New Light of Myanmar သတင်းစာကို ပုံစံသစ်နဲ့ ထုတ်မယ်

 အသစ်ထုတ်မယ့် New Light of Myanmar သတင်းစာကို အစိုးရနဲ့ Global Direct Link ကုမ္ပဏီတို့ ပူးတွဲ ပိုင်ဆိုင်
ဓာတ်ပုံ ပုံစာ, အသစ်ထုတ်မယ့် New Light of Myanmar သတင်းစာကို အစိုးရနဲ့ Global Direct Link ကုမ္ပဏီတို့ ပူးတွဲ ပိုင်ဆိုင်

အစိုးရထုတ် New Light of Myanmar သတင်းစာကို မနှစ်က ဇွန်လက ပူးပေါင်း လုပ်ကိုင်ခွင့် တင်ဒါ ရခဲ့တဲ့ Global Direct Link ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အသွင် ပုံစံသစ်နဲ့ လာမယ့် မတ်လမှာ စတင်ထုတ်ဝေဖို့ ပြင်နေပါပီ။

ပုဂ္ဂလိကကုမ္ပဏီ နဲ့ ပထမဆုံး ပူးပေါင်း ထုတ်ဝေမယ့် New Light of Myanmar သတင်းစာဟာ အရင် နာမည်အတိုင်း ဆက်ရှိမှာ ဖြစ်ပေမယ့် သတင်းစာ အတွင်းက သတင်း ရေးသားတဲ့ ပုံစံတွေတော့ ပြောင်းသွားမယ်လို့ New Light of Myanmar သတင်းစာ အယ်ဒီတာချုပ် ဦးသန်းမြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

လာမယ့် မတ်လမှာ အသွင်သစ် ပုံစံနဲ့ ထုတ်ဝေမယ့် သတင်းစာဟာ အရင်ကထက် အရွယ်အစား ပိုကြီးမှာ ဖြစ်ပီး နိုင်ငံတကာ သတင်းစာတွေရဲ့ အရွယ်အစား အတိုင်း ရောင်စုံ ထွက်ရှိလာမယ် လို့ ဦးသန်းမြင့်ထွန်းက ပြောပါတယ်။

ဒါပေမယ့် သတင်းစာမှာ ပါတဲ့ သတင်းတွေဟာ အရင်ကထက် ဘယ်လောက် လွတ်လပ်မှု ရှိလာမလဲ။ editorial policy ပိုင်းမှာ ဘယ်အတိုင်းအတာ အထိ လုပ်ကိုင် လာနိုင်မလဲ ဆိုတာကိုတော့ သူ့အနေနဲ့ မပြောနိုင်သေးဘူးလို့ ဦးသန်းမြင့်ထွန်းက ဆိုပါတယ်။

New Light of Myanmar သတင်းစာကို ဂျပန် ကျိုဒိုသတင်းဌာနကနေ ငွေရေးကြေးရေး မပါဝင်တဲ့ သတင်း ရေးသားနည်း အတတ်ပညာနဲ့ နည်းပညာပိုင်းမှာ အကူအညီတွေ ပေးနေပါတယ်။

အရင်တုန်းက ဒီသတင်းစာကို ပြန်ကြားရေး ဝန်ကြီးဌာနက အပြည့်အဝ ထိန်းချုပ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုထွက် ရှိလာမယ့် သတင်းစာကိုတော့ အစိုးရက ၅၁ ရာခိုင်နှုန်း၊ Global Direct Link ကုမ္ပဏီဘက်က ၄၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

အခု လက်ရှိ အခြေအနေမှာ သတင်းစာ တစ်စောင်ကို ၅၀ ကျပ်နှုန်းနဲ့ နိုင်ငံတဝန်း အစောင်ရေ တသောင်းခွဲကျော် ဖြန့်ချိနေတယ်လို့ New Light of Myanmar သတင်း အယ်ဒီတာအဖွဲ့ ကပြောပါတယ်။