အလင်းဝင် ပီဒီအက်ဖ်ကိစ္စ စစ်ကောင်စီ ဝါဒဖြန့်နေတယ်လို့ PDF တပ်ဖွဲ့တချို့ တုံ့ပြန်

အလင်းဝင်မှာမဟုတ်ဘူးလို့ PDF အဖွဲ့ဝင်တွေ တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလင်းဝင်မှာမဟုတ်ဘူးလို့ PDF အဖွဲ့ဝင်တွေ တုံ့ပြန်

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တွန်းလှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင် အခုချိန်ထိ ၂၀၀ ကျော် လက်နက်ချပြီး ဥပဒေဘောင်အတွင်း ပြန်ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အခိုင်အမာ ပြောဆိုခဲ့ပေမယ့် PDF အဖွဲ့ဝင်တချို့ကတော့ ငြင်းချက်ထုတ်တာတွေ ရှိနေပါတယ်။

ဇွန်လ ၆ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြည်တွင်းမှာ လက်နက်ချက် အလင်းဝင်တယ်ဆိုတဲ့ PDF အဖွဲ့ဝင်တချို့ဟာ လက်တွေ့ မြေပြင်မှာ လှုပ်ရှားနေသူတွေ မဟုတ်ဘဲ သာမန်ပြည်သူတွေသာဖြစ်တယ်လို့လည်း PDF အဖွဲ့ဝင်တချို့က ပြောပါတယ်။

ကချင်၊ ချင်း၊ ရခိုင်၊ တနင်္သာရီ ဒေသတွေကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ လက်နက်ချ အလင်းဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် အမျိုးသား ၁၅၆ ဦး အမျိုးသမီး ၄၉ ဦး ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

PDF ၂၀၀ ကျော်အလင်းဝင်တယ်ဆိုတဲ့ စစ်ကောင်စီထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, social media

ဓာတ်ပုံ ပုံစာ, PDF ၂၀၀ ကျော်အလင်းဝင်တယ်ဆိုတဲ့ စစ်ကောင်စီထုတ်ပြန်ချက်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ မကွေးတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး မြို့နယ် ၂ မြို့နယ်ကနေ အလင်းဝင်ခဲ့တယ်လို့ ဆိုပေမယ့် မကွေးတိုင်းအတွင်းက ငဖဲ၊ စလင်းနဲ့ စေတုတ္တရာ စတဲ့ ဆက်စပ်မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကတော့ စစ်ကောင်စီက ထုတ်ပြန်တဲ့သူတွေဟာ PDF အဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ တုံ့ပြန်ကြပါတယ်။

ငဖဲမြို့နယ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး "ဥပဒေဘောင်အတွင်းဝင်ရောက်"ခဲ့တယ်လို့ စစ်ကောင်စီက ပြောပေမယ့် ဒါဟာ မဟုတ်မမှန် သတင်းဖြန့်တာသာ ဖြစ်တယ်လို့ ငဖဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ဘီဘီစီကို ပြောပါတယ်။

"ငဖဲဘက်မှာ လှုပ်ရှားနေတဲ့ အဖွဲ့ ၃ ဖွဲ့ရှိတာပေ့ါနော်၊ သုံးဖွဲ့လုံးကို စိစစ်မေးမြန်းကြည့်တဲ့အခါမှာ ဘယ်သူ့ဆီကမှ ဒီလိုမျိုး အလင်းဝင်သွားတဲ့ PDF တပ်သား မရှိဘူးပေ့ါနော်။ သူတို့(စစ်တပ်)ကတော့ လိမ်ဆင်ဆင်နေတဲ့ အနေအထားမျိုးပေါ့။ အဲဒါမျိုးတွေ ကျွန်တော်တို့ တွေ့ရတယ်" လို့ ဆိုပါတယ်။

