ရွှေမှောင်ခိုစျေးကွက်ကို စစ်ကောင်စီကထိန်းချုပ်ဖို့ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, YGEA
စျေးကွက်ပေါက်စျေးအတိုင်း နှစ်ပေါင်းများစွာရောင်းချနေတဲ့ ရန်ကုန်က ရွှေစျေးကွက်မှာ မှောင်ခိုစျေးကွက် ပြီးခဲ့တဲ့လပိုင်းက စပြီးပြန်ပေါ်လာခဲ့ပါတယ်။
ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်း ၁၈၅၀ ကျပ်နဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ် ပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းမှာ အခုလို စျေးကွက်ပြန်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကတော့ ရန်ကုန်က ရွှေလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
' ဖမ်းဆီးခံရသူတွေက ရွှေကုန်သည်တွေမဟုတ်ဘဲ လမ်းပေါ်က လေပတ်ကားရောင်းချတဲ့သူတွေပါ။ ရုံးချိန်ပြင်ပ အပြင်မှာ အရောင်းအဝယ်လုပ်တဲ့သူတွေ။ နယ်စပ်ကိုသွားနေတာတွေကို စုံစမ်းနေချိန်မှာ အခုလို အဖမ်းခံရတာပါ''လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ရန်ကုန်ရွှေစျေးကို ကမ္ဘာရွှေပေါက်စျေး နဲ့ ဒေါ်လာပေါက်စျေးတို့ကို အခြေခံတွက်ချက်ပြီး စျေးကွက်မှာ နေ့စဥ် ထုတ်ပြန်လေ့ရှိပါတယ်။
ဧပြီလ ၈ ရက်နောက်ပိုင်းမှာ အမေရိကန် တစ်ဒေါ်လာကို ၁၈၅၀ ကျပ် ဗဟိုဘဏ်ရည်ညွှန်းစျေးနဲ့ ရွှေစျေးတွက်ရမယ်ဆိုပြီး အသင်းကထုတ်ပြန်လာခဲ့ပြီး ရည်ညွှန်းစျေးဆိုပြီး ရုံးဖွင့်ရက်တွေမှာ နေ့စဥ်ထုတ်ပြန်လေ့ရှိပါတယ်။
အမေရိကန်ဒေါ်လာကို ၁၈၅၀ ကျပ် ဗဟိုဘဏ်က သတ်မှတ်ပေမယ့် အပြင်စျေးကွက်မှာ တစ်ဒေါ်လာ ၂၀၀၀ ကျော်လောက်ဖြစ်နေတော့ အရောင်းအဝယ်အများစုက အပြင်ပေါက်စျေးနဲ့ အရောင်းအဝယ်ဖြစ်ကြပြီး ရွှေအသင်းရဲ့ သတ်မှတ်စျေးက လက်တွေ့အရောင်းအဝယ် ဖြစ်တာနည်းတယ်လို့ စျေးကွက်သတင်းတွေအရသိရပါတယ်။
အဲဒီဖြစ်စဉ်နောက်ပိုင်း မေလ ၁၇ ရက်နေ့မှာတော့လိုင်စင်မဲ့ မီးလင်းရွှေ အတုံးအခဲ ရောင်း၀ယ်နေကြသူတွေ ရွှေဆိုင်တွေအနေနဲ့ ရွှေအတုံးအခဲနဲ့ ရွှေရောင်း၀ယ်ခွင့် လိုင်စင်တွေ ပြုလုပ်ကြဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဘက်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မေလ ၁၈ ရက်နေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရဲ့ထုတ်ပြန်ချက်အရ မီးလင်းရွှေ တစ်ကျပ်သားကို ကျပ်သိန်း နှစ်ဆယ် သုံးသောင်းစျေးဖွင့်ပြီး ကမ္ဘာ့ရွှေစျေး တစ်အောင်စကို ၁၈၁၅ ဒေါ်လာဖြစ်ပြီး ဒေါ်လာစျေးကို ၁၈၅၀ ကျပ်နဲ့ အခြေခံထားတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။
ဒီစျေးဟာ အပြင်မှာ ဖြစ်နေတဲ့ စျေးနဲ့ ကျပ် လေးသောင်းကနေ ငါးသောင်းနီးပါးကွာနေပြီးတော့ အပြင်မှာ အချို့ကတော့ ကြိုက်ရောင်းကြိုက်ဝယ်လုပ်နေတဲ့ သဘောဖြစ်တယ်လို့လည်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရွှေကုန်သည်များအနေနဲ့ ရန်ကုန်မြို့ရွှေဘုံသာလမ်း ရွှေအသင်းရုံးမှာ ရည်ညွှန်းရွှေဈေးနှုန်းများအတိုင်း ရောင်းဝယ်ရမှာဖြစ်ပြီး အသင်းဝင်တွေဟာ အသင်းရုံးပြင်ပမှာ ရောင်းဝယ်တာတွေ့ရင် အရေးယူသွားမည်လို့ ကြေညာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက နေသိရပါတယ်။
