရတ်ကို စစ်တိုက်မှာကို ထောက်ခံချက် ပေး မပေး စဉ်းစား ဆုံးဖြတ်ရတဲ့ နေ့တနေ့ ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့မတိုင်ခင် ၁၁ နှစ်ကြာ ကာလက အာရပ်ပင်လယ်ကွေ့စစ်ပွဲ မဖြစ်ခင်ကလေးမှာ အဲဒီအချိန်က သမ္မတ ဂျော့ အိတ်ချ် ဒဘလျူ ဘုရှ်က ဆက်ဒမ်ဟူစိန်ရဲ့ စစ်တပ်ကို အင်အားသုံး တိုက်ခိုက်မှု အတည်ပြုပေးဖို့ကို ဘိုင်ဒန်က ကန့်ကွက်မဲပေးခဲ့ပါတယ်။
“ကူဝိတ် လွတ်မြောက်ရေးအတွက် အမေရိကန်တွေက အသက်ပေးကြဖို့ မတောင်းဆိုခင်မှာ တခြား ရနိုင်သမျှ နည်းလမ်းတွေ ကျွန်တော်တို့ သုံးခဲ့ပြီးသားဆိုတာ သေချာစေချင်ပါတယ်။ အခုအချိန်အထိတော့ ဒီလို မဟုတ်ပါဘူး” ဆိုပြီး ဘိုင်ဒန်က အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ ကော်မတီ အစည်းအဝေးတခုမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘက်က သောင်းနဲ့ချီပြီး သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဘိုင်ဒန်က သတိပေးခဲ့တဲ့ကြားက အီရတ်ကို စစ်တိုက်ဖို့ ဆုံးဖြတ်ချက်ဟာ ၅၂ မဲ ၄၇ မဲနဲ့ အတည်ဖြစ်ခဲ့ပါတယ်။ အဲဒီပင်လယ်ကွေ့စစ်ပွဲကတော့ လျင်လျင်မြန်မြန် ပြီးဆုံးသွားခဲ့ပြီး စစ်ပွဲအတွင်း အမေရိကန်စစ်သား အနည်းငယ်သာ သေဆုံးခဲ့ပါတယ်။

၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲအတွင်းက သမ္မတဘုရှ်ကို အမေရိကန် မရိမ်းတပ်သားများနှင့် ဆော်ဒီအာရေဗျတွင် တွေ့ရပုံ
၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲအတွင်းက သမ္မတဘုရှ်ကို အမေရိကန် မရိမ်းတပ်သားများနှင့် ဆော်ဒီအာရေဗျတွင် တွေ့ရပုံ
ဒီလို ဖြစ်အပြီးမှာ ဘိုင်ဒန်နဲ့တကွ စစ်ပွဲကို ဆန့်ကျင်တဲ့ ဒီမိုကရက်တွေဟာ နိုင်ငံတော်ကာကွယ်ရေးမှာ ပျော့ညံ့တဲ့ “ချိုးငှက်တွေ” လို့ သမုတ်ခံခဲ့ရပါတယ်။ သမ္မတ ဂျော့ ဒဗလျူ ဘုရှ် လက်အောက်မှာ ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့တဲ့ ရောဘတ်ဂိတ်စ်ကလည်း ၂၀၁၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သူ့ဘဝမှတ်တမ်း စာအုပ်မှာ ဘိုင်ဒန်ဟာ “လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်ကာလအတွင်း နိုင်ငံခြားရေး မူဝါဒနဲ့ နိုင်ငံတော် လုံခြုံရေး ပြဿနာတွေ အားလုံးနီးပါးမှာ အမှားမှား အယွင်းယွင်း ရပ်တည်ခဲ့တယ်” ဆိုပြီး တိုက်ခိုက်ရေးသားခဲ့ပါတယ်။
တောင်ဗီယက်နမ်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာရေး ဘက်ကို ဘိုင်ဒန်က ထောက်ခံခဲ့တာရယ်၊ ရော်နယ်ရေဂင်ရဲ့ ကာကွယ်ရေး အင်အားထူထောင်မှုကို ကန့်ကွက်ခဲ့တာရယ်နဲ့ ပင်လယ်ကွေ့စစ်ပွဲ တိုက်ဖို့ အဆိုပြုချက်ကို ကံဆိုးစွာနဲ့ ဆန့်ကျင်ခဲ့မိတာတွေ အပါအဝင် တခြားဘိုင်ဒန်ရဲ့ ရပ်တည်ချက် အမှားလို့ ယူဆစရာ ရှိတာတွေကိုလည်း ရောဘတ် ဂိတ်စ်က ထည့်သွင်းရေးသားခဲ့ပါတယ်။
