မုံရွာအောင်ရှင် (သို့မဟုတ်) အနီရောင်ထဲက ကဗျာ

no tag

ဓာတ်ပုံ ရင်းမြစ်, Irrawaddy

နိုင်ငံရေးနဲ့ စာပေစာနယ်ဇင်းသမားတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာ ၂၈ ရက်က မုံရွာအောင်ရှင် နေ့ ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်ကြရင်း ကျဆုံးခဲ့ရတဲ့ ကဗျာဆရာတွေ၊ အဖမ်းဆီးခံထားရတဲ့ ကဗျာဆရာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာ အနုပညာရှင်တွေ အွန်လိုင်းက စုပေါင်း ပြုလုပ်ခဲ့တဲ့ 'တော်လှန်သူတို့ ရုန်းကန်သံ ကဗျာရွတ်ပွဲ' ရဲ့ မူလအစီအစဥ်မှာမပါခဲ့ပေမဲ့ ရုတ်တရက်ဆုံးပါးတဲ့ မုံရွာအောင်ရှင်အတွက် ရည်စူးပြီး သူ့ ကဗျာတစ်ပုဒ်ကိုလည်း အမှတ်တရ ထည့်ရွတ်ဆိုကြပါတယ်။

မုံရွာဦးအောင်ရှင် တစ်ယောက် နိုဝင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ နှလုံးရောဂါနဲ့ကွယ်လွန်တော့ သူ့ကိုလေးစားတန်ဖိုးထားသူတွေ က နှမျောဝမ်းနည်းကြပြီး အမှတ်တရ ဖြစ်ရပ်တွေရေးတင်ကြပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း မိုက်ကယ်အဲရစ်ဆုံးတော့ ဝမ်းနည်းကမ္ပည်း ကဗျာ စာအုပ်ထုတ်လို့ ရေးသားထုတ်ဝေခွင့် ပိတ်ပင်ခံရတာက စလို့ လွန်ခဲ့တဲ့လပိုင်းက စစ်ကြောရေးမှာ ဆုံတဲ့ သတင်းစာဆရာကို ဟင်းခိုးကျွေးတာ အဆုံး စုံလင်လှပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပိတ်ပင်ခံခဲ့ရဖူးတဲ့ စာရေးဆရာ၊ ကဗျာဆရာ မုံရွာအောင်ရှင်ဟာ NLD ပါတီရဲ့ အသံကို အထုတ်ဖော်နိုင်ဆုံးသူတစ်ဦး ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။

မုံရွာအောင်ရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်

ဓာတ်ပုံ ရင်းမြစ်, U Ye Htut FB

ဓာတ်ပုံ ပုံစာ, မုံရွာအောင်ရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်

ပြိုင်ဘက်တွေကပါ လေးစားခဲ့ရ

ဦးအောင်ရှင်ဆုံးတော့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာနန္ဒာလှမြင့်က လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း စာရေးပါတယ်။

''အခွင့်အရေးမယူ၊ နေရာမယူဘဲ သူ့ပါတီအတွက် သေတဲ့အထိ တာဝန်ကျေခဲ့တဲ့သူ'' လို့ ဒေါက်တာနန္ဒာလှမြင့်က ဘီဘီစီကို ပြောပါတယ်။

ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ပါတယ်။

အာဏာရပါတီမဖြစ်ခင်ကတည်းကရော ဖြစ်ပြီးနောက်မှာပါ ပြောင်းလဲမှုမရှိဘဲ မီဒီယာသမားတွေ ဖုန်းဆက်လာသမျှ ဦးအောင်ရှင်က စိတ်ရှည်လက်ရှည် ဖြေကြားပေးတတ်ပါတယ်။

ပြိုင်ဘက်ပါတီကလူတွေနဲ့ စကားဝိုင်းတွေမှာ ယဥ်ယဥ်ကျေးကျေး ငြင်းခုန်တတ်သလို ပွဲပြီးရင်လည်း လက်ဖက်ရည်ဆိုင် အတူသွားထိုင်တတ်တဲ့ လူမျိုးဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကလည်း ဆရာအောင်ရှင်ဟာ ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားတစ်ယောက်လို့ ညွှန်းဆိုပါတယ်။

