ဂျာနယ်ကြီး နှစ်ခုကို အစိုးရက ဥပဒေအရ တုန့်ပြန်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
Weekly Eleven ဂျာနယ်နဲ့ မြန်မာ သံတော်ဆင့် ဂျာနယ်တွေပါ အချက်အလက် စာသားတွေနဲ့ ပတ်သက်လို့ အစိုးရက ဥပဒေကြောင်းအရ တုန့်ပြန် ဖြေရှင်း သွားမယ်လို့ ပြန်ကြားရေး ဝန်ကြီး ဉီးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။
Weekly Eleven ဂျာနယ်ထဲမှာ ပြန်ကြားရေး ဝန်ကြီး ဌာနက ဝယ်တယ် ဆိုတဲ့ ပုံနှိပ်စက်တွေရဲ့ စျေးနှုန်းကို ဖေါ်ပြရာမှာ အချက်အလက်တွေ မှားယွင်းနေပြီး မြန်မာ သံတော်ဆင့် ဂျာနယ် ထဲမှာတော့ သမ္မတ ဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေး အရ ပုတ်ခတ် ပြောဆိုမှုတွေ ထည့်သွင်းဖေါ်ပြထားတာကြောင့် အခုလို ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လုပ်ရတာလို့ ဦးရဲထွဋ်က ပြောပါတယ်။
အချက်အလက်တွေ မှားယွင်းနေတာကို ပြန်လည် ပြင်ဆင် ဖေါ်ပြပေးဖို့နဲ့ ပုဂ္ဂိုလ်ရေး ပုတ်ခတ် ပြောဆိုမှုတွေကို ပြန်တောင်းပန်ဖို့ ဂျာနယ် နှစ်ခုစလုံးကို စာနယ်ဇင်း ကောင်စီက တဆင့် ၂ကြိမ် ညှိနှိုင်းခဲ့ပေမယ့် ညှိလို့ မရတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။
ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲမှာလဲ ဆိုတာကိုတော့ ဥပဒေကြောင်းအရ လောလောဆယ် ထုတ်ဖော် မပြောနိုင်သေးဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။
Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးကတော့ Weekly Eleven ဂျာနယ် ထဲမှာ ဖေါ်ပြထားတဲ့ အချက်အလက်တွေကို အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်တယ်လို့ ပြောပါတယ်။
မြန်မာ သံတော်ဆင့် ဂျာနယ် ဒုတိယ အယ်ဒီတာချုပ် ကိုအောင်ကျော်မင်းကလည်း သူတို့ ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ အင်တာဗြူးဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ အတွက် မဟုတ်ပဲ အတိုက်အခံ ပါတီကြီးတခုက အစိုးရ ခေါင်းဆောင် အကြီးအကဲအပေါ် ဘယ်လောက် ပြင်းပြင်းထန်ထန် သဘောထား သလဲဆိုတာကို ချပြတဲ့ သဘောသာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။




