အောက်ဆီဂျင်ပိုက်ဖြုတ်ပြီး အိမ်ပြန်ချင်ခဲ့သူ

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြို့ရဲ့ အရှေ့တောင်ဘက်ကို သွားရင် ရန်ကုန့်မြို့လယ်နဲ့ မလှမ်းမကမ်း စားသောက်ဆိုင်တွေ၊ လမ်းဘေးမုန့်စျေးတန်းတွေနဲ့ အရင်က စည်ကားလေ့ရှိတဲ့ ပုဇွန်တောင် ရေကျော်ဘက်ကို ရောက်ပါတယ်။
ရေကျော်မီးပွိုင့် ရောက်လို့ နာမည်ကျော် မောင်အေးကဖီးဘက်ကို ချိုးလိုက်ရင် ညာဘက်မှာ ရေကျော်စျေး ရှိပြီး ရထားအသွားအလာ နည်းတဲ့ ရထားသံလမ်းတစ်ခုက ရေကျော်ကားလမ်းမကြီး ကို ကန့်လန့်ဖြတ် ရှိနေတာ တွေ့ရမှာပါ။
ရေကျော် ဝတ်ကျောင်းလမ်းအကျော် သံလမ်းမရောက်ခင် ဘေးမှာတော့ ရန်ကုန်မြို့လယ်မှာ မြင်နေကျ ၄၊ ၅ ထပ်မြင့်တဲ့ ကန်ထရိုက်တိုက်တွေ ရှိနေပြီး မူလတန်းကျောင်းလေးအနီး ကန်ထရိုက် တိုက်ခန်းလေးတစ်ခုကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းရဲ့ အိမ် ဖြစ်ပါတယ်။
"၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက သူ့အိမ်ကို ကျွန်တော်ရောက်ဖူးတယ်။ တိုက်အမှတ် ၂၁ ၊ သုံးလွှာမှာ သူနေတယ်"လို့ နိုင်ငံခြားသတင်းထောက်တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Google Map
အဲဒီနေရာဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း ရန်ကုန်ဆေးရုံကြီးရဲ့ အိုင်စီယူ ကုသဆောင်ထဲမှာ ကိုဗစ်ရောဂါ ကုသမှု ခံယူနေရင်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က တဖွဖွပြောခဲ့တဲ့ သူပြန်ချင်လှချည်ရဲ့ ဆိုတဲ့ အိမ်လို့ ယူဆရပါတယ်။
"ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက သူအိမ်ပြန်ချင်နေပုံ ရပါတယ်၊ ဖုန်းပြောနေရင်းနဲ့ အိမ်ရောက်ပြီလို့ ပြောခဲ့တာတွေလည်း ရှိတယ်"လို့ ဦးဉာဏ်ဝင်းရဲ့ ရှေ့နေ့ ဒေါ်စန်းမာလာညွန့်က ပြန်ပြောပြပါတယ်။
"ဆရာ အစားစားမှ အိမ်ပြန်လို့ ရမှာ"ဆိုပြီး ပြန်နှစ်သိမ့်ခဲ့ရတယ်လို့ ဒေါ်စန်းမာလာညွန့်က ပြောပြပါတယ်။
"မနေ့ကတော့( ဇူလိုင်၁၉ ရက်နေ့) သူ အောက်ဆီဂျင်ပိုက်တွေ ဖြုတ်တယ်၊ အိမ်ပြန်ချင်တယ်ဆိုပြီးတော့"လို့လည်း ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။
ဦးဉာဏ်ဝင်းဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပေမဲ့ အဲဒီနောက်ပိုင်း CRPH ကို ထောက်ခံကြောင်း ထုတ်ပြန်တဲ့ ကြေငြာချက်ကြောင့် နိုင်ငံတော် မတည်ငြိမ်မှု ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင် ခံခဲ့ရတာလို့ ဦးဉာဏ်ဝင်းရဲ့ မိသားစုဝင်တွေကနေတစ်ဆင့် သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့ မနက်အစောပိုင်းမှာ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးချိန် ဦးဉာဏ်ဝင်းကို ပုဇွန်တောင် မြို့နယ် ရေကျော်လမ်းမက သူ့နေအိမ်မှာ စစ်တပ်က လာဖမ်းသွားခဲ့တာလို့ ရေကျော်ရပ်ကွက်မှာ နေသူတွေက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရစဉ်အတွင်း အင်းစိန်ထောင်ထဲမှာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဇူလိုင်လ ၁၁ ရက်ကစလို့ အင်းစိန်ထောင်ကနေ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်း ဆေးကုသ ခံခဲ့ပါတယ်။
ဦးဉာဏ်ဝင်းဟာ ရန်ကုန်ဆေးရုံကြီး အိုင်စီယူ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူပြီး ၉ ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တာပါ။
ဦးဉာဏ်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်ကာလတုန်းက ရင်ဆိုင်ရတဲ့ အမှုတွေကို ရှေ့နေ လိုက်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MK
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းကို အခုလိုတွေ့ရပါတယ်။
ဦးဉာဏ်ဝင်းကို မွန်ပြည်နယ် ကျိုက်ကမိမှာ ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဦးချင်းဖေနဲ့ ဒေါ်ရီတို့က မွေးဖွားခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကနေ LLB ဘွဲ့ ရခဲ့ပြီး ၁၉၇၀-၁၉၇၃ ခုနှစ်မှာ တရားရုံးချုပ် ရှေ့နေအဖြစ် တာ ၀န် ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှာ အငြိမ်းစားယူတဲ့ အချိန်အထိ အစိုးရရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