ပြိုင်ဘက်ပါတီရဲ့ ပါးနပ်မှုအရှိဆုံးပြန်ကြားရေးသမားတစ်ဦးကို တစ်ဘက်အဖွဲ့အစည်းတွေကပါ လေးစားကြတာက ဦးအောင်ရှင်ဘယ်လိုလူလဲဆိုတာ ပြသွားတဲ့ အကောင်းဆုံး သက်သေတစ်ခုပါပဲ။

no tag

ဓာတ်ပုံ ရင်းမြစ်, Monywa Aung Shin

စိတ်ဆင်ရိုင်းကို ချွန်းအုပ်နိုင်သူ

မုံရွာအောင်ရှင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ နိုင်ငံရေးတာဝန်၊ လူထုဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက မှတ်ချက်ပြုသလို ပါတီကလည်း ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာထုတ်ခဲ့ပါတယ်။

ဦးအောင်ရှင်ဟာ ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ချိန်ကစပြီး မုံရွာမြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။

အဲ့ဒီနောက် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်ဖြစ်လာပြီး ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး နဲ့ ဒီလှိုင်းဂျာနယ် တာဝန်ခံအယ်ဒီတာ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရက်စွဲသမိုင်းမှတ်တမ်းစာအုပ် ၁၉၈၈ - ၂၀၁၀ ကိုလည်း နှစ်ပေါင်းများစွာပြုစုရေးသားခဲ့ပြီး NLD သမိုင်းနဲ့ပတ်သက်ရင် အပြည့်စုံဆုံးစာအုပ် ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ISP Myanmar က ဦးမင်းဇင်က ဦးအောင်ရှင်မှာ နိုင်ငံရေးသမားအတော်များများမှာ တွေ့ရခဲတဲ့ emotional intelligence စိတ်အခံဉာဏ်ရည်မြင့်မားမှု ရှိတယ်လို့ ရေးပါတယ်။

''သဘောမတူတာရှိတိုင်း၊ ဝေဖန်ထောက်ပြသူတွေရဲ့ သွေးဆွစိန်ခေါ်တာကြုံတိုင်း "ငါနှင့်ငါသာ" ဆိုတဲ့ ဒေါသကြီး ရိုင်းပျတတ်တဲ့ စိတ်ဆင်ရိုင်းကို တော်တော်လေး ချွန်းအုပ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မှတ်မှတ်သားသားဖြစ်မိပါတယ်။'' လို့ ရေးသားခဲ့တာပါ။

no tag

ဓာတ်ပုံ ရင်းမြစ်, Monywa Aung Shin

စစ်ကြောရေးမှာ ကိုးလ နီးပါးကြာ

နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ဘဝတစ်လျှောက် အကြိမ်ကြိမ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မုံရွာဦးအောင်ရှင် ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းမှုမှာလည်း ထိပ်ဆုံးက အဖမ်းခံရသူတွေထဲ ပါပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစလို့ မင်္ဂလာဒုံ ရေကြည်အိုင်စစ်ကြောရေးမှာ တောက်လျှောက်ထိန်းသိမ်းခံခဲ့ရပြီး အောက်တိုဘာ ၁၈ ရက်မှာ ပြန်လွတ်လာတဲ့နောက် တစ်လကျော် အကြာမှာ ဆုံးပါးရတာပါ။

စစ်ကြောရေးမှာ ဆရာမုံရွာအောင်ရှင်နဲ့ ဆုံတဲ့အကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ကိုနေသန်မောင်က အခုလို ရေးပါတယ်။

'' ဆရာနဲ့ကျွန်တော် အိမ်သာတံခါးထောင့်လေးမှာ နာရီဝက်တစ်ခါလောက် လေသံတိုးတိုးလေးနဲ့ စကားတွေပြောကြတယ်။ ကျွန်တော် နေတဲ့အခန်းထဲ ကိုရဲမင်းဦးတို့၊ ကိုမြအေးတို့၊ ကိုနိုင်ငံလင်းတို့ အလှည့်ကျစီနေသွားခဲ့ဖူးတယ်လို့ ပြောပြတယ်။ ပြီးတော့ ကျွန်တော်စစ်ကြောရေးဝင်နေတဲ့ ၁၀ရက်အတွင်း အဖြစ်အပျက်တွေသိရအောင် သတင်းစာတွေ ခိုးပေးတယ်။ သူ့အတွက်ပေးတဲ့ ဟင်းတွေကို ကျွန်တော့်ကို ခိုးကျွေးတယ်။ ကျွန်တော်လွတ်မယ်ထင်တယ်လို့ပြောပြီး အပြင်ပြန်ရောက်ရင် သူ့အိမ်နဲ့ ဆက်သွယ်ပေးဖို့ မှာတယ်။ ကျွန်တော်ဆရာ့ကို ဘဝမှာအမြဲအမှတ်ရနေမှာပါ ဆရာ။ ဆရာခိုးကျွေးဖူးတဲ့ ဟင်းလေးနဲ့သတင်းတွေကြောင့်လည်း ကျေးဇူးတရားကို အမှတ်ရနေမှာပါဆရာ။'' လို့ ကိုနေသန်မောင်က ရေးပါတယ်။

