၂၀၂၁ မြန်မာစစ်အာဏာသိမ်း-အင်းစိန်အကျဉ်းထောင်ထဲက သုံးနှစ်သမီး

စည်ပင်နေ့စားဝန်ထမ်း၊ ချိပ်ပိတ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ချိပ်ပိတ်ခံထားရတဲ့ စည်ပင်နေ့စားသန့်ရှင်းရေးဝန်ထမ်း ဦးမင်းဇော်ဦးရဲ့လိုင်းခန်း

အင်းစိန်အကျဉ်းထောင်ကို ထောင်ဝင်စာတွေ့ဖို့သွားချိန်မှာ ဆုမြတ်ဇော်ဆိုတဲ့ နာမည်ကို ပြောလိုက် တာနဲ့ ‌ထောင်ဝန်ထမ်းတွေ တော်တော်များများက သိနေကြပါတယ်။

ကျန်းမာရေးမကောင်းတဲ့ အသက် ၅၆ နှစ်အရွယ် သူ့အဘွားဖြစ်သူ ဒေါ်ကေသီမာအကြောင်း သိချင်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ယောက်က ထောင်ဝန်ထမ်းကို မေးလိုက်ချိန်မှာ "ဆုမြတ်ဇော်ရဲ့အဘွား၊ သိတယ်သိတယ် ဆိုပြီး တန်းပြောတယ်"လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ယောက်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ မဆုမြတ်ဇော်ရဲ့ဖခင် CDM စည်ပင်ဝန်ထမ်း ကိုမင်းဇော်ဦးကို ဖမ်းမမိလို့ ဇနီးဖြစ်သူ မတင်မေဦးနဲ့ မိခင်ဖြစ်သူ ဒေါ်ကေသီမာ ခေါ် ဒေါ်ချိုချိုမာတို့ကို ဖမ်းဆီးချိန်မှာ မိခင်နို့မပြတ်သေးတဲ့ နှစ်နှစ်ကျော်အရွယ် မဆုမြတ်ဇော်လည်း မိခင်နဲ့အတူ အဖမ်းခံခဲ့ရတာပါ။ အဲဒီလိုဖမ်းပြီးနောက် မကြာခင်မှာပဲ ပုဒ်မ ၅၀၅ (က) နဲ့ သူတို့ နှစ်ဦးပါ တရားစွဲဆိုခံခဲ့ရပါတယ်။

အခုဆို အကျဉ်းထောင်ထဲမှာ တစ်နှစ်ကျော်ကြာနေပြီး မိခင်နဲ့အတူပါလာတဲ့ မဆုမြတ်ဇော်ရဲ့ သုံးနှစ်ပြည့်မွေးနေ့ကိုလည်း ထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရပါတယ်။

CDM Movement

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ် ဒီဇင်ဘာမှာ ၂ နှစ်ပြည့်မွေးနေ့ကို ပြင်ပမှာ ကျင်းပခဲ့ရတာ နောက်ဆုံးပါ။

ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရတာကို အင်းစိန်အကျဉ်းထောင်ထဲကနေ ရင်ဆိုင်အပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် မတ် ၂၄ ရက်မှာ မိခင်နဲ့ အဘွားဟာ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါကြောင့် မဆုမြတ်ဇော်ဟာလည်း ထောင်ထဲမှာပဲ ဆက်ရှိနေပါတယ်။

ထောင်ထဲမှာနေသားရလာတာနဲ့အမျှ မဆုမြတ်ဇော်ဟာလည်း ထောင်တွင်း နေ့စဥ် လုပ်ငန်းဆောင်တာတွေနဲ့ ရင်းနှီးကျွမ်း၀င်လို့လာပြီး တီတီတာတာ စကားပြောတတ်ခါစ သူ့အတွက် ပြောစရာအကြောင်းအရာတွေထဲမှာ ထောင်တွင်း အခေါ်အ‌‌‌ေ၀ါ်တွေ အသုံးအနှုန်းတွေ ပါလာတတ်ပါတယ်။

ဆုမြတ်ဇော်၊ စည်ပင်သန့်ရှင်းရေး နေ့စားဝန်ထမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သုံးနှစ်သမီးလေးဆုမြတ်ဇော်တို့သားအမိတွေ အချုပ်နှောင်ခံထားရတဲ့ အင်းစိန်အကျဉ်းထောင်

