ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ ပူးတွဲဥက္ကဋ္ဌ တာဝန် ယူထားတဲ့ သူရဦးရွှေမန်းကို ရာထူးက ဖယ်ရှားလိုက်ပြီး ဒုဥက္ကဋ္ဌ ဦးဌေးဦးနဲ့ အစားထိုး လိုက်ပါတယ်။
ဦးရွှေမန်းဟာ ပြည်ထောင်စု လွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်ပြီး ရွေးကောက်ပွဲမှာ ပါတီအနိုင်ရခဲ့ရင် သမ္မတ ဖြစ်နိုင်တဲ့သူအဖြစ် အများက ယူဆခံထားရသူပါ။
ကြံ့ခိုင်ရေးပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ အခုချိန်ဟာ ပါတီလုပ်ငန်းတွေကို ပိုမို ဖိဖိစီးစီး ဆောင်ရွက်ဖို့ လိုတဲ့အတွက် ပါတီဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်ကနေ ဒီလို လွှဲပြောင်းတာဝန်ပေးတာလို့ ဖော်ပြပါတယ်။
ပါတီ စည်းလုံးညီညွတ်ရေးနဲ့ ပါတီကို ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းကိုလည်း ရာထူးက ဖယ်ရှားလိုက်ပြီး သူ့နေရာမှာ ဦးတင်နိုင်သိန်းနဲ့ အစားထိုးလိုက်ပါတယ်။
မနေ့ညက နေပြည်တော်မှာရှိတဲ့ ကြံ့ခိုင်ရေး ရုံးချုပ်ကို လုံခြုံရေးတွေ ဝိုင်းထားပြီးနောက် ဒီနေ့မှာ အပြောင်းအလဲတွေကို ကြေညာလိုက်တာပါ။
ဦးရွှေမန်းဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်တွင်းမှာ ဆက်ဆံရေး ကောင်းမွန်တဲ့သူလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ကြံ့ခိုင်ရေးပါတီကနေ ထုတ်ဝေနေတဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာကိုလည်း ထုတ်ဝေမှု ရပ်ဆိုင်းမယ်လို့ သိရပါတယ်။