အခုလို ပင်လယ်ကွေ့စစ်ပွဲနဲ့ ပတ်သက်တဲ့ မဲပေးမှု အပြီး နောက်ပိုင်းနှစ်တွေမှာ ဘိုင်ဒန်က ဘော်လ်ကန် ပြည်တွင်းစစ်အတွင်း အမေရိကန် ပါဝင်မှုကို ထောက်ခံတာ၊ အီရတ်ကို ဗုံးကြဲဖို့ ထောက်ခံတာနဲ့ အာဖဂန်နစ္စတန် နိုင်ငံကို ကျူးကျော်ဖို့ ထောက်ခံတာတွေ အပါအဝင် နိုင်ငံတကာ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ ပိုပြီး တိုက်ပွဲဝင် စိတ်ဓာတ်ဆန်တဲ့ တင်းမာတဲ့ ရပ်တည်ချက်တွေ ထားလာခဲ့ပါတယ်။ ဂျော့ ဒဗလျူ ဘုရှ်က အီရတ်မှာ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိတယ်လို့ စွပ်စွဲပြီး စစ်ပွဲသစ် ဆင်နွှဲဖို့ လုပ်လာတဲ့ အချိန်မှာလည်း ဘိုင်ဒန်က ပေါ်ပေါ်တင်တင် ထောက်ခံသူ ဖြစ်ခဲ့ပါတယ်။
“ဒီစစ်ပွဲဟာ အလောတကြီးလုပ်တဲ့ စစ်ပွဲမဟုတ်ပဲ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ချီတက်တဲ့ စစ်ပွဲလို့ ကျွန်တော် ယူဆပါတယ်” ဆိုပြီး ဘိုင်ဒန်က အဲဒီ အီရတ်စစ်ပွဲနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီအချိန်က ဘိုင်ဒန်ဟာ အခြား သမ္မတ ဖြစ်ဖို့ ရည်မှန်းထားကြတဲ့ ဒီမိုကရက်တွေဖြစ်တဲ့ ဂျွန်ကယ်ရီ၊ ဟီလာရီ ကလင်တန်တို့နဲ့အတူ အီရတ်ကို စစ်တိုက်ဖို့ အဆိုပြုချက်ကို ထောက်ခံတဲ့ အထက်လွှတ်တော်အမတ် ၇၇ ဦးထဲက တဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။
“သူတို့ တွက်ချက်ပုံက ရိုးရိုးလေးပါ။ စစ်ပွဲကို ဆန့်ကျင်ပြီးမှ စစ်တိုက်မှု အောင်မြင်သွားလို့ တဖက်ပါတီကို ထောက်ခံသူတွေဘက်က ရနိုင်တဲ့ မဲတွေဆုံးရှုံးသွားနိုင်တဲ့ အလားအလာကိုလည်း သူတို့ ရိပ်စားမိကြပါတယ်” လို့ ဘိုင်ဒင်ရဲ့ အီရတ်စစ်ပွဲ ထောက်ခံမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ရဲ့ ဒါရိုက်တာ မာ့ခ် ဗိုက်စ်ဘရော့တ်က ဆိုပါတယ်။ “ဒါပေမယ့် စစ်ပွဲကို ထောက်ခံအပြီးမှ စစ်ပွဲ မအောင်မြင်ဘဲ အခက်ကြုံရတဲ့ အခြေအနေဖြစ်လာရင်လည်း အများကြီး မဆုံးရှုံးနိုင်တဲ့ အခြေအနေကို သူတို့ တွက်ထားကြတာပါ။ တကယ်လည်း စစ်တိုက်ဖို့ ရွေးချယ်မှု အဆင်မပြေ ဖြစ်ခဲ့တယ်ဆိုပေမယ့် ကိုယ့်ကို ထောက်ခံတဲ့ မဲပေးသူတွေအတွက် အခြား ရွေးစရာမရှိလောက်အောင် စစ်ထောက်ခံသူ များခဲ့တဲ့အတွက် ထောက်ခံသူ အများကြီး ဆုံးရှုံးတာမျိုး မရှိခဲ့ပါဘူး” လို့ မာ့ခ်က ဆက်ပြောပါတယ်။
ဒါပေမယ့် စစ်ပွဲကာလ ကြာလာတဲ့အခါမှာတော့ ဘိုင်ဒန်ရဲ့ စစ်တိုက်ဖို့ ထောက်ခံမှုက နိုင်ငံရေးမှာ ထောက်ပြစရာ တခု ဖြစ်လာခဲ့ပြီး အထူးသဖြင့် အမေရိကန်စစ်တပ်က အီရတ်မှာ နေရာယူထားတဲ့အပေါ် အန္တရာယ်များတဲ့ ခြေကုပ်မိသွားမှု အဖြစ်ယူဆတဲ့ ဒီမိုကရက်တစ်ပါတီ ထောက်ခံသူတွေ အတွက် ဘိုင်ဒန်ကို ထောက်ပြချင်စရာ ဖြစ်လာခဲ့တာပါ။ အစပိုင်းမှာ ဘိုင်ဒန်က သူ့ရဲ့ စစ်ပွဲထောက်ခံမှု အပေါ် ကာကွယ်ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီရပ်တည်ချက်ကို လျှော့ပြောလာခဲ့ပါတယ်။