လက်ရှိ အသင်းရုံးကထုတ်ပြန်တဲ့ ရည်ညွှန်းစျေးနှုန်းဟာ ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ရည်ညွှန်းငွေလဲစျေးကို အခြေခံကာ တွက်ချက်ထားတဲ့ စျေးနှုန်းဖြစ်လို့ ရွှေစျေးကွက်အတွင်း စျေးကွက် အရောင်းအဝယ်အပေါ် တည်ငြိမ်စေတဲ့ သက်ရောက်မှုမျိုး ဖြစ်လာမှာမဟုတ်ဘူလို့ ရွှေကုန်သည်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YGEA
ဒါကြောင့် ရန်ကုန်တိုင်း ရွှေအသင်းရုံးရှိရာ ရွှေဘုံသာလမ်း အနီးတစ်ဝိုက်အပါအဝင် လမ်းမဘေးမှာ ရွှေကုန်သည်တွေက ကြိုက်ရောင်း၊ကြိုက်ဝယ်စနစ်မျိုးနဲ့ ရွှေရောင်းဝယ်တာတွေကို နေ့စဉ်လုပ်ဆောင်လာကြပြီး ဒီရောင်းဝယ်မှုစျေးကွက်က တစ်ရက်ပြီး တစ်ရက် ကျယ်ပြန့်လာခဲ့တာလို့ သိရပါတယ်။
မေလ ၁၆ ရက်နေ့က ရန်ကုန်ရွှေဘုံသာလမ်းက ရွှေအရောင်းဝယ်လုပ်သူ ကိုးဦးခန့်ဖမ်းဆီးခံရတယ်လို့ သိရပေမယ့် စစ်ကောင်စီဘက်တော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒီလို ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ အချို့ဟာ နယ်စပ်ကနေ ရွှေကို ပြည်ပတင်ပို့နေသူ အချို့လည်းပါတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းရွှေ အသင်းကတော့ မီးလင်းရွှေ အရောင်းအဝယ်လုပ်သူတွေကို လိုင်စင်လုပ်ဖို့အပြင် ရွှေအရောင်းအဝယ် လိုင်စင်မလုပ်ထားဘဲ လူမှုကွန်ရက်နဲ့ အွန်လိုင်းကနေ ရောင်းဝယ်တာတွေ မရှိအောင်၊ မီးလင်းရွှေ အတုံးအခဲ ရောင်းဝယ်နေတဲ့ ရွှေဆိုင်တွေအနေနဲ့ ရွှေအတုံးအခဲတွေကို စာရင်းပြုစုပြီး ရွှေအရောင်းအဝယ် စာရင်းဇယားတွေကို တိတိကျကျဖြည့်ဖို့ကို ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရွှေမှောင်ခိုစျေးကွက် ပျောက်ဖို့နဲ့ စျေးနှုန်းတည်ငြိမ်ဖို့ အရောင်းအဝယ်ကို အသင်းရုံးခန်းမှာပဲ ပြုလုပ်ဖို့၊ လက်ငင်းအရောင်း အဝယ်ပြုလုပ်ဖို့၊ စာရင်းပေး သတင်းပေးခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ် ပြုလုပ်တာတွေ မလုပ်ဖို့ စတဲ့အချက်တွေကို လည်မေလ ၁၇ ရက်နေ့က သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ စျေးကွက်တွင်း ရွှေရရှိမှုအနေအထားနဲ့ပတ်သက်ပြီး ရွှေလုပ်ငန်းရှင်အသင်းဘက်ကတော့ လက်ရှိမှာ အထည်ပျက်တွေနဲ့ မော်လမြိုင် ရွှေတွင်းတွေဘက်ကနေ နေ့စဥ် ရွှေပိသာချိန် ၂၀ နီးပါးအထိ ဝင်ရောက်နေတာကြောင့် ရွှေပြတ်သွားနိုင်ခြေမရှိဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ရွှေစျေးကို အခုလို သတ်မှတ်ပြီးထိန်းချုပ်တာဟာ ယာယီထိန်းချုပ်နိုင်ရုံသာရှိပြီး စျေးကွက်တစ်ခုလုံးကို အာဏာနဲ့ လက်တွေ့ထိန်းချုပ်ဖို့ မလွယ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။








