ရခိုင်စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေပြတ်လပ်

ရေကန်

ဓာတ်ပုံ ရင်းမြစ်, Khine Myo Aung

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ အခုလဆန်းပိုင်းလောက်ကစတင်ပြီးတော့ သောက်သုံးရေတွေ ပြတ်လပ်နေပြီဖြစ်ပြီး ရေသုံးစွဲမှုအတွက် ခက်ခက်ခဲခဲကြိုးစားနေကြရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

လူဦးရေ ၃၀၀၀ နီးပါးနေထိုင်နေတဲ့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ အသုံးပြု နေတဲ့ရေကန်မှာ လက်ရှိအနေအထားအရ နှစ်ပေခွဲဝန်းကျင်လောက်သာ ကျန်တော့သလို ရက် ၂၀ လောက် ပဲ အသုံးပြုလို့ရနိုင်တော့မယ်လို့ စခန်းကော်မတီ ဦးစိုးနိုင်က ပြောပါတယ်။

ကန်မှာရေခမ်းခြောက်မှုတွေမဖြစ်ပွားခင်မှာ သုံးရေအဖြစ်အသုံးပြုနိုင်ရေးအတွက် ရမ်းချောင်းကရေကို ကန်မှာ ဖြည့်ဖို့အတွက် ပြင်ဆင်နေကြပေမယ့် သောက်ရေအတွက်တော့ အခက်အခဲတွေရှိနေသေးတယ်လို့ ဆိုပါတယ်။

သုံးရေရရှိရေးအတွက် ချောင်းရေကိုတင်နိုင်ဖို့ စက်နဲ့ပိုက်တွေသွယ်တန်းနိုင်ရေး ငွေကြေးအခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

ရမ်းချောင်းရေဟာ ဒီရေအတက်အကျရှိတဲ့ရေဖြစ်ပြီး ဆားငန်ဓာတ်ပျော်ဝင်နေတာကြောင့် တာရှည်သုံးရင် ကျန်းမာရေးထိခိုက်မှုတွေရှိနေနိုင်တာကြောင့် အသုံးမပြုသင့်ပေမယ့် ရေရှားပါးမှုပြဿနာကိုဖြေရှင်းဖို့ တခြားနည်းလမ်းမရှိ တဲ့အတွက် အခုလိုပြင်ဆင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်က လူဦးရေ ၅၀၀ ခန့်ခိုလှုံနေတဲ့ တောင်မင်းကုလား ဒုက္ခသည်စခန်းမှာတော့ လွန်ခဲ့တဲ့ ၁၂ လပိုင်းလောက်ကစလို့ သူတို့အသုံးပြုနေကြတဲ့ ရေကန်မှာ ရေခန်းခြောက်သွားပြီဖြစ်တဲ့အတွက် လက်ရှိမှာ ယိုးချောင်းကရေကို ဖြည့်ပြီးအသုံးပြုနေကြတာဖြစ်ပါတယ်။

အဲ့ဒီချောင်းရေဟာ သုံးရေအဖြစ်သာအသုံးပြုလို့ရရှိပြီး သောက်လို့မရတဲ့အတွက် နာရီဝက်လောက်လမ်းလျှောက်ပြီး ကျေးရွာသားတွေအသုံးပြုနေတဲ့ ရေကန်ကနေ သွားခပ်နေကြရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

တောင်မင်းကုလားကျေးရွာဟာ နှစ်စဉ်ရေရှားပါးတဲ့ဒေသတွေထဲမှာ ပါဝင်တာကြောင့် ကျေးရွာသားတွေအသုံးပြုတဲ့ရေကန်ကနေ သောက်ရေအဖြစ် သွားခပ်ပြီး သောက်သုံးခွင့်ရရှိနေကြပေမဲ့ အဲ့ဒီကန်ရေ ခန်းခြောက်လာရင် ကျေးရွာသားတွေရော ဒုက္ခသည်တွေအတွက်ပါ အခက်အခဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ရေခပ်နေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Khine Myo Aung

ဓာတ်ပုံ ပုံစာ, ညောင်ချောင်းစခန်းက လတ်တလောမြင်ကွင်း

ယိုးချောင်းက ရေကိုစက်နဲ့တင်တဲ့အခါမှာ ငွေကြေးကုန်ကျမှုတွေအများအပြားရှိခဲ့ပြီး မကြာခင်မှာအဲ့ဒီရေလည်း ခန်းခြောက်သွားမှာဖြစ်တာကြောင့် နောက်တစ်ခေါက်တင်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ တောင်မင်းကုလားစခန်းကော်မတီဝင် ဦးမောင်သိန်းဝင်းက ပြောပါတယ်။

"ရေကလုံးဝခန်းသွားတဲ့အတွက် ချောင်းရေကိုကန်မှာ သုံးပေလောက် တင်ထားတယ်။ အဲ့ဒီရေလည်း မကြာခင်ခန်းတော့မယ်။ နောက်တစ်ခေါက် တင်ဖို့အတွက်က စက်ပိုင်ရှင်တွေကို ငွေပေးရမှာပေါ့။ အရင်တစ်ခေါက်တင်တာတောင် ၂၂ သိန်းခွဲ ကုန်ကျတယ်"လို့ ဦးမောင်သိန်းဝင်းက ပြောပါတယ်။