ဘိုင်ဒန်၂၀ဝ၇ ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့တဲ့ ဘဝမှတ်တမ်း စာအုပ်မှာ အီရတ်စစ်ပွဲနဲ့ ပတ်သက်ပြီး သူလုပ်ခဲ့တာတွေ အပေါ် “ကျွန်တော့ အမှား” လို့ အမည်ပေးထားတဲ့ အခန်းတခု ထည့်သွင်း ရေးသားခဲ့ပါတယ်။ အဲဒီ အခန်းမှာ ဘုရှ်ဦးဆောင်တဲ့ အစိုးရ ကာလမှာ စစ်တိုက်ဖို့ တိုက်တွန်းခဲ့သူတွေအကြောင်း ရေးသားရင်း “ကျွန်တော် သူတို့ရဲ့ မဖြောင့်မမှန် ပြောဆိုလုပ်ကိုင်မှုနဲ့ အရည်အချင်း မပြည့်မှုတွေ အပေါ် အများကြီး လျှော့တွက်ခဲ့မိတယ်” ဘိုင်ဒန်က ရေးသားခဲ့ပါတယ်။

ဘိုင်ဒန်အနေနဲ့ မှားယွင်းတယ်လို့ ယူဆနိုင်စရာ ပင်လယ်ကွေ့စစ်ပွဲအတွက် မဲပေးခဲ့မှု နောက်ပိုင်း နိုင်ငံရေးမှာ လက်ယာဘက်ကို ယိမ်းခဲ့တယ်လို့ ပြောမယ်ဆိုရင် အီရတ်စစ်ပွဲနောက်ပိုင်းမှာတော့ နိုင်ငံရေးအရ လက်ဝဲဘက်ကို ပြန်ယိမ်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သူဟာ အီရတ်မှာ အမေရိကန်တပ်တွေ တိုးချတာကို ဆန့်ကျင်ပြီး အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့လည်း လှုံ့ဆော်ခဲ့တဲ့အပြင် အီရတ်ကို ခွဲခြမ်း အုပ်ချုပ်တဲ့ ပုံစံပြောင်းဖို့ အစီအစဉ်ကိုလည်း ထောက်ခံခဲ့သူ ဖြစ်ပါတယ်။
သူ ဒုသမ္မတ ဘဝမှာဆိုရင်လည်း အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်တွေ တိုးချဖို့ကိစ္စကို ဆန့်ကျင် ဆွေးနွေးခဲ့ပြီး အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်မှာ ဝင်ရောက်ဖမ်းဆီးမယ့် အစီအစဉ်ကိုလည်း ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။ သူ ၂၀၂၀ သမ္မတ အဖြစ် အရွေးခံမယ်လို့ ကြေညာအပြီး မကြာခင်မှာပဲ ဆော်ဒီအာရေဗျနိုင်ငံက ယီမင်ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေတာကို အမေရိကန်က ထောက်ပံ့ပေးမှုတွေအပေါ် ဆန့်ကျင်တဲ့ဘက်က ရပ်တည်ကြောင်း ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။
အိုဘားမား သမ္မတဖြစ်ခဲ့တဲ့ ကာလအတွင်းမှာ ဘိုင်ဒန်ဟာ အစိုးရအဖွဲ့အတွက် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ရည်မှန်းချက်တွေကို အဓိက ဖော်ဆောင်ပေးရတဲ့ တာဝန်ကို ယူခဲ့ပါတယ်။ အထက်လွှတ်တော်အမတ် ကေစီက သူ့ရဲ့ အီရတ်ခရီးစဉ်အတွင်းမှာ အဲဒီအချိန်က ဒုသမ္မတဖြစ်သူ ဘိုင်ဒန်ကို တွေ့ခဲ့ပုံကို ပြန်ပြောင်း ပြောခဲ့ရာမှာ ဘိုင်ဒန်က အီရတ်က အီရတ်အစိုးရအဖွဲ့အတွင်း အဖွဲ့အမျိုးမျိုးရဲ့ ခေါင်းဆောင်တွေနဲ့ ယှဉ်တွဲ အလုပ်လုပ်ဖို့ ကြိုးစားမှုတွေကို ဆွေးနွေးခဲ့တယ်လို့ ကေစီက ဆိုပါတယ်။
“သူတွေ့ခဲ့တဲ့ အဲဒီခေါင်းဆောင်တွေနဲ့ အပြန်အလှန် ပြောဆိုခဲ့တာတွေ ပြန်ပြောပြတာကို နားထောင်ခြင်းအားဖြင့် သူဟာ အဲဒီ့လူတွေရဲ့ ပုဂ္ဂိုလ်ရေး စိတ်နေစိတ်ထားတွေကို တော်တော် လေ့လာနိုင်ခဲ့သူ ဆိုတာ ကျွန်တော်ပြောနိုင်ပါတယ်။ ဒါဟာ ကျွန်တော့အတွက် သံခင်း တမန်ခင်းအရ တော်တော် တန်ဖိုးရှိတဲ့ သင်ခန်းစာတခု ဖြစ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံ ဒါမှမဟုတ် နိုင်ငံခြားရေးမူဝါဒတခုနဲ့ ပတ်သက်တဲ့ မူဝါဒရေးရာ လေ့လာသုံးသပ်ထားတဲ့ စက္ကူဖြူစာတမ်းကို လေ့လာရုံသက်သက်မဟုတ်ပဲ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ စိတ်သဘောထားကို အသေအချာသိဖို့လည်း လိုပါတယ်” ဆိုပြီးတော့လည်း ကေစီက ပြောပါတယ်။
