မြန်မာနိုင်ငံထဲ ဆိုင်နိုဗက် ကိုဗစ်ကာကွယ်ဆေးတွေ ပုဂ္ဂလိက တင်သွင်း ဖြန့်ဖြူးခွင့် ရရှိထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ဆိုင်နိုဗက်ကို အခု ၂၀၂၁ နိုဝင်ဘာလလယ်က စပြီး မြန်မာနိုင်ငံထဲမှာ လူအများ အခကြေးငွေပေး ဝယ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုင်နိုဗက် ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ဆိုင်နိုဗက် ဘိုင်အိုတက် ကုမ္ပဏီနဲ့ ဆီးလိုင်းယွန်း လုပ်ငန်းအုပ်စုတို့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံထဲ ဖြန့်ဖြူးရောင်းချဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။
"မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် မကြုံစဖူး အခက်တွေ့ခဲ့ရပြီး တိုင်းပြည်ရဲ့ စီးပွားရေးလည်း နှောင့်နှေးနေရတဲ့ အခြေအနေတွေ ပေါ်ပေါက် နေခဲ့တဲ့ ကြားကပဲ ကိုဗစ် နိုင်တင်း ကပ်ရောဂါ ထိန်းချုပ်ကိုင်တွယ်ရေးနဲ့ ဆိုင်တဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ် ပစ္စည်းတွေကို ဆီးလိုင်းယွန်း အနေနဲ့ မြန်မာနိုင်ငံထဲ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ခွင့်ပြုချက်ရ ကိုဗစ် ကာကယွယ်ဆေး ဆိုင်နိုဗက်ကိုပါ ဆီးလိုင်းယွန်းက မြန်မာနိုင်ငံထဲ တင်သွင်း ဖြန့်ဖြူးတော့မှာ ဖြစ်ပါတယ်" ဆိုပြီး ဆီးလိုင်းယွန်း အမှုဆောင် အရာရှိချုပ် ဒေါက်တာဝင်းဇော်အောင်ရဲ့ ပြောဆိုချက်ကို ဆိုင်နိုင်ဗက် ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံထဲ ကျန်းမာရေး အာဏာပိုင်တို့ရဲ့ အစီအစဥ်နဲ့ မဟုတ်ပဲ ကိုယ်ပိုင်သီးသန့် ကာကွယ်ဆေး ဝယ်ယူ ထိုးနှံလိုသူတွေ အတွက် ဆိုင်နိုဗက်ဆေးကို ပြည်တွင်း စျေးကွက်မှာ ဝယ်ယူ လာနိုင်တော့မယ့် အဓိပ္ပာယ် ဖြစ်ပါတယ်။
ဆိုင်နိုဗက် ကာကွယ်ဆေးကို တရုတ်ပြည်မကြီး မြို့တော် ဘေဂျင်း အခြေစိုက် ဆေးဝါးကုမ္ပဏီက တီထွင်ထုတ်လုပ်တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဇွန်လကစပြီး အရေးပေါ် အသုံးပြုခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက် ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၁ မှာ စျေးကွက်ထဲ အခြေခံ အကန့်အသတ် စည်းမျဥ်းတွေနဲ့ အညီ ဖြန့်ဖြူးခွင့်၊ မေလ ၂၀၂၁ မှာ ၃ နှစ်ကနေ ၁၇ နှစ်ကြား ကလေးသူငယ်တွေကို ထိုးနှံခွင့်တွေ ရရှိပြီး WHO ကလည်း အရေးပေါ် အသုံးပြုခွင့် ပေးခဲ့ပြီ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၀၂၁ မှာ ကမ္ဘာတလွှား နိုင်ငံပေါင်း ၅၀ ကျော်မှာ ကန့်သတ် စည်းမျဥ်းတွေနဲ့ အတူ ဆိုင်နိုဗက်ကို အရေးပေါ် အသုံးပြုတာ၊ စျေးကွက်ထဲ ဝယ်ယူနိုင်တာတွေ ရှိလာခဲ့ပါတယ်။ အဲဒီထဲက ၆ နိုင်ငံ မှာ ဆိုရင် ကလေးသူငယ်တွေကို ထိုးနှံခွင့်ပါ ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာလည်း ၂၀၂၁ ဩဂုတ်လ ၈ ရက်က စပြီး ဆိုင်နိုဗက်ကို အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။
အခု နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန FDA က ဆိုင်နိုဗက်ကို တိုင်းပြည်ထဲ တင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ကို ဆီးလိုင်းယွန်း ကုမ္ပဏီကို ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆီးလိုင်းယွန်းရဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းခွဲ ဖြစ်တဲ့ SLDS CO. အနေနဲ့ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးတွေကို ထားရှိရမယ့် အပူချိန် ပမာဏ လိုအပ်ချက်တွေ ကိုက်ညီစွာ ၊ ကိုဗစ်ဆေး အလုံးရေ နှစ်သိန်းခွဲကို မြန်မာပြည်အနှံ့ မြို့ပေါင်း ၃၀ ရှိရာဆီ အောင်အောင်မြင်မြင် သိုလှောင် ဖြန့်ဖြူး ပို့ဆောင် နိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိနှင့်နေပြီး ဖြစ်တယ်လို့ ဆီးလိုင်းယွန်း ကုမ္ပဏီက ဆိုပါတယ်။
ဆိုင်နိုဗက် ကာကွယ်ဆေးကို ရေခဲအမှတ်အောက် အများကြီး လျော့စရာ မလိုပဲ၊ ရေခဲသေတ္တာ တွင်း အပူချိန်ဖြစ်တဲ့ ၂ ကနေ ၈ ဒီဂရီ စင်တီဂရိတ်အကြားမှာ သိုလှောင်သိမ်းဆည်း ထားနိုင် တာဟာ ဒီဆေးရဲ့ အားကောင်းချက်တွေထဲက တခုက ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ရှုမြင်ထားပါတယ်။
ဒါ့ကြောင့် ကိုဗစ်ကာကွယ်ဆေး သိုလှောင်တဲ့နေရာမှာ အေးခဲတဲ့ ရေခဲမှတ်အောက် အတော်များများအထိ ရောက်အောင် ထားဖို့အခြေအနေတွေ သိပ်မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီ ဆိုင်နိုဗက် ကာကွယ်ဆေးက ပိုပြီး အသုံးတည့်နိုင်တယ်လို့ ဆိုကြပါတယ်။
ဆိုင်နိုဗက်ကို ပထမ ဆေးတစ်ကြိမ်ထိုးပြီးတဲ့နောက် သီတင်းပတ် နှစ်ပတ်ကနေ ၄ ပတ် အတွင်း ဒုတိယတကျော့ ထိုးပေးကြတာ တွေ့ရပါတယ်။










