သျှောင်နောက် ဆံထုံးပါရတဲ့ ဒေါ်ခင်မိမိကြွယ်

ဦးဖြိုးမင်းသိန်းနဲ့ ဇနီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွဲဆိုထားမှုမှာ ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့သလားဆိုတာကို သက်သေထွက်ရမယ့် ရုံးချိန်းနှစ်ကြိမ်ခန့် ပျက်ကွက် အပြီးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ဟာ ခြံနံပါတ်(၁) တရားခွင်ကို နိုဝင်ဘာ ၁၂ ရက်မှာ ရောက်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာပေးခဲ့တယ်ဆိုတဲ့ အချက်ပေါ်မူတည်လို့ ဒီအမှုကို စစ်ကောင်စီရဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို အဂတိပုဒ်မ ၅၅ နဲ့ စွဲဆိုထားတာပါ။

တရားခွင်မှာ ဒေါ်ခင်မိမိကြွယ်က ဦးဖြိုးမင်းသိန်း တောင်းဆိုချက်အရ ရွှေနဲ့ဒေါ်လာတွေ စီစဉ်ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပေမယ့် ရှေ့နေတွေရဲ့ ပြန်လှန်မေးခွန်းတွေကိုပြန်ဖြေတဲ့အခါ 'မသိဘူး' ဆိုတဲ့ အဖြေတွေပဲ ပြန်ရခဲ့ပါတယ်။

ရွှေနဲ့ဒေါ်လာတွေ ကို ဝယ်ပြီး စီစဉ်ပေးခဲ့ရတယ်လို့ ဒေါ်ခင်မိမိကြွယ်က ထွက်တဲ့အပေါ် 'ဘောင်ချာ'တွေကို တင်ပြနိုင်သလားလို့ ရှေ့နေက ပြန်လှန်မေးတဲ့အခါ တင်ပြနိုင်ခြင်းမရှိခဲ့ပါဘူး လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကပြောပါတယ်။

ကိုယ်ရောစိတ်ပါ နွမ်းနယ်နေပုံပေါ်တဲ့ ဒေါ်ခင်မိမိကြွယ်ဟာ ဦးဖြိုးမင်းသိန်းလိုပဲ တရားခွင်ထဲကို "ကုပ်ကုပ်လေး ဝင်လာပြီး တိုးတိုးပဲ ပြောနိုင်တယ်" လို့ တရားခွင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ်ကတော်အဖြစ်နဲ့ ပွဲတက်စဉ်ကလို ထည်ဝါမှုမျိုးတွေလည်း ပျောက်ဆုံးနေခဲ့ပြီး အနွေးထည် လေးပေါ်မှာ ပဝါလေးခြုံထားတယ်လို့ ပြောပြပါတယ်။

ရွှေနဲ့ဒေါ်လာတွေ စီစဉ်ပေးခဲ့ရတာကလွဲလို့ တခြားကိစ္စတွေ မသိဘူးလို့ ထွက်ဆို

ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, U Phyo Min Thein's Facebook

ဒေါ်ခင်မိမိကြွယ်က သူ့အနေနဲ့ ခင်ပွန်းဖြစ်သူ ဦးဖြိုးမင်းသိန်းရဲ့ တောင်းဆိုချက်အရ ရွှေနဲ့ ဒေါ်လာတွေကို စီစဉ်ပေးခဲ့ရကြောင်း ထွက်ဆိုပါတယ်။

ဒါပေမဲ့ ဘယ်နေ့မှာ စီစဉ်ပေးခဲ့ရတယ်ဆိုတာနဲ့ အဲဒီရွှေနဲ့ဒေါ်လာတွေကို ဘယ်အချိန်မှာ ရခဲ့တယ်ဆိုတာတွေကို မပြောနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ ဘယ်အချိန် သွားရောက်ခဲ့သလဲဆိုတဲ့ရက်စွဲတွေ ပြောမသွားသလို ခင်ပွန်းဖြစ်သူနဲ့လည်း အတူလိုက်ပါခဲ့တာ မရှိဘူးလို့လည်း ထွက်ဆိုခဲ့တဲ့အကြောင်း သိရပါတယ်။

