စစ်ကောင်စီက ငွေစက္ကူရိုက်ဖို့ ကုန်ကြမ်းတွေဆက်ရနေ

ပြည်တွင်းမှာ လိုအပ်တဲ့ ငွေစက္ကူပမာဏကို ရိုက်နှိပ်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ပြည်တွင်းမှာ လိုအပ်တဲ့ ငွေစက္ကူပမာဏကို ရိုက်နှိပ်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

မြန်မာကျပ်ငွေ (ငွေစက္ကူ) ရိုက်နှိပ်ထုတ်ဝေဖို့ လိုအပ်တဲ့ စက္ကူနဲ့ မင် လို ကုန်ကြမ်းတွေကို တင်သွင်းပေးခဲ့တဲ့ ဂျာမနီနိုင်ငံအခြေစိုက် Giesecke+Devrient ကုမ္ပဏီက စစ်ကောင်စီကို ကုန်ကြမ်းတင်သွင်းမှု ရပ်ဆိုင်းလိုက်တာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ရိုက်နှိပ်မယ့် ငွေစက္ကူတွေ အတွက် ကုန်ကြမ်းတွေ ကတော့ မြန်မာနိုင်ငံက ရနေဆဲပါ။

Giesecke+Devrient ကုမ္ပဏီက ကုန်ကြမ်းမပေးတော့ပေမယ့် တခြားနိုင်ငံတွေကနေ ကုန်ကြမ်း ဆက်ရနေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

'' လိုအပ်တဲ့ကုန်ကြမ်း စက္ကူနဲ့မင် ကို ရောင်းပေးတဲ့ ပြည်ပနိုင်ငံတွေဆီကနေ လိုအပ်တဲ့ပမာဏသွင်းတာတော့ရှိတယ်။ ထားရှိရမယ့်အရန်အတွက်ပါ ရှိပြီးသားဖြစ်ပါတယ်။ '' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကုန်ကြမ်းတွေကို ဘယ်နိုင်ငံတွေဆီက ရနေသလဲ ဆိုတဲ့မေးခွန်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သူကအဖြေမပေးပါဘူး။

ငွေစက္ကူရိုက်နှိပ်ဖို့ ကုန်ကြမ်းတွေရဖို့ အရင်ကထက် စရိတ်ပိုကုန်လားဆိုတဲ့မေးခွန်းကိုတော့ သယ်ယူပို့ဆောင်ရေးစရိတ်တွေတော့ ပိုကုန်သွားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီအချက်က ငွေစက္ကူရိုက်နှိပ်ဖို့ကုန်ကြမ်းတွေ ကို အဆင့်ဆင့် သယ်ယူနေရတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။

ကုန်ကြမ်းရတဲ့ ကုမ္ပဏီ ပြောင်းလဲခဲ့ပြီးတဲ့နောက် ငွေစက္ကူတွေရဲ့ အရည်အသွေးဟာ သိသိသာသာကျဆင်းခဲ့တာကို ဘဏ်ဝန်ထမ်းတွေရော ပြည်သူတွေကပါ သတိထားမိခဲ့ကြပါတယ်။

''ပိုက်ဆံအသစ်ဆို ပါးလှပ်နေတာပဲ။ လက်ထဲ ပိုက်ဆံအသစ်ရောက်လာရင် အတုလား အစစ်လား ကြည့်ကြည့်နေရတာက တစ်လုပ်'' လို့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ကုန်ကြမ်းတွေ သယ်လာတဲ့ အီရန်နဲ့ တရုတ်က လေယာဉ်တွေ ဆင်းသက်နေတဲ့အကြောင်း မီဒီယာတချို့က သတင်းဖော်ပြခဲ့ကြပြီး ဒီသတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အတည်မပြုပါဘူး။

ငွေစက္ကူရိုက်နှိပ်တဲ့ လုပ်ငန်းစဥ်ဟာ အစိုးရအဆက်ဆက်ရဲ့ ထိပ်တန်းလျှို့ဝှက် ကိစ္စဖြစ်ပါတယ်။

ဗဟိုဘဏ်ဥပဒေအရ ပြည်တွင်းသုံးငွေစက္ကူကို ဗဟိုဘဏ်ကပဲ တစ်ဦးထဲထုတ်ဝေသူဖြစ်ပြီး တာဝန်အရှိဆုံးသော စီမံခန့်ခွဲရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ဂျာမနီက ကုန်ကြမ်းမှာယူပြီး လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ (ဝါဇီ) မှာ ရိုက်နှိပ်တယ်ဆိုတဲ့ ကိစ္စထက် များများစားစားပိုပြီး မသိရပါဘူး။

မကွေးတိုင်းထဲမှာရှိတဲ့ ဝါဇီမှာ ရိုက်နှိပ်တဲ့ ငွေစက္ကူတွေ၊ ထီလက်မှတ်တွေကို ရန်ကုန်နဲ့ မန္တလေးကို သယ်ဆောင်ဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်‌ဒါခေါ်ပြီး ကားတချို့ကို ဌားရမ်းလေ့ရှိပါတယ်။ ကားပဲသီးသန့်ဌားတာဖြစ်ပြီး ပြင်ပကယာဉ်မောင်းတွေကို အသုံးမပြုပါဘူး။

