BGFနဲ့ ပစ်ခတ်မှုအတွင်း DKBA ခွဲထွက် သုံးဦးသေ

DKBA Soldiers

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, DKBA ခွဲထွက် အဖွဲ့က NCA လက်မှတ်ထိုးမှာကို နှောင့်ယှက် ချင်တာလို့ နယ်ခြားစောင့်တပ်ဖွဲ့ပြော

အောက်တိုဘာလ ၆ ရက်နေ့က BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပစ်ခတ်မှု အတွင်း DKBA ခွဲထွက် အဖွဲ့က တပ်သား သုံးယောက် သေဆုံးခဲ့ပါတယ်။

အဲဒီ သုံးယောက်ဟာ BGF အဖွဲ့ဆီက လက်နက် တွေကို ယူပြီး DKBA ခွဲထွက် အဖွဲ့နဲ့ ပူးပေါင်းဖို့ ထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ ကရင် နယ်ခြားစောင့်တပ်က ပြော ပါတယ်။

သူတို့ကို ကော့ကရိတ် ကနေ မြဝတီမြို့ကို သွားတဲ့ တောင်ပေါ် လမ်းဟောင်းပေါ်က စော်ဟဲရွာ အနီး စားသောက်ဆိုင်မှာ တွေ့ပြီး BGF အဖွဲ့က ပစ်ခတ်ခဲ့တာလို့ တပ်ရင်း ၁၀၁၇ က တပ်ခွဲမှူး ဗိုလ်စော ငွေဟဲက ပြောပါတယ်။

ပစ်ခတ်မှုမှာ ပါဝင်တဲ့ နယ်ခြားစောင့်တပ် တပ်ရင်း တွေက ၁ဝ၁၇ နဲ့ ၁ဝ၁၈ တို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ကနေ ခွဲထွက်သွားသူတွေဆီက လက်နက် ၃ လက်၊ လက်ပစ်ဗုံး ၂ လုံးနဲ့ အတူ မြင်းဆေး ခေါ် စိတ်ကြွဆေး ၇၂၉၃ လုံးရတယ် လို့လည်း တပ်ခွဲမှူး ဗိုလ်စော ငွေဟဲက ပြောပါတယ်။

DKBA အဖွဲ့ဟာ ၁၉၉၄ ခုနှစ်တုန်းက KNU ကနေ ခွဲထွက်ပြီး အစိုးရနဲ့ ပူးပေါင်းခဲ့ ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ တချို့က BGF ကရင် နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းသွားကြပေမယ့် ဗိုလ်ချုပ်နှုတ်ခမ်းမွှေး၊ ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ ဗိုလ်မှူးချုပ် စောဘိတို့က DKBA အဖြစ်ပဲ ဆက်လက်ရပ် တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လထဲ မှာတော့ ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ ဗိုလ်မှူးကြီး စောဆန်းအောင်တို့က အစိုးရ တပ်တွေနဲ့ တိုက်ပွဲဖြစ်လို့ ဗိုလ်ချုပ် နှုတ်ခမ်းမွှေးတို့ ဘက်က သူတို့ကို DKBA ကနေ ထုတ်ပယ်လိုက် ပါတယ်။