"ကျွန်မတို့ ထောင်ဝင်စာသွားတွေ့တုန်းက တော်တော်လည်နေပြီ ကလေးက ။ ထောင်ထဲက အကျင့်တွေ တော်တော်သိနေပြီ။ ပုံစံအော်တာတွေကိုရော အော်ပြသေးတယ်။ အိပ်ချိန်ဆို ခေါင်းချဆိုပြီး အော်နေတာ။ နောက်ပြီး သူ့အဘွားကို ထောင်ဝင်စာပို့ရင် အော်တဲ့ပုံစံလုပ်ပြတယ်။ အဖအမည် ဦးကာစင်၊ အမည် ဒေါ်ချိုချိုမာ ပါဆယ်ရောက် ဆိုပြီးအော်ပြတာ"လို့ ထောင်ဝင်စာတွေ့ခဲ့သူ မိသားစုဝင်နဲ့နီးစပ်သူက ပြောပါတယ်။

"စပြီးအဖမ်းခံရတုန်းက အဲ့လောက်မပြောတတ်သေးဘူး။ အခုဆို ထောင်ထဲမှာ တော်တော်လည်နေပြီ။ ထောင်ဝင်စာလာတွေ့တဲ့အထဲမှာ ပါလာတဲ့ ကလေးတစ်ယောက်က ရှူးပေါက်ချင်တာကို ညီမလေးလာ မမ လိုက်ပို့မယ်ဆိုပြီး အိမ်သာ လိုက်ပို့သေးတယ်။"

အရွယ်နဲ့မလိုက် အရိပ်အကဲသိသိ နေထိုင်တတ်သူ

အင်းစိန် အကျဉ်းထောင်ထဲမှာ မဆုမြတ်ဇော်ဟာ မိခင်နဲ့အဘွားအတွက် အစားအသောက်တွေ သူ့အသိစိတ်ကလေးနဲ့တွေးပြီး ကူတောင်းပေးတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

"အထဲကလူတွေဆီကို မုန့်လိုက်တောင်းတာ၊ ကလေးဆိုတော့ ဟိုလူက ကျွေး ၊ ဒီလူက ကျွေးဆိုတော့ သူ့အတွက်တင်မဟုတ်ဘူး။ အဘွားအတွက်၊ မေမေ့အတွက်နဲ့ ဘိုးဘိုးအတွက်ပါ ပေးပါဆိုပြီး တောင်းပေးတာ။ ဘိုးဘိုး ဆိုတာက စည်ပင်သန့်ရှင်းရေးဝန်ထမ်းဦးလေးကြီးပဲ။ သူက ဘိုးဘိုးလို့ ခေါ်တာ။။ သူတို့နဲ့ အမှုတွဲအတူတူပဲ။ရုံးထုတ်ချိန်မှာ ဟိုလူကလည်း ဆုမြတ်ဇော်၊ ဒီလူကလည်း ဆုမြတ်ဇော်နဲ့ မုန့်တွေကျွေးသမျှ သူ့အမေ၊ အဘွားနဲ့ အဘိုးကို အကုန်ပြန်ကျွေးတာ။" လို့ မိသားစုနဲ့နီးစပ်သူက ပြောပြပါတယ်။

အဘွားဖြစ်သူ ဒေါ်ချိုချိုမာဟာ ကျောက်ကပ်၊ နှလုံး၊ ဆီးချို စတဲ့ ရောဂါတွေကြောင့် ထောင်တွင်းဆေးရုံမှာ ရောက်နေရတတ်ပါတယ်။ ရုံးထုတ်ချိန်တွေမှာ ဆေးပိုက်တန်းလန်းနဲ့ ရောက်လာတဲ့အဘွားဖြစ်သူကို မဆုမြတ်ဇော်က ပခုံးတွေကို နှိပ်ပေးတတ်ပါတယ်။

" သူ့အဘွားကို နှိပ်ပေးနေရင်းနဲ့ ရဲဝန်ထမ်းတစ်ယောက်က ဆုမြတ်ဇော်ကို ချစ်တော့ လှမ်းစတယ်။ နင်ငါ့ကို လာမနှိပ်ပေးဘူးလားမေးလိုက်တော့ လာနှိပ်ပေးပါ့မယ်၊ ခဏနေပါဦး။ ဘွားဘွားကို အရင်နှိပ်ပေးပါဦးမယ်တဲ့။ အဲဒါကို နင်လာမနှိပ်ပေးရင် နင့်အမေကို ရိုက်မှာနော်ဆိုတော့ မေ‌မေ့ကိုတော့ မရိုက်ပါနဲ့၊ လာနှိပ်ပေးပါမယ်တဲ့။ မြင်တဲ့သူတိုင်း စိတ်မကောင်းဖြစ်ကြတယ်။ သူ့အဒေါ်က (ထောင်၀င်စာ) အချိန်ပြည့်တော့ ပြန်မယ်ဆိုတော့ဖက်ပြီးငိုတယ်။ သူ့အ‌ဒေါ်က ပြန်လိုက်မလားသမီးဆိုတော့ ဘွားဘွားရှိသေးတယ်။ ဘွားဘွားက နေမကောင်းဘူး အဲ့ဒါကြောင့် နေခဲ့မှာလို့ပြောတယ်။"