ဘိုင်ဒန် ဒုသမ္မတအဖြစ် ထမ်းဆောင်စဉ်က တခြားယူရတဲ့ တာဝန်တွေထဲမှာ အီရန်နဲ့ နျူးကလီးယားဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ အမေရိကန်ကွန်ဂရက်ကို တွန်းအားပေးရတဲ့ တာဝန်၊ ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်ကို နိုင်ငံတကာ ထောက်ခံမှုများလာအောင် စည်းရုံးရတဲ့ တာဝန်၊ တရုတ်နိုင်ငံအတွင်းက အမေရိကန်အကျိုးစီးပွားတွေအတွက် ကိုယ်စားပြုပေးရတဲ့ တာဝန်နဲ့ ယူကရိန်းနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ အားပေး တိုက်တွန်းရတဲ့ တာဝန်တွေလည်း ပါဝင်ပါတယ်။
အဲဒီ တာဝန်တွေထဲက နောက်ဆုံးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ ယူကရိန်းဆိုင်ရာ ကိစ္စတွေမှာ ဘိုင်ဒန်ရဲ့ လုပ်ဆောင်ခဲ့မှုတွေကို ဒေါ်နယ်ထရမ့်နဲ့တကွ ရီပတ်ဘလီကန်တွေဘက်က အဓိက အာရုံစိုက် တိုက်ခိုက်ခဲ့ကြပါတယ်။ ဘိုင်ဒန်ဟာ တရုတ်နဲ့ နီးစပ်လွန်းခဲ့တယ်လို့ သူတို့က ဝေဖန်ခဲ့ကြပြီး သူ့ရဲ့ ယူကရိန်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေဟာလည်း ယူကရိန်းနိုင်ငံနဲ့ အကျိုးစီးပွားအရ ချိတ်ဆက်မှုတွေ ရှိနေတဲ့ သူ့သား ဟန်တာကို ကာကွယ်ဖို့ လုပ်ဆောင်မှုတွေသာ ဖြစ်ကြောင်း ပုံဖော်ဖို့လည်း ကြိုးစားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၉ မှာ ဟန်တာက သူ ယူကရိန်းမှာ “ဘာအမှားမှ မလုပ်ခဲ့ဘူး” ဆိုပြီး ငြင်းဆိုခဲ့ပေမယ့် “သုံးသပ်ဆုံးဖြတ်မှုအားနည်းခဲ့တယ်” လို့ ဝန်ခံခဲ့တာကြောင့် နိုင်ငံရေးအရ တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။
ဘိုင်ဒန်က အီရတ်စစ်ပွဲမှာ ထောက်ခံမဲ ပေးခဲ့တာကို ထောက်ပြတဲ့ ဝေဖန်မှုတွေ ၂၀၂၀ ဒီမိုကရက်တစ် ပါတီအတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ ပေါ်ပေါက်လာခဲ့သေးပေမယ့် အနှစ် ၂၀ လောက် ကြာခဲ့ပြီ ဖြစ်တဲ့အတွက် အရင်ကလောက်တော့ နိုင်ငံရေးဖိအား မပြင်းထန်ခဲ့ပါဘူး။
အိမ်ဖြူတော်ကို မျှော်မှန်း
ချိန်ရွယ်မှု အသစ်တခု

ဘိုင်ဒန်ရဲ့ ၂၀ဝ၈ က သမ္မတလောင်းအဖြစ် အရွေးခံဖို့ စည်းရုံးမှု အဆုံးသတ်ခဲ့အပြီး ဝါရှင်တန်ကို ပြန်ပြီး ကွန်ဂရက် အထက်လွှတ်တော် အမတ်ဘဝနဲ့ အရိုးထုတ်ချင်ထုတ် ဒါမှမဟုတ် ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့ အနာဂတ် အမေရိကန်အစိုးရအဖွဲ့အတွင်း တာဝန်ထမ်းဆောင်ချင် ထမ်းဆောင်လိမ့်မယ် ဆိုပြီး ယူဆနိုင်စရာ ရှိခဲ့ပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့မှာတော့ အိုဘားမားက သူ့ကို ဒုသမ္မတအဖြစ် သူနဲ့အတူ အရွေးခံဖို့ ရွေးချယ်လိုက်ပါတယ်။