အသက် ၇၇ နှစ်အရွယ် ဦးအောင်ရှင်ထိန်းသိမ်းခံနေရတဲ့အချိန်မှာ စစ်တပ်က ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသေးတယ်။

ပြန်လွတ်လာပြီးတဲ့နောက် နှလုံးရောဂါနဲ့ ဆေးကုသမှုခံယူနေတုန်း စစ်ကောင်စီဘက်က နှလုံးမှာစက်တပ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဦးအောင်ရှင်က လက်မခံခဲ့ဘူးလို့ တပ်တွင်း သတင်းရင်းမြစ်တစ်ခုကနေသိရပါတယ်။

''ဆရာဦးအောင်ရှင်သာ ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရခဲ့မယ်ဆိုရင် ဒီလောက် အချိန်တိုတိုအတွင်း ကွယ်လွန်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်ရောစိတ်ပါ နလံမထူနိုင်အောင် အသက်အရွယ်ကြီးရင့်တဲ့ လူကြီးတစ်ယောက်ကို ၉လလောက် ချုပ်နှောင်ထားသလို သူခံစားနေရတဲ့ ဝေဒနာတွေအတွက် ကောင်းမွန်တဲ့ဆေးကုသခွင့် မရခဲ့ဘူးဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်။'' လို့ ကိုနေသန်မောင်က ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Monywa Aung Shin

ဦးအောင်ရှင် ဘာကြောင့်ပြန်လွတ်

ဦးအောင်ရှင်မဆုံးခင် တစ်ရက်က တာမွေက တိုက်ခန်းကို သွားလည်ခဲ့တဲ့အကြောင်း သူ့မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။

စစ်ကြောရေးကလွတ်လာရတဲ့ အကြောင်းရင်းတွေကို ဦးအောင်ရှင်က သူယူဆထားတဲ့အတိုင်း ပြောပြတဲ့အကြောင်း ‌အခုလို ရေးပြပါတယ်။

ဦးအောင်ရှင်ဟာ လွှတ်တော်ကိုယ်စားလှယ်မဟုတ်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်မဟုတ်ခြင်း၊ အင်တာဗျူးတွေမှာ စစ်တပ်ကို အကြောင်းမဲ့ တိုက်ခိုက်တာမရှိခြင်း၊ အဂတိနဲ့ တရားစွဲဆိုဖို့ အချက်အလက် ရှာမတွေ့ခြင်း၊ အသက်ကြီးခြင်း နဲ့ ကျန်းမာရေးဆိုးဝါးနေခြင်း တို့ကြောင့် ဘာခံဝန်ချက်မှ မထိုးခဲ့ရဘဲ လွတ်မြောက်လာတာလို့ ဆိုပါတယ်။

'' သူ့အရည်အချင်းက ပြောချင်တဲ့စကားကို လိုရင်းလည်းရောက်အောင်၊ စစ်တပ်ကလည်း ဖမ်းမရအောင်ပြောတတ်တာပဲ'' လို့ ဦးအောင်ရှင် ရဲ့မိတ်ဆွေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းကပြောပါတယ်။

ဦးအောင်ရှင် ပြန်လွတ်လာတော့ စစ်ကြောရေးမှာ သူအဆင်ပြေတဲ့အကြောင်းပြောမိလို့ အမြင်စောင်းသူတချို့ရှိခဲ့ပါတယ်။

ဒီအပေါ် စိတ်မကောင်းတဲ့အကြောင်း မိတ်ဆွေတွေကို သူထုတ်ပြောခဲ့ပါတယ်။

အဲ့ဒီလိုပြောတဲ့သူတွေကို သူသိပေမယ့် ခွင့်လွှတ်တယ်ဆိုတဲ့ အကြောင်းလည်း ပြောပြပါတယ်။

သူဟာ စစ်တပ်ဘက်ကို ယိမ်းမယ့်သူမဟုတ်တဲ့အကြောင်း သူ့နိုင်ငံရေးဖြတ်သန်းမှုက အကြိမ်ကြိမ်သက်သေပြခဲ့ပြီးပါပြီလို့ သူ့အကြောင်း ရင်းရင်းနှီးနှီးသိသူတွေက ပြောကြပါတယ်။

