ခိုးဆိုးလုယက်နေသူတွေက ဘယ်သူတွေလဲ၊ ဘယ်လိုတန်ပြန်ကာကွယ်နိုင်ခွင့်ရှိနေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မေလနောက်ဆုံးအပတ် မနက်စောစောပိုင်းအချိန် ပျားပန်းခပ်မျှ လူစည်ကားတဲ့ တညင်းကုန်းလမ်းဆုံ YBS ၈၈ ကားဂိတ်မှာ လူအုပ်ကြီးလိုက်ရုတ်တရက်ထွက်ပြေးနေကြတာကို အဲဒီအနီးအနား တညင်းကုန်းလမ်းဆုံ ကားဂိတ်မှာဖယ်ရီစောင့်နေသူကို ကိုနီရဲ မြင်လိုက်ရပါတယ်။
အဲဒီလူအုပ်ကြီးထွက်ပြေးလာအပြီး သူနားကိုချက်ချင်းဆိုသလို လူတစ်ဦးရောက်လာကာ အသင့်ပါလာတဲ့ ဓားတိုတစ်ချောင်းနဲ့ ကိုနီရဲ ဂုတ်ကိုထောက်ထားတာကိုခံလိုက်ရပါတယ်။ အဓိကတော့ ပါတဲ့ပစ္စည်းနဲ့ ပိုက်ဆံကို ဓားထောက်ထားသူက ကိုနီရဲဆီကတောင်းနေတာပါ။
အဲဒီလိုဓားနဲ့ ထောက်ထားခံရချိန်မှာပဲ အခြားဓားအရှည်ကိုင်ထားသူ တစ်ယောက်ရယ်၊ လက်တစ်ဖက်မှာ တုတ် တစ်ချောင်းရယ် အခြားတစ်ဖက်မှာ ထမင်းချိုင့်အချို့ကိုင်ထားသူ လူတစ်ယောက်တို့ကလည်း ကိုနီရဲဆီကို ဦးတည်လာနေပါတယ်။
အဲလိုချဥ်းကပ်လာရင်းနဲ့ပဲ ဓားရှည်ကိုင်ထားသူက "ဒီကောင်လူမိုက်လား လူမိုက်ဆိုခုတ်ကွာ" ဆိုပြီးပြောဆိုကာ လာနေချိန်မှာပဲ ကိုနီရဲလည်း အိတ်အတွင်းကပါတဲ့ ပိုက်ဆံငါးထောင်တန်တစ်ရွက်ကို ဓားထောက်ထားသူ နဲ့ ရောက်လာတော့မယ် ဓားရှည်ကိုင်ထားသူရဲ့မလှမ်းမကမ်းနား နှစ်ယောက်ကြားကို လွှင့်ပစ်ချလိုက်ပါတယ်။
အဲဒီပိုက်ဆံကို နှစ်ယောက်သား သွားရောက် ကုန်းကောက်နေချိန်မှာတော့ ကိုနီရဲက ဓားနဲ့ ထောက်ထားသူ အလစ်အငိုက်မှာ သူ့လက်ကနေ လွှတ်မြောက်အောင် ထွက်ပြေးလိုက်နိုင်ပါတယ်။
ခုန ကိုနီရဲမြင်လိုက်ရတဲ့ လူအုပ်ကြီး ဝရုန်းသုန်းကားထွက်ပြေးကြတာဟာ လုယက်ကြသူသုံးဦးက YBS ၈၈ ဂိတ်မှာ လူငယ်တဦးထံက အလုပ်သွားချိန်ပါလာတဲ့ ထမင်းချိုင့်နဲ့ အခြားလူကြီးပိုင်းတဦးဆီက ပိုက်ဆံအချို့ကို ရိုက်နှက်လုယက်လာတာပါ။
အဲလိုဖြစ်ပြီး တစ်ဆက်တည်းမှာဘဲ တညင်းကုန်းလမ်းဆုံကနေ နောက်ထပ် မှတ်တိုင် ၃မှတ်တိုင်လောက်ကို အလားတူ ဆက်တိုက်ဆဲဆိုကြိမ်းမောင်းကာ၊ တွေ့ကရလူထံက ဓားပြခြိမ်းခြောက်လုယက်တာကို ဆက်တိုက် လုပ်နေခဲ့ပါတယ်။