ဒီလို ရွေးချယ်မှုကို အများက အံ့အားသင့်ခဲ့ကြပါတယ်။ ဘိုင်ဒန်ရဲ့ နေရင်း ပြည်နယ် ဒယ်လဝဲဟာလည်း ရွေးကောက်ပွဲမှာ အဓိက အပြိုင်အဆိုင် ဖြစ်လေ့ရှိတဲ့ ပြည်နယ်လည်း မဟုတ်ခဲ့ပါဘူး။ ဝါရှင်တန်မှာ ဆယ်စုနှစ် သုံးခုကျော် နေထိုင်ခဲ့တဲ့ ဘိုင်ဒန် ဆိုတာကလည်း အိုဘာမားပေးချင်တဲ့ သတင်းစကားဖြစ်တဲ့ အပြောင်းအလဲ လုပ်ရေးဆိုတာနဲ့ ကိုက်ညီတဲ့ လူသစ်တန်း အပြင်လူတဦးလို့ ပြောလို့ မရတဲ့ နိုင်ငံရေးသမားတဦး ဖြစ်နေပြန်ပါတယ်။
“ဘိုင်ဒန်နဲ့ အိုဘားမားတို့ဟာ အတော် ကွဲပြားတဲ့ လုပ်ကိုင်ပုံ ရှိသူတွေ ဖြစ်ကြောင်းကို လူအများက ခံစားသိရှိ အသိအမှတ်ပြုမိခဲ့ကြပါတယ်” ဆိုပြီး ဒုသမ္မတနေရာအကြောင်း စာအုပ်တအုပ်ကို ရေးသားခဲ့သူ စာနယ်ဇင်းသမား ကိတ် အန်ဒါဆင် ဘရောင်ဝါက ပြောဆိုခဲ့ပါတယ်။ “အိုဘားမားက အသေအချာ စဉ်းစားတွေးခေါ်ပြီး ပြောမယ့် စကားလုံးတွေကို ရွေးချယ်တဲ့သူ ဖြစ်သလောက် ဘိုင်ဒန်ကလည်း အမြဲလိုလို မရည်ရွယ်ဘဲ တလွဲတချော် စကားပြောမိတတ်သူ တယောက် ဖြစ်ခဲ့ပါတယ်။ အိုဘားမားရဲ့ ဒုသမ္မတအဖြစ် အရွေးခံဖို့ သဘောတူအပြီးမှာ အိုဘားမားကို ဘိုင်ဒန် ပြောခဲ့တာတခုကတော့ သူ့ရဲ့ လုပ်ကိုင်ပုံ နည်းလမ်းတွေကို ပြောင်းမှာ မဟုတ်ဘူးဆိုတဲ့ စကားဖြစ်ပြီး “ကျွန်တော်က ကျွန်တော့် ပုံစံအတိုင်းပဲ ဆက်ရှိသွားမှာ ဖြစ်တယ်” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ခဲ့ဖူးပြီ၊ သမ္မတလောင်း အဖြစ်လည်း ဝင်အရွေးခံဖူးတဲ့အပြင် အိုဘားမားနဲ့အတူ ဒုသမ္မတအဖြစ် အရွေးခံဖို့ ဆန်ကာတင် စာရင်းထဲလည်း ပါခဲ့ဖူးတဲ့ ဘီလ် ရစ်ချက်ဆင်ရဲ့ အဆိုအရ ဆိုရင် အိုဘားမားနဲ့ ဘိုင်ဒန်တို့ဟာ ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူတွေအကြား မဲဆွယ်မှုတွေ လုပ်ကြချိန်မှာ နီးစပ်တဲ့ ဆက်ဆံရေးတခု တည်ဆောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“နိုင်ငံရေး စကားစစ်ထိုးပွဲတွေမှာ သူတို့နှစ်ယောက် ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးကောင်းခဲ့ကြတာကို ကျွန်တော် သတိထားမိခဲ့ပြီး အိုဘားမားအတွက် ဝါရင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကျွမ်းကျင်သူ တဦးက သူ့ဘက်မှာ ရှိကြောင်း ပြဖို့ လိုအပ်ခဲ့တဲ့အပြင် သူတို့ တယောက်ကို တယောက် အတော်လေး သဘောကျ ခင်မင်ခဲ့ကြတယ် ဆိုတာကိုလည်း ကျွန်တော် ပြောနိုင်ပါတယ်” လို့ ရစ်ချက်ဆင်က ဆိုပါတယ်။
အိုဘားမားက သူနဲ့အတူ ဒုသမ္မတအဖြစ် အရွေးခံမယ့်သူကို ရွေးချယ်အပြီး နာရီအနည်းငယ်အတွင်းမှာပဲ အီလီနွိုက်ပြည်နယ် စပရင်းဖီးမြို့မှာ လာရောက် စုဝေးတဲ့ လူထုနဲ့ ဘိုင်ဒန်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
“ဂျိုးဘိုင်ဒန်ဟာ ဝါရှင်တန်မှာ အပြောင်းအလဲတွေ လုပ်နိုင်ခဲ့သူ ဖြစ်ပေမယ့် ဝါရှင်တန်က သူ့ကို ပြောင်းလဲအောင် မလုပ်နိုင်ခဲ့တဲ့ ရှားရှားပါးပါး နိုင်ငံရေးသမား တဦးဖြစ်ပြီး ကျွန်တော်တို့နိုင်ငံ လမ်းမှန်ပေါ် ပြန်ရောက်ဖို့ အလုပ်လုပ်ကြရာမှာ ကျွန်တော်နဲ့ လက်တွဲလုပ်ကိုင်ဖို့ အထူးသင့်လျော်သူ တဦးလည်း ဖြစ်ပါတယ်” ဆိုပြီး အိုဘားမားက ပြောဆိုခဲ့ပါတယ်။