ရုံးထုတ်မှာ ကြုံခဲ့ရတဲ့ အဲ့ဒီမြင်ကွင်းက မြင်ရသူအဖို့ မျက်ရည်ဝဲခဲ့ကြရပါတယ်။

မဆုမြတ်ဇော်တို့ မြေးအဘွား၊ သားအမိတွေ အဖမ်းမခံရခင် ပြီးခဲ့တဲ့နှစ်က လူထုဆန္ဒပြပွဲတွေအရှိန်ကောင်းနေချိန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးတေးသီချင်းတွေဟာ စကားအတတ်သင်ကာစ နှစ်နှစ်ကျော်အရွယ် မဆုမြတ်ဇော်အတွက် နားယဥ်ပြီး အချိန်ပြည့်ဆိုညည်းစရာ သီချင်းတွေဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မိခင်နဲ့အတူ အဖမ်းခံရပြီး ထောင်တွင်း အချုပ်နှောင်ခံရချိန်မှာ တော်လှန်ရေးသီချင်းတွေ၊ ဆောင်ပုဒ်တွေကို အော်ဆိုနေခဲ့ပါတယ်။

အဲ့ဒါကို ထောင်ဝန်ထမ်းတစ်ယောက်က စနောက်ပြီးတော့ ဆေးပုံးလေးသေးသေးလေးနဲ့ ဆေးသုတ်တံလေးပေးလိုက်ပြီး ဆေးသုတ်ခိုင်းတဲ့အခါ မဆုမြတ်ဇော်က နံရံတွေမှာ လိုက်သုတ်နေခဲ့တယ်လို့ မိသားစု၀င်နဲ့နီးစပ်သူက ပြန်ပြောပြပါတယ်။

"နင်ဘာလို့ ဆေးသုတ်ရလဲ သိလားဆိုပြီး အဲ့ဝန်ထမ်းက မေးတော့ နိုင်ငံရေးသီချင်းဆိုလို့ သုတ်ရတာတဲ့။ သိရင်သုတ်ဆိုပြီး ပြောလိုက်ရော သုတ်နေရင်းနဲ့ပဲ အရေးကြီးပြီ ညီနောင်အပေါင်းတို့ ဆိုပြီး နိုင်ငံရေးသီချင်းတွေ ထဆိုနေပြန်ရော ပြီးတော့မှ မေ့လို့ မေ့လို့ဆိုပြီး နှုတ်ခမ်းလေး ပြန်ပိတ်တယ်တဲ့။ "

ထောင်ထဲမှာ ည ကိုးနာရီ အိပ်ချိန်ဆိုရင်လည်း အကျဉ်းသားတွေ အိပ်ဖို့ ထောင်ဝန်ထမ်းတွေက လိုက်အော်ချိန်မှာ မဆုမြတ်ဇော်က သူ့အသံသေးသေးလေးနဲ့ ထောင်၀န်ထမ်းတွေအသံ နောက်ကနေ လိုက်အော်နေတတ်ပါတယ်။

"အိပ်ချိန်လို့ အော်ရင် သူက နောက်က လိုက်အော်တယ်။ ပြီးရင် သူက မအိပ်ဘဲ လိုက်ပတ်ကြည့်နေတာ။ ပြီးတော့ ကျန်တဲ့အချိန်ဆိုလည်း ပါဆယ်ရတဲ့သူတွေကို နာမည်ခေါ်ပြီး ပေးတဲ့အခါ အော်သလိုမျိုး စာအုပ်နဲ့ ဘောပင်တောင်းပြီး နာမည်ဘယ်သူ၊ အဖအမည် ဘယ်သူဆိုပြီး လိုက်ရေးတာတဲ့။ စာတော့မရေးတတ်ဘူးပေါ့။ ဟိုခြစ်ဒီခြစ်နဲ့ ပါးစပ်ကနေ အော်နေတာ။ အဲဒါ ရုံးထုတ်ချိန်မှာဆို အော်ပြနေတာ။" လို့ အထက်ပါပုဂ္ဂိုလ်က ပြောပြပါတယ်။

