လူစုလူဝေး လုပ်သလား ရန်ကုန်တိုင်းအစိုးရကို သမ္မတရုံး ဖြေရှင်းချက်တောင်း

ဓာတ်ပုံ ရင်းမြစ်, Yangon Regional Government
ကိုဗစ်-၁၉ ကာလမှာ လူစုလူဝေး လုပ်ခဲ့သလားဆိုတာနဲ့ ပတ်သက်လို့ သမ္မတရုံးက ရန်ကုန်တိုင်းအစိုးရကို ဖြေရှင်းချက် တောင်းခံလိုက်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရကို ကိုဗစ်-၁၉ ကူးစက်မှု ကာလအတွင်း ဗိုလ်တထောင်ဆိပ်ကမ်းမှာ လူစုလူဝေး လုပ်ခဲ့သလားဆိုတာ ဖြေရှင်းချက်ပေးဖို့ တောင်းထားတဲ့အကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သမ္မတရုံးရဲ့ ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မေလ ၂၄ ရက်မှာ ဗိုလ်တထောင် ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တ ဖောင်တော် ရေချ မင်္ဂလာနဲ့ ဗိုလ်တထောင်ဘုရား ဘက်စုံ ပြုပြင်မွမ်းမံမှု၊ အစ်မတော် မြနန်းနွယ် ကျောင်းဆောင်ပြုပြင်မွမ်းမံရာမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် လူ ၅ ဦးထက် မစုဖို့ ကျန်းမာရေးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးအပါအဝင် အစိုးရအဖွဲ့ဝင် တချို့ဟာ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တရေမျှောပွဲလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆောလျင်စွာ ဖြေရှင်းဖို့ တောင်းခံထားတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖြေရှင်းတင်ပြချက်ကို မူတည်ပြီး လူကြီးတွေက စီမံဆောင်ရွက်မယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ကိုဗစ် ၁၉ ကူးစက်မှုကာလမှာ ဘာသာရေးပွဲတော် ရိုးရာပွဲတော် မလုပ်ဖို့ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေ ထုတ်ထားဆဲ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
အိန္ဒိယမှာ ဘာသာရေးအခမ်းအနားတက်တဲ့ မြန်မာတွေ အဖမ်းခံရမှု
ဒါ့အပြင် အိန္ဒိယမှာ အစ္စလာမ် ဘာသာရေးအခမ်းအနားတစ်ခုကို တက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂၂ ယောက်ဟာလည်း ဂါယာမှာ ပုဒ်မ ၃ နဲ့ အမှု ရင်ဆိုင်နေရ ပြီး သူတို့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကိစ္စကို မြန်မာ သံရုံးအနေနဲ့ စောင့်ကြည့်နေတယ်လို့ မီဒီယာတွေကို ဦးဇော်ဌေးက ပြောခဲ့ပါတယ်။
ဒီလူတွေဟာ ကူးစက်ရောဂါ အက်ဥပဒေ ၊ သဘာဝဘေးဆိုင်ရာ ဥပဒေ ၊ နိုင်ငံခြားသား ဥပဒေတို့နဲ့ အရေးယူခံထားရတယ်လို့ ဆိုပါတယ်။
"မနေ့က အထိ ၂၂ ယောက်ကို ဂါယာမှာ ရှိတဲ့ ဟိုတယ်တစ်ခုမှာ ထိန်းသိမ်းထားတယ်။ ပြီးရင် နယူးဒေလီကို ပို့မယ်ဆိုတာ သိရတယ်"လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဗစ်တိုးရီးယားအမှုက ရဲအရာရှိတွေကို အရေးယူ
ဒါ့အပြင် နေပြည်တော်က အသက်မပြည့်သေးတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမှုမှာ အဓိက တာဝန်ရှိတဲ့ ရဲအရာရှိကြီး ၃ ဦးကို ရာထူးတိုးမြှင့်ခြင်း ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်နဲ့ အရေးယူထားတယ်လို့လည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးနဲ့ ကလေးမိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာ ရှိပါတယ်။








