အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဖို့ ဝန်ကြီးချုပ်ဟွန်ဆန် စိတ်မဝင်စားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁။ အာဆီယံ အထူးသံ အသစ်ရဲ့ ဖနွမ်းပင်လေဆိပ် သတင်းစာ ရှင်းလင်းပွဲ
နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ရဲ့ ခရီးစဥ်အတွင်းမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုတာမျိုး မရှိခဲ့ဘူး ဆိုတဲ့ အချက် ပေါ်ထွက်လာပါတယ်။
ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆော့ခွန်းက နေပြည်တော်ကနေ ပြန်အရောက် ဖနွမ်းပင် နိုင်ငံတကာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်တာ ဖြစ်ပါတယ်။
ပရတ်ဆော့ခွန်းဟာ မြန်မာအရေး ဆိုင်ရာ အာဆီယံ အထူးသံအဖြစ် ဝန်ကြီးချုပ်ဟွန်ဆန် ခန့်အပ်ထားသူ ဖြစ်ပြီး၊ နေပြည်တော်ခရီးစဥ်မှာလည်း အတူ ရှိနေခဲ့သူ ဖြစ်ပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်လာတဲ့ ဝန်ကြီးချုပ်ဟွန်ဆန် အနေနဲ့ မြန်မာအရေး ဖြေရှင်းဖို့ "မတူတဲ့ ချဉ်းကပ်မှုမျိုးတွေ" လုပ်ဆောင်မယ် ဆိုပြီးတော့လည်း မစ္စတာ ဆော့ခွန်းက ပြောပါတယ်။
အဲဒီ အဓိပ္ပာယ်ဟာ ဝန်ကြီးချုပ်ဟွန်ဆန် ကိုယ်တိုင် ပြောထားတဲ့ အာဆီယံ အသိုင်းအဝိုင်းထဲ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပြန်ဆွဲသွင်းမယ် ဆိုတဲ့ အဓိပ္ပာယ်ကိုပဲ ထပ်လောင်း ခိုင်မာစေတာ ဖြစ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
ပရတ်ဆော့ခွန်းကတော့ မတူတဲ့ ချဉ်းကပ်မှုဆိုတာ မြန်မာအာဏာသိမ်း စစ်ကောင်စီကို ကျောထောက်နောက်ခံပြု ထောက်ခံပေးတဲ့ သဘောကို ဆိုလိုတာ မဟုတ်ပဲ၊ မြန်မာအရေး အာဆီယံ ဘုံသဘောတူမှု ၅ ချက် လက်တွေ့ အကောင်အထည် ဖော်နိုင်ရေးကို ဆိုလိုတာ ဖြစ်တယ်လို့ ပြောပါတယ်။
မစ္စတာ ဆော့ခွန်ရဲ့ ပြောဆိုမှုတွေကို ကြည့်ရင် မကြာခင် ဇန်နဝါရီလလယ်မှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ဖို့ ဖိတ်လာနိုင်တယ် ဆိုတဲ့ တွက်ဆမှုတွေ ထွက်လာစေပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန် နေပြည်တော် ခရီးစဥ်အကြို အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ စကားပြောခဲ့စဥ်တုန်းကတော့ သမ္မတဝီဒိုဒိုက သဘောတူမှု ၅ ချက် တိုးတက်မှု မရှိဖြစ်နေတဲ့ အခြေအနေမှာတော့ မြန်မာကို နိုင်ငံရေး ကိုယ်စားပြုခွင့် မပေးတဲ့ ရပ်တည်မှုကို ဆက်လက်ဆွဲကိုင်ထားမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားရဲ့ ရပ်တည်မှုကို အသိပေး ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂။ ပုဒ်မမတပ် ရုံးမတင်ပဲ နှစ်ရှည်ဖမ်းခံထားရတဲ့ ဆော်ဒီမင်းသမီး ပြန်လွတ်လာ