ဘိုင်ဒန်ရဲ့ ဘဝတလျှောက် အရေးပါတဲ့ အခိုက်အတန့်တွေ ဖြစ်တဲ့ စကားထစ်ခဲ့တာ၊ ဇနီးနဲ့ သမီးကွယ်လွန်တာကို ကြုံရတာ၊ ဦးနှောက်သွေးကြောယောင်တာ၊ ၁၉၉၄ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ အတည်ဖြစ်လာဖို့ ကြိုးစားလုပ်ကိုင်တာနဲ့ ဘော်လ်ကန် ပြည်တွင်းစစ် အဆုံးသတ်ဖို့ တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ပါဝင်ဆောင်ရွက်တာ စတဲ့ ကိစ္စတွေမှာ သူရွေးချယ် ရပ်တည်မှုတွေကိုလည်း အိုဘားမားက အားပေး ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

အိုဘားမား သမ္မတသက်တမ်း အစဦးကာလမှာ ဘိုင်ဒန်က အိမ်ဖြူတော်ရဲ့ လားရာ ဦးတည်ချက်တွေကို လိုက်လုပ်ရတာ အဆင်မပြေ မကြာခဏ ဖြစ်ခဲ့ပုံရပါတယ်။ အနှစ် ၃၀ ကျော် အထက်လွှတ်တော် အမတ်ဘဝနဲ့ နိုင်ငံရေးမှာ ကိုယ့်သဘောနဲ့ကိုယ် ပြုမူပြောဆိုလာတဲ့ ဘိုင်ဒန်အတွက် အခြားသူတယောက် ဖြစ်စေချင်တဲ့အတိုင်း လုပ်ဖို့ လိုအပ်လာတဲ့ အခြေအနေမှာ ရောက်နေခဲ့ပါတယ်။
“ဒီလို လုပ်ရတဲ့အပေါ် အစပိုင်းမှာ သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်ခဲ့ပြီး အိုဘားမားနဲ့ ဘိုင်ဒန်တို့ အပြန်အလှန် လွန်ဆွဲနေကြပုံ ဆန်တဲ့ ဆက်ဆံရမှုရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်” လို့ ဘောင်ဝါက ပြောပါတယ်။
ဘိုင်ဒန်အတွက် အစိုးရရဲ့ မူဝါဒကနေ သွေဖည်သွားတဲ့ အခိုက်အတန့်တွေရှိခဲ့ပြီး အထင်ကရ အဖြစ်ဆုံး တခုကတော့ အိမ်ဖြူတော်က ထိန်းထိန်းသိမ်းသိမ်းသာ ရပ်တည် ပြောဆိုလိုတဲ့ အချိန်မှာ သူက လိင်တူထိမ်းမြားမှုကို ထောက်ခံကြောင်း ကြေညာလိုက်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ တခြားအခြေအနေတွေမှာတော့ အိုဘားမားက ၂၀ဝ၉ ခုနှစ် စီးပွားပျက်ကပ် အပြီး စီးပွားရေး ပြန်ကောင်းလာဖို့ လှုံ့ဆော်ပေးတဲ့ ဥပဒေကို ကွန်ဂရက်ကတဆင့် ထိန်းကျောင်းပေးရတဲ့ တာဝန်နဲ့ အီရတ်က အမေရိကန်တပ်တွေ လျှော့တာကို ကြီးကြပ်ရတဲ့ တာဝန်လို အရေးပါတဲ့ တာဝန်တွေကို ဘိုင်ဒန်ကို ပေးခဲ့ပါတယ်။
“ကျွန်တော် ဟီလာရီကို မနိုင် နိုင်ဘူး ဆိုပြီး သမ္မတက ယူဆခဲ့ပါတယ်”
ဂျိုးဘိုင်ဒန်
ဘိုင်ဒန် ဒုသမ္မတ တာဝန်ကို ရှစ်နှစ်ကြာ ထမ်းဆောင်ပြီးချိန်မှာတော့ သူနဲ့ အိုဘားမားတို့ဟာ ခိုင်မာတဲ့ ရင်းနှီးမှုတခု တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့ သားဖြစ်သူ ဘိုးရဲ့ ဈာပနမှာ အိုဘားမားက ဝမ်းနည်းစကားပြောခဲ့တာနဲ့ ပတ်သက်လို့ ဘိုင်ဒန်က ပြန်ပြောင်း ပြောပြချိန်မှာ သိသိသာသာ စိတ်ထိခိုက် ခံစားမှု ရှိခဲ့တာကို တွေ့ခဲ့ရတယ် ဆိုပြီး ဘောင်ဝါက ဘိုင်ဒန်နဲ့ မေးမြန်းခန်းတခု လုပ်တုန်း သူသတိထားမိခဲ့တာကို ပြန်ပြောပြပါတယ်။
“သူတို့ ရှစ်နှစ်လောက် မိသားစုလို နေခဲ့ကြရာမှာ နှစ်ယောက် အသက်ကွာကြတဲ့အတွက် အဖေနဲ့သားလို ဆက်ဆံမှုမျိုးလည်း ရှိခဲ့တယ်လို့ ပြောနိုင်တယ်” လို့လည်း ဘောင်ဝါက မှတ်ချက်ပေးခဲ့ပါတယ်။
