လားရှိုးမှာ ဘာသာရေး အကြမ်းဖက်မှု ဖြစ်ပြန်

မနေ့ညနေ ၆ နာရီ ၇ နာရီလောက်မှာ လားရှိုးမြို့မ ဈေးကြီးနားလဲဖြစ် မြို့လယ်ခေါင်လို့လဲ ခေါ်လို့ရတဲ့ ရပ်ကွက် (၂) က မွတ်ဆလင် ဗလီကျောင်း နောက်ပြီးတော့ မွတ်ဆလင် ပိုင် အဆောက်အဦးတွေကို လူအုပ်ကြီးတစုကနေ မီးရှို့ ဖျက်ဆီးခဲ့ကြရာမှာ ဗလီ ၁ ခု၊ မွတ်ဆလင် မိဘမဲ့ကျောင်းတကျောင်း နဲ့ ဗလီအနီးအနားက အိမ်နဲ့ ဆိုင်ခန်း လေး ငါးခုလောက် မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
အခုလို အဓိကရုဏ်းဖြစ်လာရတာဟာ လားရှိုး- သိန္နီ လမ်းမကြီးပေါ်က ဓါတ်ဆီဆိုင်တခုမှာ ဗမာအမျိုးသမီးတဦးကို မွတ်ဆလင် အမျိုးသားတဦးက ဓါတ်ဆီနဲ့ပက်ပြီး မီးရှို့ခဲ့တဲ့ဖြစ်ရပ်ကနေ စတင်ဖြစ်ပွားလာတာဖြစ်တယ်လို့ လားရှိုးမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလူက ပြောပါတယ်။
ဘာကြောင့် ဒီလို ဓါတ်ဆီနဲ့ပက် မီးရှို့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိဘူးလို့ ဆိုပါတယ်။
နောက်ဒေသခံ တစ်ယောက်က ပြောပြရာမှာတော့ ဓါတ်ဆီဝယ်ရာမှာ ဆီရောင်းသူ အမျိုးသမီးနဲ့ စကားများကြရာက အမျိုးသားက ဓါတ်ဆီနဲ့ပက် မီးရှို့တာလို့ ဆိုပါတယ်။
မီးရှို့ခံရသူ အမျိုးသမီးဟာ အသက် ၃၈ နှစ်ရှိပြီး နာမည်ကတော့ ဒေါ်အေးဝင်းလို့ ပြောပါတယ်။ သူ့ကို အခုချိန်မှာ လားရှိုးဆေးရုံက အရေးပေါ်အခန်းမှာ ကုသမှုပေးနေပြီး မီးရှို့သူ မွတ်ဆလင် အမျိုးသားကိုတော့ ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူအုပ်ကြီးက ရဲ စခန်းကိုလာ ပြီး အဲဒီ မီးရှို့သူကို ထုတ်ပေးဖို့ တောင်းဆိုရာမှာ ရဲတွေက ထုတ်မပေးလို့ လူအုပ်ကြီးက အဲဒီလို မီးရှို့တာတွေ စလုပ်ခဲ့တယ်၊ ရဲစခန်းမှာ ဒီလူတွေကို မေတ္တာရပ်ခံပေမယ့် နားမထောင်ကြဘူးလို့ ရန်ကုန်ကနေ လာရှိုးကို ခေတ္တ ရောက်နေတဲ့ ဦးပဇင်း ဦးခေမာက ဘီဘီစီကို ပြောပါတယ်။
မီးလောင်မှုအခြေအနေဟာလည်း မနေ့ည ၁၁ နာရီအချိန်လောက်မှာတော့ ငြိမ်းစပြုသွားပြီး လူစုတွေလည်း ကွဲသွားကြတယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာ အခြေအနေတွေတည်ငြိမ်အောင် လုံခြုံရေးအဖွဲ့တွေက ဒေသတွင်းမှာ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
နောက်ပြီးတော့ အာဏာပိုင်တွေ ဒေသအကြီးအကဲတွေကလည်း အခြေအနေ တည်ငြိမ်အောင် လုံခြုံရေးချပြီး ကွပ်ကဲနေတယ်လို့ သိရပါတယ်။
ဒီလိုဖြစ်တာနဲ့ ပက်သက်ပြီး ဒေသတွင်းမှာ အမျိုးမျိုး ဝေဖန်သံတွေ ထွက်ပေါ်နေကြသလို ပြသာနာတွေ ပိုကြီးထွားလာမှာကို ဒေသခံတွေ အရမ်းစိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အခုဗုဒ္ဓဟူးနေ့ မနက် ဒေသခံအပြောအရ အခြေအနေ အေးဆေးနေတယ်လို့ သိရပါတယ်။








