ငြိမ်းချမ်းရေးညီလာခံကနေ ငြိမ်းချမ်းရေးမရနိုင်လို့ ဆို

UNFC
ဓာတ်ပုံ ပုံစာ, ထိုင်းမှာ ကျင်းပတဲ့ UNFC အစည်းအဝေးတစ်ခု

ဇန်နဝါရီ ၁၂ ရက် အင်္ဂါနေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ မမြင်ကြောင်း UNFC အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ခူဦးရယ်က ပြောပါတယ်။

ဒီညီလာခံကြီးဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ချုပ်ဆိုပြီးနောက် နယ်ပယ်ပေါင်းစုံပါဝင်ပြီး ပထမဆုံးလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ညီလာခံကြီး ဖြစ်ပါတယ်။

ဒါပေမယ့် NCA ဆိုတဲ့ စကားလုံးမှာ တစ်နိုင်ငံလုံးလို့ ပြောထားပေမယ့် တစ်နိုင်ငံလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေး မရသေးကြောင်း၊ ကချင်၊ ရှမ်း နဲ့ ရခိုင်တို့ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ခူဦးရယ်က ပြောပါတယ်။

ညီလာခံလုပ်ပြီး စားပွဲဝိုင်းမှာပဲ ငြိမ်းချမ်းရေးရနေပြီး အောက်ခြေလူထုကတော့ တိုက်ပွဲ တွေကြောင့် ငြိမ်းချမ်းရေး မခံစားနိုင်သေးကြောင်း၊ ဒါကြောင့် အစိုးရဘက်က အခုလို အစောတလျင်လုပ်တဲ့ ညီလာခံကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်လို့ မမြင်ကြောင်း သူက ပြောပါတယ်။

ဒီအချက်တွေကြောင့် UNFC ထဲက KIO ကချင်အဖွဲ့၊ MNSC မွန်ပြည်သစ်၊ SSPP ရှမ်း အဖွဲ့နဲ့ KNPP ကရင်နီအဖွဲ့ တို့ အပါအဝင် အဖွဲ့ဝင် ၉ ဖွဲ့က ဒီညီလာခံကြီးကို မတက်ရောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ခူဦးရယ်က ပြောပါတယ်။

UWSA ၀တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့လည်း ဒီညီလာခံကို မတက်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီညီလာခံကြီးမှာ တိုင်းရင်းသားအဖွဲ့တွေထဲကဆိုရင် NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့က အဓိက တက်ရောက်မှာ ဖြစ်ပါတယ်။