တောင်မင်းကုလားစခန်းနဲ့ ယိုးချောင်းဟာ ပေ ၂၅၀၀ လောက်ကွာဝေးပြီး သုံးရေရရှိဖို့အတွက် ခက်ခက်ခဲခဲနဲ့ လုပ်ကိုင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။

ထို့အတူ ကျောက်တော်မြို့နယ်အတွင်းက ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာလည်း အလားတူပြဿနာတွေရှိနေပြီး လက်ရှိမှာ သူတို့အသုံးပြုနေတဲ့ရေကန်မှာလည်း ရေမရှိတော့ဘူးလို့ စခန်းကော်မတီ ဦးခိုင်မျိုးအောင်က ပြောပါတယ်။

အခုလိုမျိုး သောက်သုံးရေရှားပါးမှုနဲ့ကြုံနေကြရတာ တစ်လကျော်ခန့်ရှိနေပြီဖြစ်ပြီး ဒီအခက်အခဲနဲ့ပတ်သက်လို့ ဒီဇင်ဘာလအတွင်းက မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ကို စခန်းကော်မတီက တင်ပြအကူအညီတောင်းထားပေမဲ့ ဒီနေ့အချိန်ထိ တစ်စုံတစ်ရာ အရေးတယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ကန်တွေအားလုံးမှာ ရေခန်းခြောက်သွားပြီဖြစ်တဲ့အတွက် လက်ကျန်ရှိနေတဲ့ရေတွေဟာလည်း မသန့်ရှင်းတော့တာကြောင့် အနံ့တွေနံပြီး ချိုးဖို့အတွက်တောင် အဆင်မပြေတော့ဘူးလို့ သိရပါတယ်။

"လောလောဆယ်မှာတော့ ဇီးချောင်းရေလှောင်တမံကနေသွယ်ထားတဲ့ ရေပိုက်လိုင်း သေးသေးလေးတစ်လိုင်း ရှိတယ်။ အဲ့ဒီကနေ သောက်ရေတစ်လုံးရဖို့အတွက် ည ၁၁ နာရီလောက်ထိ စောင့်ဆိုင်းပြီး ခပ်နေကြရတယ်။ မရတဲ့သူက မနက်ပိုင်းရေလာတဲ့အချိန်မှာ ပြန်စောင့်ခပ်ပေါ့လေ။ အဲဒီလိုအခက်အခဲဖြစ်နေပါတယ်"လို့ စခန်းကော်မတီ ဦးခိုင်မျိုးအေင်က ပြောပါတယ်။

ယခင်နှစ်တွေကဆိုရင် သောက်သုံးရေအခက်အခဲရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို အရပ်ဘက်အဖွဲ့အစည်းတွေကနေ သောက်ရေလာရောက်လှူဒါန်းပေးတာတွေရှိခဲ့တဲ့အတွက် သောက်သုံးရေတွေအဆင်ပြေခဲ့ပေမယ့် လက်ရှိမှာတော့ အဲဒီလို လာရာက်လှူဒါန်းပေးတဲ့အဖွဲ့တွေလည်း မရှိသေးဘူးလို့ ပြောပါတယ်။

ရေခပ်နေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Khine Myo Aung

တချို့စခန်းတွေမှာ ဒုက္ခသည်စခန်းက ရေကန်တွေ ရေခန်းခြောက်ပေမယ့် ကျေးရွာကကန်ကို သွားခပ်လို့ရနေသေးပေမယ့် ညောင်ချောင်းမှာတော့ ကျေးရွာမှာရော စခန်းမှာပါ အသုံးပြုနေတဲ့ရေကန်တွေအကုန်လုံး ခန်းခြောက်သွားပြီလို့ သိရပါတယ်။

ရေခန်းခြောက်သွားတဲ့အတွက် ညောင်ချောင်းကျေးရွာမှာလည်း ချောင်းရေကို စက်နဲ့တင်ပြီးကျေးရွာသားတွေ အသုံးပြုနေကြ ပေမဲ့ ဒုက္ခသည်စခန်းကိုတော့ ရေတင်ပေးဖို့ အခက်အခဲရှိတဲ့အတွက် သုံးရေရရှိဖို့တောင် မလွယ်တဲ့အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီ ရေအကူအညီရရှိဖို့ အကူအညီတောင်းခံထားပေမဲ့ လတ်တလောမှာတော့ သူတို့မှာလည်း အခက်အခဲတွေ ရှိနေတာကြောင့် နောက်လအတွင်းမှာ ရေပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်ရနိုင်ခြေ ရှိနေတယ်လို့ ပြောပါတယ်။

ဒုက္ခသည်စခန်းအများစုဟာ နွေရာသီရေရှားပါးတဲ့ဒေသတွေမှာ တည်ရှိနေကြတာဖြစ်ပြီး ရှိတဲ့ရေတွေကိုလည်း လူဦးရေ အများအပြား အသုံးပြုနေကြရတဲ့အတွက် အချိန်မတိုင်ခင် လျင်မြန်စွာရေပြတ်လပ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ အခုလိုနွေရာသီကိုရောက်ရှိလာခဲ့လို့ရှိရင် ရေရှားပါးမှုပြဿနာကို နှစ်စဉ်နှစ်တိုင်းရင်းဆိုင်နေကြရပြီး စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေပြတ်လပ်မှုပြဿနာကို တာဝန်ရှိသူတွေအနေနဲ့ ဦးစားပေးဖြေရှင်းပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။