ဦးအောင်ရှင်ရေးတဲ့ 'အော့ဝစ်ရဲ့နောက်ဆုံးနေ့များ' ကဗျာ ကို ဖတ်ဖူးကြသူတိုင်း စနစ်ဆိုးကို အသွေးထဲအသားထဲက လက်မခံစိတ်ကို အထင်းသားတွေ့ရမှာပါ။

၂၀၁၀ ရွေးကောက်ပွဲ မဝင်ဖို့ ရပ်တည်တဲ့ ဦးဝင်းတင် ဦးဆောင်တဲ့ အုပ်စုမှာ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးကြည်ဝင်း(ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ) တို့နဲ့အတူ ဦးအောင်ရှင်လည်း ပါဝင်ခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

မပျော်ရွှင်တော့တဲ့ဦးအောင်ရှင်

လက်ရှိအခြေအနေတွေကိုကြည့်ပြီး ဦးအောင်ရှင်တစ်ယောက် အတော်လေးစိတ်ထိခိုက်ခဲ့တယ်လို့ မိသားစုဝင်တွေကရော မိတ်ဆွေတွေကပါ ပြောကြပါတယ်။

လက်နက်ကိုင်လမ်းစဥ်ထက် တွေ့ဆုံဆွေးနွေးရေးလမ်းစဥ်အပေါ်ဦးအောင်ရှင်က ယုံကြည်တဲ့အကြောင်း ဦးအောင်ရှင်ပြန်လွတ်လာတော့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဦးရဲထွဋ်က အခုလိုပြောပါတယ်။

'လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့အကျပ်အတည်းကို တပ်မတော်နဲ့ NLD တွေ့ဆုံဆွေးနွေးမှ ပြေလည်လိမ့်မယ်လို့ ကျွန်တော်ရော သူရော ယုံကြည်ကြတယ်'' လို့ ဦးရဲထွဋ်က ပြန်ပြောပြပါတယ်။

ဦးအောင်ရှင်က ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါနဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီအကြောင်းကို နှစ်ဖက်စလုံးက လူသိရှင်ကြား သတင်းမထုတ်ပြန်ခဲ့ကြပါဘူး။

ဦးအောင်ရှင်တစ်ယောက် လွတ်မြောက်ပြီးနောက် ကျန်းမာရေးဆိုးဆိုးရွားရွားမရှိခဲ့ဘဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါကို ခံစားရပြီး နေအိမ်မှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ရက်အနည်းငယ် ဆေးကုသမှုခံယူခဲ့ပါသေးတယ်။

၂၀၁၈ခုနှစ်အတွင်း စစ်ကိုင်းတိုင်း​ဒေသကြီး NLD ပါတီရုံး အ​ဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားသို့ ဦး​အောင်ရှင်နှင့်ပါတီတာဝန်ရှိသူများ တက်​ရောက်စဥ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း​ဒေသကြီး NLD ပါတီရုံး အ​ဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားသို့ ဦး​အောင်ရှင်နှင့်ပါတီတာဝန်ရှိသူများ တက်​ရောက်စဥ်

ပြုံးပြုံးရွှင်ရွှင်နေတတ်ပြီး မျက်နှာအဆီပြန်နေလေ့ရှိတဲ့ ဦးအောင်ရှင်ကို ခင်မင်သူတွေက 'မုံကြီးရှင်'၊ 'လေးလေးအောင်ရှင်' စသဖြင့် ချစ်စနိုးခေါ်တတ်ကြပြီး ဦးအေးကြူ ဆိုတဲ့ အမည်ရင်းတောင် လူရင်းတွေကလွဲလို့မသိကြပါဘူး။

သူဟာ ဒီမိုကရေစီအရေး၊ ပါတီအရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သလို မိသားစုအပေါ်လည်း ကြင်နာတဲ့ စိတ်ထားနူးညံ့သူတစ်ယောက်လို့ ဦးအောင်ရှင်ရဲ့ဇနီး ဒေါ်ကေသွယ်မိုးက ဘီဘီစီကိုပြောပါတယ်။

တိုင်းပြည်အခြေအနေကဆိုးနေပြီး သူအဖမ်းခံနေရတုန်း သားတစ်ဦး မုံရွာမှာ သေဆုံးသွားတဲ့အတွက်လည်း ဦးအောင်ရှင် စိတ်ထိခိုက်ခဲ့ရပါတယ်။

''ဒီအခြေအနေတွေကြားမှာ ဆရာအရမ်းမွန်းကြပ်နေခဲ့တယ်။ တိုင်းပြည်ကြီးဒီလိုဖြစ်နေတာလည်း သူမခံစားနိုင်ခဲ့ဘူး'' လို့ ဒေါ်ကေသွယ်မိုးက ငိုပြီးပြောပါတယ်။