တကယ်တော့ စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်လို့ ဖမ်းဆီးထောင်ချခံရသူတွေထဲမှာ မဆုမြတ်ဇော်မိခင်လို ဖမ်းဆီးခံရစဥ်မှာ ကလေးကိုထားခဲ့ဖို့ပြင်ဆင်ချိန်လည်းမရ၊ ပြင်ပမှာ ထားဖို့ အဆင်မပြေတဲ့အတွက် အုပ်ထိန်းသူတွေနဲ့အတူ တစ်ပါတည်း ပါလာတဲ့ ကလေးငယ်တွေရှိခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရစဥ် ကိုယ်၀န်ပါလာပြီး အကျဥ်းထောင်တွင်းမှာ မွေးဖွားရတဲ့ကလေးငယ်လေးတွေလည်း ရှိကာ ပြင်ပမှာကျန်ရစ်တဲ့မိသားစုထံ ပြန်လည်ပို့ဆောင်ခွင့်ပြုတာရှိပါတယ်။

အကျဥ်းထောင်တွင်းက ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာအခြေအနေ ဘယ်လိုရှိနိုင်လဲ

အကျဉ်းထောင်ထဲမှာ ခုလို ဖြတ်သန်းနေတဲ့ မဆုမြတ်ဇော်အကြောင်းတွေကို အပြင်က မိသားစုဝင်တွေ သိရတဲ့အခါ အံ့အားသင့်ကြတယ်လို့လည်း ပြောပါတယ်။

" ကလေးက ပတ်ဝန်းကျင်ကနေ သင်ယူနေတဲ့အချိန်မှာ သူရောက်နေတာက အကျဉ်းထောင်ဆိုတော့ စိတ်မကောင်းဖြစ်ကြတာပေါ့။ အပြင်မှာ လွတ်လွတ်လပ်လပ် ကြီးပြင်းရမှာကို ထောင်ထဲမှာဆိုတော့ ‌ထောင်ထဲက ပြောတဲ့ပုံစံတွေ အကုန်တတ်နေတာ။ လို့မိသားစု၀င်နဲ့နီးစပ်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

ကလေးတစ်ယောက် ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ဟာ ကောင်းမွန်ဖို့လိုအပ်တဲ့အပြင် စိတ်လုံခြုံမှုရှိဖို့ လိုအပ်တယ်လို့ စိတ်ရောဂါပညာရှင်တွေက ပြောကြပါတယ်။

အကျဉ်းထောင်ထဲမှာရှိတဲ့ကလေးတစ်ယောက်အတွက် ကောင်းတဲ့ပတ်ဝန်းကျင် တစ်ခုလို့ သတ်မှတ်လို့မရဘဲ ခံစားမှုမျိုးစုံ၊ လူမျိုးစုံ၊ စရိုက်စုံဟာ ကလေးနဲ့ထိတွေ့တာကြောင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရဖို့ ခက်ခဲနိုင်တယ်လို့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက ပြောပါတယ်။

" ငယ်စဉ်ကတည်းက ကလေးတွေက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရရင် ကြီးလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းမယ်။ စိုးရိမ်စိတ်တွေရှိလာမယ်၊ ငယ်ငယ်ကတည်းက ကြောက်လန့်လာရင် ကြီးလာရင်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်လို့တော့အကြမ်းဖျဥ်း ပြောလို့ရတယ်။"

အရွယ်ရောက်ပြီးသား အကျဉ်းကျခံရသူတစ်ချို့မှာတောင် စိတ်ဒဏ်ရာတွေ ရှိတတ်ကြတဲ့အတွက် အကျဉ်းထောင်ထဲက ကလေတွေဟာ ပိုပြီး ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ အကျဥ်းထောင်ပြင်ပပြန်ရောက်လာရင် စိတ်ဒဏ်ရာတွေ မခံစားရအောင် အကြံပြု နှစ်သိမ့်ဆွေးနွေးဖို့ တွေ လိုအပ်တယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေဆီကနေ သိရပါတယ်။

မိသားစုတကွဲတပြားနဲ့ ထောင်၀င်စာတောင်နပ်မမှန်

အင်းစိန်ထောင်ကသုံးနှစ်ကျော်အရွယ် အကျဉ်းသူလေး မဆုမြတ်ဇော်ကတေ့ာ အခုချိန်ထိ အားလုံးနဲ့ သင့်မြတ်အောင် နေနေပါတယ်။