ဒါဟာ ဦးဖြိုးမင်းသိန်း တရားခွင်ထဲမှာ သက်သေထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်ချင်းတွေ့ပြီး ပေးခဲ့တယ် ဆိုတဲ့ ထွက်ချက်နဲ့ ကိုက်ညီသလို ရက်စွဲတွေ မမှတ်မိတာချင်းလည်း တူညီ ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေ လက်ခံရရှိခဲ့တာ မရှိဘူးဆိုတာ သိပါသလား" လို့ ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းမေးတဲ့အခါ ဒေါ်ခင်မိမိကြွယ်က 'မသိဘူး' လို့ ထွက်ဆို ပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေ လက်ခံဖို့ အကြောင်းမရှိဘူး ဆိုတာ သိပါသလား " လို့ ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းမေးတဲ့အခါ မှာလည်း ဒေါ်ခင်မိမိကြွယ်က 'မသိဘူး' လို့ ထွက်ဆိုပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ နားထောင်နေခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒေါ်ခင်မိမိကြွယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြည့်ဘဲ မျက်နှာလွှဲနေခဲ့ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်လေးစားကြပြီး ဦးဖြိုးမင်းသိန်းဆို သတင်းစာ ရှင်းလင်းပွဲတွေမှာတောင် ဒေါ်အောင်ဆန်းစုကြည်ကို အလွန်လေးစားကြောင်း အခွင့်ကြုံတိုင်း ထည့်ပြောတတ်ပါတယ်။

နိုင်ငံရေးပါရမီဖြည့်ဖက်

ဒေါ်ခင်မိမိကြွယ်

ဓာတ်ပုံ ရင်းမြစ်, U Phyo Min Thein's Facebook

ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းတို့ ဇနီးမောင်နှံဟာ 'ကွီးဖြိုးနဲ့ ဟန်နီ' ဆိုပြီး လူမှုကွန်ရက်မှာ ကျော်ကြားခဲ့ပါတယ်။

" အလွန်အင်မတန်ချစ်ခင်တဲ့အိမ်ထောင်ရေးဖြစ်ပါတယ် " လို့ ဦးဖြိုးမင်းသိန်းက လူသိရှင်ကြား ထုတ်ပြောခဲ့ဖူးပါတယ်။

ချမ်းသာတဲ့မိဘမျိုးရိုးကနေ ဆင်းသက်လာတဲ့ ဒေါ်ခင်မိမိကြွယ်ဟာ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဦးဌေးကြွယ်ရဲ့ ညီမလည်းဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို လှူဒါန်းတဲ့နေရာမှာ ရက်ရောတယ်လို့လည်း နာမည်ကြီးပါတယ်။

အစ်ကိုဖြစ်သူဟာ နိုင်ငံရေးကြောင့် ထောင်အကြိမ်ကြိမ်ကျလို့ စိတ်ဆင်းရဲခဲ့ရပေမယ့် သူဟာ နိုင်ငံရေးသမားကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ပြန်ပါတယ်။

ဦးဖြိုးမင်းသိန်းနဲ့ ဇနီး

ဓာတ်ပုံ ရင်းမြစ်, U Phyo Min Thein's Facebook

ဒီလိုနဲ့ ဦးဖြိုးမင်းသိန်းရဲ့ နိုင်ငံရေးအမှုတွေထဲ သျှောင်နောက်ဆံထုံးပါခဲ့ရပြန်ပါတယ်။

ဒီအမှုမတိုင်ခင် ထင်ရှားတဲ့အမှုကတော့ 'ဒေါ်လာ တစ်သိန်းလောက်တန်တဲ့ Patek Philippe နာရီ' အငြင်းပွားဖွယ်အမှုပဲ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ရန်ကုန်ဝန်ကြီးချုပ်က သူပတ်တဲ့နာရီဟာ Patek Philippe မဟုတ်ဘဲ ဇနီးဖြစ်သူဝယ်ပေးတဲ့ 'Rolex' လို့ ထုတ်ပြောခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်း ရန်ကုန်ဝန်ကြီးချုပ်ဖြစ်ခါစက ဗိုလ်ချုပ်ဈေးထဲမှာဖွင့်ထားတဲ့ ဒေါ်ခင်မိမိကြွယ်ရဲ့ စိန်ရွှေရတနာဆိုင်ဟာ ရောင်းအားတက်ခဲ့သေးတာပါ။