အိုဘားမားရဲ့ သမ္မတသက်တမ်း ကုန်ဆုံးခါနီး အချိန်မှာ သူက အများထင်မထားတဲ့ အခမ်းအနားတခု ကျင်းပခဲ့ပြီး လွတ်လပ်မှုဆိုင်ရာ သမ္မတပေးသော ဆုတံဆိပ်ကို အိုဘားမားက ဘိုင်ဒန်ကို ပေးခဲ့ပါတယ်။ ဒီဆုတံဆိပ်ဟာ အမေရိကန်မှာ အရပ်သားတွေကို အမြင့်ဆုံး ဂုဏ်ပြုမှု ဖြစ်ပြီး သူတို့ရဲ့ ညီအစ်ကိုလို ရင်းနှီးချစ်ခင်မှုနဲ့ ပတ်သက်လို့ ဟာသနှော ပြောဆိုမှုတွေလုပ်အပြီးမှာ အိုဘားမားက လေးလေးနက်နက် ပြောကြားမှုတခုလည်း လုပ်ခဲ့ပါတယ်။
“ဂျိုးဘိုင်ဒန်နဲ့ အကျွမ်းတဝင် ဖြစ်ရတယ်ဆိုတာ ဟန်ဆောင်မှု မပါတဲ့ ချစ်ခင်ရင်းနှီးမှု တခုနဲ့ အကျွမ်းတဝင် ဖြစ်ရတာ၊ ကိုယ်ကျိုး မဖက်တဲ့ အကျိုးဆောင်မှုတွေနဲ့ အကျွမ်းတဝင် ဖြစ်ရတာ၊ ဘဝမှာ အပြည့်အဝ ရှင်သန် နေထိုင်မှုတခုနဲ့ အကျွမ်းတဝင် ဖြစ်ရတာတွေနဲ့ အလားသဏ္ဍန်တူ ပါတယ်” ဆိုပြီး အိုဘားမားက ပြောဆိုခဲ့ပါတယ်။
ဒီမိန့်ခွန်းဟာ အများပြည်သူအတွက် ကာလကြာရှည် အမှုထမ်းမှု တခု အဆုံးသတ်တာကို ညွှန်ပြနေပြီး ခရစ်ယာန် ဘာသာရေး ဝတ်ပြုမှု အဆုံးသတ်မှာ ကောင်းချီးပေးတဲ့ စကားလို ခံစားချက်မျိုးလည်း ပါဝင်နေခဲ့ပါတယ်။ ဒီလို အိုဘားမားက မိန့်ခွန်းမပြောခင် တနှစ်ခွဲလောက် အလိုမှာ ဆိုရင်လည်း ဘိုင်ဒန်အနေနဲ့ ဟီလာရီ ကလင်တန်ကို စိန်ခေါ်ပြီး အပြိုင်အဆိုင် သမ္မတလောင်းအဖြစ် အရွေးမခံဖို့ အိုဘားမားက ဖိအားပေးခဲ့ပါတယ်။
“ကျွန်တော် ဟီလာရီကို မနိုင် နိုင်ဘူးဆိုပြီး သမ္မတက ယူဆခဲ့ပါတယ်။ ဒီလို ပါတီတွင်း ကာလကြာရှည် ယှဉ်ပြိုင် အရွေးခံမှုကြောင့် ပါတီတွင်း ကွဲလွဲမှုတွေ ဖြစ်လာပြီး တကယ့် အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရက်ဘက်က သမ္မတလောင်းအပေါ် အများတိုက်ခိုက်ချင်စရာ ဖြစ်လာမှာကိုလည်း သူက စိုးရိမ်ခဲ့ပါတယ်” ဆိုပြီး ဘိုင်ဒန်က ၂၀၁၇ ခုနှစ်မှာ ထုတ်ဝေတဲ့ သူ့ရဲ့ ဘဝမှတ်တမ်းစာအုပ်မှာ ရေးသားထားခဲ့ပါတယ်။
ဘိုင်ဒန် ဝင်အရွေး မခံခဲ့ပေမယ့် ဒီမိုကရက်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်နဲ့ ဘာနီ ဆန်းဒါးတို့ ကြားမှာ သမ္မတလောင်းဖြစ်ဖို့ ပါတီတွင်း ကာလတာရှည် ခါးခါးသီးသီး ယှဉ်ပြိုင် တိုက်ခိုက်ရမှုတွေကတော့ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလို ဖြစ်အပြီး အများတိုက်ခိုက်ချင်စရာ အနေအထားနဲ့ ဒီမိုကရက်ဘက်က ရွေးလိုက်တဲ့ သမ္မတလောင်း ဖြစ်လာသူ ဟီလာရီဟာ အဲဒီ အခြေအနေကြောင့်ပဲ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။



နောက်ထပ် လေးနှစ်အကြာမှာတော့ ဘိုင်ဒန်ဟာ ဆန်းဒါးကို ကလင်တန်တုန်းကထက် လျင်လျင်မြန်မြန် အနိုင်ယူနိုင်ခဲ့ပြီး ဒုသမ္မတဟောင်း တယောက်အနေနဲ့ ဒီမိုကရက်တစ် ပါတီက အပြီးသတ် ရွေးချယ်လိုက်တဲ့ သမ္မတလောင်းနေရာကို ရလာခဲ့ပါတယ်။
သူ အိုဘားမားလက်အောက်မှာ တာဝန်ကျေတဲ့ ဒုသမ္မတတယောက် အဖြစ် ထမ်းဆောင်နိုင်ခဲ့မှုက သူ့အောင်မြင်မှုကို ကြီးကြီးမားမား သက်ရောက်စေခဲ့ပြီး လူမည်းဒီမိုကရက်တွေရဲ့ တခဲနက် ထောက်ခံမှုကိုလည်း ရစေခဲ့ပါတယ်။