မိခင်နေမကောင်းလို့ အစားတောင်မဝင်တဲ့အခြေအနေတွေ၊ အငယ်ဆုံးသမီးကလေးအကြောင်းတွေကို ကြားရတဲ့အခါ စစ်ကောင်စီက လိုက်ဖမ်းလို့ ရှောင်တိမ်းနေရတဲ့ ဦးမင်းဇော်ဦးတစ်ယောက် ဝမ်းနည်းနေရပါတယ်။

"သူတို့က ဘာမှမလုပ်ဘဲနဲ့ဗျာ ထောင်သုံးနှစ်တဲ့။ ကျွန်တော့်သမီးလေးရော၊ မိန်းမရော၊ အမေရော ဘယ်လောက်ခက်ခဲနေကြမလဲ။ အမေဆို ကျန်းမာရေးမကောင်းဘူး။ ထောင်ဆေးရုံမှာ။ ကျွန်တော်ကလည်း ရှောင်နေရပြီး တခြားနေရာမှာဆိုတော့ ထောင်ဝင်စာလည်း မတွေ့ရ၊ သူတို့နဲ့လည်း မတွေ့ရတာ ကြာပြီ။ သူတို့မှာ အပြစ်မရှိဘဲနဲ့ဗျာ"လို့ မဆုမြတ်ဇော်ရဲ့ ဖခင် ဦးမင်းဇော်ဦးက ပြောပါတယ်။

ဦးမင်းဇော်ဦးမှာ သား ၅ ယောက်မွေးပြီးနောက် သမီးလေး ဆုမြတ်ဇော်ကို ထပ်ရတဲ့အတွက် အရမ်းပျော်ပြီး တအားချစ်တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ဆိုပါတယ်။

အခုဆို အသက် သုံးနှစ်ကျော်ကလေး မဆုမြတ်ဇော်နဲ့ မိခင်၊ အဘွားဖြစ်သူတို့ အကျဉ်းထောင်ထဲမှာပဲရှိနေသေးသလို ဦးမင်းဇော်ဦးရဲ့သားတွေဖြစ်တဲ့ မဆုမြတ်ဇော်ရဲ့ အစ်ကို ငါးယောက်ကလည်း တကွဲတပြားဆီဖြစ်နေကြရတာပါ။

ဆုမြတ်ဇော်ရဲ့ အစ်ကို သုံးယောက်ကို အမေ့ဘက်က အဘွားက အဝတ်လျှော်တဲ့အလုပ်နဲ့ ရှာဖွေကျွေးမွေးနေရသလို ကျန်တဲ့အစ်ကို နှစ်ယောက်ကို ဦးမင်းဇော်ဦးရဲ့ ညီမဖြစ်သူက စောင့်ရှောက်ထားရပါတယ်။

စည်ပင်သန့်ရှင်းရေးဝန်ထမ်းဖြစ်တာကြောင့် နဂိုကတည်းက စီးပွားရေးမပြေလည်တဲ့ မဆုမြတ်ဇော်တို့ မိသားစုဝင်တွေဟာ အခုချိန်မှာ အပြင်မှာကျန်နေခဲ့တဲ့ ကလေးတွေကို ရရာအလုပ်တွေနဲ့ ရှာဖွေကျွေးမွေးနေရတာကြောင့် ထောင်ဝင်စာတောင် ပုံမှန် မပို့နိုင်ကြပါဘူး။

လွတ်ငြိမ်းချမ်းသာခွင့်၊ အင်းစိန်အကျဉ်းထောင်
ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့မှာ စောင့်မျှော်နေကြတဲ့ မိသားစုဝင်များ

စေတနာကောင်းသူတချို့က ထောက်ပံ့ပေးတဲ့ငွေနဲ့ ထောင်ဝင်စာတွေ့ချိန်မှာ စကားပြောတတ်နေပြီဖြစ်တဲ့ မဆုမြတ်ဇော်ဟာ မတွေ့တာကြာပြီဖြစ်တဲ့ သူ့အဖေနဲ့ သူ့အစ်ကို ငါးယောက်ကို သတိရနေတယ်လို့လည်း ပြောလိုက်ပါသေးတယ်။

"ဖေ့ဖေ့ကိုလည်း သတိရတယ်။ ကိုကိုတွေကိုလည်းသတိရတယ်။ သမီးတို့က မကြာခင် ပြန်လာမှာလို့ ပြောပေးနော်" ဆိုတဲ့စကားက မိသားစုဝင်တွေနဲ့ အတူ အနားမှာရှိသူတွေပါ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးချိန်မှာ ကလေးငယ် မဆုမြတ်ဇော်မျှော်လင့်သလို ပြန်မလွတ်လာနိုင်ကြသေးဘဲ အကျဉ်းထောင်မှာပဲ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။