ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီကနေ့ဟာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ရာပြည့် မွေးနေ့ ဖြစ်ပါတယ်။
လွတ်လပ်ရေး ကို မမြင်လိုက် ရဘဲ ကွယ်လွန် သွားခဲ့တဲ့ လွတ်လပ်ရေး ရဲ့ ကျေးဇူးရှင် နိုင်ငံ ခေါင်းဆောင် တယောက် ရာပြည့်ချိန် ထိ ပြည်သူ အများက သူ့ကို တမ်းတမ်း တတနဲ့ သူ့ရဲ့ ရာပြည့် အခမ်းအနား တွေ အမြို့မြို့ အနယ်နယ် မှာ ဆင်နွှဲ နေကြ တာ တွေ့ရပါတယ်။
ဒီလို ပြည်သူအများ ရိုသေ လေးစား ခံရတဲ့ ဗိုလ်ချုပ် ဟာ ဘယ်လို လူလဲ၊ ဘယ်လို နိုင်ငံရေး ဂုဏ်သိက္ခာနဲ့ ပြည့်ဝလဲ သူ့ကို သိမီ လိုက်သူ နိုင်ငံရေး လောက ထဲက တချို့ ကို ဆက်သွယ် မေးမြန်း ကြည့်ခဲ့ပါတယ်။
ပထမဆုံး ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ကျောင်းသား ဘဝ၊ သခင် နိုင်ငံရေး သမား ဘဝ ထဲက ရောင်းရင်း ရဲဘော် တယောက် ဖြစ်တဲ့ စာရေးဆရာ နဲ့ ဝန်ကြီးချုပ် ဟောင်း ဦးနု ရဲ့ သမီးကြီး ဖြစ်တဲ့ ဒေါ်စန်းစန်းနုက သူသိတဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ် က နိုင်ငံရေး သမား ဦးလေး အောင်ဆန်း အကြောင်းကို ပြောပြပါတယ်။
ဦးလေး အောင်ဆန်း ဟာ အိမ်လာရင် လောကွတ် ပျူငှာ မပြောတတ်တဲ့ ရိုးအေးသူ တယောက် ဖြစ်ပြီး သူစိတ်ပါရာကို အာရုံနှစ် လုပ်ကိုင်တယ်လို့ သူက ဆိုပါတယ်။
ဂျပန် ခေတ်မှာ ဒေါ်ခင်ကြည် နဲ့ အိမ်ထောင် ကျပြီးနောက် ဇနီးကို ဂရုတစိုက် ချစ်ခင်မှု ပြတာ တွေ့ရ ပြီး ဂျပန် တော်လှန်ရေး မတိုင် ခင် သူ့ဖခင်နဲ့ အိမ်မှာ တိုင်ပင်လေ့ ရှိတယ်လို့ ဆိုပါတယ်။
တော်လှန်ရေး အပြီး ဖဆပလ ဖွဲ့ခါ နိုင်ငံရေး ဆောင်ရွက် ချိန်မှာတော့ သူ့ကို ထောက်ခံ ယုံကြည်သူ အင်မတန် များတယ်၊ နောက် သူ့ဖခင် ကို သူ လုပ်ကြံမခံရခင် တရက် ညမှာ နောက်ဆုံး လာတွေ့ သွားတယ် လို့ ပြောပြ ပါတယ်။
ကျောင်းသားဘဝ၊ သခင် နိုင်ငံရေး သမား ဘဝ၊ စစ်ဗိုလ်ချုပ် ဘဝ စတဲ့ ဘဝ အထွေထွေမှာ ကျင်လည်ရင်း မြန်မာပြည် လွတ်လပ်ရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက် ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်း ဟာ မြန်မာပြည်ရဲ့ ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင် တယောက် ဖြစ်လာခဲ့ပါတယ်။
ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှု တွေထဲက သူ့ကို မြင်တွေ့ ခဲ့ဖူးတဲ့ အသက် ၉ဝ ကျော် နိုင်ငံရေး သမားကြီး သခင် ချန်ထွန်းက တော့ ဗိုလ်ချုပ် အောင်ဆန်း ဟာ ပြတ်သားသူ၊ သူ ညွှန်ကြားသမျှ တိုင်းပြည်က လက်ခံ လိုက်နာတဲ့ထိ သြဇာ ညောင်းသူ လို့ ပြန်ပြောင်း ပြောပါတယ်။
သူ ကျဆုံးချိန်မှာ နယ်တွေမှာ လူထုကို ထိန်းထိန်း သိမ်းသိမ်း ရှိဖို့ ဖဆပလ အဖွဲ့ချုပ်က ချက်ချင်း ဆက်သွယ် ခဲ့တယ် လို့လည်း သူက ပြောပါတယ်။
လုပ်ကြံမှု ဘာကြောင့် ဖြစ်
လွတ်လပ်ရေး ရခါနီး အရှိန်ကို ရိုက်ချိုး သလို ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်တို့ ကျဆုံး ရမှုဟာ မနာလို သူ ဂဠန် ဦးစော ရဲ့ အကြံအစည် ပက်စက်မှုကြောင့် လို့ အများက သိကြ ပါတယ် ။

ဆိုရှယ်လစ် ပါတီ ထဲက ရန်ကုန် ဘဆွေ ဆိုတဲ့ အယူသည်း ပြင်းထန်တဲ့ စာရေးဆရာ နိုင်ငံရေး သမား တယောက်က ဦးစော ကို လုပ်ကြံ ခဲ့ဖူးတာ ကို ဦးစော က ဒါ ဗိုလ်ချုပ်က တပည့်တွေ လွှတ် သတ်ခိုင်းတာလို့ ယူဆ ပြီး တုံ့ပြန် လုပ်ကြံတာ ဖြစ်တယ် လို့ သခင်ချန်ထွန်း က ရှင်းပြ ပါတယ်။
ပြင်းထန်လှတဲ့ နိုင်ငံရေး ဝဲသြဃ ဂယက် တွေ ကြောင့် ဗိုလ်ချုပ် အောင်ဆန်း လို နိုင်ငံရေး ခေါင်းဆောင် ကောင်းတွေ မြန်မာ ပြည်မှာ ဆုံးရှုံးခဲ့ရ တာ ကတော့ သမိုင်း ဖြစ်စဉ်မှာ အထင်အရှား တွေ့ရပါတယ်။
ဒါပေမဲ့လည်း မြန်မာ ပြည်သူ တွေ ကတော့ သူတို့ အပေါ် စေတနာ စစ်စစ်မှန်မှန်နဲ့ ကောင်းကျိုး ပြုခဲ့တဲ့ ခေါင်းဆောင် မျိုးကို ဘယ်ခေတ် ဘယ်စနစ်တွေပဲ ရောက်ရောက် မေ့ပျောက် နိုင်ကြဖို့ ကတော့ ခဲယဉ်းတယ် လို့ ပြောရမှာ ဖြစ်ပါတယ်။