ဒီလို ရခဲ့တဲ့ အခြေအနေကို ဖော်ကျူးနိုင်ခဲ့တဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားမှုတခုမှာ လော်ရီ ဂေါ့ဖ်က “ဂျိုးဘိုင်ဒန်အကြောင်း ရှင်းပြပါရစေ၊ ဒီချမ်းသာတဲ့ လူဖြူအဖိုးကြီးဟာ လူမည်းတဦးရဲ့ လက်ထောက်နေရာက တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်၊ အဲဒီ လူမည်းဆိုတာကလည်း သာမန်မဟုတ်ဘဲ သူ့ထက် ပိုငယ်ရွယ်ပြီး ထက်မြက်တဲ့ လူမည်းအမျိုးသား တဦးလည်း ဖြစ်ပါတယ်။ ဒီလူဖြူအဖိုးကြီးက အဲဒီလို လက်ထောက်တာဝန်ကို ယူခဲ့တာ တရက်ထဲလည်း မဟုတ်၊ တနှစ်ထဲလည်း မဟုတ်၊ နှစ်နှစ်ထဲလည်း မဟုတ်ဘဲ ရှစ်နှစ်တိတိ အဲဒီ လူမည်းအမျိုးသားရဲ့ လက်ထောက် လုပ်ခဲ့သူ ဖြစ်ပါတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။
“ဒါဟာ လူမည်းတွေရဲ့ မဟာမိတ်အဖြစ် သူက ရပ်တည်ပြတာ ဖြစ်ပြီး လူမည်းတွေက ဂျိုးကို သိကြတယ်ဆိုတာ ဒီလို အနေအထားမျိုး ရှိခဲ့တာကို သိကြတာပါ” ဆိုပြီး သူက အဆုံးသတ်လိုက်ပါတယ်။

ဒီလို လူမည်းတွေဘက်က ထောက်ခံမှုကို အသိအမှတ်ပြုတဲ့ လုပ်ဆောင်မှုတခုလို့ ယူဆနိုင်စရာ ရှိတဲ့ လုပ်ရပ်အနေနဲ့ ဘိုင်ဒန်က အရင် သူနဲ့အပြိုင် သမ္မတလောင်းဖြစ်ဖို့ အရွေးခံခဲ့တဲ့ ကာမလာ ဟဲရစ်စ်ကို ဒုသမ္မတအဖြစ် သူနဲ့ ယှဉ်တွဲ အရွေးခံဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီလို ရွေးချယ်ခြင်းအားဖြင့်လည်း အိုဘားမားက သူ့ကို လွန်ခဲ့တဲ့ ရှစ်နှစ်က ပေးခဲ့တဲ့ သမ္မတ ဖြစ်လာဖို့ လမ်းကြောင်းတခုကို လူမည်းအမျိုးသမီးတယောက်ကို လက်ဆင့်ကမ်းတာ ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒီတကြိမ်မှာလည်း ဒီမိုကရက်တွေဟာ မျိုးဆက်အားဖြင့်လည်းကွာ၊ လူမျိုးလည်း မတူတဲ့ သမ္မတလောင်းနဲ့ ဒုသမ္မတလောင်း အတွဲကို ရလိုက်ပြန်ပြီ ဖြစ်ပါတယ်။ အိုဘားမားကို အနီးကပ် အကူအညီပေးသူ မိတ်ဆွေရင်း တဦး အနေနဲ့ ဘိုင်ဒန်ဟာ အိမ်ဖြူတော်မှာ ခြေကုပ် တနေရာ ယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံရေးသမား သက်တမ်း အနှစ် ၄၀ တလျှောက် သမ္မတ ဖြစ်ဖို့ နိုင်ငံရေး ရည်မှန်းချက်ဟာ ကိုယ်ရေးကိုယ်တာ ပြဿနာတွေရော၊ လူအများကြားမှာ ဖြစ်ရတဲ့ ပြဿနာတွေနဲ့ပါ စိတ်မသက်မသာ ဖြစ်စရာ အဆင်မပြေမှုတွေ အများကြီးရှိခဲ့ပါတယ်။ သူ့အတွက် ထိပ်ဆုံးက သမ္မတရာထူးရဖို့ တတိယမြောက် ကြိုးစားမှုမှာ အောင်မြင်မှုကို ဆွတ်ခူးနိုင်ရေးအတွက် ဒီတကြိမ်ဟာ နောက်ဆုံး အခွင့်အရေးလို့ပဲ ဆိုရမှာပါ။

ဆောင်းပါးအတွက် ပါဝင်ရေးသားထုတ်လုပ်တင်ဆက်သူများ
ရေးသားသူ ။ ။ အန်တိုနီ ဇာခါ
အွန်လိုင်း ထုတ်လုပ်သူ ။ ။ ဂျိမ်းမ်စ် ပါစီ
တည်းဖြတ်သူ ။ ။ ကက်သရင်း ဝက်စ်ကော့တ်
ရုပ်သံနဲ့ ဓါတ်ပုံ အကိုးအကား ။ ။ Getty Images, Reuters, Rex Features, C-Span, ABC
ဆောင်းပါး စတင်ဖော်ပြသည့် ရက်စွဲ ။ ။ ၂၀၂၀ သြဂုတ်လ ၁၈ ရက်