အဲဒီနောက် အောင်ဆန်းစျေးအရောက်မှာ အမျိုးသမီးတစ်ဦးစီက ဖုန်း၊ ရွှေဆွဲကြိုးနဲ့ ပိုက်ဆံအချို့ လုယက်ချိန် မှာတော့ အနီးကအရပ်သားတွေက ဝိုင်းဝန်းဖမ်းဆီးလို့ လုယက်ခြိမ်းခြောက်နေတဲ့လူရမ်းကား ၃ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာဘဲ ရဲတပ်ဖွဲ့လည်း ရောက်လာပြီး ရမ်းကားလုယက်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံလိုက် ရတဲ့ လူရမ်းကားတွေရဲ့ သတင်းနဲ့ အရေးယူမှုအခြေအနေကိုတော့ အဲဒီနားကလူတွေ သေချာတိတိကျကျ ပြန်သိကြရတာမရှိတော့ပါဘူး။ အင်းစိန်ရဲစခန်းကိုလည်း ဆက်သွယ်မေးမြန်းပေမယ့် ဘီဘီစီကို ပြန်လည် ဖြေဆိုပေးကြတာမျိုးလည်းမရှိပါဘူး။
အင်းစိန်မြို့နယ်အတွင်းက တညင်းကုန်းလမ်းဆုံမှာ နေ့စဥ်မနက်တိုင်း ဘတ်စ်ကားစောင့်သူ၊ ဖယ်ရီစောင့်ကြ သူတွေအပြင်၊ ဆင်ခြေဖုံးနေရာတွေကနေ အခြားနေရာအဆင့်ဆင့်ကို သွားလာလိုသူတွေ ဘတ်စ်ကား တစ်ဆင့်ပြောင်းစီးဖို့ စောင့်ဆိုင်းနေကြသူ၊ ဆိုင်တွေကားတွေအစုံနဲ့ လူတွေစည်စည်ကားကာ ရှိတဲ့နေရာတစ်ခုပါ။
အဲဒီလိုနေရာမှာ တုတ်၊ ဓား၊ လက်နက်ကိုင်ပြီး ရမ်းကားကာ လုယက်တာကို အဲဒီဝန်းကျင်က လူအများစုက တစ်ခါတလေမှ မတွေ့ဘူးမမြင်မိခဲ့ကြလို့ အံ့သြမှင်တက်ခဲ့ကြရတာပါ။
ဒါပေမဲ့ ဖုန်းလုယက်တာမျိုးအပါအဝင် ပစ္စည်းလုယက်ခံရတာတွေကတော့ မကြာခဏဖြစ်ကြပေမယ့် အခုလို လက်နက်ကိုင်ရမ်းကားကာ အချိန်ယူပြီး ပေါ်ပေါ်တင်တင် ပစ္စည်းလုယက်ခြိမ်းခြောက်တောင်းဆိုတာ မျိုးက တစ်ခါတလေမှ မဖြစ်ခဲ့ဘူးလို့ ကာယကံရှင်တွေနဲ့ အနီးအနားဝန်းကျင်က လူတွေက သတ်မှတ်ထားကြပါတယ်။
"လုချင်တဲ့သူက သူတို့လုပြီးတာနဲ့ ပြေးတာပဲလေ အခုလိုမျိုး အချိန်ကောင်းကောင်းယူပြီးလုပ်တာက သာမန်တော့မဟုတ်ဘူး" လို့ ကိုနီရဲက မှတ်ချက်ချပါတယ်။ ဒါပေမဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်ဆောင်တယ်ဆို တာကိုတော့ သူ့အနေနဲ့ အတိအကျတော့ မပြောပြနိုင်ပါဘူး။
