စာပေဗိမာန် ပြန်ဖွဲ့ဖို့ ပြင်ဆင်

sarpay

ဓာတ်ပုံ ရင်းမြစ်, httpwww.moi.gov.mm

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ကုန်သည်လမ်းက စာပေဗိမာန်

ဝန်ကြီးချုပ်ဟောင်း ဦးနု တည်ထောင်ခဲ့တဲ့ စာပေဗိမာန် အဖွဲ့ကို အစိုးရ ထိန်းချုပ်မှု အောက်ကနေ ကိုယ်ပိုင် အဖွဲ့အစည်း အနေနဲ့ ပြန်ပြီး ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ကြေးမုံ သတင်းစာမှာ ပါရှိပါတယ်။

မူလ တည်ထောင်စဉ်က ပြဋ္ဌာန်း ခဲ့တဲ့ ဥပဒေ ကို ၁၉၉၂ က ရုပ်သိမ်း ခဲ့တာကို အခု ဥပဒေနဲ့ စာပေ ပညာရှင် တွေနဲ့ ပြန်လည် သုံးသပ် ပြင်ဆင် နေတယ်လို့ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး အငြိမ်းစား စည်သူ ဒေါက်တာ ဦးသော်ကောင်း က ဘီဘီစီကို ပြောပါတယ်။

စာပေဗိမာန်ဟာ မြန်မာ့ စွယ်စုံကျမ်း၊ လူထု အိတ်ဆောင် စာစဉ်၊ သိပ္ပံ စာစဉ် တွေကို နိုင်ငံ အနှံ့ ဖြန့်ချိ ခဲ့ပြီး စာပေဗိမာန် ဆုနဲ့ အမျိုးသား စာပေဆု တွေကိုလည်း ၁၉၄၈ ခုနှစ်က စတင် ချီးမြှင့် ခဲ့ပါတယ်။

တချိန်က ဘာသာပြန် စာပေ အသင်း အနေနဲ့ ဘာသာပြန် စာပေ လုပ်ငန်း တွေကို စာပေ ဗိမာန် ကနေ အရှိန် ကောင်းကောင်းနဲ့ လုပ်ခဲ့တာမျိုး ပြန်လည် ပေါ်ထွန်း စေလိုလို့ ခုလို ကိုယ်ပိုင် အုပ်ချုပ်ရေး အဖွဲ့ ဖွဲ့ဖို့ စီစဉ် နေတာလို့ သိရပါတယ်။

ဝန်ထမ်း အုပ်ချုပ်ရေး တွေနဲ့ ဘဏ္ဍာရေး လည်ပတ်မှု တွေအတွက် အစိုးရ ထောက်ပံ့မှု ဆက်ပြီး ရှိနေမှာ ဖြစ်ပါတယ်။

စာပေဗိမာန်ကနေ ဘာသာပြန် ပညာရှင်တွေ ပြန်ပြီး ပျိုးထောင်ကာ နိုင်ငံ တကာ အသိပညာ တွေကို မြန်မာလို တွင်တွင်ကျယ်ကျယ် ပြန်ဆိုမယ်၊ မြန်မာ စာပေကို ကမ္ဘာက သိအောင် လုပ်ဆောင် သွားမယ်လို့ ဦးသော်ကောင်း က ပြောပါတယ်။

၁၉၆၂ မြန်မာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စာပေဗိမာန်ကို အစိုးရ အုပ်ချုပ်မှု အောက် လွှဲပြောင်း ယူခဲ့ပြီး ဦးစံထွား၊ ဦးထင်ကြီး စတဲ့ စာပေ ပညာရှင် တွေက ကြီးမှူး အုပ်ချုပ် ခဲ့ကြပါတယ်။