PDF တပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကျောင်းသား၊ ကျောင်းသူတွေ၊ လူငယ်တွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ကြတဲ့ CDM ဝန်ထမ်းတွေအပါအဝင် လက်နက်ကိုင်တွန်းလှန်နေကြသူတွေအားလုံးကို နိုင်ငံရေး အာမခံချက် ပေးသွားမှာ ဖြစ်လို့ လက်နက်ချကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြဖို့ ဇွန်လကတည်းက စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်နောက်ပိုင်း PDF တပ်ဖွဲ့ဝင်တွေကို ပြန်လည်ကြိုဆိုနေတယ်ဆိုတဲ့ ဓာတ်ပုံတွေ၊ အဲဒီသူတွေကို မိဘတွေဆီ ပြန်လည်အပ်နှံခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ကြပါတယ်။

စစ်ကြောင်းထိုးတာတွေကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ပြစ်မှုကျူးလွန်တာမရှိတဲ့ PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူတွေရှိတယ်လို့ စစ်ကောင်စီ မီဒီယာတွေကနေ ထုတ်ပြန်ခဲ့တာ ရှိပါတယ်။

ဒါပေမဲ့ ကလေးမြို့နယ်ထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁၂ ခုထဲက တစ်ယောက်မှ အလင်းဝင်တာမရှိဘူးလို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက ဘီဘီစီကို ပြောပါတယ်။

ကလေးတပ်နယ်ကတစ်ဆင့် ပထမဆုံး အလင်းဝင်လာသူတွေကို စစ်ကောင်စီ မီဒီယာက ထုတ်လွှင့်ခဲ့

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, ကလေးတပ်နယ်ကတစ်ဆင့် ပထမဆုံး အလင်းဝင်လာသူတွေကို စစ်ကောင်စီ မီဒီယာက ထုတ်လွှင့်ခဲ့

" သတင်းမှား ထုတ်ပြန်တာဗျ။ ကျွန်တော်တို့ဘက်မှာတော့ အလင်းဝင်တာတို့ ဘာတို့နဲ့ ပတ်သက်လို့တော့ ဘာတခုမှ မရှိဘူး။ PDF တပ်ဖွဲ့ဝင်တွေနဲ့ အလင်းဝင်တာတော့ လုံးဝမရှိနိုင်ဘူး။"

စစ်ကိုင်းတိုင်းအတွင်းမှာ ကျေးရွာပေါင်း များစွာ မီးရှို့ဖျက်ဆီးခံနေရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်အာဏာသိမ်းမှုကို အဆုံးထိ တွန်းလှန်သွားမယ်လို့လည်း အခိုင်အမာ ပြောပါတယ်။

"ရွာတွေမှာဆိုလည်း အကုန်လုံး မီးလောင်ပြာကျမှုတွေ ဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လိုမှ နောက်ဆုတ်မှာလည်း မဟုတ်သလို နောက်ဆုတ်ရမယ့် အနေအထားလည်း မဟုတ်ဘူးဗျ။ ကျွန်တော်တို့ တပ်ရင်းတွေအနေနဲ့တော့ ဘယ်တော့မှ အလင်းဝင်တဲ့ ဟာတွေ ရှိလာမှာ မဟုတ်ဘူး" လို့ ဆိုပါတယ်။

ဒီအငြင်းပွားဖွယ် ထုတ်ပြန်၊ ပြောဆိုမှုတွေကို ဘီဘီစီအနေနဲ့ စိစစ်နေဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တွန်းလှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းပေါင်း ၂၅၀ ကျော် ဖွဲ့စည်းထားနိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းတွေက အဓိက လမ်းမကြီးရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ ကျေးရွာအများစုရဲ့ ၈၀ ရာခိုင်နှုန်းကို PDF တပ်ဖွဲ့၀င်တွေက ထိန်းချုပ်ထားနိုင်ပြီလို့လည်း NUG အစိုးရက ထုတ်ပြန်ထားပါတယ်။