အခုလို လုယက်မှုတွေအပြင် ဓားပြတိုက်တာ၊ အိမ်တွေကို ဖောက်ထွင်းတာ၊ အနုကြမ်းစီးတာ၊ ဘဏ်တွေမှာ ငွေကျပ်သိန်းထောင်ချီကို ဓားပြတိုက်တာအပြင် ဆိုင်ကယ်တွေ၊ ဖုန်းတွေလုယက်ခံရတာမျိုး ပြန်လည်ခုခံ သူတွေကိုပင် အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ တိုက်ခိုက်တာတွေ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ မြို့ပြတောပါမကျန် နေရာအများအပြားမှာ ပေါ်ပေါ်တင်တင် များများစားစားရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
အခုလို လုယက်မှုတွေအပြင် တိုယိုတာ ပရိုဘောက်ကားအဖြူရောင်နဲ့ လုံခြုံရေးအဖွဲ့တွေလို့ အများအမြင် ထင်မှတ်မိစေအောင်ပုံစံယူထားသူ ၄ ဦးက ဖုန်းစစ်ဆေးဖို့ဆိုကာ သူတို့ပစ်မှတ်ထားသူတွေကို ရိုက်နှက် ကာခေါ်ဆောင်သွားခံရသူတွေလည်းရှိပါတယ်။
ရိုက်နှက်ခေါ်ဆောင်သွားခံရသူတွေမှာပါလာတဲ့ ပစ္စည်းတွေကိုတော့ အဲဒီကားနဲ့လူတွေက ယူသွားကြပါတယ်။ တချို့ဆိုရင်လည်း ပါလာတဲ့ဖုန်းနဲ့ မိသားစုဝင်တွေကို လှမ်းဆက်သွယ်ကာ ငွေတောင်းတာမျိုးလည်း ရှိပါတယ်။
ရွှေပြည်သာမြို့နယ်ထဲ စက်မှုဇုန်ကနေ ပြန်လာတဲ့လူငယ်တစ်ဦး ညနေပိုင်းမှာပဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ရိုက်နှက်တာမျိုးတွေ လုပ်ပြီးနောက် ပါလာတဲ့ဖုန်းကို ယူဆောင်သွားကာ လူကိုတော့ လမ်းခုလတ် တစ်နေရာမှာ ပြန်လည်ပစ်ချခဲ့တာကို ကိုယ်တိုင်ကြုံခဲ့သူ လူငယ်ရဲ့ အစ်ကိုဖြစ်သူက ပြောပြလာပါတယ်။
ဒါ့အပြင် အဲဒီလိုပုံစံတူ ဖမ်းဆီးခံရသူ တစ်ဦးဆိုရင်လည်း မိသားစုဝင်တွေက ပိုက်ဆံ ၃သိန်းကို Wave Money ကတစ်ဆင့်လွှဲပေးကာ ပြန်လည်ရွေးယူပေးခဲ့ရတာလည်း မေလအတွင်းမှာဘဲရှိခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် အတွင်းက သတင်းတွေကိုတင်ဆက်ပေးနေတဲ့ Shwe Pyi Thar Information ကို နစ်နာသူကိုယ်တိုင် လာရောက်သတင်းပေးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ပြောပြချက်အရ အဲဒီလူ ၄ဦးနဲ့ ကားတစ်စီးအပြင် သေနတ်လို့ယူဆရတဲ့ လက်နက်တွေ လည်း ကားပေါ်မှာ ပါတယ်လို့ ဆိုကြပါတယ်။
ရန်ကုန်သာမက မန္တလေးမှာဆိုရင်လည်း လူငယ် ၃ဦး စီးလာတဲ့ ဆိုင်ကယ်ကို လူတစ်စုက ဓားနဲ့ခုတ်ကာ လုယက်ခဲ့လို့ လူငယ်တွေထိခိုက်ဒဏ်ရာရခဲ့သလို ဆိုင်ကယ်နဲ့ ဖုန်းပိုက်ဆံအိတ်တွေလည်း လုယူခံခဲ့ရတဲ့ ဖြစ်စဥ်တစ်ခု သိပ္ပံလမ်းနဲ့ ၆၉လမ်းထောင့်မှာ မေလဆန်းပိုင်းကဖြစ်ခဲ့ပါတယ်။
