လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရ အရေးမယူတဲ့အပေါ် ကုလဝေဖန်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း
ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း

ကုလသမဂ္ဂမှာ လုပ်တဲ့ မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဖက်များ အဖွဲ့ပထမဆုံး အစည်းအဝေးမှာ မြန်မာဘက်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ဝန်ကြီးတက်ရောက်တာဟာ မြန်မာနဲ့နိုင်ငံတကာကြား အပြုသဘော ပူးပေါင်းမှုပြတဲ့အတွက် ကြိုဆိုကြောင်း ဘန်ကီမွန်းကပြောပါတယ်

အဲဒီနောက်မြန်မာနိုင်ငံမှာ စီးပွားရေး တံခါးဖွင့်ပေးတာ နိုင်ငံရေး အကျဉ်းသားလွှတ်ပေးတာ ပါတီတွေလှုပ်ရှား ထူထောင်ခွင့်ပြုတာ မီဒီယာကို လွတ်လပ်ခွင့်ပိုပေးလာတာစတဲ့ အပြုသဘော ဆောင်ရွက်ချက်တွေ မြင်တွေ့ရေပေမယ့် စိန်ခေါ်မှုတွေအများကြီး ရင်ဆိုင်နေရတယ်လို့ထောက်ပြပါတယ်။

သူ့မိန့်ခွန်းမှာ အဓိကထောက်ပြ သွားတာကတော့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တို့ကြားတဖက်နဲ့တဖက် တင်းမာနေတဲ့ ပြဿနာတွေကြောင့် ပြုပြင်ရေး အစီအစဉ်ကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်စစ်တွေမှာ ကုလသမဂ္ဂနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်ခိုက်ခံရတာဟာ သန်းခေါင်စာရင်းကောက်ရေးကို ပျက်ပြားအောင် တမင်လုပ်တဲ့ သဘောတွေ့ရလို့လက်မခံနိုင်ကြောင်း ဝေဖန်လိုက်ပါတယ်။ နောက်တခါနိုင်ငံမဲ့ဖြစ်နေတဲ့ရိုဟင်ဂျာအရေးကို ဖြေရှင်းပေးဖို့နဲ့ ဥပဒေနဲ့ညီတဲ့သူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆောင်ရွက်ဖို့တောင်းဆိုထားပါတယ်။

ဒီလိုသာလူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အစိုးရက အသေအချာအရေးမယူဘဲ ထားရင်နိုင်ငံတကာနဲ့ရော ပြည်တွင်း လူ့အဖွဲ့အစည်းတွေမှာပါ ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လို့ ထောက်ပြလိုက်ပါတယ်။

အဲဒီထဲမှာ သန်းခေါင်စာရင်း ကောက်ရာမှာတွေ့ရတဲ့ အခက်အခဲတွေ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ရခိုင်ပဋိပက္ခလို လူမျိုးရေးဘာသာရေး ပြဿနာတွေဟာ အလေးအနက်ထားရမယ့် ကိစ္စတွေလို့ဆက်ပြောပါတယ်။ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ထိုးစစ်တွေကြောင့် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်း ပြောထားပါတယ်။