ဦးဉာဏ်ဝင်းဟာ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ် အဖြစ် အနိုင်ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တို့မှာ ရွေးကောက်ပွဲ မဝင်ခဲ့ပေမဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
စကားပြောရင် ဖြည်းဖြည်းနဲ့ မှန်မှန်ပြောလေ့ရှိတဲ့ ဦးဉာဏ်ဝင်းဟာ သတင်းသမား အများစုနဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ရှေ့နေ ဒေါ်စန်းမာလာညွှန့်က ဦးဉာဏ်ဝင်းကို ကွယ်လွန်မယ့်နေ့ မနက်ပိုင်းအထိ သူ့ကို ပြုစုပေးနေသူကတစ်ဆင့် ဗီဒီယိုကောလ်နဲ့ခေါ်ပြီး ကြည့်ခဲ့သေးတယ်လို့ ပြောပြပါတယ်။
မနက် ၉ နာရီကျော်လောက်မှာ ဆေးရုံကို ထွက်လာဖို့ ပြင်နေတုန်းမှာပဲ ဦးဉာဏ်ဝင်း ဆုံးသွားတာ လို့ ဒေါ်စန်းမာလာညွှန့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe InnThar
ဦးဉာဏ်ဝင်း ဆုံးပြီးနောက်မှာပဲ စစ်ကောင်စီက အင်းစိန်ထောင်အပါအဝင် ထောင်တွင်းမှာ ကိုဗစ် ကူးစက်ခံရသူတွေရဲ့ အခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လ ၂၀ရက်နေ့အထိ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး အကျဉ်းထောင်အလိုက် ဆေးရုံဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှု ခံယူနေဆဲ ၂၀၈ ဦးရှိပြီး သေဆုံးသူကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အပါအဝင် ၆ ဦး ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ ပါတယ်။
မြန်မာတစ်နိုင်ငံလုံးက အကျဉ်းထောင်တွေထဲမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူ အကျဉ်းသား၊ အကျဉ်းသူ ဦးရေ ၃၇၅ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီလူနာတွေကိုတော့ အကျဉ်းထောင်အလိုက် ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကုသရေးစင်တာတွေ သီးခြား ဖွင့်လှစ် ကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကိုဗစ် ၁၉ ရောဂါ ဖြစ်ပြီး လွတ်ရက်စေ့ လွတ်မြောက်ခဲ့သူ ၉ ဦး ရှိသလို ရောဂါဖြစ်ပွားနေသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေနဲ့ ဆရာဝန်တွေထဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရဲ့ ဌာနမှူး ဒေါက်တာ မော်မော်ဦးတို့ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ဆေးကုသမှု ခံယူနေရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သီးခြား အတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ အဖမ်းခံရပြီးနောက် အမှုရင်ဆိုင်နေရချိန်မှာ ဦးဉာဏ်ဝင်းဟာ ကျန်းမာရေးအာမခံ လျှောက်ခဲ့ပေမဲ့ တရားရုံးက ပယ်ချတာ ခံခဲ့ရတယ်လို့ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီး အိုင်စီယူကို ရောက်လာခဲ့အပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက သူဘယ်ကို ရောက်နေသလဲ ဆိုတာကို မေးတယ်၊ နောက်ပြီး မော်လမြိုင် မုန့်ဟင်းခါး စားချင်တယ် ဆိုပြီး စားသွားသေးတယ်၊ အဲဒီနောက်မှာ အသည်းအသန် ဖြစ်တာလို့ ဒေါ်စန်းမာလာညွန့်က ဘီဘီစီကို ပြောပြပါတယ်။
"ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ဖုန်းဆက်ကြည့်တော့ အောက်ဆီဂျင်က လုံးဝကို မရှိတော့တာ၊ အသက်ရှူနေတယ် ဆိုတော့ အောက်စီဂျင် ပြန်တက်မလား စောင့်ကြည့်နေရင်းနဲ့ပဲ ဆုံးသွားခဲ့တာ"လို့ သူက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတွက်ရင် ဇူလိုင်လ ၂၀ ရက်နေ့ဟာ ဦးဉာဏ်ဝင်း နေအိမ်ကနေ အဖမ်းခံခဲ့ရတာဟာ ရက်ပေါင်း ၁၇၀ တင်းတင်း ပြည့်တဲ့နေ့ ဖြစ်ပါတယ်။
ဦးဉာဏ်ဝင်း ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီး သူရဲ့ ရုပ်အလောင်းကိုတော့ ဇူလိုင် ၂၁ ရက်မှာ ရန်ကုန်မြို့အနောက်ပိုင်း လှိုင်သာယာမြို့နယ်ထဲက ထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်ဖို့ရှိတယ်လို့ နာရေးကူညီပေးနေသူတွေက ပြောပါတယ်။