ဝန်ကြီးချုပ်မျက်နှာနဲ့ လာဝယ်ကြတာမျိုးအဖြစ်မခံနိုင်လို့ဦးဖြိုးမင်းသိန်းက အဲ့ဒီတုန်းက ဆိုင်ပိတ်ခိုင်းတဲ့အကြောင်း သူတို့မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နောက်ထပ်တစ်မှုကတော့ ကိုဗစ်ဒုတိယလှိုင်းမှာ ဦးဖြိုးမင်းသိန်းကိုအမှုဖွင့်ပေးဖို့ တိုင်တဲ့စာထဲ ဒေါ်ခင်မိမိကြွယ် ပါ အမှုတွဲပါခဲ့တာပဲဖြစ်ပါတယ်။

၂၀၂၀ တုန်းက ကိုဗစ်ရောဂါကူးစက်မှု အရှိန်မြင့်နေတုန်း ဝန်ကြီးချုပ်ဦးဆောင်ပြီး ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တ မထေရ်မြတ် ဖောင်တော်ရေချ ပူဇော်ပွဲအခမ်းအနား လုပ်ခဲ့တာကို ပြည်သူတစ်ဦးက သဘာဝဘေးပုဒ်မနဲ့ အမှုဖွင့်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ရဲစခန်းကအမှုမဖွင့်ပေးခဲ့ပေမဲ့ ဦးဖြိုးမင်းသိန်းလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီး ပူဇော်ပွဲအခမ်းအနားကို အတူတက်ခဲ့တဲ့ ဇနီးပါ အမှုတွဲခံခဲ့ရတာပါ။

အခုနောက်ဆုံး နိုင်ငံတော်အဆင့် တရားခွင်မှာပါ စစ်ကောင်စီဘက်က သက်သေလာထွက်ရတဲ့ အခြေဆိုက်ခဲ့ရပါတယ်။

အဖမ်းခံထားရတဲ့ ဒေါ်ခင်မိမိကြွယ်

ဦးဖြိုးမင်းသိန်းနဲ့ ဇနီး

ဓာတ်ပုံ ရင်းမြစ်, Yangon Regional Government

ရှေ့နေတွေရဲ့မေးမြန်းချက်အရ ဒေါ်ခင်မိမိကြွယ်ဟာ ခင်ပွန်းဖြစ်သူလိုပဲ အထိန်းသိမ်းခံထားရတယ်လို့ ပေါ်ပေါက်ခဲ့ပါတယ်။

အစ်ကို ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူကြောင့် နိုင်ငံရေးလောကဓံကို အကြိမ်ကြိမ်ခံခဲ့ရဖူးပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့အမှုမှာ သက်သေလာထွက်ရတာကတော့ အဆိုးဆုံး နိုင်ငံရေး လောကဓံပဲ ဖြစ်လိမ့်မယ်လို့ ဆိုကြသူတချို့ရှိပါတယ်။

လင်မယားနှစ်ယောက်လုံး ထိန်းသိမ်းခံထားရတဲ့ အခြေအနေအောက်မှာ လာထွက်ဆိုရတဲ့အပေါ် စာနာနားလည်ပေးသူ အနည်းအကျဉ်းလေးရှိနေပါတယ်။

ဒါပေမဲ့ ဦးဖြိုးမင်းသိန်းတို့ဇနီးမောင်နှံ အခုလိုသက်သေထွက်လာတာကြောင့်'နိုင်ငံရေးအရ ရှင်လျက်နဲ့သေသွားရပြီ' လို့ ဝေဖန်ပြစ်တင်မှုတွေလည်း တော်တော်များများ တစ်ဖက်မှာ ရှိနေပါတယ်။