အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တက်မည်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေဟာ လက်ရှိ လွှတ်တော် ကျမ်းကျိန်စာသားပါ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည် ဆိုတဲ့ စကားရပ် အတိုင်း ကျမ်းကျိန်ပြီး လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။
NLD ရုံးချုပ်မှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေရဲ့ဆန္ဒ၊ လွှတ်တော်တွင်း ရောက်နှင့်နေကြပြီးသား တိုင်းရင်းသားအပါအဝင် ပါတီတချို့ရဲ့ မေတ္တာရပ်ခံချက် အတိုင်း လွှတ်တော်ကို ဝင်ရောက်ဖို့ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
အရင်ကတော့ ကျမ်းကျိန်လွှာပါ အခြေခံဥပဒေကို 'ကာကွယ် စောင့်ရှောက်' ပါမည် ဆိုတဲ့ စကားရပ်အစား 'လေးစားလိုက်နာ' ပါမည်လို့ ပြောင်းလဲပေးဖို့ NLD က တောင်းဆို ထား ခဲ့တာ ဖြစ်ပါတယ်။
NLD ဘက်ကနေ သမ္မတရုံး၊ လွှတ်တော် ဥက္ကဌတွေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး စတဲ့ သက်ဆိုင်ရာ ဌာနတွေဆီကို စာသား ပြင်ပေးနိုင်ဖို့ အကြံပြု တိုက်တွန်း ခဲ့တာ ရှိပါတယ်။
ဒါပေမယ့် ပြင်ဆင်နိုင်ဖို့ မဖြစ်ခဲ့သလို လွှတ်တော်တွင်းမှာလည်း အများစု ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ဒီစာသား ပြင်ပေးဖို့ ကိစ္စကို ငြင်းဆိုခဲ့ပါတယ်။
ဒီလို အခြေအနေတွေအောက်မှာ နိုင်ငံရေး အကြပ်အတည်း ဖြစ်လာမှာကို မလိုလားတဲ့အတွက်လည်း NLD ဘက်က လိုက်လျော ဆုံးဖြတ်ရတာ ဖြစ်တဲ့အကြောင်း NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
ဒါပေမယ့် NLD ပါတီဘက်ကတော့ အခြေခံဥပဒေကို 'လေးစားလိုက်နာပါမည်' ဆိုတဲ့ သဘောထားကိုတော့ ပြောင်းလဲမှာ မဟုတ်ပဲ လွှတ်တော် ပြင်ပ နိုင်ငံရေးမှာ ဒီသဘောထားကို ကိုင်စွဲထားမယ်လို့ သူက ပြောပါတယ်။
NLD ကိုယ်စားလှယ်တွေဟာ မေလ ၂ ရက်နေ့မှာ နေပြည်တော်က လွှတ်တော်မှာ ကျမ်းကျိန်ကြမှာ ဖြစ်ပါတယ်။