အဲဒီနေ့တစ်ရက်တည်းမှာဘဲ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းနှင့် ၃၄ လမ်းကြားက စုံတွဲ ၁ တွဲကို လူ ၃ ဦးက လုယက်တာအပြင် ဓားနဲ့ထိုးတာကြောင့် အမျိုးသားသေဆုံးတာလည်းဖြစ်ခဲ့ပါတယ်။
ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ပြအများအပြားက နေရာပေါင်းစုံမှာ လူအသုံးအဆောင်ဖြစ်တဲ့ ဖုန်းကစလို့ အငှားယာဥ်တွေအထိ ဓားထောက် ခြိမ်းခြောက်လုယူတာတွေက မေလအတွင်းကစလို များများစားစား ဖြစ်လာပါတယ်။ အဲဒါကြောင့်လည်း လူထုအကြား စိုးရိမ်မှုရေချိန်က အခုချိန်ထိအမြင့်ဆုံးကိုရောက်နေဆဲပါ။
ဘာကြောင့် ရဲရဲတင်းတင်း လုယက်ခိုးဆိုးကြတာလဲ
လူသိရှင်ကြား လူမှုကွန်ရက်တွေပေါ်တင်ကာ နစ်နာမှုတွေကို ပြောပြလာမှုတွေကအလွန် အင်မတန်းနည်းတဲ့ပမာဏသာ ဖြစ်နိုင်ပါတယ်။ တကယ့်လက်တွေ့ မှာတော့ အခုလိုပြောပြလာတာရဲ့ အပုံ ၄၀-၅၀ လောက်ကိုရှိနိုင်တယ်လို့ ရဲမှူးချုပ်ဟောင်းတစ်ဦးက သုံးသပ်ပြောပြပါတယ်။
ရန်ကုန် မန္တလေးမှာဖြစ်တဲ့ လုယုမှုတွေအစရှိတာတွေက ပုံတူကူးပြီး ကူးစက်ရောဂါလိုမျိုး နယ်မြို့တွေမှာပါ ပွားများလာစေပါတယ်။
အခုလိုဖြစ်ရပ်တွေကလည်း တရားဥပဒေစိုးမိုးရေးကို အကောင်အထည်မဖော်နိုင်တော့တဲ့ ကာလမှာ အများ အပြားဖြစ်လာတာလို့ ရဲအရာရှိတွေနဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြလာပါတယ်။
ရဲတပ်ဖွဲ့က လက်ရှိမှာကိုယ်တိုင်လုံခြုံရေးအတွက် ဦးစားပေးလုပ်ဆောင်နေရသလို စစ်တပ်နဲ့ပူးပေါင်းပြီး လုံခြုံရေးကိုသာ ပဓာနထားလုပ်ဆောင်နေရတာကြောင့်လို့ ယူဆထားကြပါတယ်။
ဒါ့အပြင် အာဏာသိမ်းကာလအတွင်း အာဏာသိမ်းသူနဲ့ ဆန့်ကျင်ကြသူတွေအကြားမှာ အားပြိုင်မှုတွေရှိလာရာက အမြဲတမ်းဆိုးသွမ်းနေသူတွေအပေါ် နောက်ကွယ်ကနေ ထောက်ပံ့မှုပေးကာ၊ နယ်မြေမတည်ငြိမ်မှုတွေ ရှိတဲ့ပုံစံ၊ နိုင်ငံက ဖရိုဖရဲဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုး၊ နိုင်ငံက တည်ငြိမ်အေးချမ်းမှုမရှိတော့ဘူးဆိုတာကို ထင်ထင်ရှားရှားပြနိုင်အောင် လုပ်ဆောင်တဲ့ ပုံစံမျိုးတွေလည်းရှိလာတယ်လို့ အကျဥ်းဦးစီးနဲ့ ရဲလုပ်ငန်းဆောင်ရွက်ဖူးသူတွေဘက်ကလည်း ယူဆတာမျိုးလည်းရှိပါတယ်။