ဆော်ဒီအာရေဗျ နိုင်ငံမှာ ပုဒ်မတပ် ရုံးတင် စစ်တာမျိုး မလုပ်ပဲ ၃ နှစ်နီးပါး ဖမ်းဆီး ခံထားရတဲ့ ဆော်ဒီတော်ဝင်မျိုးနွယ် မင်းသမီး ဘာ့စ်မာ ဘင် ဆော့ဒ် နဲ့ သမီး ဖြစ်သူတို့ ပြန်လွတ်လာကြပြီလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
မင်းသမီး ဘာ့စ်မာဟာ ၁၉၅၃ ကနေ ၆၄ အထိ ဆော်ဒီအာရေဗျ ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင် ဆော့ဒ်ရဲ့ သမီးတော် ဖြစ်ပါတယ်။
ဆွစ်ဇာလန်မှာ ဆေးကုသမှု ခံယူဖို့ သွားရောက်ဖို့ ပြင်ဆင်နေတုန်း ၂၀၁၉ မတ်လ ကတည်းက သမီးဖြစ်သူ ဆိုဟုဒ်နဲ့အတူ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုဆိုရင် အသက် ၅၇ နှစ် ရှိပြီ ဖြစ်တဲ့ မင်းသမီး ဘာ့စ်မာကို ပုဒ်မတပ် တရားစွဲတာ ၊ ရုံးတင်စစ်တာတွေ မလုပ်ပဲ လုံခြုံရေး တင်းကျပ်တဲ့ အကျဉ်းထောင်ထဲ ထိန်းသိမ်း ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။
မင်းသမီးဟာ ဆော်ဒီမှာ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့နဲ့ လူသားချင်း စာနာ နားလည်ရေး ဆိုင်ရာ ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ ရှိသူ ဖြစ်တာကြောင့် ဖမ်းဆီးခံရတာ ဖြစ်တယ် ဆိုတဲ့ ထင်မြင်ယူချက်တွေ ရှိပါတယ်။
တချို့ကတော့ မင်းသမီး ဘာ့စ်မာဟာ နေအိမ်အကျယ်ချုပ် ချထားခံရတယ်လို့ ယုံကြည်ရတဲ့ အရင် ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက်ဒ် ဘင် နာယက်ဖ်ရဲ့ အတွင်းစည်းကသူ တစ်ယောက် ဖြစ်တာကြောင့် အဖမ်းခံရတာလို့ ယူဆကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၃။ ဂျိုကိုဗစ်ချ် ကိုဗစ်ဖြစ်ထားလို့ ကာကွယ်ဆေး ကင်းလွတ်ခွင့် ရတာလို့ ရှေ့နေတွေ တင်ပြ
ကမ္ဘာ့ နံပါတစ် တင်းနစ် ကစားသမား နိုဗက် ဂျိုကိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက ကိုဗစ်ပိုး ကူးစက် ခံခဲ့ရပြီးနောက်ပိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးစရာမလိုတဲ့ ကင်းလွတ်ခွင့်နဲ့ ဩစတြေးလျထဲ ဝင်ခွင့်ရထားတာ ဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေတွေက တရားရုံးကို တင်သွင်းတဲ့ စာရွက်စာတမ်းတွေထဲ ဖော်ပြထားပါတယ်။
အခုသီတင်းပတ် စတင်တော့မယ့် ဩစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ယှဥ်ပြိုင်ဖို့ လက်ရှိ ချန်ပီယံ ဂျိုကိုဗစ်ချ် မဲလ်ဘုန်းမြို့ လေဆိပ်ကို ရောက်ရှိလာချိန်၊ ကိုဗစ်ကာကွယ်ဆေး ထိုးမထားတဲ့ အချက်နဲ့ ပြည်ဝင်ခွင့် မရ၊ အငြင်းခံနေရတာ ဖြစ်ပါတယ်။