ထီလည်းမရောင်းရ၊ အခွန်လည်းအရင်လိုမရတဲ့ စစ်ကောင်စီဟာ ငွေစက္ကူရိုက်ထုတ်တဲ့ နည်းလမ်းနဲ့ပဲ ဘဏ္ဍာရေးအကျပ်အတည်းကိုဖြေရှင်းလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီရဲ့ လက်ရှိဘဏ္ဍာနှစ်အတွက် လိုငွေကလည်း ကျပ်ဘီလီယံ ခြောက်ထောက်လောက် လိုငွေပြနေပါတယ်။ မျှော်မှန်းထားတဲ့ ရငွေတွေမရခဲ့ရင် ဒီ့ထက် လိုငွေပိုပြဖို့ရှိပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငွေစက္ကူရိုက်နှိပ်မှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားတယ်လို့ပြောပါတယ်။

''ပြည်တွင်းမှာ လိုအပ်တဲ့ ငွေစက္ကူပမာဏပဲ ရိုက်နှိပ်တာဖြစ်တယ်။ ထပ်တိုး ရိုက်နှိပ်မှုကို အကန့်အသတ်ထားပြီးဆောင်ရွက်လျက်ရှိတယ်။'' လို့သူကပြောပါတယ်။

လိုတာထက် ပိုရိုက်မရိုက်ဆိုတာ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေက ပိုသိမှာဖြစ်ပြီး နံပါတ်စဉ်အလိုက် သွားတာဖြစ်တဲ့အတွက် ဘယ်လောက်ရိုက်နှိပ်ပြီးပြီလဲဆိုတာ သိကြလိမ့်မယ် လို့ သူကပြောပါတယ်။

''ငွေစက္ကူသာ အလုံးအရင်းနဲ့ တိုးရိုက်မယ်ဆိုရင် ဘယ်လိုမှ ကွယ်ဝှက်လို့မရဘူး။ ပေါ်မှာပဲ။'' လို့ သူကပြောပါတယ်။

ဗဟိုဘဏ်လည်း အတော်အတန်လွတ်လပ်ပြီး လွှတ်တော်လည်းရှိခဲ့တဲ့ ကာလတုန်းကတောင် ငွေစက္ကူရိုက်နှိပ်မှုနဲ့ ပတ်သက်ရင် အစိုးရကပဲ အဓိက ထိန်းချုပ်ထားခဲ့တာလို့ လွှတ်တော်အမတ်ဟောင်း တစ်ဦးကပြောပါတယ်။

တပ်က အာဏာသိမ်းထားတဲ့ အခုလိုအချိန်မျိုးမှာ ငွေစက္ကူကို စိတ်ကြိုက်ရိုက်နှိပ်နိုင်တဲ့ အနေအထားလို့ သူကဆက်ပြောပါတယ်။

ငွေစက္ကူအတွက် ကုန်ကြမ်းတွေ ကို ဂျာမနီဘက်က ပိတ်ပေမယ့် စစ်ကောင်စီက တခြားတစ်ဘက်က ပြန်ရနေလို့ ပိတ်ဆို့အရေးယူမှုတွေက ထိရောက်ရဲ့လားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာပါတယ်။

ဂျာမနီကုမ္ပဏီရဲ့ ကုန်ကြမ်းဖြတ်တောက်မှုကို NUG ကကြိုဆိုခဲ့

ဓာတ်ပုံ ရင်းမြစ်, Tin Tun Naing/fb

ဓာတ်ပုံ ပုံစာ, ဂျာမနီကုမ္ပဏီရဲ့ ကုန်ကြမ်းဖြတ်တောက်မှုကို NUG ကကြိုဆိုခဲ့

စစ်တပ်ဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကို ဘယ်လိုကြံ့ကြံ့ခံရမလဲဆိုတာ ပြီးခဲ့တဲ့ စစ်အစိုးရကာလကတည်းက အတွေ့အကြုံရှိခဲ့ပြီးသားပါ။

အကျိုးဆက်အဖြစ် တိုင်းပြည်ရဲ့ သယံဇာတတွေပဲ ကုန်ခန်းသွားခဲ့ရပြီး အောက်ခြေပြည်သူတွေပဲ အထိနာခဲ့ရတယ်လို့ နိုင်ငံရေးအကဲခတ်တွေကဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးအောင်နိုင်ဦး တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုက အစိုးရကို မထိခိုက်ဘဲ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကိုပဲ ထိခိုက်မှာဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးတွေက ထုတ်ပြောခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေရှိနေတဲ့ကြားကပဲ နိုင်ငံခြားလုပ်ဖော်ကိုင်ဘက်အများအပြားဟာ စစ်ကောင်စီနဲ့ တိတ်တဆိတ် လက်တွဲလုပ်ကိုင်ဖို့ ရွေးချယ်ထားကြတယ် လို့ ဝန်ကြီး နှစ်ဦးက ပြောခဲ့ပါတယ်။

စစ်ကောင်စီကို ငွေစက္ကူကုန်ကြမ်းတွေ ပို့နေတဲ့ နိုင်ငံတွေဟာ ဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ဦးအောင်နိုင်ဦး တို့ ညွှန်းဆိုခဲ့တဲ့ စစ်ကောင်စီရဲ့ တိတ်တဆိတ်လက်တွဲတဲ့ လုပ်ဖော်ကိုင်ဘက်အမျိုးအစားတွေထဲ အကျုံးဝင်နေတာပဲ ဖြစ်ပါတယ်။