LPG ဓါတ်ငွေ့စျေး သုံးဆကျော်တက်သွား

ပြီးခဲ့တဲ့ တစ်လကျော်က တစ်ပိဿာကို ကျပ် ၂၀၀၀ ပေးရတဲ့ အိမ်သုံး LPG ဓါတ်ငွေ့ကို အခု တစ်ပိသာ ကျပ် ၇၀၀၀ ပေးမှ ဝယ်လို့ရတဲ့ အတွက် သုံးဆကျော် စျေးတက်သွား ပါတယ်။
၁၀ ပိသာလောက် ဆံ့တဲ့ ဂက်စ်အိုး တစ်ခုကို အပြည့်ဝယ်ထည့်ဖို့ ၇ သောင်းကျော် ကုန်ကျမှာ ဖြစ်တဲ့ အတွက် အရင်က ဝယ်နေကျ အတိုင်း တစ်အိုးအပြည့် မဝယ်နိုင် တော့ဘူးလို့ အိမ်ရှင်မ တစ်ယောက်က ပြောပါတယ်။
တချို့ကတော့ စျေးပြန်ကျနိုးမျှော်လင့်တဲ့ အတွက် အနည်း အပါးပဲ ဝယ်ထည့်တော့တယ်လို့ ပြောပါတယ်။
မြန်မာ နိုင်ငံမှာ LPG ဓါတ်ငွေ့ ထွက်ရှိပေမဲ့ တစ်နိုင်ငံလုံး အလုံ အလောက် သုံးနိုင်တဲ့ အထိတော့ မထွက်ဘူးလို့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ရေနံ ရှာဖွေရေးနဲ့ ဖွံ့ဖြိုးရေးဌာနက ဘူမိဗေဒ အရာရှိချုပ် ဦးဉာဏ်ထွန်းက ပြောပါတယ်။
LPG ဓါတ်ငွေ့ ကို ကမ်းလွန် ရေနံ တူးဖော်ရာက ရရှိတဲ့ သဘာဝ ဓါတ်ငွေ့တွေကနေ ထုတ်ယူနိုင်ခြင်း မရှိဘဲ မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသတချို့နဲ့ ဧရာဝတီတိုင်း ကနေ ထွက်ရှိတဲ့ သဘာဝ ဓါတ်ငွေ့ ကနေ သာ ထုတ်ယူနိုင်တယ်လို့လည်း သူက ပြောပါတယ်။
အဲဒီ ဓါတ်ငွေ့ကို ဂက်စ် တာဘိုင်တွေ လည်ပတ်ဖို့နဲ့ LPG ဓါတ်ငွေ့ ဖြန့်ဖြူးနိုင်ဖို့ သုံးရတယ်လို့ ဦးဉာဏ်ထွန်းက ပြောပါတယ်။
မြန်မာ နိုင်ငံမှာ လူအများ ဝယ်ယူ သုံးစွဲနေတဲ့ LPG ဓါတ်ငွေ့ တွေကို ထိုင်းနိုင်ငံ နယ်စပ်ကနေ မြန်မာ နိုင်ငံကို တရားမဝင် တင်သွင်းနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် ထိုင်းပြည်သူတွေ သုံးဖို့ စျေးပေါပေါနဲ့ ရောင်းချပေးနေတဲ့ LPG gas တရားမဝင် ရောင်းချမှုကို ထိုင်း စစ်အစိုးရက တင်းကျပ်လိုက်တဲ့ အတွက် မြန်မာ နိုင်ငံမှာ အခုလို စျေးတွေ တက်လာတာ ဖြစ်ပါတယ်။








