ရန်ကုန်မှာ ဆေးရုံသစ်ကြီး ဆောက်ဖို့ ဆွေးနွေး

ဆေးရုံကြီးကို ခေတ်မှီ ဆေးရုံကြီး ဖြစ်အောင် ပြန်လည် မွမ်းမံဖို့ ဆွေးနွေးခဲ့ကြ
ဓာတ်ပုံ ပုံစာ, ဆေးရုံကြီးကို ခေတ်မှီ ဆေးရုံကြီး ဖြစ်အောင် ပြန်လည် မွမ်းမံဖို့ ဆွေးနွေးခဲ့ကြ

ရန်ကုန်မြို့မှာ အဆင့်မြင့် ဆေးရုံသစ်ကြီး တရုံ တည်ဆောက်ဖို့နဲ့ လက်ရှိ ဆေးရုံကြီးကို ပြန်လည် မွမ်းမံ အဆင့် မြှင့်တင်ရေး အတွက် ရန်ကုန် ဆေးရုံကြီးမှာ ဒီကနေ့ ဆွေးနွေး ခဲ့ကြ ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေး မြှင့်တင်မှု ကော်မတီဥက္ကဌ ဒေါက်တာကျော်မြင့်၊ အတွင်းရေးမှူး ဒေါက်တာနေလင်း၊ ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့လည်း တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံက ကမ္ဘာ့ ခေတ်သစ် နည်းပညာ အထူး ခွဲစိတ်ကုသရေး ဆရာဝန်ကြီးလည်းဖြစ်၊ ဗြိတိန် ကျန်းမာရေး စောင့်ရှောက်မှု ပြန်လည် ပြုပြင်ရေးမှာ အဓိက ပါဝင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်တဲ့ ဒေါက်တာ Lord Darzi လည်း တက်ရောက်ပြီး ဒီကိစ္စမှာ ပါဝင် အကူအညီ ပေးနိုင်ဖို့ လေ့လာခဲ့ပါတယ်။

ဆေးရုံသစ်ကြီး တည်ဆောက်ရေးနဲ့ လက်ရှိ ဆေးရုံကြီးကို ပြန်လည် မွမ်းမံရေး တွေမှာ ဗြိတိန် အစိုးရဘက်က နည်းပညာပိုင်းနဲ့ တည်ဆောက်ရေးပိုင်းကို အကူအညီပေးသွားမယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကျန်းမာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာနေလင်းက ဘီဘီစီကို ရှင်းပြပါတယ်။

ဆေးရုံသစ်ကြီးကို ရန်ကုန်မြို့ ပြည်လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် သူနာပြု တက္ကသိုလ်ရှေ့ မြေကွက်လပ်မှာ ဆောက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။