အဖွဲ့အစည်းပေါ်ယုံကြည်မှုမရှိတော့တာ၊ နိုင်ငံရေးကာလအခြေအနေတွေပေါ်မူတည်ကာ စတဲ့အချက်တွေကြောင့် လူထုကိုယ်တိုင်က သူတို့ခံလိုက်ကြရတဲ့အမှုတွေကို တရားဝင်တိုင်တန်းတာမျိုး မလုပ်ကြတော့သလို တိုင်းတန်းတဲ့အမှုတွေကလည်း အမှုမှန်မပေါ်ပေါက်တာတွေကြောင့် ခိုးဆိုးလုယက် အစရှိတဲ့ရာဇဝတ်မှု ကျူးလွန်သူတွေက အရင်ထက် လက်ရဲဇက်ရဲ ပိုပိုကျူးလွန်လာနေကြတာလို့ ရဲမှူးချုပ်ဟောင်းတစ်ဦးက လက်ရှိကာလအပေါ်မှတ်ချက်ပြုပါတယ်။
ခိုးဆိုးလုယက် ပြန်ပေးဆွဲကြသူတွေက ဘယ်သူတွေလဲ
နိုင်ငံသူနိုင်ငံသားတွေက ကိုဗစ်ကူးစက်မှုကြောင့် အလုပ်အကိုင်တွေကစလို စားဝတ်နေရေးပါမကျန်အစရှိတဲ့ ကျပ်တည်းမှုတွေများလာတဲ့အပြင် အာဏာသိမ်းမှုကြောင့်အခက်အခဲက ပိုလို့တိုးလာပါတယ်။
ကျပ်တည်းမှုတွေကြားမှာ ကိုယ်ကျင့်တရားခိုင်ခိုင်မာမာ မဆောက်တည်နိုင်တော့တဲ့အခါ လူအဖွဲ့အစည်းကြားမှာတော့ လုယက်တာ၊ လိုချင်တာရဖို့ သတ်ဖြတ်တာစတာတွေကို လွယ်လွယ်လုပ်လာကြတာ၊ စားဝတ် နေရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ယာယီလုပ်ဆောင်ရာကနေ ကျွမ်းကျင်လာတဲ့ ဒုစရိုက်သမားတွေအဖြစ် ပုံစံပြောင်းသွားတာမျိုးလို့လည်း ရဲဘက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံရှိသူတွေကလည်း ယူဆပြောပြကြ ပါတယ်။
"ဒီခေတ်ကာလမှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးရတဲ့ ဒုစရိုက်သမားတွေ ဂိုဏ်းဖွဲ့ပြီးကျူးလွန်နေတဲ့ပုံစံမျိုးတွေ ကိုတွေ့နေရတယ်။ တချို့အဖွဲ့တွေဆိုရင် လူ ၅၀ ကနေ ၁၀၀ ကြားထဲထိ ရှိတဲ့အဖွဲ့တွေတောင် တွေ့လာရတယ်။ အင်မတန်စိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ ပြောရပါမယ်" လို့ ထောင်မှူးဟောင်းတစ်ဦးက သုံးသပ်ပြောပြလာပါတယ်။

အဲဒီလို အကြောင်းအရာမျိုးအပြင် အာဏာသိမ်းပြီးတဲ့ ဖေဖော်ဝါရီလကစလို့ ဇွန်လ ၃၀ ရက်နေ့အတွင်း လွတ်ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာထဲမှာ ပါလာကြသူ အထွေထွေအကျဥ်းသားလို့ခေါ်ကြတဲ့ ရာဇဝတ်မှု၊ မူးယစ်မှုတွေနဲ့ ထောင်ကျခံရသူတွေ ပြန်လွတ်လာတဲ့အကြောင်းအရာကလည်း လက်ရှိရာဇဝတ်မှုတွေ တိုးပွားလာတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။
