လူမှုသိပ္ပံဘာသာရပ် အဆင့်မြှင့်ဖို့ လို

_rangoon_university
ဓာတ်ပုံ ပုံစာ, ရန်ကုန် တက္ကသိုလ်

မြန်မာ နိုင်ငံ တက္ကသိုလ်တွေ မှာ လူမှု သိပ္ပံ ဘာသာတွေ အဆင့်မြှင့် သင်ကြားရေး အတွက်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ နဲ့ ရန်ကုန် မန္တလေး တက္ကသိုလ်ကြီး တွေက ပါမောက္ခ တွေဟာ၊ ဇူလိုင်လ တတိယပတ်ထဲမှာ၊ ရန်ကုန် တက္ကသိုလ် မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

တက္ကသိုလ် ပြုပြင်ရေး ဆောင်ရွက်ရာ မှာ အဓိက အကြီးဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲကတော့၊ အစိုးရရဲ့ ဗဟို ချုပ်ကိုင်မှု ဖြေလျှော့ မပေးနိုင်တာနဲ့၊ တက္ကသိုလ် မဟာဌာနကြီးတွေ နဲ့ ကျောင်းသား တွေ အတွက် ပညာရေး ရွေးချယ်မှု လွတ်လပ်ခွင့် အားနည်းနေတာတွေ ဖြစ်တယ်လို့ Open Society အဖွဲ့က၊ ပညာရေး အထောက်အကူပြု အစီအစဉ် အရာရှိ Oleksandr Shtokvych က ပြောပါတယ်။

Open Society ဟာ ရန်ကုန်၊ မန္တလေး တက္ကသိုလ် အဆင့်မြှင့်ရေး အတွက် ကူညီ ဆောင်ရွက်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

သူတို့အဖွဲ့ အနေနဲ့ ရန်ကုန်၊ မန္တလေး တက္ကသိုလ် အပါအဝင် ပညာရေး ဌာန တို့နဲ့ ပူးပေါင်းပြီး၊ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း တက္ကသိုလ် အုပ်ချုပ်ရေး ပိုမို လွတ်လပ်လာ ဖို့၊ မြန်မာပြည် ပြုပြင် ပြောင်းလဲရေးမှာ အရေးကြီးတဲ့ နိုင်ငံရေးသိပ္ပံ၊ သတင်းစာပညာ၊ အခြေခံ ဥပဒေ ပညာ၊ လူမှုဗေဒ၊ လူ့အခွင့်အရေး ဗေဒ ပညာတွေ ဖွံ့ဖြိုး လာအောင် ကူညီ ပေးနေ ခဲ့တယ် ဆိုပြီးတော့လည်း မစ္စတာ Shtokvych က ဆိုပါတယ်။

လူ့အဖွဲ့ အစည်း တိုးတက်ဖို့ရာ၊ လူတွေ ဘယ်လို ပြုမူ ကြံဆတယ် ဆိုတဲ့အပေါ် နားလည်မှု ရှိဖို့ အင်မတန် အရေးကြီး တဲ့ အတွက်၊ လူမှုသိပ္ပံ ဘာသာရပ်တွေကို အလေးထားဖို့ အခု အစည်းအဝေးမှာ ဆွေးနွေးဖြစ်ခဲ့တယ် လို့ အမေရိကန် ပြည်ထောင်စု ဘာ့တ် ကောလိပ်က ဒုတိယ ဥက္ကဋ္ဌနဲ့ ပါမောက္ခ ဦးဘဝင်းက ပြောပါတယ်။