မနက်ဖြန် ဇန်နဝါရီလ ၁၀ ရက်၊ တနင်္လာနေ့မှာ ပြည်ဝင်ခွင့် ကိစ္စ တရားရုံးချိန်း ရှိနေပြီး ၊ လက်ရှိမှာတော့ ဂျိုကိုဗစ်ချ်ဟာ လူဝင်မှု ဆိုင်ရာ ချိုးဖောက်သူတွေကို ထိန်းသိမ်းထားရာ စခန်းမှာ ရောက်ရှိနေပါတယ်။
ဂျိုကိုဗစ်ချ်ဟာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ သဘောထား အမြင်ကို လူသိရှင်ကြား ပြောဆိုဖူးသူ ဖြစ်ပါတယ်။ အခု ဩစတြေးလျကို အဝင်မှာ ကာကွယ်ဆေး ထိုးတာကနေ ကင်းလွတ်ခွင့်ကို ဘယ်လို ရယူထားတာလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်ခံ နေရတာ ဖြစ်ပါတယ်။
ပြည်ဝင်ခွင့် ရဖို့ ဆိုရင် ကျန်းမာရေး ဆိုင်ရာ အခြေခံ အကြောင်းတွေနဲ့ ကာကွယ်ဆေး ထိုးတာကနေ ကင်းလွတ်ခွင့် ရသူ ဖြစ်ကြောင်း အထောက်အထား သက်သေတွေကို တင်ပြရမယ် ဆိုပြီး ဩစတြေးလျ ဗဟိုအစိုးရက နိုဗက်ဂျိုကိုဗက်ချ် ပြည်ဝင်ခွင့် ကိစ္စနဲ့ ပတ်သက်ပြီး ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၄။ နှင်းထုအောက် ပိတ်မိတဲ့ ကားတွေထဲ မိသားစုလိုက် သေဆုံးကြရ
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း၊ တောင်ပေါ်စခန်းမြို့ မြူရ်ရေးမှာ ဆီးနှင်းထုတွေအောက် ပိတ်မိခဲ့ကြတဲ့ ကားတွေထဲက သူတွေ သေဆုံး ခဲ့ကြရတာမှာ သိထားရသမျှ အနည်းဆုံး ၂၁ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
တောင်ပေါ်မြို့ မြူရ်ရေးရဲ့ အင်မတန် နာမည်ကျော်တဲ့ ဆီးနှင်းကျချိန် အလှကို ကြည့်ရှုကြဖို့ သွားခဲ့ကြတဲ့ ခရီးသွားဧည့်သည်တွေ အသက်ဆုံးရှုံး ခဲ့ကြတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
ဆီးနှင်းထုအောက် ကားစင်းရေ ထောင်ချီပြီး ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီထဲကမှ တချို့ကားတွေထဲက သူတွေ မိသားစုလိုက်တွေ အသက်ဆုံးရှုံး ခဲ့ကြတာ ဖြစ်ပါတယ်။
ရဲအရာရှိတစ်ဦးနဲ့ သူ့အမျိုးသမီး၊ ကလေး ၆ ဦးတို့ သေဆုံးခဲ့ကြသလို၊ နောက်ကားတစ်စင်းထဲမှာ ဆိုရင်လည်း မိသားစုတစ်ခုတည်းက လူ ၅ ယောက် သေဆုံးတာမျိုး တွေ့ရတယ်ဆိုပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
အဲဒီမှာ ပိတ်မိနေကြတဲ့ ကားတွေထဲက လူတွေကို ကယ်ထုတ်နိုင်အောင် ပါကစ္စတန် စစ်တပ် လုပ်ဆောင်နေပါတယ်။
နာမည်ကျော် တောင်ပေါ်စခန်းမြို့ ရှိရာဆီ လူတွေ အသွားများရာက ကားထောင်ချီတဲ့ ယာဥ်တန်းရှည်ကြီး ဖြစ်ပြီး အခုလို ဆီးနှင်းတွေအောက် ပိတ်မိခဲ့ကြတဲ့ အဖြစ်မျိုး ရောက်ခဲ့ရတာလို့ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး ရှိတ်ခ်ရရှိဒ်က ပြောပါတယ်။