အကျဥ်းဦးစီးဌာနနဲ့ အဆက်အသွယ်ရှိသူတွေရဲ့ ပြောပြချက်အရ အာဏာသိမ်းပြီးကစလို ပေးခဲ့တဲ့လွတ်ငြိမ်း ချမ်းသာခွင့်အတွင်း လွတ်ပေးသူအရေအတွက် ခုနှစ်သောင်းနီးပါးအထိရှိတယ်လို့ သိရပါတယ်။ အဲဒီအရေ အတွက်ကတော့ စာရင်းသာဖြစ်ပြီး အဲဒီထက်ဝက် သုံးသောင်းကျော်လွှတ်ပေးခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံကသိရပါတယ်။
အဲဒီ သုံးသောင်းခွဲထဲမှာမှ ၅၀၅ ပုဒ်မတွေနဲ့ အမှုဖွင့်တရားစွဲ ထောင်ချခံရပြီး ပြန်လွှတ်ပေးသူက ၁၀၀ ကျော်သာရှိတယ်လို့ ထောင်မှူးဟောင်းတစ်ဦးက ဘီဘီစီကိုပြောပြလာပါတယ်။
ဒါကြောင့်အခုကာလ ရာဇဝတ်မှု ခိုးဆိုးလုယက်စတာတွေများပြားလာရတာကလည်း လွတ်ငြိမ်းအတွင်းပါလာတဲ့ အထွေထွေအကျဥ်းသားတွေကြောင့်လို့သူကတော့ ယူဆထားပါတယ်။
"ဒုစရိုက်သမားတစ်ဦး အပြင်ကိုရောက်လာတယ်ဆိုရင် ဒုစရိုက်အမှုတစ်ခု တိုးလာတာပဲ။ ဒုစရိုက်သမား တစ်နိုင်ငံလုံးမှာ တစ်ထောင်တိုးတယ်ဆိုရင် အမှုတစ်ထောင်တိုးလာတာပဲ" လို့ ထောင်မှူးဟောင်းတဦးက မှတ်ချက်ပြုလာပါတယ်။
ဒုစရိုက်မှုနဲ့ အသက်မွေးဝမ်းကျောင်းသူတွေရဲ့ အလေ့အထအပေါ် ကိုတော့ "ဒုစရိုက်မှုကို ကျူးလွန်ပြီး အသက်မွေးတဲ့ ဒုစရိုက်လောကသားတွေက ဘယ်တော့မှ သူရဲ့အသက်မွေးလမ်းကြောင်းကို မစွန့်ဘူး။ ...... အမြဲတမ်းလွတ်လာပါစေ။ ဒါကိုပဲပြန်လုပ်တာ။ ဒါတွေအပြင်ကိုရောက်လာလေ ဒုစရိုက်မှုကများလာလေပဲ။ ဘယ်ခေတ်မှာမဆိုနော်" လို့လည်း ပြောပါတယ်။
ဥပဒေအရ ဘာတွေနဲ့ချက်ချင်းတုံ့ပြန်ကာကွယ်နိုင်လဲ
တရားဥပဒေစိုးမိုးရေးနဲ့ ရဲလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ဘက်က မလုပ်ကိုင်နိုင်တော့တဲ့ အခုလိုကာလမျိုးမှာ လူထုကသာ ကိုယ်တိုင်ကာကွယ်ရေးနည်းလမ်းတွေနဲ့ သတိပြုကာကွယ်နိုင်မယ်လို့ ရဲလုပ်ငန်းကျွမ်းကျင်သူတွေနဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေဘက်ကတော့ ယူဆအကြံပြုကြပါတယ်။
ရာဇသတ်ကြီး ပုဒ်မ ၉၆ ကနေ ၁၀၂ အထိမှာတော့ လူရဲ့ ကိုယ်ခန္ဓာကိုဖြစ်စေ၊ အသက်ကိုဖြစ်စေ၊ စည်းစိမ် ဥစ္စာကိုဖြစ်စေ၊ တိုက်ရိုက်စိုးရိမ်ဖွယ်ရာ အခြေအနေရောက်အောင် ထိပါးလာရင်၊ နောက်ဆုံးမှာ ထိပါးသူကို အသက်အန္တရာယ်သေဆုံးသည်အထိ ပြန်လည်ခုခံကာကွယ်နိုင်ပါတယ်။
အဲဒီလို ခုခံကာကွယ်တဲ့နေရာမှာတော့ လိုအပ်တဲ့အင်အားထက် ပိုသုံးဖို့မလိုသလို၊ ကြိုတင်ပြီးတော့ တိုင်ကြားနိုင်ပါရဲ့၊ ရှောင်ရှားနိုင်ပါရဲ့နဲ့ အဲဒီအခွင့်အရေးကိုမသုံးဘဲ ခုခံမှုအခွင့်အရေးကို အခွင့်ကောင်းယူပြီး လုပ်တာမျိုးကိုတော့ ဥပဒေကခွင့်မပြုဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြထားကြပါတယ်။
ဥပဒေနဲ့ ညီညွတ်ကာ တစ်ကိုယ်ရည်လုံခြုံရေးအတွက်ကာကွယ်နိုင်မယ့်အရာတွေမှာ ကတ်ကြေး၊ စက္ကူဖြတ်တဲ့ဓားအလတ်စား စတာတွေကတော့ ပြန်လည်ခုခံတဲ့အခါ ဥပဒေနဲ့ အညီဖြစ်တယ်လို့လည်း ဥပဒေပညာရှင် တွေဘက်က မှတ်ချက်ပြုကြပါတယ်။
ဒါပေမဲ့ အရိုးအသွား ၈လက်မနဲ့အထက် ချွန်ထက်တဲ့ ပစ္စည်းတွေနဲ့ တိုက်ခိုက်ရင်တော့ လက်နက်မှုမြောက်တယ်လို့ ဆိုကြပါတယ်။
လက်နက်တွေ ချွန်ထက်တဲ့ပစ္စည်းမျိုးတွေထက် တစ်နိုင်တစ်ပိုင်သယ်ဆောင်နိုင်တဲ့ စပရေးတွေနဲ့လည်း ဖျန်းပက်ကာ အကြမ်းဖက်မှုကို ဟန့်တားနိုင်တဲ့နည်းလမ်းလည်း သုံးနိုင်ဖို့ အကြံပြုကြပါတယ်။
အဓိကအားဖြင့် မျက်လုံးကိုဖျန်းနိုင်တဲ့အရာမျိုး၊ ငရုတ်ကောင်းသာမက အကြမ်းဖက်မှုကို ဟန့်တားနိုင်ဖို့ ကိုဗစ်ကာကွယ်ရေးအဖြစ် သုံးနေတဲ့လက်ဆေးဂျဲယ်အရည်လိုဟာတွေကလည်း ဥပဒေညီညွတ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အရည်ထဲမှာတော့ အက်စစ်လိုဟာမျိုးကိုတော့သုံးလိုမရပါဘူး။ အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အရအရေးယူခံနိုင်ရတယ်လို့လည်း ဥပဒေပညာရှင်တွေက အကြံပြုထားကြ ပါတယ်။
တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့အချိန်မှာ ပေါ်ပေါက်နေတဲ့ ခိုးဆိုးလုယက်မှုတွေက တစ်ဆင့် အသက် အန္တရာယ် အထိခြိမ်းခြောက်လာမှုတွေကို ကိုယ်တိုင်ကာကွယ်ခွင့်ရှိသလို၊ ကူညီခွင့်လည်းရှိတယ်လို့ ဥပဒေ တွေအရ သတ်မှတ်ပေးထားပေမယ့် ကူညီသူတွေအပေါ် ပြန်လည်တုံ့ပြန် သတ်ဖြတ်တာမျိုးတွေကြောင့် ပြည်သူတွေအတွက်တော့ အရာရာမှာ စိုးရိမ်ထိန့်လန့်မှုတွေကတော့ ဆက်ရှိနေဆဲပါ။











